ဆယ်စုနှစ်များရဲ့ သိက္ခာ

ဆယ်စုနှစ်များရဲ့ သိက္ခာ
Published 31 August 2017

အစီရင်ခံစာပါအစားထိုးမြေ ဧက ၁၉၀၀ ဖော်ထုတ်ပေးရေးနှင့် မြေသိမ်းလျော်ကြေးငွေမယူသည့် မြေယာများအတွက် သီးနှံလျော်ကြေးငွေ
ရရှိရေးအတွက် လက်ပံတောင်းတောင် ဒေသခံ ၁၅၀ နီးပါး သြဂုတ် ၂၃ ရက်က ဆန္ဒထုတ်ဖော်တောင်းဆိုစဉ် (ဓာတ်ပုံ-ကောင်းခန့်လင်း)

လူ့လောကဝန်းကျင်၌ လူဟုခေါ်တွင်သော သတ္တဝါတစ်မျိုးသည် ဂုဏ်သိက္ခာအကြောင်းကို တွင်တွင်ပြောဆိုနေတတ်လေ့ ရှိကြသည်။ လူတစ်ဦးတစ်ယောက်တွင် အမှန်စင်စစ် လူအများက သတ်မှတ်လက်ခံသော ဂုဏ်သိက္ခာမျိုး ရှိ၊ မရှိတော့မသိ။ ဂုဏ်အင်္ဂါ ရပ်နှင့်တူသော ဂုဏ်သိက္ခာ တစိုးတစိမျှပင် မရှိစေကာမူ ထိုသူသည် မိမိကိုယ်ကိုယ် စဉ်ဆက်မပြတ် အမွှမ်းတင်ကာ အတိတ်ကာလ၌ မိမိပြုလုပ်ဆောင်ရွက်ခဲ့သမျှ အရာအားလုံးသည် အပြစ်အနာအဆာမရှိ၊ ခြောက်ပစ်ကင်း သဲလဲစင်သည်ဟု မျက်စိစုံမှိတ်ကာ ဇွတ်အတင်း ယုံကြည်သတ်မှတ်ပစ်လိုက်ပြီး မိမိသည် ဂုဏ်သိက္ခာနှင့် ပြည့်ဝသူ လူကြီးတစ်ယောက်ဖြစ်ကြောင်း မကြေညာရုံတမယ်သာ ကျန်တော့သည်။ ယင်းသည်ပင် လူအများစု၏ သဘောသဘာဝ။
အင်္ဂလိပ်စကားလုံး Integrity ကို ‘ဂုဏ်သိက္ခာ’ ဟူ၍ နီးနီးစပ်စပ် အနက်အဓိပ္ပာယ် ဖွင့်နိုင်မည်ထင်သည်။ Dignity နှင့်တော့ မတူကွဲပြားသယောင်ရှိသည်။ Dignity မှာ ဣန္ဒြေသိက္ခာသဘော ပို၍သက်ရောက်သည်။ လေးစားသမှု ပြုခံရသူတစ်ယောက်တွင် Dignity ရှိသည်ဟုလည်း ဆိုနိုင်သည်။

