စိတ်ဆန္ဒသာ အောင်နိုင်ရာ

စိတ်ဆန္ဒသာ အောင်နိုင်ရာ
Published 30 August 2017

A Street Cat Named Bob ရုပ်ရှင်ကားပိုစတာကို တွေ့ရစဉ် (Photo း Empire)

ကျွန်မရဲ့ ကလေးတွေဟာ ၁၀ တန်းအောင်ပြီးကတည်းက တက္ကသိုလ်တက်ရင်း စာသင်ဂိုက် (Guide) လုပ်ကြပါတယ်။ ၁၀ တန်းကျောင်းသားတွေကို စာတွေနားမလည်တာ ပြန်ရှင်းပြပေးတဲ့ အလုပ်ဖြစ်ပါတယ်။ သူတို့ သင်ရတဲ့ ကလေးတွေအကြောင်းလည်း အိမ်မှာ ပြန်ပြောလေ့ရှိပါတယ်။ သားကြီး ဒုတိယနှစ်မှာ သူသင်ရတဲ့ ကလေးတစ်ယောက် အောင်သွားပြီးတော့ နောက်နှစ်နှစ်လောက်မှာ အငယ်တစ်ယောက်ကို သင်ဖို့ခေါ်ပြန်ပါတယ်။ အိမ်မှာ နေ့စဉ် စာသင်နေပေမယ့် အရင်ကလေးအကြီးကို မတွေ့ပါဘူးတဲ့။ ရင်းနှီးနေတဲ့သူမို့ ဘယ်သွားလဲ မေးတော့လည်း ဘုရားဖူးလိုလို မရေမရာ ဖြေကြပါတယ်။ တစ်ရက်မှာ အထုပ်အပိုးပြင်ဆင်ပြီး မိဘတွေ ခရီးသွားကြတော့မှ အိမ်မှာကျန်ရစ်သူ အဘွားနဲ့ စကားစပ်ပြီး ကလေးအကြောင်း မေးကြည့်ပါတယ်။ အဘွားက မျက်ရည်စက်လက်နဲ့ မင်းတပည့်တော့ မူးယစ်ဆေးသုံးတာမိလို့ ထောင်ကျနေတယ်လို့ ပြောပါတယ်တဲ့။ မူးယစ်ဆေးမိပြီး ထောင်ကျတယ်ဆိုပေမယ့် ထောင်ထဲမှာတော့ မဟုတ်ပါဘူး။ ထောင်အပြင်က စခန်းတစ်ခုမှာ သီးသန့်နေရပါတယ်တဲ့။ အခုသွားတာလည်း သားကို တွေ့ပြီးလိုအပ်တဲ့ စားစရာကအစပေးဖို့ လိုက်သွားကြတာလို့ ပြောပြပါတယ်။ အဲဒီလို နေနိုင်ဖို့တော့ အဆက်အသွယ်ကောင်းရဖို့ လိုပါသတဲ့။ နောက်ပိုင်းမှာ ဆေးပြတ်လို့ ကောင်းကောင်း နေမယ်ဆိုရင် ထောင်ကနေ အိမ်ကို တစ်လကို တစ်ရက်ဖြစ်ဖြစ် ပြန်ခွင့်ပေးမယ်လို့လည်း ကြားရပါသတဲ့။

