မောင်တော၌ နေအိမ်များ မီးရှို့သည့်ကိစ္စနှင့် ပတ်သက်၍ အစိုးရက စုံစမ်းဖော်ထုတ် အရေးယူသွားမည်

မောင်တော၌ နေအိမ်များ မီးရှို့သည့်ကိစ္စနှင့် ပတ်သက်၍ အစိုးရက စုံစမ်းဖော်ထုတ် အရေးယူသွားမည်
Published 8 September 2017

Mizzima မီဒီယာမှ ကယ်ဆယ်ရေးစခန်းတွင် ရိုက်ကူးထားသော ဓာတ်ပုံနှင့် နေအိမ်မီးရှို့ရာတွင် ပါဝင်သူတစ်ဦး၏ အဝတ်အစားများ တူညီမှုရှိနေသည့် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသော ယှဉ်တွဲဖော်ပြပုံအား တွေ့ရစဉ်

အွန်လိုင်းတွင် ပျံ့နှံ့နေသော မောင်တော၌ နေအိမ်များ မီးရှို့သည်ဟူသည့် ဓာတ်ပုံများနှင့် ပတ်သက်၍ စိစစ်မှုများ ဆောင်ရွက်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ၎င်း၏ Facebook မှတစ်ဆင့် စက်တင်ဘာ ၇ ရက်တွင် ထုတ်ပြန် လိုက်သည်။

ဦးဇော်ဌေးက “ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ မောင်တောမှာ မီးရှို့တယ်ဆိုတဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်လို့ စိစစ်မှုတွေ ဆောင်ရွက်နေပါတယ်။ ဒီနေရာမှာ Fake News တွေနဲ့ မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲမှားအောင် လုပ်ဆောင်နေတာတွေကို ရင်ဆိုင်နေရပေမယ့် မုသားနဲ့ပြန်ပြီး တုံ့ပြန်ဖို့ မလိုပါဘူး။ အမှန်တရားနဲ့ပဲ တုံ့ပြန်ဖို့လိုပါတယ်။ ဘယ်လောက်ပဲ မုသားတွေကြီးစိုးပါစေ။ အမှန်တရားဟာ အောင်ပွဲခံမှာပါ။ လက်ရှိ ရခိုင်ကိစ္စနဲ့ ပတ်သက်လို့ မုသားများနဲ့ Framing လုပ်ထားတဲ့ ကမ္ဘာကြီးမှာ အမှန်တရားကို သက်သေပြနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ အချိန်တော့ ယူရပါလိမ့်မယ်။ မီးရှို့နေတဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်လို့ (၁) မီးရှို့တဲ့သူတွေကို အမြန်ဆုံး ဖမ်းဆီးပြီး အရေးယူပါမယ်။ (၂) လုပ်ကြံပြီး မီးရှို့တယ်ဆိုရင် ပူးပေါင်း ပါဝင်သူအားလုံးကို ဖော်ထုတ်ပြီး အရေးယူပါမယ်။ (၃) ဘယ်သူ ဘယ်ဝါပဲ ဖြစ်ဖြစ် ဥပဒေနဲ့အညီပဲ ဖြစ်ရပါစေမယ်” ဟု ရေးသားထားသည်။

ထို့ပြင် ကိုယ်တိုင် ဖုန်းကင်မရာဖြင့် ရိုက်ကူးသည်ဟု ထွက်ဆိုသူကို ခရိုင်ရဲတပ်ဖွဲ့မှူး ကိုယ်တိုင် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ရိုက်ကူးထားသည့် ဓာတ်ပုံများတွင် ပါဝင်နေသည့် မီးရှို့နေသူများကို ဖော်ထုတ်ကာ ဆက်လက် စစ်ဆေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဦးဇော်ဌေးက ဆက်လက် ရေးသားထားသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက် တစ်စောင်တွင် မွတ်စလင်ကျေးရွာများ မီးရှို့ခံရကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။ ယင်းဖော်ပြချက်တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ ချိန်ခါလီကျေးရွာမှ အိမ်ခြေ ၇၀၀ ခန့် မီးလောင်နေကြောင်း ဂြိုဟ်တုရုပ်ပုံဖြင့် ထည့်သွင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ပင် နိုင်ငံတကာ မီဒီယာများအနေဖြင့်လည်း ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘင်္ဂါလီများ၏ နေအိမ်များအား မီးရှို့ခြင်း၊ ပစ်ခတ် သတ်ဖြတ်ခြင်းများ ပြုလုပ်သည်ဟု စွပ်စွဲမှုများ ပြုလုပ်ခဲ့သော်လည်း ယင်းနှင့် ပတ်သက်သော ခိုင်လုံသည့် အထောက်အထားများ ဖော်ပြနိုင်ခြင်း မရှိသည့်အချိန်တွင် ဘင်္ဂါလီများက ကိုယ့်အိမ်ကိုယ် မီးရှို့သည့် ဓာတ်ပုံများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် အိမ်မီးရှို့ရာတွင် ပါဝင်ခဲ့သူအချို့၏ ဓာတ်ပုံများကို တွေ့ရစဉ်

