အိမ်မြှောင်တွေ အိမ်ကို ဘယ်လိုရောက်လာခဲ့လဲ။ အရင်တုန်းက အိမ်မြှောင်တွေဟာ အိမ်မှာ ဒီလောက်အများကြီး ရှိမနေပါဘူး။ အများဆုံးရှိ နှစ်ကောင် သုံးကောင်ပါပဲ။ အခုတော့ တွေ့တဲ့အကောင်တွေကို လိုက်ရေကြည့်မှပဲ အိမ်မြှောင် အကောင် ၂၀ နီးပါးလောက် အိမ်မှာရှိနေမှန်း သိရပါတော့တယ်။ ဖတ်ခဲ့ဖူးတဲ့ စာအရဆိုရင်တော့ အိမ်တစ်အိမ်မှာ အိမ်မြှောင်များများ ရှိနေပြီဆိုရင် အဲဒီအိမ်ဟာ စိုစွတ်ထိုင်းမှိုင်းတဲ့ အနေအထားမျိုး ရှိနေလို့ပါတဲ့။ ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်အိမ်ခေါင်းရင်း လမ်းမပေါ်မှာ ပေါက်နေတဲ့ ပိတောက်ပင်ကြီးဟာ ကျွန်တော့်အိမ်ကို အုပ်မိုးလို့ထားပါတယ်။ ပြီးတော့ အိမ်ဘေးမှာပေါက်နေတဲ့ သရက်ပင်ကလည်း နေရောင်တွေ အိမ်ဆီကို ရောက်မလာအောင် တားဆီးလို့ထားပါတယ်။ အဲဒီသစ်ပင်ရိပ်တွေ ကြောင့်ပဲ ထင်ပါတယ်။ ကျွန်တော့်ရဲ့ အိမ်လေးဟာ အမြဲအေးမြနေပါတယ်။ အမြဲစိုစွတ် ထိုင်းမှိုင်းသလို ဖြစ်နေပါတော့တယ်။
အိမ်မြှောင်တွေဟာ တောက်တဲ့မျိုးနွယ်ဝင်တွေ ဖြစ်တယ်တဲ့။ အိမ်မြှောင်တွေဟာ အင်းဆက်ပိုးမွှားတွေကို စားသောက်ပြီး ရှင်သန်တယ်တဲ့။ ဒီအကြောင်းတွေကိုတော့ စာအုပ်တွေထဲ မဖတ်ရဘဲ သိနေပေမယ့် အိမ်မြှောင်တွေ အိမ်ကို ဘယ်လိုရောက်လာလဲ ဆိုတာကို ကျွန်တော် မသိသေးပါဘူး။ အိမ်မြှောင်တွေ အိမ်ကို ဘယ်လိုရောက်လာခဲ့လဲ။ ဒီအကြောင်းကို တွေးမိလိုက်တိုင်း အိမ်မျက်နှာကြက်ကို ကျွန်တော် ကြည့်မိပြန်ပါတယ်။ အဲဒီလို ကြည့်တဲ့အခါ အိမ်မြှောင်တစ်ကောင် မဟုတ် တစ်ကောင်က ကျွန်တော့်ကို ပြန်ကြည့်နေသလိုပါပဲ။
အိမ်မြှောင်ကျနိမိတ်ဆိုတဲ့ အိမ်မြှောင်ကျတာကို နိမိတ်ကောက်တာကိုတော့ လောကီစာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးခဲ့ပါတယ်။ လောကီပညာအဖြာဖြာလို စာအုပ်မျိုးထဲမှာ ဖတ်မိဖူးတယ်ထင်ပါရဲ့။ နိမိတ်ကောက်တဲ့ အယူအဆ ၁၈ ချက် ရှိတာကိုတော့ ကျွန်တော် ကောင်းကောင်း မှတ်မိနေပါတယ်။ အိမ်မြှောင် ဘယ်နေရာကို ပြုတ်ကျရင် ဘာဖြစ်တယ်ဆိုတာမျိုးပေါ့။
