အမေရိကန်နှင့် တောင်ကိုရီးယား အဓိကရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှု စတင်

အမေရိကန်နှင့် တောင်ကိုရီးယား အဓိကရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှု စတင်
Published 17 October 2017

အောက်တိုဘာ ၂ ရက်က ဟောင်ကောင်ရေပြင်တွင် ခုတ်မောင်းနေသည့် အမေရိကန် လေယာဉ်တင်သင်္ဘော USS Ronald Reagan (Photo: AFP)

မြောက်ကိုရီးယား၏ ကြီးထွားလာသော ဒုံးနှင့် နျူကလီးယားခြိမ်းခြောက်မှုများအား တန်ပြန်ရန် အင်အားပြသမှုအဖြစ် အမေရိကန်နှင့် တောင်ကိုရီးယားတို့သည် အောက်တိုဘာ ၁၆ ရက်တွင် ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့သည်။ ၁၀ ရက်ကြာမြင့်မည့် ယင်းစစ်ရေးလေ့ကျင့်မှုအား Northern Limit Line ဟုခေါ်သော တရားဝင်မဟုတ်သည့် ရေကြောင်းနယ်နိမိတ်၏ တောင်ဘက်ခြမ်းတွင် ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယား ရေတပ်ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

ယင်းစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန် လေယာဉ်တင်သင်္ဘော USS Ronald Reagan နှင့် အမေရိကန်ဖျက်သင်္ဘောနှစ်စင်း ပါဝင်မည်ဖြစ်ကြောင်း အမေရိကန်ရေတပ်က အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ယင်းပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ကိုရီးယားကျွန်းဆွယ်တစ်ဝိုက်တွင် အမေရိကန် စစ်လက်နက်များအား နောက်ဆုံးဖြန့်ကြက်မှု ဖြစ်လာခဲ့သည်။

နျူကလီးယားစွမ်းအင်သုံး အမေရိကန် ရေငုပ်သင်္ဘော USS Tucson သည် တောင်ကိုရီးယား တောင်ပိုင်းဆိပ်ကမ်း ဘူဆန်မှ ထွက်ခွာသွားခဲ့ပြီးနောက် နောက်ထပ် နျူကလီးယားစွမ်းအင်သုံး အမေရိကန်ရေငုပ်သင်္ဘော USS Michigan သည် အောက်တိုဘာ ၁၃ ရက်က ဘူဆန်သို့ ရောက်ရှိလာခဲ့သည်။ ပြီးခဲ့သော သီတင်းပတ်တွင်လည်း အမေရိကန်သည် ကိုရီးယားကျွန်းဆွယ်ပေါ်တွင် အသံထက်မြန်သော ဗုံးကြဲလေယာဉ်ကြီးနှစ်စင်း ပျံသန်းခဲ့ပြီး ဂျပန်၊ တောင်ကိုရီးယားတို့နှင့် ပထမဆုံးအကြိမ် ညအချိန် ဝေဟင်ပူးတွဲလေ့ကျင့်မှုကို ဆောင်ရွက်ခဲ့သည်။

အမေရိကန်သည် ယခုလနှောင်းပိုင်းတွင် နှစ်စဉ်ပြုလုပ်နေကျဖြစ်သော Courageous Channel လေ့ကျင့်မှုကို ပြုလုပ်မည်ဖြစ်ကြောင်း၊ ယင်းလေ့ကျင့်မှုသည် ကိုရီးယားကျွန်းဆွယ်တွင် သဘာဝဘေး သို့မဟုတ် လူလုပ်ဘေးအန္တရာယ်ကြုံတွေ့ရစဉ် အမေရိကန်တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ရန် ကြိုတင်ပြင်ဆင်သည့် လေ့ကျင့်မှုဖြစ်ကြောင်း အမေရိကန်-ကိုရီးယားတပ်ဖွဲ့က အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၁၇ ရက်တွင် စတင်မည့် ဆိုးလ်အပြည်ပြည်ဆိုင်ရာ လေကြောင်းအာကာသနှင့် ကာကွယ်ရေးပြပွဲတွင် အမေရိကန်သည် B-1B ဗုံးကြဲလေယာဉ်၊ F-22 နှင့် F-35 စတဲ့ သ်တိုက်လေယာဉ်များအပါအဝင် စစ်လေယာဉ်များစွာအား ပြသမည်ဖြစ်သည်။

Most Read

Most Recent