ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းသစ်များနှင့် ပတ်သက်၍ ပြည်တွင်းဘဏ်များက ဆောင်ရွက်မည့် အစီအစဉ်များ ပြန်လည်တင်ပြထားပြီး မြန်မာ့စီးပွားရေး၊ ဘဏ်များနှင့် အိမ်ခြံမြေဈေးကွက် မထိခိုက်စေရန် ဗဟိုဘဏ်၏ ညွှန်ကြားချက်ဖြင့် လုပ်ဆောင်မည်

ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းသစ်များနှင့် ပတ်သက်၍ ပြည်တွင်းဘဏ်များက ဆောင်ရွက်မည့် အစီအစဉ်များ ပြန်လည်တင်ပြထားပြီး မြန်မာ့စီးပွားရေး၊ ဘဏ်များနှင့် အိမ်ခြံမြေဈေးကွက် မထိခိုက်စေရန် ဗဟိုဘဏ်၏ ညွှန်ကြားချက်ဖြင့် လုပ်ဆောင်မည်
Published 8 November 2017

ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဘဏ်တစ်ခု၏ လုပ်ငန်းခွင်အားတွေ့ရစဉ်

ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းသစ်များနှင့် ပတ်သက်၍ ပြည်တွင်းဘဏ်များက ဆောင်ရွက်မည့် အစီအစဉ်များ ပြန်လည်တင်ပြထားပြီး မြန်မာ့စီးပွားရေး၊ ဘဏ်များနှင့် အိမ်ခြံမြေဈေးကွက် မထိခိုက်စေရန် ဗဟိုဘဏ်၏ ညွှန်ကြားချက်ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပုဂ္ဂလိကဘဏ် အသိုင်းအဝိုင်းမှ တာဝန်ရှိသူများက ပြောကြားသည်။

ဘဏ်များအနေဖြင့် ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် စီးပွားရေးလုပ်ငန်းအုပ်စု တစ်ခုခု သို့မဟုတ် ဆက်နွှယ်နေသည့် မိတ်ဖက်အဖွဲ့ အစည်းအုပ်စု တစ်ခုခုသို့ ချေးငွေထုတ်ချေးရာတွင် မိမိ၏ အဓိက မတည်ငွေရင်း၏ ရာခိုင်နှုန်း ၂၀ ထက်ပို၍ ထုတ်ချေးခြင်း မပြုရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အမိန့်ကြော်ငြာစာ အမှတ် ၁၈/၂၀၁၇ ဖြင့် ထုတ်ပြန်ထားပြီး ယင်းစည်းမျဉ်းနှင့် ပတ်သက်၍ ပြည်တွင်းဘဏ်များက လက်ခံနိုင်သည့် ပမာဏသို့ ထားရှိမည့် အစီအစဉ်ကို ပြန်လည်တင်ပြထားကြောင်း သိရသည်။

ထို့ပြင် ဘဏ်များလိုက်နာရမည့် မ,တည်ငွေရင်း လုံလောက်မှုဆိုင်ရာ စည်းမျဉ်း၊ ငွေကြေးလွယ်ကူမှု အချိုးသတ်မှတ်ချက်ဆိုင်ရာ စည်းမျဉ်း၊ ရရန်ပိုင်ခွင့်များ အမျိုးအစား သတ်မှတ်ခြင်းနှင့် လျာထားခြင်းဆိုင်ရာ စည်းမျဉ်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမိန့်ကြော်ငြာစာ အမှတ် ၁၆/၂၀၁၇၊ ၁၇/၂၀၁၇၊ ၁၉/၂၀၁၇ တို့ဖြင့် ထုတ်ပြန်သတ်မှတ်ထားသည်။

လတ်တလောတွင် ‘ပြည်တွင်းဘဏ်များက လက်ဝယ်ရှိ အပေါင်ရရှိထားသော အိမ်ခြံမြေများကို ရာဖြတ်ဈေးဖြင့် အတိုး၊ အရင်း ပေါင်းထားသည့်ဈေးဖြင့် ထုတ်ရောင်းမည်’၊ ‘ဗဟိုဘဏ်က အတိုးမပေးနိုင်သော ငွေချေးသူကို ခြောက်လအထိသာ လက်ခံမည် ဖြစ်သောကြောင့် ကျော်လွန်သော အတိုးနှင့်အရင်းများ ပြန်တောင်းမည်’ ဟူသော ပြောစကားများ ပျံ့နှံလျက်ရှိပြီး ယင်းအချက်များကြောင့် ကျဆင်းနေသော အိမ်ခြံမြေဈေးကွက် ထပ်မံထိုးဆင်းမည်ဟု ထင်မြင်ချက်များ ထွက်ပေါ်နေသည်။

