လူထုအခြေပြု ခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေသည့် ဂေါ်ရန်ဂျီကျွန်းဒေသတွင် လုပ်ငန်းအကောင်အထည် မဖော်နိုင်သေးမီ၌ပင် ပင်လယ်အတွင်းရှိ ကျွန်းများပျက်စီးနေမှုကို ကာကွယ်ပေးစေလိုကြောင်း ဒေသခံများတောင်းဆို

လူထုအခြေပြု ခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေသည့် ဂေါ်ရန်ဂျီကျွန်းဒေသတွင် လုပ်ငန်းအကောင်အထည် မဖော်နိုင်သေးမီ၌ပင် ပင်လယ်အတွင်းရှိ ကျွန်းများပျက်စီးနေမှုကို ကာကွယ်ပေးစေလိုကြောင်း ဒေသခံများတောင်းဆို
Published 2 January 2018

ဂေါ်ရန်ဂျီကျွန်းဒေသအနီးတစ်ဝိုက်ကို တွေ့ရစဉ်

လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေသည့် ဂေါ်ရန်ဂျီ ကျွန်းဒေသတွင် လုပ်ငန်းများစတင်အကောင်အထည် မဖော်နိုင်သေးမှီမှာပင် ခရီးသွားများ မကြာခဏ လာရောက်လည်ပတ်လေ့ရှိသည့် ပင်လယ်အတွင်းရှိ ပိုင်ရှင်မဲ့ကျွန်းများ ပျက်စီးလာနေမှုအပေါ် အစိုးရမှ ကာကွယ်ပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

ငရုတ်ကောင်းမြို့ နံသာပုကျေးရွာတွင် ဒီဇင်ဘာ ၃၀ရက်က ပြုလုပ်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးများပါ တက်ရောက်ခဲ့သော လူထုအ ခြေပြုခရီးသွားလုပ်ငန်းဆိုင်ရာ လူထုတွေ့ဆုံပွဲတွင် ဒေသခံများက ပင်လယ်အတွင်းရှိ ခရီးသွားများ လည်ပတ်ရန် လှပသည့် ပိုင်ရှင်မဲ့ကျွန်းများမှာ ခရီးသွားများ မကြာခဏ သွားရောက်လည်ပတ်လျက်ရှိနေပြီး ကျွန်းများကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်မူ အစိုးရပိုင်းမှ တိကျစွာဖွဲ့စည်းပေးထားသည့် အဖွဲ့ အစည်းများ မရှိလာသေးခြင်းမှာ ကျွန်းငယ်ပျက်စီးဆုံးရှုံးမှုများကို ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အခက်အခဲများရှိနေကြောင်း၊ ခရီးသွားလုပ်ငန်းများ တိုးတက်မြင့်မားလာရေး၊ လူထုအခြေပြုခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်ရေးအတွက် ငရုတ်ကောင်းမြို့မှ  ဂေါ်ရန်ဂျီကျွန်းသို့ ဆက်သွယ်ထားသည့်ကားလမ်းနှင့် ငရုတ်ကောင်းမြို့ ကြွေချိုင်ကမ်းခြေ၊ နံသာပုကမ်းခြေများသို့ ဆက်သွယ်ထားသည့် ကားလမ်းများ ရာသီမရွေးသွားလာနိုင်သည့် လမ်းပိုင်းများဖြစ်ပေါ်လာနိုင်ရေးအတွက်  တောင်းဆိုခဲ့ကြပြီး လူထုအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရန်အတွက် ဒေသခံ များပိုင်ဆိုင်ထားသည့် ဥယျာဉ်ခြံမြေ၊ ရွာမြေများပေါ်တွင် တည်းခိုနားနေဆောင်များ ဆောက်လုပ်ရေးအတွက် မြေယာပိုင်ဆိုင်မှု  အထောက်အထားများကို ရရှိလိုသည်ဟု တင်ပြခဲ့ကြကြောင်း သိရသည်။

“သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ကမ်းခြေလှပရေးအထူးသဖြင့်ပေါ့။ ပင်လယ်အတွင်းမှာရှိနေတဲ့ကျွန်းတွေ အခုက ဘယ်လိုလဲဆိုတော့ ပင်လယ်ထဲကျွန်းကျတော့ ကာကွယ်စောင့်ရှောက်မှု မရှိသလိုဖြစ်နေတယ်။ အဲဒီလိုဆိုတော့ ဟိုလူဝင်ခုတ်၊ ဒီလူဝင်ခုတ်နဲ့ ပျက်စီးလာတယ်။ ကျွန်တော်တို့အနေနဲ့ ပြစရာ ဒီနယ်မြေလေးပဲရှိတာ။ အဲဒီတော့ အဲဒီ နယ်မြေလေးတွေကို ခုတ်ထွင်ရှင်းလင်းနေတဲ့လူတွေ အပင်ဝင်စိုက်ပြီးတော့ နာမည်ခံဖို့ ကြိုးစားနေတဲ့လူတွေပေါ့။ အဲဒါတွေကို ဌာနဆိုင်ရာတွေရော ဆိုင်ရာဆိုင်ရာဌာနတွေက ကိုယ်စားလှယ်တွေပါ အားလုံးဝိုင်းဝန်းပြီးတော့ ကြပ်ကြပ်မတ်မတ်လေး ထိန်းသိမ်း စောင့်ရှောက်ပေးပါလို့ မေတ္တာရပ်ခံပါတယ်” သစ်ရောင်းကျေးရွာမှ ဦးမိုးကျော်က ပြော ကြားသည်။

ဒေသခံများတင်ပြချက်နှင့်ပတ်သက်၍ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မည်သည့်စီမံကိန်းမဆို အကောင်အထည်ဖော်ဆောင်ရွက်ပါက သဘာဝပတ်ဝန်းကျင်မထိခိုက်စေရေး နှင့် ဒေသခံပြည်သူများမနစ်နာစေရေးကို ဦးတည်လုပ်ဆောင်ပေးသွားမည်ဟု ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်းဒေသရှိ ဂေါ်ရန်ဂျီကျွန်း၊ ကြွေချိုင်ကမ်းခြေ၊ နံသာပုကမ်းခြေ၊ စပါးထား ကမ်းခြေတို့မှာ သဘာဝအတိုင်း လှပစွာတည်ရှိနေသည့် ကျွန်းငယ်များဖြစ်ပြီး သဘာ၀ အစားအစာများနှင့် လည်ပတ်စရာနေရာများ ပြည့်လျှံနေသည့် ကမ်းခြေတစ်ခုဖြစ်သည့်အလျှောက် ဒေသခံပြည်သူများက ငရုတ်ကောင်းဒေသအား လူထုအခြေပြုခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရေးအတွက် အစိုးရအဖွဲ့ထံ အဆိုပြုလွှာများတင်ပြထားခဲ့ကြောင်း သိရသည်။

Most Read

Most Recent