၂၀၁၈ ခုနှစ်အတွင်း အရောင်းအဝယ် ကျဲပါးနေသော ကားဈေးကွက်အတွက် ရောင်းသူ၊ ဝယ်သူအပြန်အလှန် သံသယပွားစေမည့် နောက်ထပ်ထိုးနှက်ချက်အဖြစ် ဖောက်စွပ်၊ အလုံးချိန်း (Body Coach) ပြဿနာ ဖြစ်ပေါ်လာသည်။ ကိုယ်ဝယ်ယူမည့် ကားကဖောက်စွပ်လား၊ ကိုယ်လက်ရှိပိုင်ထားသည့်ကားက အလုံးချိန်းလားဆိုတာ တိတိကျကျသိရှိရန် ခက်ခဲခြင်းကြောင့် ကားအရောင်းအဝယ်ဖြစ်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (ကညန) တွင် အဖြေရှာလာရခြင်း ဖြစ်သည်။ ယခင်က ကားတစ်စီး ဝယ်ယူမည်ဆိုလျှင် ကား၏မျက်မြင်အနေအထားကိုသာကြည့်၍ ဝယ်ယူသည့်ပုံစံကနေ ဖောက်စွပ်၊ အလုံးချိန်း ဟုတ် မဟုတ် ယာဉ်စစ်ပြီးမှသာ စိတ်ချလက်ချ ဝယ်ယူနိုင်မည့် အခြေအနေ ဖြစ်လာခဲ့သည်။
“ပထမမူကတော့ စာအုပ်သိမ်းတယ်။ တိုက်ကြေစလစ်ပေးတယ်။ အခုကျတော့ တိုက်ကြေမပေးတော့ဘူး။ ဖောက်စွပ်အလုံး ချိန်းဖြစ်တယ်ဆိုရင် တစ်ခါတည်း စာအုပ်သိမ်းတယ်။ ကားကိုအပ်ခိုင်းတယ်။ တကယ်တမ်းဆိုရင် ဒါကသိမ်းပိုင်ခွင့် မရှိဘူး။ လူတစ်ယောက်ရဲ့ ပိုင်ဆိုင်မှု ပစ္စည်းပေါ့နော်။ ဘာလို့သိမ်းပိုင်ခွင့် မရှိဘူးဆို ဒီကားလိုင်စင်ရဖို့အတွက် အခွန်အမျိုးမျိုးကို ကုန်ကျခဲ့တာ။ ပြည်သူ့ပိုက်ဆံတွေ အခွန်အရပ်ရပ် ဆောင်လာရတာ။ အဲဒါကို သိမ်းရင် ပြည်သူ့ဘဝပျက်စီးတာပဲ။ ပြည်သူ့ဘ၀ ပျက်စီးတယ်ဆိုရင် တိုင်းပြည်ပျက်တာနဲ့ အတူတူပဲလေ” ဟု မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ပြောကြားသည်။
“ကညနက ဖောက်စွပ်လို့ ထုတ်ပြန်ကြေညာတာ ပြည်သူလူထုအတွက်တော့ မရှင်းမရှင်းနဲ့ အခုထိဖြစ်တုန်းပါဗျာ။ ဖရိန်သီးခြားပါတဲ့ ကားတွေမှာ ဖရိန်နံပါတ်ဖြုတ်လဲ ဖြုတ်တပ်ရင် ဖောက်စွပ်၊ ဖရိန်ပေါ်က ဘော်ဒီလုံးပြောင်းထားရင် ဖောက်စွပ်၊ ဖရိန် မပါတဲ့ကားတွေမှာ ဖရိန်နံပါတ်ဖြုတ်လဲ ဖြုတ်တပ်ထားရင် ဖောက်စွပ်၊ ဒီအထိ ရှင်းပါတယ်။ ဖြုတ်တပ်နိုင်တဲ့ ဘောနက်၊ ဘန်ဘာ၊ တံခါး၊ ထိုင်ခုံ၊ ရှဲလ်၊ ပါးခြမ်း၊ မီးခွက်လဲတာဆိုရင် ခွင့်ပြုတယ်။ ကျန်တဲ့ဘော်ဒီက ဘယ်ဟာမှချိန်းလို့၊ ပြုပြင်လို့မရဘူး၊ အဲဒီလိုလား။ ဒါဆိုအဲဒီကြေညာချက်မှာ မပါတဲ့ အသေကပ်ထားတဲ့ ရှေ့လေကာမှန်ကြီး ကွဲလို့လဲရင်ရော ဖောက်စွပ်လား၊ အခုမိုးယိုနေလို့ ဖြတ်ဆက် ဒါမှမဟုတ် ဝရိန်ဆော်ထားရင် ဖောက်စွပ်လား၊ ဖြုတ်မရတဲ့ ဖရိန်နံပါတ်မပါတဲ့ ဘော်ဒီလုံးထဲက တစ်နေရာရာ ပြုပြင်ရင် ဖောက်စွပ်လား” ဟု ကိုတိုး (အွန်လိုင်းကားဝပ်ရှော့) က ပြောကြားသည်။
