ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် နိုင်ငံတော်နှင့် လျော်ကန်သင့်မြတ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် နိုင်ငံတော်သမ္မတဦးထင်ကျော် ပြောကြား

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် နိုင်ငံတော်နှင့် လျော်ကန်သင့်မြတ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် နိုင်ငံတော်သမ္မတဦးထင်ကျော် ပြောကြား
Published 5 January 2018

ဇန်နဝါရီ ၄ ရက်က ကျင်းပသည့် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးထင်ကျော် တက်ရောက် အမှာစကားပြောကြားစဉ်

နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် နိုင်ငံတော်နှင့် လျော်ကန်သင့်မြတ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာရေးကိုလည်း ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် နှစ် (၇၀) ပြည့်လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် နေထိုင်ခဲ့သည့် မြန်မာနိုင်ငံကို နယ်ချဲ့များက ကျူးကျော်စစ်သုံးကြိမ် ဆင်နွှဲသိမ်းပိုက်ခဲ့သည့် အတွက် ထီးသုဉ်းနန်းသုဉ်းဖြစ်ကာ ၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ရကြောင်း၊ သူ့ကျွန်ဘဝက လွတ်မြောက်ရန်အတွက် မြန်မာပြည်တစ်ဝန်း တောင်ပေါ်မြေပြန့်မကျန် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အသက်သွေးချွေးမြောက်မြားစွာ စတေးပြီး ကြိုးပမ်းခဲ့ကြကြောင်း၊ ထိုသို့ ကြိုးပမ်းမှု၏ရလဒ်အဖြစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာ့လွတ်လပ်ရေး အောင်ပန်းကို ရယူဆွတ်ခူးနိုင်ခဲ့ကြောင်း၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ကြိုးပမ်းမှုကြောင့် ရရှိခဲ့သည့် မြန်မာ့လွတ်လပ်ရေးသည် ယခုဆိုလျှင် နှစ်(၇၀)ပြည့်ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးထင်ကျော်၏ သဝဏ်လွှာတွင် ပါရှိသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရခဲ့သော်လည်း နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့သည့်စနစ်ဆိုးကြောင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြားတွင် စိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများ နှစ်ပေါင်းများစွာ ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း၊ ယနေ့အချိန်အခါတွင်မူ ထာဝရ ငြိမ်းချမ်းရေးရရှိစေရန်အတွက် တိုင်းရင်းသား အားလုံးက နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ၏ ဒုတိယအကြိမ်အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဖက်ဒရယ်အခြေခံမူအချို့ကို သဘောတူချမှတ်နိုင်ခဲ့ပြီဖြစ်ကြောင်း သမ္မတ ဦးထင်ကျော်က ပြောကြားသည်။

“အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် တိုင်းရင်းသားအားလုံး လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ သာတူညီမျှ အခွင့်အရေးရှိခြင်းနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခြင်းဆိုသည့်မူများအပေါ် အခြေခံသည့် ဒီမိုကရေစီနိုင်ငံတော် ပေါ်ထွန်းလာရေး ကို မျှော်မှန်းချက်ထားရှိ ဆောင်ရွက်လျက် ရှိပေသည်။ နိုင်ငံရေးဆွေးနွေးပွဲရလဒ်များ နှင့်အညီ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ရာတွင် နိုင်ငံတော်နှင့်လျော် ကန်သင့်မြတ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရေးကိုလည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါ သည်” ဟု နိုင်ငံတော်သမ္မတဦးထင်ကျော်က သဝဏ်လွှာတွင် ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် ဒီမိုကရေစီ အခြေခံအုတ်မြစ်များ ပိုမိုခိုင်မာလာစေရန် ကြိုးပမ်းဆောင်ရွက်မှုများနှင့်အတူ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖော်ဆောင်လျက်ရှိပြီး တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘ၀ ပိုမို မြင့်မားလာစေရေးကိုလည်း ဦးတည်ဆောင် ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် နိုင်ငံရေးတည်ငြိမ်မှု၊ နိုင်ငံသာယာဝပြောမှု၊ တိုင်းရင်းသားပြည်သူအပေါင်း သွေးစည်းညီညွတ်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူများစားဝတ်နေရေးဖူလုံမှု၊ ယဉ်ကျေးမှုအမွေအနှစ် အစဉ်အလာကောင်းများကို ထိန်းသိမ်းစောင့် ရှောက်မှု အစရှိသည်တို့ကို တစ်ချိန်တည်း တစ်ပြိုင်တည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံတော်၏စီးပွားရေးအတွက် များစွာအရေးပါလှသော အဓိကမောင်းနှင်အားတစ်ရပ်ဖြစ်သည့် ပုဂ္ဂလိကကဏ္ဍကို အားပေးမြှင့်တင်ခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝလည်း တိုးတက်ကောင်းမွန်လာမည် ဖြစ်ကြောင်း သမ္မတက ဆက်လက်ပြောကြားသည်။

ထို့အတူ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အဓိကအကျဆုံးအချက်သည် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး၏ သွေးစည်းညီညွတ်မှုစွမ်းပကားပင်ဖြစ်ကြောင်း၊ ရရှိပြီးလွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးသည်လည်း တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး၏ သွေးစည်းညီညွတ်မှုဖြင့်သာ ဆောင်ကြဉ်းနိုင်မည်ဖြစ်ကြောင်း သမ္မတဦးထင်ကျော်က ပြောကြားသည်။

သို့ဖြစ်၍ ပြည်ထောင်စုကြီးအတွင်း ဥမကွဲသိုက်မပျက် ရာသက်ပန် ပူးပေါင်းနေထိုင်သွားနိုင်ရန်၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး တိုင်းရင်း သားအားလုံးတန်းတူညီမျှ အခွင့်အရေးရရှိရန်တို့အတွက် နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး စုစည်းထိန်းသိမ်းကာကွယ်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော်နှင့် သင့်တော်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရန် ကြိုးပမ်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံးအကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင် ရွက်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများမှတစ်ဆင့် ‘ထာဝရငြိမ်းချမ်းရေး’ ပန်းတိုင်သို့ ရောက်ရှိအောင် ပြည်ထောင်စုတိုင်းရင်းသားအားလုံးမှ နိုင်ငံတော်နှင့်အတူ ပူးပေါင်းပါဝင်ရေး၊ စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သည့် ပုဂ္ဂလိကကဏ္ဍကို အားပေးမြှင့်တင်ခြင်းဖြင့် ပြည်သူများ၏လူမှုစီးပွားဘ၀ တိုးတက်ကောင်းမွန်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေးတို့ကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက အလေးအနက်ခံယူလျက် ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ပူးပေါင်းပါဝင်အကောင်အထည်ဖော် ဆောင်ရွက်ပေးကြပါရန် နိုင်ငံတော်သမ္မတ က သဝဏ်လွှာတွင် တိုက်တွန်းထားသည်။

Most Read

Most Recent