သားကတော့ သူ့တပည့်လေးဟာ ဆိုးတဲ့ မိုက်တဲ့အထဲလည်း မပါဘဲနဲ့ ခုလိုဖြစ်တာ ကြားရတော့ တော်တော်စိတ်မကောင်း ဖြစ်နေပါတယ်။ ပင်ကိုက မဆိုးပေမယ့် အပေါင်းအသင်းများပြီး စိတ်အလိုလိုက်မိရာကနေ တစ်ခါခိုး တစ်ခါမိဆိုသလို ဖြစ်ရရှာတယ်တဲ့။ သူတို့အိမ်က စီးပွားရေးလည်း အဆင်ပြေတော့ ဒီကလေး ၁၀ တန်းအောင်ပြီးရင် ပညာသင်ဖို့ အကုန်ခံနိုင်ကြပါတယ်။ ခုလို ဆေးမှုနဲ့ထောင်ကျတော့ ထောင်ထဲမှာ အချိန်တွေ ၁၀ နှစ်လောက်ကုန်ရဦးမယ်။ အိမ်ကလူတွေလည်း အချိန်ကုန် ငွေကုန်လူပင်ပန်းမယ်။ အဆိုးဆုံးက ထောင်ကလွတ်လာတဲ့ ကလေး တစ်ယောက်ရဲ့ အနာဂတ်မှာ ဘာတွေများ မျှော်လင့်စရာကျန်မလဲ။ ငယ်ရွယ်နုပျိုတဲ့ ဘဝရဲ့အချိန်တွေကို ထောင်ထဲမှာ ကုန်ဆုံးပြီးတဲ့နောက်ပိုင်း ဘယ်လိုအသစ်ပြန်စကြ မလဲဆိုတာတွေ အများကြီး တွေးမိပြီး စိတ်မကောင်း ဖြစ်ရပါတယ်။

ဆေးသုံးသူအများစုကလည်း မကောင်းဘူးဆိုတာ သိရလို့ ဆေးဖြတ်ဖို့ ကြိုးစားကြပါရဲ့။ သူတို့ကို ဆေးသမားမှန်း သိနေသူတွေက အထင်သေးပြီး လူရာမသွင်းချင်ကြတဲ့အခါမှာ စိတ်ဓာတ်တွေကျပြီး ရှောင်ဖယ်နေတတ်ကြပြန်ပါတယ်။ အဲဒီလိုနေရင်းနဲ့ပဲ ဆေးသုံးသူအပေါင်းအသင်းတွေနဲ့ ပြန်ပေါင်းမိကြတဲ့အခါမှာ ဆေးကို ပြန်သုံးမိကြပြန်ပါတယ်။ ဒီလိုနဲ့ပဲ ဆေးဖြတ်ရင်းနဲ့ ပြန်သုံးမိကြပြီး သံသရာလည်နေပြန်ပါတယ်။ တကယ်တမ်း ဆေးပြတ်သွားသူတစ်ဦးပဲဖြစ်ဖြစ် ဆေးမှုနဲ့ ထောင်ကလွတ်လာသူပဲဖြစ်ဖြစ် သူတို့ကို ပျော်ရွှင်အောင် လက်ကမ်းကြိုဆိုပြီး ဘဝသစ်ကို ထူထောင်ပေးဖို့ ကြိုးစားရပါမယ်။ မိသားစုဝင်တွေနဲ့အတူ ပျော်ပျော်ပါးပါး သွားလာနေထိုင်ဖို့အတွက် လက်တွဲခေါ်ကြဖို့ အရေးကြီးပါတယ်။

မြန်မာပြည်မှာတော့ ဆေးခြောက်ကအစ နံပါတ်ဖိုးလို အရည်ဖျော်ပြီးသွေးကြော ထဲထိုးတာမျိုးကနေ ဆေးပြားမျိုးစုံ ဖမ်းမိတဲ့သတင်းတွေ မကြာမကြာ ကြားရပါတယ်။ မူးယစ်ဆေး လက်ထဲတွေ့လို့ ဖမ်းမိတဲ့ကျောင်း သားလူငယ်တွေလည်း အရေအတွက် မနည်းတော့ပါဘူး။ ဆေးမိပြီဆိုရင် အနည်းဆုံးထောင် ကျမှာတော့ သေချာနေပါတယ်။ ဒီလိုမျိုး ထောင်ချလိုက်ခြင်းဟာ ထိုက်တန်တဲ့ အပြစ်ဒဏ်ဖြစ်ရဲ့လားလို့တော့ ဆန်းစစ်စေချင်ပါတယ်။ ထောင်ထဲ ရောက်ရင် ကလေးရဲ့အနာဂတ်ဟာ အနည်းနဲ့အများ ပျောက်ဆုံးကြရမှာပဲ။ တစ်ကြိမ်မှားမိတဲ့ ကလေးတွေ အပေါင်း အသင်းကဆွယ်လို့ ရောယောင်ပြီး လက်တည့်စမ်းမိသူတွေ စိတ်ဓာတ်ကျနေချိန်မှာ စိတ်ကြွဆေးသုံးမိသူတွေ ရှိမှာပါပဲ။ အဖမ်းခံရလို့ ထောင်ကျပြီဆိုရင် ကိုယ့်ဘဝရဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အားလုံးဟာ နောက်ကျကျန်ခဲ့ဖို့ သေချာနေပါတယ်။