၂၀၁၆ ဝန်းကျင်ကစပြီး ဖောက်စွပ်၊ အလုံးချိန်းမိလျှင် ကညနက တိုက်ကြေစလစ်ပေးခဲ့ပြီး ပြီးခဲ့သည့် လပိုင်းမှစတင်၍ တိုက်ကြေစလစ်ပေးခြင်းကို ရပ်ဆိုင်းလိုက်ရာမှ ယခုပြဿနာစတင်ခြင်းဖြစ်သည်။ ယခင် အစဉ်အဆက် အစိုးရလက်ထက်များတွင် လိုင်စင်မဲ့ကားများဖမ်း၊ အချိန်ကြာမှ လေလံတင်၊ ကားစုတ်ကားပျက်များ ဖြစ်သွားခြင်းကြောင့် နယ်စပ်မှ လိုင်စင်မဲ့ကားများဝယ်ယူ၍ RTA ဒဏ်ကြေးဖြင့် အလုံးချိန်း ပြုလုပ်ရာမှစ၍ ဖောက်စွပ်ယဉ်ကျေးမှုကြီး စတင်ခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်မှစတင်၍ စက်မှုဇုန်ထုတ်ဆိုကာ နယ်စပ်မှ ကားများတင်သွင်း Chassi နံပါတ်ပြောင်း၊ ဖောက်စွပ်အလုံးချိန်းလုပ်၊ ဒဏ်ကြေးပျော်ပျော်ကြီးသွင်း၍ လုပ်စားခဲ့ကြသော ခေတ်တစ်ခုလည်းဖြစ်သည်။ ခွင်အမျိုးမျိုး၊ လာဘ်ပေးလာဘ်ယူမှု အမျိုးမျိုးဖြင့် စီးပွားဖြစ်သူများခဲ့သော ကာလတစ်ခုလည်း ဖြစ်သည်။
ထိုသို့ RTA ရိုက်အလုံးချိန်း ပြုလုပ်ခြင်းသည် လိုင်စင်မဲ့ကားဈေးကွက်ကို ဖြစ်ထွန်းစေသည်ဟု ယူဆချက်များကြောင့် ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ယင်းမူဝါဒကို ရပ်ဆိုင်းခဲ့ပြီး ကညနတွင် ဖောက်စွပ်မိလျှင် တိုက်ကြေအပ်ခွင့် စတင်ပေးခဲ့ခြင်းဖြစ်သည်။ လက်ရှိအစိုးရလက်ထက်တွင်လည်း ဖောက်စွပ်၊ အလုံးချိန်းများမိလျှင် တိုက်ကြေအပ်ခွင့် ဆက်ပေးခဲ့သော်လည်း ယခု ၂၀၁၅ မော်တော်ယာဉ်ဥပဒေပါအတိုင်း တိုက်ကြေစလစ် ထုတ်မပေးတော့ဘဲ တိတိကျကျ စတင်အရေးယူလာခြင်း ဖြစ်သည်။
“လူတောင်မှ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ နေမကောင်းဖြစ်သေးတာပဲ။ ကားလည်းဖြစ်မှာပေ့ါ။ လိုအပ်ရင် ဖြုတ်လဲချင်လဲမှာပေါ့။ အဓိကက ၂၀၀၀ ဆို ၂၀၀၀ ရုပ်ဖြစ်နေရမယ်။ မှတ်ပုံတင်ထားတာနဲ့ တူရင်၊ ရုပ်မပြောင်းရင် တော်ရောပေါ့။ ၂၀၀၀ က ၂၀၀၃ တို့၊ ၂၀၀၄ တို့
ဖြစ်သွားရင် သိမ်းပေါ့။ နဂိုမူလရုပ်ဆိုရင် လက်ခံသင့်တယ်။ ကားပိုင်ရှင်ဆိုတာကတော့ ကိုယ့်ကားကို ကောင်းသထက်ကောင်းစေချင်သူတွေချည်းပဲ။ အခုဟာ ကားပြင်လို့ နည်းနည်းအမှားအယွင်းရှိသွားရင်တောင် သိမ်းခံရမယ့်ကိန်းပဲ။ အခုဟာ လက်ရှိကားပိုင်တဲ့သူကလည်း ကိုယ့်ကားရဲ့ အတိတ်ကို မသိဘူး။ မသိတော့ ဘယ်သူဘာလုပ်ထားမှန်း မသိဘူး။ လိုက်ရမယ့် တာဝန်ကလည်း ကညနမှာပဲရှိတယ်။ မမှန်တာ။ မဟုတ်တာလုပ်ထားတဲ့ ပိုင်ရှင်ကိုလိုက်လေ၊ ဖော်လေ၊ ထိထိရောက်ရောက် အရေးယူလေ။ ဘာမှန်းမသိဘဲ အသိမ်းခံရတဲ့လူက နစ်နာပါတယ်” ဟု မြန်မာနိုင်ငံ မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
တရားမဝင်ယာဉ်များ တားဆီးထိန်းချုပ်ရန် အလုံးချိန်း၊ ဖောက်စွပ်ယာဉ်များအား မှတ်ပုံတင်ဖျက်သိမ်းမိန့်များ ချက်ချင်းဆောင်ရွက်နေခြင်းဖြစ်ပြီး ယခင် RTA ရိုက်နှိပ်ပြီး တရားဝင် အသိအမှတ်ပြုယာဉ်များ ပုံမှန်သက်တမ်းတိုးနိုင်ကြောင်း ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (ကညန) က ထုတ်ပြန်ထားသည်။
“ဖရိန်နံပါတ်လဲထား၊ ဖြတ်ဆက်တွေကိုတော့ ဖောက်စွပ်မဖြစ်မနေ လုပ်ရင်တော့ လက်ခံလို့ရပါတယ်။ ဒါပေမဲ့ ကျန်တဲ့ဘော်ဒီလုံးမှာ ရှော့ဘားအထိုင်ပျက်လို့ ပြင်တာတောင် ဖောက်စွပ်သတ်မှတ်တော့ ပြည်သူတွေ ကားပျက်စီးရင် သိန်းရာချီ ပေးဝယ်ထားရတဲ့ကားတွေကို မပြုပြင်ဘဲ ဒီအတိုင်းပစ်ထား၊ ပျက်စီး၊ စီးမရဖြစ်၊ ပြည်သူတွေဒုက္ခရောက်ပြီး ရှာဖွေထားရတဲ့၊ အခွန်ဆောင်ထားရတဲ့ ကားတွေ အလဟဿ ဆုံးရှုံးစေချင်တာလားဆိုတာ ကျွန်တော် နားမလည်ဘူး။ ကညနတာဝန်ရှိသူ လူကြီးတွေ ဖြေပေးစေချင်တယ်” ဟု ကိုတိုး (အွန်လိုင်းကားဝပ်ရှော့) က ဆိုသည်။
မော်တော်ယာဉ်တစ်စီး၏ Body Coach (အလုံးချိန်း၊ ဖောက်စွပ်) ဆိုသည်မှာ လူနှင့် ကုန်ပစ္စည်းများ တင်ဆောင်ရန် တစ်ဆက်တည်း တည်ဆောက်ထားသော မော်တော်ယာဉ်၏ ကိုယ်ထည်ကို ခေါ်ဆိုခြင်းဖြစ်ပြီး ၎င်းတွင် ဖြတ်တပ်နိုင်သော Bonnet Bumper၊ တံခါး၊ ထိုင်ခုံ၊ ပါးခြမ်း စသည့် အစိတ်အပိုင်းများ တပ်ဆင်ပါရှိလေ့ရှိသည်။ မူလမှတ်ပုံတင်ထားသော မှတ်တမ်းဝင်ယာဉ် Body အား အခြား Body တစ်ခုခုဖြင့် အစားထိုးပြောင်းလဲထားခြင်းကို Body Coach ပြောင်း (အရပ်ခေါ် အလုံးချိန်း၊ ဖောက်စွပ်) ခေါ်ဆိုခြင်းဖြစ်သည်။
Body Coach ပြောင်းလဲခြင်းတွင် အတန်းအစားနှစ်မျိုး တွေ့ရှိရပြီး သီခြားဖရိန် (Frame) ပါရှိသော Station Wagon အုပ်စုဝင်ယာဉ်များ Body Coach ပြောင်းလဲခြင်း (ဥပမာ Toyota Landcruiser, Toyota Rav 4, Mitsubishi Pajero, Isuzu Bighom စသည့် ယာဉ်များ) နှင့် သီးခြားဖရိန်မပါရှိသော Saloon အုပ်စုနှင့် Bus အုပ်စုဝင်များ Body Coach ပြောင်းလဲခြင်း (ဥပမာ Toyota Crown, Toyota Alphard, Toyota Caldina, Toyota Mark II, Express Bus စသည့်ယာဉ်များ) တို့ဖြစ်သည်။
သီးခြားဖရိန်ပါရှိသော ယာဉ်များတွင် မူလဖရိန်အမှတ်ပါ သံပြားအား အခြားယာဉ်တွင် ဖောက်ကပ် ဖြတ်ဆက်၍ ပြောင်းလဲခြင်းနှင့် ဖရိန်အမှတ်ဖောက်ထည့်ခြင်းမရှိဘဲ မူလဖရိန်ပေါ်တွင် အခြား Body Coach အား ပြောင်းလဲတပ်ဆင်ခြင်း၊ သီးခြားဖရိန်မပါရှိသောယာဉ်များ အနေဖြင့် မူလဖရိန်အမှတ် သို့မဟုတ် Chassis No ပါ Member တန်းအား အခြားယာဉ်တွင် ဖောက်ထည့်ဖြတ်ဆက်ခြင်း သို့မဟုတ် Member တန်းပြန်လည် တွဲဆက်၍ ပြောင်းလဲခြင်းကို စစ်ဆေးတွေ့ရှိပါက Body Coach ပြောင်းအဖြစ် ကညနက သတ်မှတ်မည်ဟု ဆိုသည်။
Body Coach တွင်ပါရှိသော ဖြုတ်တပ်နိုင်သည့် Bonnet၊ Bumper၊ တံခါး၊ ထိုင်ခုံ၊ ပါးခြမ်းတို့နှင့် Shell၊ မီးခွက် စသည့် အစိတ်အပိုင်းများအနက် ယာဉ်တိုက်ခိုက်မှု/ထိခိုက်မှုကြောင့် အချို့အစိတ်အပိုင်းများ အစားထိုး ပြောင်းလဲခြင်းအား Body Coach ပြောင်းဟု မသတ်မှတ်ကြောင်း သိရသည်။
“သူတို့သတ်မှတ်ချက်ထဲမပါတဲ့ ရှေ့လေကာမှန်လဲလို့မရရင်၊ မှန်ကွဲရင် လေကာမှန်မပါဘဲ မောင်းရမှာလား၊ အမိုးကမိုးယိုလို့ ဝရိန်ဆော်မရ၊ ဖြုတ်လဲမရရင် မိုးယိုတဲ့အတိုင်းပဲ မောင်းရမှာလား။ ဘော်ဒီတွေဆွေးပေါက်ခဲ့ရင် မပြုပြင် မထိန်းသိမ်းဘဲ ဒီအတိုင်း ဆက်မောင်းရမှာလား။ ဒါတွေကို မပြုပြင်ဘဲ လိုင်စင်သက်တမ်းတိုးရင် ကညနက ခွင့်ပြုမှာလား။ နိုင်ငံတကာစံနှုန်းတွေကတော့ ဖရိန်နံပါတ်ဖြတ်လဲရင် ဖောက်စွပ်ပါ။ ဒါတောင် ထိုင်းမှာ ဒဏ်ကြေးဆောင် မှတ်ချက်ရေး လိုင်စင်ဆက်ဝင်ပြီး သုံးလို့ရပါသေးတယ်။ ကညနက လူကြီးတွေ ဖြစ်စေချင်တာဟာ ပြည်သူတွေစီးနေတဲ့ အကြမ်းခံသုံးလို့မာတဲ့ ဂျပန်ပြည်တွင်းသုံးကားတွေကို တဖြည်းဖြည်းနဲ့ ပပျောက်စေချင်ပြီး ဂျပန်ပြည်တွင်းသုံးကားကို အရည်အသွေးရော ဂရိတ်ပါမမီတဲ့ Brand New ကားတွေကို မဝယ်မနေရ ဖြစ်ချင်တာလား” ဟု ကိုတိုး (အွန်လိုင်းကားဝပ်ရှော့) က ဆိုသည်။
ကညနအနေဖြင့် ယခင် Body Coach ပြောင်းယာဉ်များအား ယာဉ်ပိုင်ရှင်များ မနစ်နာစေရန် ရည်ရွယ်၍ အထက်အဆင့်ဆင့်သို့ တင်ပြခွင့်ပြုချက်ရယူပြီး အမိန့်/ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်ဒဏ်ကြေးများ ကောက်ခံ၍ ဘောင် RTA သတ်မှတ်ကာ တရားဝင်ခွင့်ပြု ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ ထို့ပြင် သဘာဝဘေးဒဏ်ကြောင့်ဖြစ်စေ၊ ယာဉ်တိုက်ခိုက် တိမ်းမှောက်မှုကြောင့်ဖြစ်စေ ပျက်စီးသွားသော ယာဉ်များအား တိုက်ကြေယာဉ်အဖြစ် အပ်နှံခွင့်ပြုထားခြင်း ဖြစ်သည်။
ယင်းအခြေအနေတွင် ယာဉ်ပိုင်ရှင်အချို့မှာ ထိုကဲ့သို့အပ်နှံခြင်း မပြုဘဲ Body Coach ပြောင်း၍ မသိနားမလည်သူများသို့ ရောင်းချလျက်ရှိခြင်းကြောင့် မသိနားမလည်သူများ နစ်နာရခြင်းဖြစ်ကြောင်း ကညန ဆိုသည်။
ယခုအခါ တရားမဝင်ယာဉ်များ တားဆီးထိန်းချုပ်ရန် ရည်ရွယ်၍ Body Coach ပြောင်းယာဉ်များအား ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေပုဒ်မ (၁၈) (င) နှင့်အညီ မှတ်ပုံတင် ဖျက်သိမ်းမိန့်များ ချက်ချင်းထုတ်ပြန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယာဉ်မှတ်ပုံတင် အထောက်အထားများအားလုံး (ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃)၊ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် (CVR)၊ ယာဉ်စစ်ဆေးပြီးကြောင်း သက်သေခံအထောက်အထား (VIS)၊ ယာဉ်စစ်ဆေးချက် သက်သေခံလက်မှတ် (VIC)၊ မော်တော်ယာဉ် မှတ်ပုံတင် နံပါတ်ပြားကိုလည်း ဌာနမှ ချက်ချင်းသိမ်းဆည်း၍ ယာဉ်အား မှတ်ပုံတင်ဖျက်သိမ်းပြီး ယာဉ် (မှတ်ပုံတင်မဲ့ယာဉ်) အဖြစ် သက်ဆိုင်ရာ ရဲစခန်းသို့ နေ့ချင်းပြီး အပ်နှံလွှဲပြောင်းနေခြင်းဖြစ်သည်။
ယခင် Body Coach ပြောင်းလဲခြင်းများကြောင့် ဒဏ်ကြေးငွေ ပေးဆောင်၍ ဘောင် RTA ရိုက်နှိပ်ပြီးယာဉ်များသည် ကညနက တရားဝင် အသိအမှတ်ပြုပြီး ယာဉ်များဖြစ်သောကြောင့် အဆိုပါယာဉ်များ နှစ်လဲသက်တမ်းတိုး ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခက်အခဲ တစ်စုံတစ်ရာ မဖြစ်ပေါ်နိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် ကြေညာထားခြင်းဖြစ်သည်။
“ဖောက်စွပ်ကို အခုလက်ရှိပိုင်ထားတဲ့ လူတွေက တကယ်နစ်နာတယ်။ အခုဖြစ်နေတာက ရောင်းတဲ့သူကလည်း တစ်လက်ကိုင်မဟုတ်ရင် ကိုယ့်ကားရဲ့ရာဇဝင် ကိုယ်မသိဘူး။ ရောင်းလိုက်မှ စစ်ကြည့်တော့ ဖောက်စွပ်ဖြစ်နေရင် သိမ်းခံရရော။ ရှိစုမဲ့စုနဲ့ ကားလေးဝယ်ထားပြီး သက်တမ်းသွားလည်းတိုးရော ဖောက်စွပ်ဖြစ်နေရင် သွားရော။ အဲဒီလို မသိတဲ့လူတွေအတွက် အမှန်တကယ် နစ်နာပါတယ်။ မှန်မှန်ကန်ကန် ဆိုရင်တော့ ရောင်းတဲ့သူရော၊ ဝယ်တဲ့သူရော အေးဆေးပဲ။ အခုက အဝယ်ခက်၊ အရောင်းခက်၊ အခု အစစ်ပါ ခက်နေပြီ။ အားလုံးမှန်မှန်ကန်ကန် ဖြစ်အောင်၊ အနည်းဆုံး ကိုယ်လက်ရှိပိုင်တဲ့ကား ဖောက်စွပ်လား၊ အမှန်လားသိအောင် အချိန်တစ်ခုပေးပြီးမှ၊ နစ်နာမှုတွေမရှိအောင် လုပ်ပြီးမှ စည်းမျဉ်းစည်းကမ်းကို တင်းကျပ်သင့်ပါတယ်” ဟု ဦးအောင်သန်းဝင်းက ထင်မြင်ချက်ပေးသည်။
ဖောက်စွပ်၊ အလုံးချိန်းကားများကို တိုက်ကြေစလစ်မပေးဘဲ သိမ်းဆည်းမှုများကြောင့် နစ်နာမှုများ ဖြစ်ပေါ်နေသည့်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တို့ကို မြန်မာနိုင်ငံ မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းက ကန့်ကွက်စာ ပေးပို့ထားသော်လည်း ထူးခြားမှုမရှိသေးကြောင်း အသင်း တာဝန်ရှိသူများက ပြောကြားသည်။
“ကျွန်တော်တို့ဘက်ကတော့ ဒါကိုဆက်ပြီး နိုင်ငံတော်ကို တောင်းဆိုသွားမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေရဲ့ဘဝတွေ ပျက်စီးသွားမယ်၊ ကားတစ်စီးလောက်ပိုင်တဲ့သူတွေ၊ တက္ကစီလေးတွေလည်း ဒါကသူတို့ဘဝပဲ။ သူတို့ရဲ့ စားဝတ်နေရေးအတွက် ဒီကားက မရှိမဖြစ်ပဲ။ အခုလိုဆိုသူတို့ရဲ့ မိသားစုဘဝတွေ ပျက်သွားမယ်၊ ကလေးတွေရဲ့ ကျောင်းစရိတ်၊ စားဝတ်နေရေးစရိတ်တွေ မရှိတော့ရင် ဘယ်လိုလုပ်မလဲ။ လူတွေရဲ့ စားဝတ်နေရေး မပြေလည်ရင် နောက်ဆုံး တိုင်းပြည်မငြိမ်မသက်ဖြစ်တဲ့အထိ ဖြစ်နိုင်တယ်။ အခုက ရှိစုမဲ့စုကို မတရားသိမ်းတဲ့ ပုံစံဖြစ်နေတယ်၊ မဖြစ်သင့်ဘူး” ဟု မြန်မာနိုင်ငံ မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယခင်ကတည်းက ကျဆင်းနေသော ကားဈေးကွက်သည် ဖောက်စွပ်ပြဿနာ ဝင်ရောက်ချိန်တွင် အရောင်းအဝယ် ပိုမိုအေးစက်လာသည်။ ယခင်က ဘော်ဒီ၊ အင်ဂျင်၊ အောက်ပိုင်း၊ Chassis မှန်မမှန်ကြည့်၍ အရောင်းအဝယ်ပြုလုပ်ရာမှ ကညနတွင် တစ်နေကုန် ယာဉ်စစ်ရခြင်းကြောင့် အချိန်ကုန်၊ ငွေကုန်၊ လူပန်းမှုများ ဖြစ်ပေါ်သကဲ့သို့ အရောင်းအဝယ် ပြုလုပ်ရာတွင် ကြန့်ကြာမှုများ ဖြစ်ပေါ်လာသည်။ ဖောက်စွပ် ဟုတ်၊ မဟုတ် ကညနတွင် စစ်ဆေးရာတွင်လည်း မော်တော်ယာဉ် မှတ်ပုံတင်ထားသည့် ကညနရုံးတွင် စစ်ဆေးမှသာ မှန်ကန်နိုင်မည်ဖြစ်ခြင်းကြောင့် သွားလာစစ်ဆေးခံရန်အတွက် အချိန်ပိုပေးရလာသည်။ ထိုသို့ယာဉ်စစ်ရာတွင် စစ်ဆေးသည့်ကား ဖောက်စွပ်၊ အလုံးချိန်း ဆိုပါက သိမ်းဆည်းသည်အထိ ပြစ်ဒဏ်ကြီးမားမှုကြောင့် နစ်နာသူများစွာ ပေါ်ထွက်လာခဲ့သည်။
ကိုတိုး (အွန်လိုင်းကားဝပ်ရှော့) က “ကညနတာဝန်ရှိလူကြီးမင်းတွေကို ကျွန်တော်မေးစရာရှိတာလေး မေးခွင့်ပြုပါဗျာ။ ကျွန်တော် ထိုင်းမှာ ဆယ်စုနှစ်တစ်ခုကျော် Mechanic လုပ်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ထိုင်းကညန (ခွန်းစုန်) ရဲ့ မူဝါဒတွေဟာ လုံးဝမပြောင်းလဲဘဲ တည်ငြိမ်စွာ ရှိခဲ့ပါတယ်။ မြန်မာပြည်ကညနရဲ့ မူဝါဒတွေဟာ မကြာခဏ ဘာဖြစ်လို့ ပြောင်းလိုက်၊ ပြင်လိုက်ဖြစ်နေတာလဲ။ ထိုင်းမှာ လိုင်စင်သက်တမ်းသွားတိုးရင် စောင့်ရ ၁၀ မိနစ်အကြာဆုံး၊ မစောင့်ရရင် ငါးမိနစ်မကြာဘူး။ နယ်ပြောင်း၊ နာမည်ပြောင်းလုပ်ရင် အလှည့်ကျရင် ငါးမိနစ်၊ ၁၀ မိနစ်အတွင်း ပြီးတယ်။ နာမည်ပြောင်းလုပ်ရင် စာအုပ်တစ်ခါတည်း ပြန်ရတယ်။ နယ်ပြောင်းဆိုရင်တစ်ပတ်လောက် ချိန်းတဲ့ရက် ပြည်နယ်တိုင်း နံပါတ်ပြား သွားယူရုံပါ။ စလစ်လေးပေးလိုက်ရင် နံပါတ်ပြားရော စာအုပ်ပါ ငါးမိနစ်အတွင်း ပြန်ရပါတယ်ဗျာ။ ကုန်ကျငွေက နှစ်မျိုးလုံးအတွက် တစ်မျိုးကို ကျပ် ၅၀၀၀၀ လောက်ပဲ ကျပါတယ်။ မြန်မာပြည်ကညနမှာ အွန်လိုင်းဘွတ်ကင်ယူပြီးတော့ ကားတစ်စီး၊ လူနှစ်ယောက်နဲ့ တစ်နေကုန် တန်းစီနေရတာ၊ ဘယ်တော့မှ ထိုင်းလို မြန်ဆန်သက်သာစွာနဲ့ ပြည်သူတွေကို ဝန်ဆောင်မှုပေးမှာလဲ” ဟု မေးခွန်းထုတ်ခဲ့သည်။
ယခင်က ကားတစ်စီးအကြောင်းကြောင်းကြောင့် ထိခိုက်ပျက်စီးမှုရှိသည်ဆိုပါက ပုံစံတူလိုင်စင်မဲ့ ကားတစ်စီးကို နယ်စပ်မှသွင်း၍ Chassi ဖောက်စွပ်၊ အလုံးချိန်းပြုလုပ်မှုများ ရှိခဲ့သည်။ ထိုအချိန်က ကညနတွင် RTA ဒဏ်ကြေးဆောင်၍ တရားဝင် ပြုလုပ်သူများ ရှိသကဲ့သို့ တရားဝင်လမ်းကြောင်း မဟုတ်ဘဲ ဖောက်စွပ်ပြုလုပ်မှုများလည်း ရှိခဲ့သည်။ ယခုကညနက စည်းကမ်းတင်းကျပ်သည့် အနေဖြင့် ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေပါ ခွင့်ပြုချက်မရှိဘဲ မော်တော်ယာဉ် အမျိုးအမည်၊ ခုနှစ်ပုံစံ၊ ခွင့်ပြု၍မရသော ပုံစံအနေအထား၊ ကိုယ်ထည်ပြောင်းလဲထားကြောင်း စစ်ဆေးတွေ့ရှိပါက မော်တော်ယာဉ် မှတ်ပုံတင်ခြင်း ခေတ္တရပ်စဲ၊ ဖျက်သိမ်းရမည်ဆိုသည့်အချက်ကို တိတိကျကျ အသုံးပြုလာခဲ့သည်။
