မန္တလေး-လားရှိုး ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းလမ်းတွင် လမ်းပိတ်ဆို့မှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး ကုန်တင်ယာဉ်များစွာ ပိတ်မိနေ

မန္တလေး-လားရှိုး ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းလမ်းတွင် လမ်းပိတ်ဆို့မှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး ကုန်တင်ယာဉ်များစွာ ပိတ်မိနေ
Published 2 January 2018

ဂုတ်တွင်းလမ်းတွင် လမ်းပိတ်ဆို့မှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး ကုန်တင်ယာဉ်များစွာ ပိတ်မိနေစဉ်

မန္တလေး-လားရှိုး ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းလမ်းတွင် လမ်းပိတ်ဆို့မှုများ ဖြစ်ပွားနေပြီး အဆိုပါ ဂုတ်တွင်းလမ်းတွင် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် ထောင်ဂဏန်းခန့်အထိ ပိတ်ဆို့မှု ဖြစ်ပွားနေကြောင်း သိရသည်။

ယာဉ်ကြောပိတ်ဆို့မှုမှာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းက ဆီဘောက်ဆာကားတစ်စီး ဂုတ်တွင်းလမ်း နောင်ချိုဘက် အခြမ်းတွင် ကန့်လန့်ခံရာမှ လမ်းပိတ်ဆို့မှု စတင်ဖြစ်ပွားခဲ့ရာ နောင်ချိုဘက်ခြမ်းနှင့် ကျောက်မဲဘက်ခြမ်းတို့တွင် ယာဉ်များ ခြောက်နာရီကျော်ခန့် ရပ်တန့်စောင့်ဆိုင်း ခဲ့ကြရပြီးမှ လမ်းပြန်ပွင့်သွားကြောင်း သိရသည်။

ထပ်မံပြီး အဆိုပါည ၁၀ နာရီခန့်တွင် နောင်ချိုဘက်မှ ကျောက်မဲဘက်သို့ မောင်းနှင်လာသော ဆန်အိတ် ၇၂၀ တင်ဆောင်လာသော ကုန်တင်ယာဉ်တစ်စီးမှာ ဂုတ်တွင်းလမ်း မိုင်တိုင်အမှတ် (၈၄) ၃ ဖာလုံနှင့် ၄ ဖာလုံကြားရှိ အတက်ကွေ့ကြောတွင် နောက်ဂျွိုင်းပြတ်၍ ကန့်လန့်ခံသဖြင့် ယာဉ်ကြောပိတ်ဆို့မှုမှာ ပိုမိုဆိုးရွားစွာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဂုတ်တွင်းလမ်းမှာ ကားတွေပိတ်နေတာ ၃၀ ရက်နေ့ညကစတာ ပိတ်တာပဲ။ ကားလမ်းပိတ်တာက ၃၀ ရက်နေ့ မနက်မှာ ဆီဘောက်ဆာကားတစ်စီး ကန့်လန့်ခံတာက နေစတာပဲ။ အဲဒါကို ကရိန်းနဲ့ရွှေ့ပြီးဖယ်တာ အချိန်ခြောက်နာရီလောက် စောင့်လိုက်ရတယ်။ အဲဒီညမှာပဲ ဆန်တင်တဲ့ကား ပြန်ပျက်တော့ လမ်းကပိုပြီးတော့ ဆိုးဆိုးရွားရွား ပိတ်တော့တာပါပဲ။ ကျွန်တော်တို့ သီပေါကနေ မန္တလေးသွားမလို့ မနက် ၇ နာရီလောက် ကတည်းက ရောက်နေတာ ည ၈ နာရီလောက်အထိ  ဒီလမ်းကနေ ဘယ်မှမသွားနိုင်သေးဘူး။ အခုထိ လမ်းပိတ်နေတုန်းပဲ” ဟု သီပေါ-မန္တလေး ခရီးသည်တင် ယာဉ်မောင်းဖြစ်သူ ကိုနေက ပြောကြားသည်။

ကားလမ်းပိတ်မှုကြောင့် ဂုတ်တွင်းလမ်း တစ်ဖက်စီရှိ နောင်ချိုဘက်ခြမ်းနှင့် ကျောက်မဲဘက်ခြမ်းတို့တွင် ကုန်တင်ယာဉ်၊ ခရီးသည်တင် မှန်လုံယာဉ်ကြီးများ၊ ယာဉ်ငယ်များ အများအပြား စောင့်ဆိုင်းနေခဲ့ကြရကြောင်း သိရသည်။

“ရန်ကုန်ကနေ ၃၀ ရက်နေ့ကထွက်လာတဲ့ကားက ပုံမှန်အားဖြင့် ၃၁ ရက်နေ့ နံနက် ရောက်ရမှာ ဖြစ်ပေမယ့် ၃၁ ရက်နေ့ မနက်ပိုင်းမှ ရောက်ပါတယ်။ ၃၁ ရက်နေ့ထွက် ရန်ကုန်၊ နေပြည်တော်မြို့တွေကနေ ထွက်လာတဲ့ ကားတွေကတော့ လောလောဆယ် ဂုတ်တွင်းလမ်းမှာပဲ ပိတ်နေပါသေးတယ်။ လက်ရှိအချိန်ထိလည်း ပိတ်နေဆဲလို့ သိရပါတယ်။ လက်ရှိအချိန်မှာ ခရီးသည်တင်ယာဉ်တွေအနေနဲ့  ပုံမှန်အတိုင်း မဖြစ်သေးပါဘူး” ဟု လားရှိုးမြို့ ရွှေမန္တလာဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဂုတ်တွင်းလမ်းတွင် ယာဉ်စီးရေများစွာ ပိတ်ဆို့မှုများ ဖြစ်ပွားနေမှုများကြောင့် နောင်ချိုဘက်ခြမ်းတွင် နောင်ချိုမြို့ အကျော်နှင့် ကျောက်မဲဘက်ခြမ်းတွင်လည်း ပင်တိန်ကျေးရွာအထိ ယာဉ်များစောင့်ဆိုင်း နေကြကြောင်း သိရသည်။

လမ်းပိတ်ဆို့မှု ဖြစ်ပွားခြင်းကြောင့် ယာဉ်များစောင့်ဆိုင်းနေစဉ်

“လမ်းပေါ်မှာ ကုန်တင်ကားတွေရော ခရီးသည်တင်ကားတွေရော စောင့်နေကြတာ အများကြီးပဲ။ ကားလမ်းပိတ်တာက အချိန်အတော်ကြာနေပြီဆိုတော့ တချို့ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေ စားသောက်ဖို့ အခက်အခဲ တွေ့နေရတယ်။ ကားကနည်းနည်းလေး မောင်းလို့ရရင် နည်းနည်းလေး ရှေ့တိုးလိုက် ရပ်လိုက် သွားလိုက် လုပ်နေကြရတာဆိုတော့ ပိုဆိုးတယ်။ စပိတ်တဲ့နေ့ကဆို လမ်းပေါ်မှာ ဆိုင်ကယ်တောင် မောင်းလို့မရအောင် ပိတ်တယ်။ တချို့အရေးကြီးတဲ့ ခရီးသည်တွေဆိုရင် နောင်ပိန်ဘူတာကနေ ရထားစီးပြီးတော့ မန္တလေးကို သွားကြတယ်” ဟု ကားလမ်းပိတ်ဆို့မှု ဖြစ်ပွားနေသည့် ဂုတ်တွင်းအနီးရှိ ပင်ပေါကျေးရွာမှ နန်းဆိုင်က ပြောကြားသည်။

ယာဉ်ကြောပိတ်ဆို့မှုအား ကျောက်မဲမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ နောင်ချို၊ နောင်ပိန်တို့မှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက အမြန်ဆုံးလမ်းပြန်ပွင့်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ  ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းတွင် မန္တလေးဘက်သို့သွားမည့် အဆင်းယာဉ်များ၊ လားရှိုး၊ မူဆယ်မြို့များသို့ သွားရောက်မည့်  အတက်ယာဉ်များအား အလှည့်ကျဖြင့် စနစ်တကျ လွှတ်ပေးနေကြောင်း သိရသည်။

“အခု အတက်ကားတွေ လွှတ်ပေးနေပါပြီ။ လမ်းက ပြန်ပွင့်သွားပါပြီ။ စောင့်နေတဲ့ ကားတွေက များနေတော့ လမ်းပိတ်ဆို့မှု ပြန်မဖြစ်အောင် အလှည့်ကျနဲ့ လွှတ်ပေးနေတယ်” ဟု ဂုတ်တွင်းတွင် တာဝန်ထမ်းဆောင်နေသူ ကျောက်မဲမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် တစ်ရက်လျှင် ကုန်စည်ကူးသန်းရန် ဖြတ်သန်းသွားလာနေသည့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် စီးရေ ၅၀၀၀ ခန့်အထိ ပျမ်းမျှဖြတ်သန်း မောင်းနှင်လျက်ရှိနေပြီး ကျောက်မဲမြို့နှင့် နောင်ချိုမြို့ကြားရှိ ဂုတ်တွင်းလမ်းနှင့် ကွတ်ခိုင်မြို့နှင့် နမ့်ဖတ်ကာ ကျေးရွာကြားရှိ ရှုခင်းသာတို့တွင် မကြာခဏ လမ်းပိတ်ဆို့မှုများ ဖြစ်ပွားတတ်ကြောင်း သိရသည်။

 

Most Read

Most Recent