သို့ဖြစ်၍ ဂုဏ်သိက္ခာဟူသည် အမြင်၊ အယူအဆ၊ ကိုယ်ကျင့်တရားဆိုင်ရာ အရာတစ်ခုဖြစ်သည်ဟု ဆိုရပေမည်။ လူတစ်ယောက်၏ လုပ်ဆောင်ချက်များ၊ တန်ဖိုးထားမှုများ၊ နည်းနိဿယများ၊ ကိုယ်ကျင့်တရား ဆိုင်ရာစွဲကိုင်ထားမှုများ၊ မျှော်မှန်းချက်များနှင့် ရလဒ်များစသည်တို့ တစ်သမတ်တည်းရှိမှု၊ မရှိမှုကိုတိုင်းတာသည့် အမြင်အယူအဆတစ်ခု ဖြစ်ပေသည်။ ဂုဏ်သိက္ခာအား မိမိကိုယ်ပိုင်ရွေးချယ်ရသော အရာတစ်ခုအဖြစ် သတ်မှတ်လေ့ရှိကြသည်။ ကိုယ်ကျင့်တရားဆိုင်ရာ၊ လူ့ကျင့်ဝတ် (Ethics) ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ တန်ဖိုးထားရှိမှုနှင့် မူဘောင်သဘောတရား စွဲကိုင်ထားရှိမှုတို့အား ယုံမှားသံသယကင်းရှင်းစွာ၊ တစ်သမတ်တည်းကျစွာ မိမိက ထိုက်တိုက်တန်တန် ဖြစ်စေရန် ပြုလုပ်ခြင်းသည် ဂုဏ်သိက္ခာတစ်ခု တည်ဆောက်ခြင်းပင် ဖြစ်သည်။
လူ့ကျင့်ဝတ်ဆိုင်ရာကိစ္စတွင်မူ လူတစ်ဦး၏ လုပ်ဆောင်ချက် ရိုးသားဖြောင့်မတ်မှု၊ သစ္စာရှိမှုနှင့် မှန်ကန်တိကျမှု စသည်တို့ကို ဂုဏ်သိက္ခာအဖြစ် သတ်မှတ်ကြသည်။ ဂုဏ်သိက္ခာသည် သူတော်ကောင်းအယောင်ဆောင် သို့မဟုတ် ကြောင်သူတော်တို့၏ လုပ်ရပ်နှင့် ဆန့်ကျင်စွာရပ်တည်သည်။ ဂုဏ်သိက္ခာ၏ စံတစ်ခုမှာ ‘အချိန်တိုင်းတွင် အရာရာတိုင်းသည် တစ်သမတ်တည်း ရှိနေရမည်’ ဟူ၍ ဖြစ်သဖြင့် လူတစ်ဦးတစ်ယောက်၏ အတွင်းစိတ်ထဲ၌ မတူညီသည့် ဝိရောဓိစိတ်တို့ ဖြစ်တည်လာပါက ယင်းတို့ကို ကိုယ်တိုင်ကိုယ် ကျတာဝန်ယူပြောင်းလဲပစ်ရမည် ဖြစ်သည်။

လွန်ခဲ့သည့် အနှစ် ၃၀ ခန့်က စာရေးသူ ရေးခဲ့သော ‘ရေသောက်မြစ်များ’ ကဗျာတွင် သစ်ပင်တစ်ပင် အမြဲတစေရှင်သန်ရေးသည် မြေကြီးထဲရှိယင်း၏ ရေသောက်မြစ်များအပေါ် မှီနေသကဲ့သို့ အရည်အချင်းမဲ့သူ တစ်ယောက်အဖို့ သူ၏သိက္ခာရေသောက်မြစ် ပြတ်တောက်သွားသည်နှင့် အကျိုးနည်းအရှက်တကွဲဖြစ်ကာ စကားအားဖြင့် နှိမ်ချိုးခံရတတ်ကြောင်း ရေးသားထားသည်။

လူအများကထင်ကြမည်။ ဂုဏ်သိက္ခာဟူသည် ကလေးသူငယ်၊ ကျောင်းသားအရွယ်တို့၌ မရှိ၊ မလိုအပ်၊ လူကြီးဖြစ်လာမှ၊ ယုတ်စွအဆုံး စီးပွားရေးတွင် အောင်မြင်မှ၊ လူချမ်းသာဖြစ်မှ၊ ရာထူးရာခံကြီးများရရှိမှ ဂုဏ်သိက္ခာ ကြီးကြီးမားမားရှိမည်ဟု…။ တကယ်တမ်းမူ ခေါင်းရွက်ဗျပ်ထိုး မုန့်ဖက်ထုပ်ရောင်းသူမှအစ လက်လုပ်လက်စား ဆိုက်ကားသမားတို့ အလယ်၊ ကျောင်းဆရာ တရားသူကြီးတို့အဆုံး ဂုဏ်သိက္ခာအထိုက် အလျောက်ရှိကြသည်ချည်းပင်ဖြစ်၏။ ဝန် ကြီးဖြစ်မှ၊ စစ်ဗိုလ်ချုပ်ဖြစ်မှ၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်မှ ဂုဏ်သိက္ခာမြင့်မားစွာ ရှိမည်ဟု ထင်နေကြသည်။