ဘင်္ဂါလီများ အနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့အား ပြန်လည်တုံ့ပြန်ရာတွင် ဘင်္ဂါလီများက အရွယ်မရောက်သေးသော ကလေးများနှင့် အမျိုးသမီးများကို ရှေ့တွင်ထား၍ ပြန်လည် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။ တရားဝင် သတင်းထုတ်ပြန်ချက်များအရ ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် ကျေးရွာပေါင်း ၆၀၊ အိမ်အလုံးရေ ၆၈၄၅ လုံး မီးရှို့ဖျက်ဆီး ခံခဲ့ရကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ် ဖြစ်စဉ်များနှင့် ပတ်သက်၍ မိမိကိုယ်ကိုယ် ရိုဟင်ဂျာဟု ခေါ်ဆိုထားသူ ဘင်္ဂါလီအကြမ်းဖက်များ ကျူးလွန်သည့် အထောက်အထားများ ထပ်မံ ထွက်ပေါ်လာဖွယ် ရှိနေကြောင်း သိရသည်။

ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တူရကီသမ္မတတို့ စက်တင်ဘာ ၅ ရက်က တယ်လီဖုန်းဖြင့် အပြန်အလှန် ဆွေးနွေးရာတွင် “ . . . တူရကီ ဒုတိယဝန်ကြီးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ အခြားနိုင်ငံများမှ သတင်းဓာတ်ပုံ အမှားများကို ဖြန့်ဝေခဲ့သည်ကို သိရှိပြီး ဖြစ်မည်ဟု ယူဆပါကြောင်း၊ တူရကီ ဒုတိယဝန်ကြီးချုပ် ကြုံတွေ့ခဲ့ရသည့်အဖြစ်သည် သတင်းအမှားများ ထုနှင့်ထည်နှင့် ပျံ့နှံ့နေခြင်းအတွက် ကြီးမားသော ပြဿနာ၏ မြင်သာသော (The Tip of a huge Iceberg of Misinformation) အစိတ်အပိုင်း တစ်ခုသာဖြစ်ကြောင်း၊ ထိုကဲ့သို့ သတင်းဓာတ်ပုံ အမှားများကို မတူညီသော အသိုင်းအဝိုင်းများအကြား ပြဿနာအများအပြား ဖြစ်ပွားစေရန်နှင့် အကြမ်းဖက်သမားများ အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးနေကြသည်ကို မှန်းဆကြည့်နိုင်ကြောင်း” နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတင်းအမှားများ ထုတ်လွှင့် ပျံ့နှံ့နေမှုနှင့် ပတ်သက်၍ ထည့်သွင်း ပြောကြားထားသည်။

ဘင်္ဂါလီများ ကိုယ့်အိမ်ကိုယ် မီးရှို့သည့် ဓာတ်ပုံများမှာ စက်တင်ဘာ ၆ ရက် ညနေက လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ ယင်းဓာတ်ပုံများကို ရိုက်ကူးခဲ့သူမှာ မောင်တောမြို့နေ ကိုမောင်မောင်ထွန်းဖြစ်ပြီး ၎င်းအနေဖြင့် ဓာတ်ပုံများကို စက်တင်ဘာ ၃ ရက်တွင် ရိုက်ကူးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဘင်္ဂါလီများ ကိုယ့်အိမ်ကိုယ် မီးရှို့သည့် ရပ်ကွက်မှာ အမှတ် (၄) ရပ်ကွက်တွင် ဖြစ်ပြီး အဆိုပါ ရပ်ကွက်တွင် ဘင်္ဂါလီအိမ် ရာကျော်ရှိကြောင်း၊ မီးလောင်ခံရသည့် အိမ် ၂၀ ကျော်ရှိကြောင်း ကိုမောင်မောင်ထွန်းက ပြောကြားသည်။