“အခုသတင်းပြန့်နေသလို အပေါင်ရထားတဲ့ အိမ်ခြံမြေတွေကို အစုလိုက်အပြုံလိုက် ထုတ်ရောင်းတာတို့၊ အတိုးမပေးနိုင်တဲ့ အတိုးကို ခြောက်လအထိပဲ လက်ခံမယ့် ဗဟိုဘဏ်စည်းမျဉ်း တိုးတယ် ဆိုတာတို့ အခုအချိန်အထိ မရှိပါဘူး။ လုပ်မယ်ဆိုလည်း ဒါမျိုးက တရားဝင်ကြေညာပြီး အချိန်ယူပြီး လုပ်ရမယ့်ကိစ္စပါ။ လောလောဆယ်တော့ ဘဏ်တွေက ပမာဏကြီးမားတဲ့ ကြွေးမြီကိစ္စနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်ကို တင်ပြစရာရှိတာတွေ၊ လုပ်မယ့်အစီအစဉ်တွေ တင်ပြထားပါတယ်။ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်တွေ ပြန်လာရင် အဆင့်ဆင့်ညှိနှိုင်းပြီး ဆက်လုပ်သွားရမှာ ဖြစ်ပါတယ်” ဟု ပုဂ္ဂလိကဘဏ် တစ်ခု၏ မန်နေဂျင်းဒါရိုက်တာက ပြောကြားသည်။

ပုဂ္ဂလိကဘဏ် တစ်ခု၏ အဆင့်မြင့် တာဝန်ရှိသူ တစ်ဦးကလည်း “ဗဟိုဘဏ်ကလည်း မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်း တိုးတက်ဖို့ အခုလို စည်းမျဉ်းစည်းကမ်းတွေ ချမှတ်တာပါ။ နိုင်ငံတကာ အဆင့်အတန်းသွားဖို့ အတွက် ဒါက လိုအပ်ချက်တစ်ခု၊ ဒါကိုသွားနိုင်အောင် တစ်ဆင့်ချင်း လုပ်ရမှာပေါ့။ တချို့ဟာတွေ ပြောင်းလဲဖို့ သုံးလ၊ တချို့က ခြောက်လ၊ တချို့က တစ်နှစ်။ ဒါမျိုးနှစ်တွေနဲ့ချီပြီး ပြုပြင်ပြောင်းလဲရမှာမျိုးတွေ ရှိပါတယ်။ ဒါတွေကို တစ်ဆင့်ချင်း လုပ်သွားရမှာပေါ့။ ဒီပမာဏကြီးမားတဲ့ ကြွေးမြီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း လက်ရှိမှာ စီးပွားရေးကလည်း နည်းနည်းအားပျော့နေတော့ မြန်မာ့စီးပွားရေး၊ ဘဏ်တွေအပေါ် ထားရှိတဲ့ ယုံကြည်မှု၊ အိမ်ခြံမြေဈေးကွက် မထိခိုက်စေဖို့ ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်သွားမှာပါ။ ဒီစည်းမျဉ်း စည်းကမ်းအသစ်တွေ အတွက်လည်း ဗဟိုဘဏ်က IMF တို့၊ World Bank တို့ရဲ့ အကူအညီ ယူထားပါတယ်” ဟု ဆိုသည်။

ပမာဏကြီးမားသောကြွေးမြီ ဆိုသည်မှာ ဘဏ်၏အဓိက မတည်ငွေရင်း၏ ၁၀ ရာခိုင်နှုန်းနှင့်အထက် ကျော်လွန်၍ ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် မိတ်ဖက်အဖွဲ့အစည်း သို့မဟုတ် ဆက်နွှယ်နေသည့် မိတ်ဖက်အဖွဲ့အစည်းသို့ ထုတ်ချေးသည့် ချေးငွေကို ဆိုလိုခြင်းဖြစ်သည်။ ဘဏ်အားလုံးသည် ပမာဏ ကြီးမားသော ကြွေးမြီဆိုင်ရာ သတင်းအချက်အလက်ကို သုံးလတစ်ကြိမ် ဗဟိုဘဏ်က သတ်မှတ်သောပုံစံဖြင့် ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာနသို့ တင်ပြရမည်ဖြစ်ပြီး ဘဏ်၏ ပမာဏကြီးမားသော ကြွေးမြီအားလုံး၏ စုစုပေါင်းသည် ယင်း၏အဓိက မတည်ငွေရင်း၏ ရှစ်ဆထက် ကျော်လွန်ခြင်း မရှိစေရန် သတ်မှတ်ထားသည်။

 

Most Read

Most Recent