အားလုံးကိုတော့ သေသေချာချာ မမှတ်မိတော့ပါဘူး။ နည်းနည်းမှတ်မိတာလေးတွေကို ပြန်စဉ်းစားကြည့်မိတာပါ။ အဲဒီလို ကိစ္စတွေကို သိနေပေမယ့် အိမ်မြှောင်တွေ ကျွန်တော့်အိမ်ကို ဘယ်လိုရောက်လာလဲဆိုတာကို နည်းနည်းလေးတောင် မသိရသေးပါဘူး။ ကျွန်တော် လက်ရှိမှတ်သားမိတဲ့ သိမှုတွေမှာ ကျွန်တော့်အိမ်ကို အိမ်မြှောင်တွေ ဘယ်လိုရောက်လာခဲ့လဲဆိုတာ မပါသေးပါဘူး။ ဒါလေးတောင် မသိရကောင်းလားလို့ ကျွန်တော့်ကို ဘယ်သူမှ အပြစ်မတင်ပါဘူး။ ဒါပေမဲ့ အိမ်မြှောင်တွေ အိမ်ကို ဘယ်လို ရောက်လာခဲ့လဲလို့ သိချင်နေတဲ့စိတ်ဟာ ကျွန်တော့်ထံမှာ အမြဲရှိနေပါသေးတယ်။
အိမ်မြှောင်ဟာ လောကီပညာတွေထဲမှာတော့ ဟိုပါဒီပါပါတဲ့ သတ္တဝါဖြစ်ပါတယ်။ အိမ်မြှောင်အမြီးနှစ်ခွနဲ့ ပီယဆေးဖော်ကြပါတယ်။ အိမ်မြှောင်အမြီးနှစ်ခွရုပ်ကို ထုလုပ်စီရင်ပြီး လာဘ်ကောင်းအောင် ဆောင်ကြတယ်လို့လည်း ကြားဖူးပါတယ်။ အိမ်မြှောင်စုတ်ထိုးရင် ဘယ်လိုယူဆရမယ်ဆိုတာကလည်း ရှိပါသေးတယ်။ ဒါတွေကို သိတဲ့သူတွေဆီက မေးမြန်းပြီး သိခဲ့ရပြန်ပါတယ်။ ဒါပေမဲ့ အိမ်မြှောင်တွေ အိမ်ကို ဘယ်လို ရောက်လာခဲ့လဲလို့ မသိရသေးပါဘူး။ အဲဒီလို မသိရသေးခင်မှာပဲ ပြဿနာတွေ ရှေ့ဆင့် နောက်ဆင့် ပေါ်လာပါတော့တယ်။
လူတွေရဲ့ ကြောက်ရွံမှု၊ ရွံရှာတတ်မှုတွေဟာ အိမ်မြှောင်တွေနဲ့ ပြဿနာဖြစ်လာပါတော့တယ်။ ကျွန်တော့်ရဲ့ အိမ်မှာ အိမ်မြှောင်တွေရဲ့ ရှင်သန်နေထိုင်မှုဟာ စိုးရိမ်ရေမှတ်ကို ရောက်သွားပါတော့တယ်။ ပထမပြဿနာက ကျွန်တော့်ဇနီး ထမင်းစားနေတုန်း ထမင်းပန်းကန်ထဲကို အိမ်မြှောင်ချေး ကျလာတဲ့ကိစ္စပါ။ ဒီကိစ္စမှာ ဇနီးဖြစ်သူကို ကျွန်တော် ဖျောင်းဖျလို့ ရပါသေးတယ်။ ဒါပေမဲ့ များပြားလှတဲ့ အိမ်မြှောင်တွေရဲ့ နေ့စဉ်စွန့်နေတဲ့ ချေးတွေဟာ အိမ်ကြမ်းပြင်ပေါ်ကို အများအပြား ကျရောက်နေတဲ့ ကိစ္စမှာတော့ ကျွန်တော်လည်း ဒေါသထွက်စ ပြုလာပါတယ်။