ဖြစ်စဉ်တစ်ခုကိုပြောပါမည်။ ‘တိုင်ပေ’ တွင် အပူလှိုင်းကျရောက်နေခိုက် သန်းပေါင်းများစွာသော အိမ်ထောင်စုများအား ထိခိုက်စေခဲ့သည့် လျှပ်စစ်မီးအကြီးအကျယ် ပြတ်တောက်စေခဲ့ခြင်းကြောင့် တိုင်ပေ၏ စီးပွားရေးဝန်ကြီးက ၎င်းတွင် တာဝန်ရှိသည်ဆိုကာ ရာထူးမှ နုတ်ထွက်မည်ဟု ဝန်ကြီးချုပ်ထံ ကမ်းလှမ်းခဲ့သည်ဆိုသည်။ အဆိုပါ လျှပ်စစ်မီးပြတ်တောက်ခြင်းမှာ တိုင်ပေရှိအကြီးဆုံး သဘာဝဓာတ်ငွေ့စက်ရုံကြီး၌ ချွတ်ယွင်းမှု ဖြစ်ပွားခြင်းကြောင့် ဖြစ်သည်ဆိုသည်။ ယင်းသည် အများပြည်သူအား တစ်စုံတစ်ရာ ထိခိုက်စေသည့် ဖြစ်စဉ်အပေါ် တာဝန်ယူခြင်းဖြစ်သောကြောင့် သက်ဆိုင်ရာဝန်ကြီးသည် မိမိ၏ ဂုဏ်သိက္ခာရေသောက်မြစ်ကို အပြတ်တောက်မခံဘဲ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားသည့် လုပ်ရပ်ဖြစ်ရာ ၎င်းအား ဂုဏ်ပြုချီးကျူးသင့်သည်သာ ဖြစ်ပေသည်။
လူတစ်ဦးထံ၌ ကိုယ်ကျင့်တရားဖြင့် ထုံမွမ်းသော ဂုဏ်သိက္ခာမျိုး ရှိ၊ မရှိ ဆိုသည်မှာ ထိုသူ၏ လုပ်ဆောင်ချက်၊ ယုံကြည်ချက်၊ နည်းနိဿယ၊ မူဘောင်သဘောတရား စွဲကိုင်ချက် စသည်တို့က တိုင်းတာဖော်ပြနေပေသည်။ စာရေးဆရာကြီးတစ်ဦး၏ အယူအဆအရ ဂုဏ်သိက္ခာဟူသည်မှာ မိမိ၏ ပုဂ္ဂလဓိဋ္ဌာန် အလိုဆန္ဒကို သစ္စာနာခံသောအရာမဟုတ်၊ စဉ်းစားဆင်ခြင်တုံမူသဘောအား သစ္စာနာခံသော အရာတစ်ခုသာ ဖြစ်သည်ဟု ဆိုပါသည်။ ကမ္ဘာပေါ်ရှိ လူအများက သဘောတူလက်ခံထားသည့် နိယာမ စည်းမျဉ်းစည်းကမ်းများအတိုင်း ပြည်သူများ လိုက်နာကြရသကဲ့သို့ အုပ်ချုပ်သူ အာဏာပိုင်တို့သည်လည်း လိုက်နာကြရပေမည်။ ပမာအားဖြင့် ခိုးမှုကျူးလွန်သူအများနေထိုင်သည့် ‘ကမ္ဘာ’ ထဲတွင် မိမိမနေလိုပါဟုဆိုလျှင် မိမိကိုယ်တိုင်လည်း ခိုးမှုမကျူးလွန်မိရန် သတိထားထိန်းချုပ်ရမည် ဖြစ်သည်။

ရိုးစင်းစွာစဉ်းစားလိုက်လျှင်ပင် ကိုယ်ကျင့်တရားပျက်ယွင်းသည့် အဂတိလိုက်စားမှုနှင့် လာဘ်ယူမှုတို့ရှိနေသရွေ့ သွယ်ဝိုက်သောအားဖြင့် ပြည်သူများသည် ဆင်းရဲတွင်းနက်နေဦးမည်သာဖြစ်သည်ကို လက်ခံရမည် ဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သည့် ဆမ်ဆောင်းလုပ်ငန်း အင်ပါယာအားဆက်ခံမည့် အရိုက်အရာဖြစ်သူသည် သမ္မတဟောင်းနှင့် ပတ်သက်သော အရှုပ်တော်ပုံနှင့်ဆက်နွှယ်သည့် အကျင့်ပျက်ခြစားမှုတွင် ပါဝင်နေမှုသည် ဂုဏ်သိက္ခာကျဆုံးစေသော ဖြစ်စဉ်တစ်ခုဟု ဆိုရပေမည်။ မိမိ၏ ဂုဏ်သိက္ခာရေသောက်မြစ်ကို အခြားသောသူက ဖြစ်တောက်ပစ်၍မရ၊ မိမိကိုယ်တိုင်က ပြုလုပ်မှသာ ပြတ်တောက်သွားမည် ဖြစ်သည်။