“မီးခိုးတွေ ထွက်တာမြင်တော့ ကျွန်တော်လာတယ်။ ကျွန်တော်က ကျောင်းကတည်းက ဖုန်းကို ကင်မရာဖွင့်ပြီးတော့ တစ်ခါတည်း လာတယ်။ သူတို့ မီးတိုက်နေတာ တွေ့တော့ ဓာတ်ပုံရိုက်တယ်။ ကြောက်လည်း ကြောက်တာပေ့ါဗျာ။ ဓာတ်ပုံ လေး၊ ငါးခြောက်ပုံ ဆယ်ကိုးပုံလောက် ရိုက်ပြီးတော့ ကျွန်တော်လည်း ကိုယ့်ဘာသာ သွားတယ်။ သူတို့လည်း ထွက်ပြေးသွားတာပေါ့။ ဓာတ်ပုံရိုက်တာက စက်တင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်လောက်မှာပါ။ အခုမတိုင်ခင် အရင်ကလည်း မီးရှို့မှုတွေ ရှိတယ်။ သူတို့ ကိုယ့်ဘာသာရှို့ပြီး ထွက်ပြေးတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီနားမှာ ရခိုင်အိမ်က နီးနီးလေးပဲ။ သူတို့နေတဲ့နေရာနဲ့။ သူတို့အိမ်ကို မီးရှို့လိုက်ရင် ရခိုင်အိမ်ကို ကူးမှာလေ။ အဲဒါကြောင့်လုပ်တာ သူတို့က။ အရင်တုန်းကလည်း ဒီလိုမျိုးလုပ်တာ သူတို့က။ အခု မှ လုပ်တာ မဟုတ်ဘူး။ အရင်တုန်းကဆိုရင် ဖုန်းတွေဘာတွေ မကိုင်ရဘူးလေ။ ကျွန်တော်တို့က။ အခုတော့ ဖုန်းတွေဘာတွေ ပေါတယ်။ ဓာတ်ပုံတွေ ရိုက်လို့ရတာပေါ့။ ဓာတ်ပုံတွေကိုတော့ သတင်းသမားတွေကို ပေးထားတာတွေ ရှိပါတယ်” ဟု ကိုမောင်မောင်ထွန်းက ပြောကြားသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် အိမ်မီးရှို့ရာတွင် ပါဝင်ခဲ့သူအချို့၏ ဓာတ်ပုံများကို တွေ့ရစဉ်

ယင်းဓာတ်ပုံများအား ကိုက် ၁၀၀ ခန့်အကွာမှ ရိုက်ကူးခဲ့ခြင်း ဖြစ်ကြောင်း၊ မီးလောင်ခဲ့သည့် နေရာမှာ မောင်တောမြို့ (၄) ရပ်ကွက်ရှိ ဇောတိကာရုံကျောင်း အနောက်ဘက်တွင် တည်ရှိကြောင်း ကိုမောင်မောင်ထွန်းက ပြောကြားသည်။

“မီးရှို့တဲ့ သူတွေကိုတော့ ရုပ်တွေ မမှတ်မိဘူး။ ကုလားတွေမှာက ရုပ်တွေက ဆင်နေတာကိုး။ ကိုယ့်အိမ်ကိုယ် ရှို့တာလား။ နောက်ထပ်လာပြီးတော့ လုပ်တာလားတော့ မသိဘူး။ မီးခိုးထွက်တော့ ကျွန်တော်က လာကြည့်တာ။ အိမ်ပိုင်ရှင်လား ပိုင်ရှင် မဟုတ်ဘူးလားတော့ မသိဘူး။ မီးရှို့တာကို မြင်လို့ သွားရိုက်တာပဲ ရှိတယ်။ ကျွန်တော်တို့ မြင်ရင်တောင်မှ ချမှာ သူတို့။ အကွာအဝေးက ကိုက် ၁၀၀ လောက်တော့ ရှိမယ်” ဟု ကိုမောင်မောင်ထွန်းက ပြောကြားသည်။

ဓာတ်ပုံများတွင် ပါဝင်သည့် မီးရှို့ခံရသည့် အိမ်မှာ အဒူလာ၏ အိမ်ဖြစ်ကြောင်း၊ မီးရှို့ရန် စီစဉ်နေသည့် ဓာတ်ပုံများတွင် အဒူလာ၏ မိန်းမ ပါဝင်ကြောင်း၊ အိမ်ပိုင်ရှင်ဟု ဆိုသည့် အဒူလာ မပါဝင်ကြောင်း မီးရှို့ရန် စီစဉ်သည့် အိမ်အနီးတွင် နေထိုင်သည့် မိသားစုမှ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

