ဘောလုံးပွဲကြွေးဆပ်ရန် ကျောက်တံတားမြို့နယ်ရှိ ကုမ္ပဏီရုံးခန်းတစ်ခုမှ ငွေကျပ် သိန်း ၂၀၀ ကျော် ခိုးယူခဲ့သည့် ကုမ္ပဏီဝန်ထမ်းပါ သုံးဦးကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း ဒီဇင်ဘာ ၁၄ ရက်တွင် သတင်းရရှိသည်။
ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ ကုမ္ပဏီရုံးခန်းတစ်ခုတွင် တပ်ဆင်ထားသော စီစီတီဗွီကင်မရာမှာ အရုပ်မပေါ်သဖြင့် လိုက်လံကြည့်ရှုစစ်ဆေးရာ ရုံးခန်းအတွင်း တပ်ဆင်ထားသည့် စီစီတီဗွီ ကင်မရာကြိုးများမှာ ပြတ်နေပြီး စီစီတီဗွီကင်မရာတစ်လုံးကို တိပ်ဖြင့် ကပ်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကုမ္ပဏီတာဝန်ရှိသူများက ဝန်ထမ်းများအတွက် လစာပေးရန်ထားသည့် ငွေများအား စစ်ဆေးရာ ကျပ်သိန်း ၁၇၀၀ အနက် ကျပ်သိန်း ၂၀၀ ကျော် လျော့နည်းပျောက်ဆုံးနေသည်ကို တွေ့ရှိရသဖြင့် ရဲစခန်းသို့ တိုင်ကြားခဲ့ပြီး ကျောက်တံတားမြို့မ ရဲစခန်းက (ပ)၄၅၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာ စီစီတီဗွီကင်မရာကြိုးများ မပြတ်တောက်မီ တွေ့ရှိရသည့် အခြေအနေများနှင့် မှတ်တမ်းအထောက်အထားများအရ ကုမ္ပဏီဝန်ထမ်းဖြစ်သူ အောင်ကြည်ငြိမ်းဆိုသူအား မသင်္ကာ၍ စစ်ဆေးရာ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ပြီး ၎င်းနှင့်အတူ သန့်ဇင်ငြိမ်းဆိုသူနှင့် အောင်ဟံသင်းဆို သူတို့မှာလည်း ကျူးလွန်ရာတွင် ပါဝင်သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းနောက် ဒီဇင်ဘာ ၁၀ ရက် ညပိုင်းတွင် အောင်ဟံသင်း (၁၇ နှစ်) ကို ၎င်းနေထိုင်သည့် ဒလမြို့နယ် မြို့မအမှတ်(၂)ရပ်ကွက်တွင်လည်းကောင်း၊ ဒီဇင်ဘာ ၁၁ ရက် နံနက် အစောပိုင်းတွင် သန့်ဇင်ငြိမ်း(၁၇ နှစ်) ကို ဒလမြို့နယ် ကမာကဆစ်သမ္ဗာန်ဆိပ်တွင် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူများအား စစ်ဆေးရာ ဒီဇင်ဘာ ၆ ရက်တွင် ကုမ္ပဏီဝန်ထမ်း အောင်ကြည်ငြိမ်းက ရုံးခန်းအတွင်း ကောင်တာဘေးရှိ မှန်တံခါးအတွင်း ချိတ်ဆွဲထားသည့် သော့တွဲနှစ်တွဲကို အခြားဝန်ထမ်းများ မသိအောင် ရယူ၍ သော့ပြင်ဆိုင်တစ်ဆိုင်တွင် သော့အတု ပြုလုပ်ခဲ့ကာ ယူဆောင်လာသည့် သော့တွဲ နှစ်တွဲကို မူလနေရာတွင် ပြန်လည်ချိတ်ထားခဲ့ကြောင်း သိရသည်။
“သော့အတု ပြုလုပ်ပြီးတော့ သူငယ်ချင်း နှစ်ယောက်ကို ခေါ်တယ်။ အောင်ဟံသင်းနဲ့ သန့်ဇင်ငြိမ်းတို့နှစ်ဦးကို။ သူတို့တွေ တိုင်ပင်ပြီး အဲဒီနေ့ ညပိုင်းမှာ ရုံးခန်းကို သော့အတုနဲ့ဖွင့်ပြီး အထဲကိုဝင်တယ်။ စီစီတီဗွီကြိုးတွေကို အရင်ဖြတ်တယ်လို့ သိရတယ်။ ကျူးလွန်ရတဲ့ အကြောင်းရင်းက ဘောလုံးပွဲရှုံးတော့ အကြွေးတွေဆပ်ဖို့ရှိလို့ ကျူးလွန်ခဲ့တယ်လို့ စစ်ဆေးသိရှိရတယ်” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယင်းနောက် မန်နေဂျင်းဒါရိုက်တာရုံးခန်းအတွင်း စီစီတီဗွီကင်မရာကို တိပ်ဖြင့်ကပ်ခဲ့ကာ အခန်းအတွင်းရှိ ဝန်ထမ်းလစာ ငွေများအနက် ကျပ် ၂၀၄ သိန်းခန့်ကို ယူဆောင်လာခဲ့ကြောင်း သိရသည်။
ခိုးယူသူများထံမှ သက်သေခံပစ္စည်းများအား သိမ်းဆည်းရမိရေး ဆောင်ရွက်ရာ မြန်မာငွေ ကျပ် ၁၂၁ သိန်း၊ အမေရိကန် ဒေါ်လာ ၁၀၀ တန် ၂၉ ရွက်၊ အိုင်ဖုန်းတစ်လုံးနှင့် ဆမ်ဆောင်းဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကျန်ငွေများကို သုံးစွဲထားသည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။