ဆေးဖြတ်ဖို့ ကြိုးစားသူတစ်ယောက်အကြောင်း ဖြစ်ရပ်မှန် ဇာတ်ကားလေးလည်း ပြောချင်ပါတယ်။ ဇာတ်ကားနာမည်က “A Street Cat Named Bob” ဖြစ်ပါတယ်။ ဒါရိုက်တာက Roger Spottiswoode ဖြစ်ပြီး ဆေးသမားဂျိမ်းစ်အဖြစ် Luke Treadaway က သရုပ်ဆောင်ထားပါတယ်။ မူးယစ်ဆေးစွဲနေသူ ဂျိမ်းစ်ဘိုဝင်ဟာ ဆေးသုံးစွဲမှုကြောင့် မိဘတွေက အဆက်အသွယ်ဖြတ်ပြီး ပစ်ပယ်ခံနေရပါတယ်။ အလုပ်လည်း မရှိတော့ ဝင်ငွေမရှိသူ ဂျိမ်းစ်ဟာတစ်နေ့တာ စားသောက်ဖို့ ဂစ်တာတစ်လက်နဲ့ သီချင်းဆိုပြီး ကြုံသလိုအိပ်ရပါတယ်။ မူးယစ်ဆေးကိုဖြတ်ဖို့ စာရင်းပေးတဲ့အခါမှာ ဆေးဖြတ်အဖွဲ့ ကြီးကြပ်ရေးမှူးကသူ့ကို ဆေးဆိုင်မှာ မက်သာဒုန်းထုတ်ယူခွင့် လက်မှတ်ပေးပါတယ်။ မက်သာဒုန်းက မူးယစ်ဆေးဖြတ်သူတွေအတွက် ဝေဒနာမခံစားရအောင် အစားထိုးပေးတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။

တစ်ရက်မှာ ဂျိမ်းစ်ဟာ ထမင်းစားဖို့လက်ထဲမှာ ပိုက်ဆံအလုံအလောက်မရလို့ စိတ်ညစ်နေတုန်းဆေးအတူ သုံးစွဲဖူးတဲ့ သူငယ်ချင်းနဲ့ တွေ့ပြီး ပြန်သုံးမိပါတယ်။ မက်သာဒုန်းနဲ့ ဆေးဖြတ်တုန်းမှာ မူးယစ်ဆေးသုံးမိရင် သေတဲ့အထိ ဖြစ်နိုင်တာမို့ ဂျိမ်းစ်တစ်ယောက် ဆေးရုံရောက်သွားပါတယ်။ အကြောင်းစုံ သိသွားတဲ့ ကြီးကြပ်ရေးမှူး ဗယ်လ်ကလည်း ဂျိမ်းစ်တစ်ယောက် လမ်းမပေါ်မှာနေရင် ဒီလိုပဲ ဆေးပြန်သုံးဖြစ်ပြီး လက်လွှတ်ရလိမ့်မယ်ဆိုတာ သိသွားပါတယ်။ သူမဟာ အိုးမဲ့အိမ်မဲ့ ကယ်ဆယ်ရေးအဖွဲ့ဆီကို သွားပြီး ညှိပါတယ်။ ဂျိမ်းစ်အတွက် အခန်းတစ်ခန်းပေးဖို့ကို ထောက်ခံပြောဆိုရင်းနဲ့ နောက်ဆုံးမှာ မက်သာဒုန်း တစ်ရက်ပြတ်ရင် အခန်းကအပြီးထွက်ရမယ်လို့ သဘောတူခဲ့ပါတယ်။ ဂျိမ်းစ်ကလည်း လမ်းပေါ်ကြုံရာအိပ်ရတဲ့ ဘဝက လွတ်ပြီမို့ ဖခင်ကြီးကို ဆေးဖြတ်တဲ့အစီအစဉ်မှာ ပါဝင်နေတယ်ဆိုတာ ပြောပြပါတယ်။ ဖခင်ရဲ့ နောက်အိမ်ထောင်က ဂျိမ်းစ်ကို လူရာမသွင်းဘဲ ရွံရှာစရာ သတ္တဝါတစ်ကောင်လို ဆက်ဆံခံလိုက်ရပါတယ်။ ဖခင်ကြီးကတော့ ပိုက်ဆံမုန့်ဖိုးလေး အတင်းပေးလိုက်ပါတယ်။