“ကျွန်မတို့က အမှတ် (၄) ရပ်ကွက်မှာ နေပါတယ်။ မီးရှို့နေတဲ့ ဓာတ်ပုံတွေကိုလည်း မြင်ပြီးပါပြီ။ မီးရှို့တဲ့အိမ်က အဒူလာ အိမ်ပါ။ သူတို့အိမ်သားနဲ့တော့ သိပ်မရင်းနှီးဘူး။ စကားတော့ပြောဖူးတယ်။ အဲဒီ အဒူလာအိမ်က အိမ်သားတွေပဲ သူတို့အိမ်သူတို့ မီးရှို့ပြီး ပြေးကြတာပါ။ ဓာတ်ပုံထဲမှာ မြင်တဲ့သူတွေက အဒူလာတို့ အိမ်သားတွေပါ။ ဓာတ်ပုံထဲမှာက အဒူလာ မပါဘူး။ သူ့မိန်းမ ပါတယ်။ သူ့နာမည်ကတော့ မသိဘူး။ အဲဒီအိမ်က ကျွန်မတို့ကို သေနတ်နဲ့ပစ်လို့ ကျွန်မတို့ ညဘက် ထွက်ပြေးလာရတယ်။ ဓာတ်ပုံထဲမှာ ပါသလို သူတို့အိမ်ကိုသူတို့ မီးရှို့တာမှန်ပါတယ်။ မီးရှို့တာ အဒူလာရဲ့ မိန်းမပဲလေ” ဟု အဆိုပါ အမျိုးသမီးက ပြောကြားသည်။

လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးနောက် ယင်းဓာတ်ပုံများအပေါ် ဝေဖန်မှုများ၊ မှတ်ချက်ပေး ပြောဆိုမှုများ ရှိခဲ့သည်။

မွတ်စလင်များသည် ညစ်ပေနေသော ပုဆိုးစ ခေါင်းပေါင်းပေါ်တွင် သန့်ရှင်းစွာ ထားရသော ဘာသာရေးဦးထုပ်ကို မဆောင်းကြောင်း၊ အမျိုးသမီးများသည် ရရာစားပွဲခင်းဟု ယူဆရသော အဝတ်စများဖြင့် ပုံပန်းမကျသော ခေါင်းပေါင်းများ ပေါင်းထားကြောင်း၊ ခေါင်းပေါင်း ပေါင်းသည့် အမျိုးသမီးများသည် အင်္ကျ ီလက်ရှည်၊ လက်စက ဝတ်ရမည်။ တစ်တောင်ဆစ် မပေါ်ရကြောင်း၊ မိမိအိမ် မိမိ မီးရှို့လျှင် အိမ်ထဲတွင် အေးအေးဆေးဆေး လောင်စာများ ပုံရှို့နိုင်ကြောင်း၊ လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေသည့် ပုံများကဲ့သို့ ခိုးကြောင်ခိုးဝှက်ရှို့ရန် မလိုကြောင်း၊ ဓာတ်ပုံ အရိုက်ခံရရန်လည်း မရှိကြောင်း၊ ၎င်းတို့၏အိမ် မှန်ကန်ပါက တန်ဖိုးထားမြတ်နိုးသော ပစ္စည်းအချို့ သယ်ယူရန် ပုံထားရမည် ဖြစ်ကြောင်း စသည့် အကြောင်းအရာများကို ဝေဖန်လျက်ရှိသည်ကို တွေ့ရသည်။

စက်တင်ဘာ ၇ ရက်တွင် သတင်းမီဒီယာတစ်ခုမှ ကယ်ဆယ်ရေးစခန်းတွင် ရိုက်ကူးထားသော ဓာတ်ပုံများတွင် ပါဝင်သူ တစ်ဦးမှာ မီးရှို့နေသည့် ဓာတ်ပုံများတွင် ပါဝင်သူ တစ်ဦး နှင့် ဆင်တူခြင်းကြောင့် ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီး ရာဟုလာ ဟု အမည်ရကြောင်း စသည်တို့ ပါဝင်လာခဲ့သည်။

ဟိန္ဒူအမျိုးသား ဒူကီယာ ဆိုသူကို Eleven Media Group မှ စက်တင်ဘာ ၇ ရက် ညနေပိုင်းက မေးမြန်းစဉ်တွင် ၎င်းဝတ်ဆင်ထားသော လက်ပတ်နာရီနှင့် ကိုင်ဆောင်အသုံပြုသော မီးခြစ်အနီရောင်တို့ကို တွေ့ရစဉ်