ဤနိုင်ငံရှိ အဂတိလိုက်စားမှုဖြစ်စဉ်တစ်ခုအား ဖော်ပြရမည်ဆိုပါက နေပြည်တော်တွင် စည်ပင်အရာရှိနှစ်ဦး လုပ်ပိုင်ခွင့်အလွဲ သုံးစားပြုလျက် ခြိမ်းခြောက်ငွေတောင်းခံမှုများ ပြုလုပ်သော သတင်းတစ်ပုဒ်ကိုဖော်ပြရ ပေမည်။ အဆိုပါ အကျင့်ပျက်ခြစားမှုသည် လူ့ဂုဏ်သိက္ခာကို ကျဆင်းစေသောလုပ်ရပ် ဖြစ်သည်။ မရှိမဲ့ ရှိမဲ့ ဂုဏ်သိက္ခာဆုံးရှုံးသွားခြင်းပေလား၊ သို့မဟုတ် နဂိုကတည်းက မရှိခဲ့ဖူးသော ဂုဏ်သိက္ခာပျက်သုဉ်း ခန်းခြောက်သွားခြင်းလားတော့ မသိ…။

ဆယ်စုနှစ်များစွာ အာဏာရှင်စနစ်အောက် ဖြတ်သန်းနေထိုင်လာခဲ့ရသူများအနက် လယ်ယာမြေသိမ်းဆည်းခံရသူ မူလပိုင်ရှင်များ၏ ဒုက္ခမှာ မသေးငယ်လှ။ များမကြာသေးမီကပဲ လယ်ယာမြေအရေးကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ‘လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ စစ်ဆေးမှုပြုလုပ်နေစဉ်အတွင်း မူလသိမ်းပိုက်သူများက သိမ်းပိုက်ခံရသည့် လယ်သမားများ အားတရားရုံးများတွင် တရားစွဲဆိုနေခြင်းကိစ္စအား လိုအပ်သလို ဆောင်ရွက်ပေးပါရန်’ ဟူသော မေးခွန်း မေးမြန်းခဲ့သည်။ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ လွှတ်တော်ဥက္ကဋ္ဌက လယ်ယာမြေ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးဗဟို ကော်မတီအနေဖြင့် သေသေချာချာ ရေရေရာရာ ပြန်လည်သုံးသပ်ပေးရန် ပြောကြားသွားရုံမျှမက လယ်သမားများသည် လယ်ယာမြေ အသိမ်းလည်းခံရ၊ စားစရာလည်းမရှိ၊ သိမ်းပိုက်လိုက်သူငွေရှင်နှင့်တကွ တရားရုံးပေါ်၌ ရင်ဆိုင်ဖြေရှင်းရမည်ဆိုပါက တရားရုံးသွားရန် စရိတ်ပင်ရှိမည်မဟုတ်။ တည့်တည့်ပြောရလျှင် တရားရုံး၌ ပေးရန်ကျွေးရန်ပင် ရှိမည်မဟုတ်။ ယင်းသည်ပင် ကိုယ်ချင်းစာတရား ကင်းကွာလွန်းအားကြီးသည်။ မိမိတို့နိုင်ငံတွင် မေတ္တာတရား ခေါင်းပါးလွန်း အားကြီးသည်ဟု ခံစားချက်ဖြင့် ဆက်လက်ပြောကြားသွားသည် ဆိုသည်။ (The Daily Eleven - ၂၄-၈-၂၀၁၇ နေ့ထုတ်)။

ချုပ်ရလျှင် အာဏာရှင်နှင့် ငွေရှင်များအကြား ပိုက်စိပ်တိုက်လိုက်ရှာရန် ခက်ခဲလွန်းအားကြီးသော မေတ္တာတရားသည်သာမက ဂုဏ်သိက္ခာတို့သည်လည်း ဆယ်စုနှစ်များ ခရီးကြမ်းတစ်လျှောက် ပျောက်ဆုံးလျက်ရှိနေခဲ့သည်မှာ အထင်အရှားပင် ဖြစ်နေပါတော့သည်။

Most Read

Most Recent