နောက်တစ်နေ့မှာ အိပ်ခန်းထဲကို အဝါရောင်ကြောင်လေးတစ်ကောင် ရောက်နေတာတွေ့လို့ ဂျိမ်းစ်က ပိုင်ရှင်လိုက်ရှာပေးပေမယ့် မတွေ့ပါဘူး။ နောက်တစ်ပတ်လောက်မှာ အပြင်ကပြန်လာတော့ တံခါးရှေ့မှာ ဝပ်နေတဲ့ ကြောင်ကလေးကို တွေ့ပြန်ပါတယ်။ ကြောင်လေးမှာ သွေးတွေနဲ့ ဒဏ်ရာတွေ့တော့ တခြားအခန်းတွေကို ပိုင်ရှင်လိုက်မေးပါတယ်။ ခွေးတွေကို ထိန်းကျောင်းပေးသူ ဘက်တီနဲ့ တွေ့တဲ့အခါမှာတော့ ကြောင်ရဲ့ဒဏ်ရာကို ဆေးခန်းပြဖို့ ညွှန်ပါတယ်။ တိရစ္ဆာန်ဆေးခန်းမှာ ကြောင်လေးအတွက် အချိန်တွေ ကုန်ရလို့ မက်သာဒုန်းကို သွားထုတ်ဖို့ အချိန်မမီ တော့ပါဘူး။ ဒီဆေးကလည်း ဆေးဆိုင်မှာ လက်မှတ်ထိုးပြီး ဆေးထုတ်ပေးချိန်မှာ ဆိုင်မှာပဲ သောက်ပြခဲ့ရတာပါ။ ကြောင်လေးအတွက်လည်း ရှိသမျှ ပိုက်ဆံအကုန် ဆေးဝယ်လိုက်ရပါတော့တယ်။

နောက်နေ့မနက်မှာ ကြီးကြပ်သူ ဗယ်လ်ကိုတွေ့ပြီး မက်သာဒုန်းဆေး တစ်ရက်ပျက် ကြောင်းရှင်းပြရင်းနဲ့ ကြောင်လေးတစ်ကောင်နဲ့ သူငယ်ချင်းတစ်ယောက် မိတ်ဆွေရထားတာပြောပြတော့ ဆေးထုတ်ခွင့် ပြန်ရခဲ့ပါတယ်။ ဗယ်လ်ကတော့ ဂျိမ်းစ်ဟာ မိဘတွေ ကွာရှင်းပြတ်စဲတဲ့အချိန်မှာ အရမ်းစိတ်ထိခိုက်ပြီး ဆေးသုံးခဲ့သူမို့ စိတ်ခံစားချက်တွေ နောက်မလိုက်ဖို့ အဓိက မှာပါတယ်။ ဂျိမ်းစ်ဟာ ကြောင်လေးကို ဆေးမတိုက်တတ်လို့ ဘက်တီကို အကူအညီတောင်းရင်းနဲ့ ကြောင်လေးကို သူပဲမွေးဖို့ ဆုံးဖြတ်ပြီးတော့ ဘော့ဘ်လို့ နာမည်ပေးလိုက်ပါတယ်။ ဘော့ဘ်နေ ကောင်းသွားချိန်မှာ ဂျိမ်းစ်အပြင်ထွက်ရင် အတင်းလိုက်လာပါတယ်။ ဂျိမ်းစ်သီချင်းဆို နေချိန်မှာ ဘော့ဘ်ရှိနေတော့ လူတွေက ပိုစိတ်ဝင်စားပြီး အလှူငွေလည်း ပိုရပါတယ်။ ဘော့ဘ်ကို ချစ်လို့ ဓာတ်ပုံတွဲရိုက်ချင်သူတွေလည်း အများကြီးပါပဲ။

