ရန်ကုန်မြို့၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းအတွင်း မီးလောင်စေနိုင်သည့် ပုလင်းလာရောက်ပစ်သွင်းသူအား ဇူလိုင် ၂ ရက်တွင် ဗဟန်မြို့နယ်တရားရုံးက ထောင်ဒဏ် ငါးနှစ်ချမှတ်ခဲ့ကြောင်း ယင်းမြို့နယ်တရားရုံးမှ စုံစမ်းသိရှိရသည်။
ယင်းကဲ့သို့ မီးလောင်စေနိုင်သည့် ဓာတ်ဆီပုလင်းဖြင့်ပစ်ပေါက်သော တရားခံဝင်းနိုင်(၄၂)နှစ်ကို ပုဒ်မ ၄၃၆အရ ပြစ်မှုကျူးလွန် ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် တရားရုံးမှ ထောင်ဒဏ်ငါးနှစ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁)ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဖြစ်သည့် ခြံအမှတ် ၅၄/ ၅၆ သို့ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နံနက် ၆ နာရီခွဲခန့်က ဝင်းနိုင်(၄၂)နှစ်မှာ ရောက်ရှိလာပြီးခြံ၏ ယာဘက်ထောင့်နားမှနေ၍ ခြံအတွင်းသို့ မီးလောင်စေနိုင်သည့် ပုလင်းတစ်လုံးပစ်သွင်းခဲ့ပြီး ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်သွင်းခဲ့သဖြင့် ခြံဝင်းအတွင်း ခြံစောင့်တဲအနီးရှိ ရေပိုက်တစ်ချောင်းမီးစွဲလောင်ခဲ့ပြီး အဆိုပါကဲ့သို့ ကျူးလွန်သည့် မြောက်ဒဂုံမြို့နယ်နေ ဝင်းနိုင် (၄၂)နှစ်ကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ ဝင်းနိုင်အား ရာဇသတ်ကြီး ပုဒ်မ-၄၃၆ဖြင့် မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။