အိမ်ကြမ်းပြင်သန့်ရှင်းရေးဟာ မကြာ မကြာ ပြုလုပ်ပေးရတဲ့ အရာဖြစ်လာပါတယ်။ အနက်ပေါ်မှာ အဖြူစက်လေး တင်ထားသလို ဖြစ်နေတဲ့ အိမ်မြှောင်ချေးတွေဟာ ကျွန်တော့် ဇနီးဖြစ်သူကို လှောင်ပြောင်နေသလို ဖြစ်နေတာပေါ့။ ရွံရှာတတ်တဲ့ ဇနီးဖြစ်သူဟာ သူ့ထမင်းပန်းကန်ထဲကို ချေးပါချတဲ့ အိမ်မြှောင်တွေကို အခဲကျေပုံမရပါဘူး။ အိမ်မြှောင်တွေ မသတ်ရဘဲနဲ့ မောင်းထုတ်လို့ရမယ့် နည်းလမ်းကို ရှာဖွေနေခဲ့ပါတယ်။ အဲဒီလို ရှာဖွေနေတုန်းမှာပဲ နောက်ပြဿနာတစ်ခု ထပ်ပေါ်လာပြန်ပါတယ်။ အိမ်ကိုလာလည်တဲ့ ကျွန်တော့်အဒေါ်ရဲ့ ကိုယ်ပေါ်ကို အိမ်မြှောင်တစ်ကောင်ဟာ ပြုတ်ကျလာပါတယ်။ အဲဒီမှာ အဒေါ်ဟာ အိမ်မြှောင်ကို လန့်ပြီး ထိုင်နေရာက ထပြီး ခုန်လိုက်ပါ။ ပြန်အကျမှာ အိမ်ကြမ်းပြင်ကို လက်နဲ့ထောက်မိလိုက်ပြီး လက်ကောက်ဝတ် အဆစ်ရောင်သွားပါတော့တယ်။ အဲဒီလိုဖြစ်ပွားပြီးတဲ့နောက်မှာ ကျွန်တော့်ဇနီးဟာ အိမ်မြှောင်တွေကို အိမ်က နှင်ထုတ်ဖို့ အပြင်းအထန် ကြိုးစားရှာဖွေပါတော့တယ်။ ကျွန်တော်ကတော့ အိမ်မြှောင်တွေကို အိမ်က နှင်မထုတ်ချင်ပါဘူး။ အိမ်မြှောင်တွေ အိမ်ကို ဘယ်လိုရောက်လာတယ်ဆိုတာကို ကျွန်တော် မသိရသေးဘူးလေ။ ပြီးတော့ သေးငယ်တဲ့ တိရစ္ဆာန်လေးတွေရဲ့ နေထိုင်ရှင်သန်မှုကို ဒီလောက်ကိစ္စလေးတွေနဲ့ ဖျက်ဆီးပစ်ဖို့ဆိုတာ အလွန်သနားညှာတာမှုကင်းတဲ့ လုပ်ရပ်ပဲလို့ ကျွန်တော် ထင်မိပါတယ်။ အိမ်မြှောင်တွေကို သတ်ဖြတ်တဲ့နည်းလမ်းကိုတော့ ကျွန်တော့်ဇနီး အသုံးပြုချင်ပုံမရပါဘူး။ အိမ်မြှောင်တွေကို မသတ်ဖြတ်ဘဲနဲ့ အိမ်ကနေ ဖယ်ရှားချင်တဲ့ပုံပါ။ နည်းလမ်းမရသေးတော့ အိမ်မျက်နှာကြက်ကို မော့ကြည့်မိလိုက်တိုင်း ဇနီးဖြစ်သူရဲ့ မျက်နှာဟာ အလိုမကျတဲ့ မျက်နှာဖြစ်သွားနေရဆဲပေါ့။
အိမ်မြှောင်တွေနဲ့ ပြဿနာဖြစ်ပြီး ရက်သတ္တပတ် နှစ်ပတ်ကျော်ခန့် အကြာမှာတော့ အိမ်မြှောင်တွေကို မသတ်ရဘဲ နှင်ထုတ်နိုင်တဲ့ နည်းလမ်းတစ်ခုကို ဇနီးဖြစ်သူ ရလာပါတယ်။ ကလေးတွေ ကစားတဲ့ သြင်္ကန်ရေသေနတ်လေးနဲ့ ပြုလုပ်ရတာ ဖြစ်ပါတယ်။ အိမ်မျက်နှာကြက်ကို ရေသေနတ်နဲ့ လှမ်းပစ်ရပါတယ်။ ရေစိုသွားတဲ့အခါ အိမ်မြှောင်တွေဟာ အိမ်မျက်နှာကြက်မှာ ကပ်မနေနိုင်တော့ဘဲ ပြုတ်ကျလာပါတယ်။ ဒါပေမဲ့ ပြုတ်ကျလာတဲ့ အိမ်မြှောင်တွေဟာ အိမ်ကြမ်းပြင်ကနေ အိမ်နံရံပေါ် ပြန်တက်ပြေးပါတော့တယ်။ ပြုတ်ကျလာတဲ့ အိမ်မြှောင်တွေကို တံမြက်စည်းနဲ့ အိမ်အပြင်ကို လှည်းကျင်းထုတ်လိုက်ရင်လည်း အိမ်မြှောင်တွေဟာ ခြေပြတ်လက်ပြတ် အမြီးပြတ်ဖြစ်သွားပါတယ်။ အဲဒီလို ဖြစ်သွားတာကိုတော့ ဇနီးဖြစ်သူက သနားဟန်တူပါတယ်။ ရေသေနတ်နဲ့ပစ်တာကို ဆက်မလုပ်တော့ပါဘူး။
ကျွန်တော့်ရဲ့ အိမ်လေးမှာ အိမ်မြှောင်နဲ့လူ ငြိမ်းချမ်းစွာ အတူနေဖို့ရာ မဖြစ်နိုင်တဲ့ အခြေအနေတစ်ခုဟာ ဆက်လက်ရှိနေဆဲပါပဲ။ လူတွေဟာ သူတို့ရဲ့နေထိုင်မှုကို အနည်းငယ် အနှောင့်အယှက် အပြုခံရတယ်လို့ ယူဆလာရင် ဘယ်လိုအရာကိုမှ သည်းမခံတတ်တာဟာ ကျွန်တော့်အိမ်လေးရဲ့ အဖြစ်အပျက်က သက်သေပြနေပါတယ်။ ဒီလိုပြောနေလို့လည်း အိမ်မြှောင်ချစ်တတ်သူလို့ ကျွန်တော့်ကို မထင်ပါနဲ့။ အိမ်မြှောင်ချေးတွေကို အိမ်ကြမ်းပြင်ကနေ လှည်းကျင်းရတဲ့အခါတိုင်း အိမ်မြှောင်တွေကို ကျွန်တော်ဟာ ဆဲရေးတတ်တဲ့သူပါ။ သည်းခံခြင်းဟာ လူတွေဆီမှာ အနည်းငယ်ပဲ ရှိနေတတ်တဲ့အရာ ဖြစ်နေပြီလား။ တကယ်ဆို အိမ်မြှောင်တွေနဲ့ လူသားနှစ်ယောက်ဟာ ဘာဖြစ်လို့များ ယှဉ်တွဲနေထိုင်လို့ မရတာလဲ။ တွေးမိနေတဲ့ အတွေးလေး မဆုံးခင်မှာပဲ “ယောကျ်ားရေ ရှင့်အိမ်မြှောင်တွေ ဒီတစ်ခါ တကယ်ပြေးစေရမယ်” ဆိုတဲ့ ဇနီးဖြစ်သူရဲ့ အသံကို ကြားလိုက်ရပါတယ်။ အဲဒီမှာ အိမ်မျက်နှာကြက်ကို ကျွန်တော် လှမ်းကြည့်လိုက်တော့ အိမ်မြှောင်တွေဟာ ငြိမ်သက်စွာနဲ့ ပိုးကောင်ဖမ်းဖို့ စောင့်ဆိုင်းနေတာကို တွေ့လိုက်ရပါတယ်။ ဇနီးဖြစ်သူဟာ အိမ်နံရံထောင့်မှာ ပရုတ်လုံးအကြီးကြီးတွေကို လိုက်ထားနေပါတယ်။ ပရုတ်လုံးတွေ ထားပြီးတဲ့အခါ ချွန်ထားတဲ့ ဝါးလုံးသေးသေးလေးရဲ့ထိပ်မှာ ထက်ခြမ်းခြမ်းထားတဲ့ ကြက်သွန်နီဥကို ထိုးစိုက်လိုက်ပါတယ်။ ပြီးတာနဲ့ ဝါးလုံးလေးကို အပေါ်ကိုမြှောက်ယူလိုက်ပြီး