မန္တလေးမြို့တွင် နေအိမ်အတွင်း ဓားကိုင်ဝင်ရောက်ကာ ဆိုင်ကယ်ခိုးမှုများ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားလျက်ရှိပြီး မေ ၂၂ ရက် တစ်ရက်တည်းမှာပင် ဓားခုတ်လုယက်မှု သုံးခုဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
မေ ၁၂ ရက်က ချမ်းအေးသာစံမြို့နယ်၊ ၃၄ လမ်းနှင့် ၃၅ လမ်းကြား၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြားရှိ နေအိမ်တစ်ခုတွင် ခြံဝင်းတံခါး သော့မခတ်မိသောကြောင့် ထိုင်းအမျိုးအစား ဆိုင်ကယ် Scoppy ငါးစီး (စုစုပေါင်းတန်ဖိုး ကျပ် ၈၂ သိန်းကျော်) ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ထိုသို့ နေအိမ်တစ်အိမ်ထဲမှ ဆိုင်ကယ်ငါးစီး ခိုးယူခံရမှု ဖြစ်ပွားပြီးနောက် ရက်ပိုင်းအတွင်းမှာပင် မန္တလေးမြို့ နေအိမ်တစ်ခုအတွင်း ဓားကိုင်ဆောင်ထားသည့် အမျိုးသားခြောက်ဦး ဝင်ရောက်ပြီး ဆိုင်ကယ်ခိုးယူမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ အုပ်စုလိုက် ဓားကိုင်ပြီး ခိုးယူမှု မူဗီဖိုင်မှာ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ရာ ယင်းသို့ဓားကိုင်ခိုးယူမှုမှာ အိမ်ရှင်သာ နိုးလာပါက ပြန်လည် ရန်ပြုနိုင်သောကြောင့် မြို့သူမြို့သားများ အနေဖြင့် စိုးရိမ်မှုများ ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
“တစ်အိမ်တည်း ဆိုင်ကယ်ငါးစီး ပျောက်တာရော၊ အင်တာနက်မှာ တက်လာတဲ့ ဓားကိုင်ဆိုင်ကယ် ခိုးယူမှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဆိုင်ကယ် ၁၈ စီးနဲ့ အမျိုးသား ခြောက်ဦးကို ဖမ်းဆီးထားပါတယ်။ အခုဖမ်းမိတဲ့ ဆိုင်ကယ်တွေထဲမှာတော့ အဲဒီဖြစ်စဉ်က ဆိုင်ကယ်တွေ မပါသေးဘူး” ဟု အမှတ်(၆) ရဲစခန်းမှူး ရဲအုပ်ခင်သန်းက ပြောကြားသည်။
ထိုသို့ ဓားများဖြင့် အိမ်တွင်းဝင်ရောက် ခိုးယူသူ ခြောက်ဦးနှင့် ပတ်သက်၍ မသင်္ကာသူများကို ခေါ်ယူစစ်ဆေး နေသည်ဟုလည်း မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။
ထို့ပြင် မေ ၂၂ ရက် နံနက် ၁ နာရီ မထိုးမီကလည်း ချမ်းမြသာစည်မြို့နယ် လမ်း ၆၀ နှင့် သိပ္ပံလမ်းထောင့်တွင် ဆိုင်ကယ်ရပ် စကားပြောနေသည့် အမျိုးသားနှင့် အမျိုးသမီးတို့နှစ်ဦးထံ အမည်မသိ အမျိုးသား ခြောက်ဦး ရောက်ရှိလာပြီး အသင့်ပါလာသည့် ဓားဖြင့်ခုတ်ကာ ငွေနှင့်ဖုန်း ယူဆောင်သွားသည့်ဖြစ်စဉ်၊ အဆိုပါ ဓားကိုင်ဆောင်ထားသည့် လူငယ်ခြောက်ဦးမှပင် မဟာအောင်မြေမြို့နယ် ၆၈ လမ်းနှင့် ၄၃ လမ်းထောင့်တွင် ဆိုင်ကယ်ရပ်၍ အပေါ့သွားနေသည့် လူငယ်နှစ်ဦးအား ဓားဖြင့်ခုတ်ကာ ငွေများယူဆောင်သွားသည့် ဖြစ်စဉ်နှင့် ၅၆ လမ်းနှင့် အောင်ဆန်းလမ်းထောင့်ရှိ သန်းတစ်ရာ လက်ဖက်ရည်ဆိုင်မှ စားပွဲထိုးကလေးများကို ဓားရှည်ဖြင့် ခုတ်သွားသည့်ဖြစ်စဉ် သုံးခုဆက်တိုက် ကျူးလွန်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ အောင်ပင်လယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ “လက်ဖက်ရည်ဆိုင်က စားပွဲထိုးကလေးနှစ်ဦး ဒဏ်ရာရရှိသွားပါတယ်။ မစိုးရိမ်ရပါဘူး။ ကျူးလွန်သူတွေကို ကျွန်တော်တို့ စုံစမ်းရှာဖွေနေပါတယ်။ အဲဒီဓားကိုင်တဲ့ ခြောက်ဦးပဲ တခြားမြို့နယ်နဲ့ တခြားစခန်းအပိုင်မှာ ဓားကိုင်လုသွားကြသေးတယ်လို့တော့ သိရတယ်။ ကျွန်တော့်စခန်း အပိုင်ထဲက ဖြစ်စဉ်ကတော့ အမှုဖွင့်ထားပါတယ်” ဟု ရဲအုပ်ခင်ဇော်က ပြောကြားသည်။
မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း အဆိုပါဖြစ်စဉ်များ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ ဆောင်ရွက်ချက်များကို မေးမြန်းရာ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင်က “တိုင်းခရိုင်မှုကူဌာနတွေ အနေနဲ့ရော၊ စခန်းတွေကရော ဆိုင်ကယ်ခိုးမှုတွေ ဖော်ထုတ်ဖမ်းဆီးထားတာ ရှိပါတယ်။ ခိုးမှုတွေ ထပ်မဖြစ်အောင် ညဉ့်ဦးညဉ့်နက် လှည့်ကင်းတွေလည်းတိုးပြီး ပိုမိုလုံခြုံရေးရယူ ဆောင်ရွက်နေပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းပြီး တင်းတင်းကျပ်ကျပ် လုံခြုံရေး ရယူနေပါတယ်” ဟု ပြောကြားသည်။
ထိုသို့ ဓားကိုင်ကျူးလွန်သူများကို ဖြစ်ပွားခဲ့သည့် မြို့နယ်အလိုက် သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်ထားကြောင်း သိရသည်။