ယင်းအခြေအနေတွင် မိမိကိုယ်တိုင်အလုံးချိန်း၊ ဖောက်စွပ်ပြုလုပ်ထားသူများအတွက် နစ်နာမှုရှိသည်ဟု မဆိုနိုင်သော်လည်း ဖောက်စွပ်ထားသည့်ကားကို ဝယ်ထားမိသူများအတွက် နစ်နာမှုများစွာ ဖြစ်ပေါ်စေနိုင်သည်။ ကားတစ်စီးသည် ပိုင်ရှင်အဆက်ဆက် ပြောင်းနိုင်သကဲ့သို့ ပိုင်ရှင်တစ်ဦးဦး လက်ထက်တွင် ယာဉ်ထိခိုက်မှုများကြောင့် အချိန်မရွေး ဖောက်စွပ်ဖြစ်သွားနိုင်သည်။ ပြီးခဲ့သည့်နှစ်နှစ်က ရှိစုမဲ့စုဖြင့် ဝယ်ယူထားသည့် ကားတစ်စီးသည် သက်တမ်းသွားတိုးချိန်တွင် ဖောက်စွပ်ဖြစ်သွားမလားဆိုသည်မှာ လက်ရှိ ယာဉ်ပိုင်ရှင်များအတွက် စိုးတထိတ်ထိတ် ဖြစ်စေသည်။ ယခင်က ဖောက်စွပ်ဖြစ်ပါက တိုက်ကြေအပ်ခွင့်ရရှိသေး၍ စလစ်ဖိုးပြန်ရနိုင်သော်လည်း ယခုအချိန်တွင် အသိမ်းခံရမည်ဖြစ်၍ ဆုံးရှုံးမှု များပြားလာခြင်း ဖြစ်သည်။
“အခုက အစိုးရက မင်းတို့ ကားအဟောင်းတွေ မစီးနဲ့၊ ကားအသစ်တွေပဲစီးလို့ ပြောတာမျိုးဖြစ်နေပြီ။ ဒါပေမဲ့ အဲဒီအသစ်တွေလည်း မဟောင်းတော့ဘူးလား။ အထိအခိုက် မရှိတော့ဘူးလား။ ကားဆိုတာ အတိုက်အခိုက်ရှိတော့ အဲဒီအချိန်ကျရင် ထိတဲ့နေရာပြင်မှာပဲ။ ဟောင်းတဲ့နေရာလဲမှာပဲဆိုတော့ ဘယ်သူကသိမှာလဲ။ သူတို့လည်း အချိန်မရွေး ဖောက်စွပ်မိနိုင်တာပဲ။ အသစ်ဝယ်တဲ့လူပဲ ဖောက်စွပ်သေချာလွတ်မှာ။ အဲဒီလိုလူက မြန်မာပြည်မှာ ဘယ်နှယောက်ရှိလဲ။ အများစုက ဒီလိုပဲ ကားဟောင်းကိုပဲ ဝယ်စီးနိုင်တာပါ။ ဒီလိုပြည်သူအများစုကို စောင့်ရှောက်ဖို့က အစိုးရမှာပဲ တာဝန်ရှိပါတယ်” ဟု ဦးအောင်သန်းဝင်းက သုံးသပ်သည်။
ကညနက ဖောက်စွပ်၊ အလုံးချိန်းကားများ သိမ်းဆည်းမည့် ကြေညာချက်ကို ဇွန်လဒုတိယပတ်အတွင်း ထုတ်ပြန်ခဲ့ပြီး ဇွန် ၁၁ ရက် မတိုင်မီ ကားအစီးရေ ၂၀၀ ကျော် ဖောက်စွပ်မိခဲ့ပြီး ကြေညာချက်ထုတ်ပြန်ပြီး နောက်ပိုင်းတွင်လည်း အပတ်စဉ် ဖောက်စွပ်ကားများ ဆက်လက် ထွက်ပေါ်လာခြင်းကြောင့် အစီးရေ ၂၇၀ ကျော် သိမ်းဆည်းပြီးဖြစ်သည်။ ကားဝယ်ရောင်း လုပ်ကိုင်သူများနှင့် ကားအသိမ်းခံထားရသည့် ပြည်သူများကတော့ လတ်တလော အသိမ်းခံထားရသည့်ကားများကို နောက်ဆုံးအခွင့်အရေး အနေဖြင့် အချိန်ကာလတစ်ခု၊ ဒဏ်ကြေးတစ်ရပ်ရပ်ဖြင့် ဆောင်ရွက်ပေးစေလိုကြသည်။ အဆိုပါ ဖောက်စွပ်မိခဲ့သော ကားစီးရေ ရာဂဏန်း၏ ပိုင်ရှင်များထဲတွင် ဘုမသိဘမသိ၊ ရှိစုမဲ့စုဖြင့် ဝယ်ယူခဲ့သူ မည်မျှပါဝင်ခဲ့သည်ကို ကညန အနေဖြင့် စုံစမ်းစစ်ဆေးသင့်သည်။ အမှန်တကယ် နစ်နာသူများအတွက် ဆုံးရှုံးမှုနည်းပါးအောင် အဖြေရှာရဦးမည်ဖြစ်သည်။