ဝါးလုံးထိပ်မှာရှိတဲ့ ကြက်သွန်နီခြမ်းကို အိမ်မြှောင်တွေနားရောက်အောင် လုပ်လိုက်ပါတယ်။ စူးရှတဲ့ကြက်သွန်နီအနံ့ကို အိမ်မြှောင်တွေ မခံနိုင်ဘူး ထင်ပါတယ်။ အကုန်ထွက်ပြေးကြပါတယ်။ ဇနီးဖြစ်သူဟာ အလုပ်ကြီးတစ်ခု အောင်မြင်သွားသလို အားရပါးရ ပြုံးလို့နေပါတယ်။ အိမ်မြှောင်တွေ ကြက်သွန်နီအနံ့ကို မခံနိုင်သလို ပရုတ်လုံးရဲ့အနံ့ကို မခံနိုင်ဘူးဆိုတာ သေချာပေါက် သူသိသွားပြီဖြစ်လို့ပါ။
နောက်နေ့ မနက်မှာတော့ အိမ်မျက်နှာကြက်နဲ့ အိမ်နံရံတွေမှာ အိမ်မြှောင်တစ်ကောင်မှ ရှိမနေတော့ပါဘူး။ အိမ်မြှောင်တွေ ကျွန်တော့်အိမ်က ထွက်ခွာသွားပြီ ထင်ပါတယ်။ အိမ်မြှောင်တွေ မရှိတော့တာနဲ့ အိမ်မြှောင်တွေနဲ့ ပတ်သက်တဲ့ အတွေးတွေကိုလည်း ကျွန်တော် မတွေးမိတော့ပါဘူး။ အိမ်မြှောင်တွေ ဘယ်ကိုရောက်သွားလဲ ဆိုတာကိုတောင် ကျွန်တော် မတွေးမိတော့ပါဘူး။ ဇနီးဖြစ်သူကတော့ ကျွန်တော်နဲ့ ပြောင်းပြန်ပါ။ အိမ်မြှောင်တွေ အိမ်မှာ မနေရအောင် သူ လုပ်ခဲ့တာကို နောင်တရနေပါတော့တယ်။ အိမ်မြှောင်လေးတွေ ဘယ်ကိုများ ရောက်သွားလဲလို့ သတိရတိုင်း ရေရွတ်နေပါတော့တယ်။
အိမ်မြှောင်တွေ အိမ်ကို ဘယ်ကရောက်လာလဲလို့ တွေးမိခဲ့တဲ့ ယောကျ်ားတစ်ယောက်ရယ်၊ အိမ်မြှောင်တွေ ဘယ်ကိုရောက်သွားလဲလို့ တွေးနေဆဲဖြစ်တဲ့ မိန်းမတစ်ယောက်ရယ်ဟာ အိမ်မြှောင်တွေမရှိတော့တဲ့ အိမ်လေးမှာ ဆက်လက် နေထိုင်နေဆဲပါ။ အိမ်မြှောင်တွေဟာ သူတို့ရှိမနေတော့ပေမဲ့ အိမ်လေးမှာ သူတို့ရဲ့အကြောင်းကိုတော့ လူတစ်ဦးကို ဆက်လက် တွေးနေစေခဲ့ပါတယ်။ အိမ်တွေ ရှိနေသရွေ့ အိမ်မြှောင်တွေ ဆက်ရှိနေဦးမှာတော့ အသေအချာပါပဲ။ အိမ်မြှောင်တွေ ရှိခဲ့တဲ့ အိမ်လေးတစ်လုံးနဲ့ အိမ်မြှောင်တွေအကြောင်း တစ်လှည့်စီ တွေးခဲ့တဲ့ လူနှစ်ယောက်ကတော့ နောက်နှစ်များစွာကြာတဲ့အခါ ရှိတော့မှာ မဟုတ်ပါဘူး။ အိမ်မြှောင်တွေ စုတ်ထိုးတဲ့အခါ လာဘ်ကောင်းတယ်ဆိုတဲ့ ယုံကြည်မှုတွေကရော ဆက်ရှိနေဦးမှာလား။ အိမ်မြှောင်တွေကတော့ စုတ်တွေ ထိုးနေဦးမှာပါပဲ။