ဂျိမ်းစ်အဆင်ပြေနေတဲ့အချိန်မှာ သူငယ်ချင်းဟောင်း ဗက်ဇ်က ပိုက်ဆံတောင်းလို့ ထမင်းဖိုး ပေးလိုက်ပါတယ်။ ညနေဘက် အပြန်မှာ ဆေးထိုးအပ်နဲ့ လဲကျနေတဲ့ ဗက်ဇ်ကိုတွေ့လို့ လူနာတင်ကားခေါ်ပေမယ့် သေဆုံးသွားခဲ့ပါတယ်။ ဂျိမ်းစ်ဟာ အရမ်းထိတ်လန့်သွားပြီး မက်သာဒုန်းလျှော့သောက်နိုင်အောင် ကြိုးစားပါတယ်။ တစ်ရက်မှာ သီချင်းဆိုနေတုန်း ခွေးကျောင်းတဲ့လူတွေက ရန်စတော့ ရဲအဖမ်းခံရပါတယ်။ ဗယ်လ်က အချုပ်ထဲက အာမခံနဲ့ထုတ်ပေးပေမယ့် သီချင်းသီ ဆိုအလှူခံခွင့် အပိတ်ခံလိုက်ရပါတယ်။ ဒါပေမဲ့ ပြန်လည်ထူထောင်ရေး အစီအစဉ်အနေနဲ့ မဂ္ဂဇင်းတိုက်တစ်ခုက ဂျာနယ်တွေကို လက်ပွေ့ရောင်းချခွင့် ရခဲ့ပါတယ်။

ဂျာနယ်ရောင်းတော့လည်း ဘော့ဘ်ရှိနေတော့ ရောင်းရပါတယ်။ ကြောင်ချစ်တဲ့ သူတွေက ဓာတ်ပုံတွဲရိုက်ရင်း ဂျာနယ်ဝယ်ကြလေတော့ တခြားဂျာနယ်သမားတွေက မနာလိုဖြစ်ပြီး တိုင်ကြလို့ တစ်လအရောင်း ပိတ်ခံရပြန်ပါရော။ ဂျိမ်းစ်ဟာ တစ်လလုံးလုံးသူ့အတွက် ချွေတာပြီး စားပေမယ့် ဘော့ဘ်အတွက်တော့ ငါးသေတ္တာဘူး အမြဲဝယ်ကျွေးပါတယ်။ နောက်ဆုံး ပိုက်ဆံပြတ်ချိန်မှာ အရဲစွန့်ပြီး သီချင်းဆို အလှူခံပါတယ်။ ဘေ့ာဘ်အတွက် အသားဘူးလေး ဝယ်ကျွေးနိုင်ဖို့ အရေးကြီးနေတာပါ။

တစ်လပြည့်လို့ ဂျာနယ်တွေ ပြန်ရောင်းတဲ့အချိန်မှာ ဂျိမ်းစ်နဲ့ကြောင်လေးက လူပိုသိလာပါတယ်။ ဒီအချိန်မှာ ဂျိမ်းစ်ဟာ မက်သာဒုန်းဖြတ်ဖို့ ဗယ်လ်ကို အကြောင်းကြားပါတယ်။ ဗယ်လ်က အားပေးပေမယ့် မက်သာဒုန်းဖြတ်တာဟာ မူးယစ်ဆေးဖြတ်တာထက်ပိုပြီး ဆိုးဆိုးရွားရွားခံရတယ်လို့ သတိပေးပါတယ်။ ဂျိမ်းစ်ကို တစ်ယောက်တည်း ဆေးဖြတ်တာ မလုပ်စေချင်လို့  မိဘကိုအကြောင်းကြား စေချင်ပေမယ့် ဂျိမ်းစ်က မကြိုက်ပါဘူး။ ဘော့ဘ်ရှိနေရင်ရပြီလို့ အာမခံပါတယ်။ အရင်က သူ့ကိုဆေးသမားဆိုပြီး ပလက်ဖောင်း တစ်ခုတည်း အတူမလျှောက်ချင်သူတွေပဲ ရှိခဲ့ကြပါတယ်။ အခုတော့သူ့ကို ဘော့ဘ်နဲ့တွဲပြီး ဓာတ်ပုံရိုက်ဖို့ ဆရာရေလို့ အခေါ်ခံလိုက်ရတာဟာ သူရဲ့စိတ်ကို ပီတိဖြစ်စေခဲ့ပါတယ်။ ဒါ့ကြောင့် အဆုံးအထိ လုပ်တော့မယ်လို့ ဆုံးဖြတ်ရတာလို့ ရှင်းပြပါတယ်။

ဂျိမ်းစ်ဟာ ဘက်တီကိုလည်း ဆေးဖြတ်မယ့်အကြောင်း ပြောခဲ့ပါတယ်။ ဘက်တီက ဆေးသမားမှန်းသိကတည်းက ခပ်ကင်းကင်း နေခဲ့သူမို့သူ့အကြောင်းပြောရင်း ဆေးအပြီး ဖြတ်ဖို့ နှုတ်ဆက်ခဲ့ပါတယ်။ ဆေးဖြတ်တဲ့အတွက် ဝေဒနာတွေ အများကြီးခံစားရပါတယ်။ ကိုက်ခဲတဲ့ ဝေဒနာတွေကြောင့် တစ်ကိုယ်လုံး နာကျင်ပြီး လူးလှိမ့်နေပါတယ်။ ဘာစားစား အကုန်ပြန်အန်ထွက်ပြီး ဝေဒနာနဲ့ နပန်းလုံးနေရပါတယ်။ တစ်ပတ်လောက် နေမကောင်းတာတွေကို ဘော့ဘ်နဲ့အတူ ကြံ့ကြံ့ခံရင်း ဆေးပြတ်သွားပါတော့တယ်။

အလုပ်တွေ ပိုလုပ်လာနိုင်တဲ့ ဂျိမ်းစ်နဲ့ဘော့ဘ်တို့ကို ယူကျုမှာရော ဖေ့စ်ဘွတ်မှာ ပါ တွေ့လာကြတော့ စာအုပ်ထုတ်ဝေသူတစ်ဦးက စာအုပ်ရေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အစပိုင်းမှာ မရေးတတ်တော့ စာရေးဆရာတစ် ဦးကိုပြောပြရင်း အတူရေးသားကြပါတယ်။ ၂၀၁၂ မှာ ဂျိမ်းစ်ဘိုဝင်အမည်နဲ့ A Street Cat Named Bob စာအုပ်မိတ်ဆက်ပွဲမှာ ဂျိမ်းစ်ရဲ့ဖခင်ကြီး မိသားစုနဲ့အတူ ဘက်တီအပါအဝင် အားလုံးဂုဏ်ပြုပွဲ လုပ်ခဲ့ကြပါတယ်။ အခုအချိန်အထိ ဂျိမ်းစ်ဟာ ဘော့ဘ်နဲ့အတူ သီချင်းတွေဆိုရင်း အိမ်ခြေရာမဲ့ မိသားစုတွေဘဝအတွက် ပရဟိတအလုပ်တွေ လုပ်ပေးနေပါတယ်။

မြန်မာပြည်မှာလည်း မိမိတို့ပတ်ဝန်းကျင်က မူးယစ်ဆေးဖြတ်ချင်သူများအားလုံးကို နွေးထွေးစွာ ဖေးမခေါ်ယူစေချင်ပါတယ်။ ကိုယ့်ကို စိတ်ပျော်ရွှင်မှုပေးနိုင်တဲ့ ပတ်ဝန်းကျင်ကောင်းတွေမှာ မိမိတို့ဘဝအတွက် အန္တရာယ်ဖြစ်စေမယ့် မူးယစ်ဆေးတွေကို စိတ်ဓာတ်ခိုင်မာစွာနဲ့ အပြီးဖြတ်နိုင်ကြပါစေ။ စိတ်အလိုဆန္ဒရှိရင် ဘာမဆို အောင်မြင်ပြီး မြောက်နိုင်ပါတယ်။

Most Read

Most Recent