မီးရှို့နေသည့် ဓာတ်ပုံများတွင် ပါဝင်သူတစ်ဦးဟု ယူဆရသူအား Eleven Media Group မှ သွားရောက် တွေ့ဆုံမေးမြန်းခဲ့ရာ “ ကျွန်တော် မဟုတ်ပါလေ။ . . . အမျိုးမျိုးရှိပါပေါ့လေ။ ကျွန်တော်တော့ မဟုတ်ပါ။ ကျွန်တော့ နာမည် ဒူကီယာ (မသဲကွဲ) လို့ ခေါ်ပါတယ်။ မဟုတ်ပါ။ မီးရှို့တာနဲ့ ဘာမှမဆိုင်ပါ။ ကျွန်တော်က ရပ်ကွက် (၄) မှာနေတာ” ဟု ပြောကြားခဲ့သည်။

သို့သော်လည်း Eleven Media Group မှ ဓာတ်ပုံ မှတ်တမ်းများအပေါ် လေ့လာချက်အရ အိမ်မီးရှို့ရာတွင် ပါဝင်ခဲ့သူနှင့် အထက်ပါ ဟိန္ဒူအမျိုးသားမှာ တူညီမှုများ ရှိနေသည့်အပြင် မီးရှို့ရာတွင် ပါဝင်သူ၏ လက်ပတ်နာရီ အနက်ရောင်၊ မီးခြစ်အနီရောင် ကိုင်ဆောင် အသုံးပြုပုံနှင့် Eleven Media မှ တွေ့ဆုံမေးမြန်းရာတွင် လက်ပတ်နာရီ အနက်ရောင်နှင့် မီးခြစ်အနီရောင်တို့ ကိုင်ဆောင် အသုံးပြုပုံ တူညီနေသည်ကို တွေ့ရှိရသည်။

ထို့ပြင် ယင်းအမျိုးသားမှာ နေအိမ်မီးရှို့ရာတွင် ပါဝင်သူအဖြစ် ခိုင်မာသည့် အချက်အလက်အချို့ ရရှိထားသော်လည်း ၎င်းကမူ ဓာတ်ပုံများတွင် ပျံ့နှံ့နေသည့် ပုံများမှာ ၎င်းမဟုတ်ကြောင်းနှင့် ၎င်း၏အမည်မှာလည်း ဒူကီယာဖြစ်ကြောင်း ငြင်းဆိုခဲ့သည်။

သို့သော်လည်း Eleven Media Group ၏ စုံစမ်းသိရှိချက်များအရ အိမ်မီးရှို့သူများတွင် ဟိန္ဒူအမျိုးသားတစ်ဦး ပါဝင်နေပြီး ကျန်သူများမှာ အိမ်ပိုင်ရှင် အဒူလာနှင့် ယင်းအိမ်မှ ခိုင်းစေသော ဘင်္ဂါလီများဖြစ်ကြောင်းလည်း သိရသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့ နေသော နေအိမ်များ မီးရှို့သည့်ဓာတ်ပုံနှင့် ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေး မေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်းလည်း ကနဦး သတင်းများအရ သိရှိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်းကလည်း ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောဒေသတွင် ဘင်္ဂါလီများက တိုင်းရင်းသား နေအိမ်များကို လူစုလူဝေးဖြင့် မီးရှို့ခြင်း၊ ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ ဖြစ်ပွားခဲ့ခြင်းကြောင့် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရသည်။ ၂၀၁၂ ခုနှစ် ဇွန် ၈ ရက် မွန်းလွဲပိုင်းက ဘင်္ဂါလီထောင်ဂဏန်းခန့်သည် မောင်တောမြို့ မြို့မပရိယတ္တိစာသင်တိုက်နှင့် ရနံ့သစ် တည်းခိုခန်းတို့အား ခဲများဖြင့် ပစ်ပေါက်ရာမှ အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး ညနေပိုင်းတွင် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများ၌ လူနေအိမ်များ၊ ဈေးဆိုင်တန်းများ၊ တည်းခိုခန်း စသည်တို့ကို မီးရှို့ဖျက်ဆီးခြင်း၊ ရန်ပြုသတ်ဖြတ်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မောင်တောမြို့နှင့် ၁၂ မိုင်ခန့် ကွာဝေးသည့် ဂေါ်ဒူသာရကျေးရွာအုပ်စု၊ သရေကမုံရွာကို မီးရှို့ဖျက်ဆီးပြီး ပစ္စည်းလုယက်မှုများ ကျူးလွန်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent