ကဆုန့် (သို့မဟုတ်) ငြိမ်းချမ်းခြင်းရဲ့ သင်္ကေတ

ကဆုန့် (သို့မဟုတ်) ငြိမ်းချမ်းခြင်းရဲ့ သင်္ကေတ
Published 30 August 2017

ပထမဆုံးရောက်သွားသည့် စခန်းက နမ္မတီးမြို့ လမ်းခွကျေးရွာက ရိုမန်ကက်သလစ်(ဒေသအခေါ် RC) ကျောင်းဝင်းကိုဖြစ်သည်။ သတင်းတွေအရ ဒီကျောင်းဝင်းထဲမှာ စစ်ရှောင်လူဦးရေ ၅၅၂ ဦးရှိသည်။ ကဆုန့်နှင့် ဇွတ်မိုင်ယန်ကျေးရွာတွေက ဖြစ်သည်။ ဘုရားကျောင်းဝင်းထဲမှာလည်း တရုတ်တုန်ဖုန်းကားတွေ ပြည့်နေသည်။

“လာဝါရစ် (ယူလာခဲ့)” “ဂရိုင်နော့၊  ကကျီးမီနော့ (နေဦး၊ စောင့်ဦး၊ ခဏလေး)” ကချင်သံတွေ ပလူပျံနေသည်။ သူတို့နေခဲ့ရသည့် ဝတ်ပြုဆောင်မှာတော့ အထုပ်ကြီး၊ အထုပ်ငယ်တွေ ပလုံစီနေသည်။ အများစုက ကလေးတွေဖြစ်သည်။ အရွယ်စုံသည်။ သူတို့ကတော့ ပြေးပြေးလွှားလွှား။

သယ်ဆောင်မည့်ကားတွေကို RCM တံဆိပ်တွေ တပ်ပေးသည်။ ကားတစ်စီးတော့ ဆန်အိန်တွေတင်ချ၊ နှစ်စီးက အထုပ်အပိုးတွေအပြည့်။ ဦးဆောင်သူက လော်သံပေးသည့်နှင့် တုန်ဖုန်းကားတွေပေါ် တစ်ဖွဲ့ပြီးတစ်ဖွဲ့ တက်ကြသည်။

နံနက် ၁၀ နာရီ တော်သလင်းနေက ပူသည် မထင်ကြ။ ရုပ်တွေကလည်း အသားညိုကာ မျက်နှာတွေနေလောင်ထားသည့် တောသူတောင်သားတွေဖြစ်သည်။ အိမ်ပြန်ရမည့် စိတ်ကြောင့် ပြုံး ပြုံးကြီးတွေ။ ကလေးခြောက်ယောက်အမေ ဒေါ်ခေါင်နန်းက ၄၀ ကျော် သေးပုံမပေါ်။ အင်တာဗျူး ကြည့်တော့ ကဆုန့်ကဖြစ်ကြောင်း၊ လယ်လုပ်ပြီး နွားမွေးထားကြောင်း၊ ကိုယ်ပိုင်အိမ်နှင့်ဖြစ်ကြောင်း ဆိုသည်။“ရေရှည်မှာ မိသားစုအများကြီးနဲ့ ဒီမှာဘယ်လိုမှနေလို့ မရဘူး။ ပြန်ရမယ်ဆိုတော့ ဝမ်းသာတယ်။ ကူညီကြတာလည်း လိုအပ်တာမရှိပါဘူး”ဟု ဆိုသည်။

နောက်နေရာတစ်ခုက လမ်းခွနှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းဖြစ်သည်။ လူဦးရေ ၅၉၃ ဦး ရှိသည်။ ဘုရားကျောင်း အဝင်ကတည်းက ရဲတပ်သားများ၊ တပ်မတော်သားများက ပစ္စည်း အတင်အချတွေကအစ ကူညီနေသည်။ ဝတ်ပြုဆောင် အနောက်ဘက်မှာ တပ်မတော်ဆေးတပ်သားတွေ ဆေးတွေဝေနေသည်။ လူမှုအဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ဘာသာရေး ဓမ္မဆရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ စုံလှသည်။ နမ္မတီး၊ မိုးကောင်းလူမှုရေးအဖွဲ့၏ ကူညီမှုကလည်း အံ့မခန်းရှိလှသည်။

ကချင်လွတ်မြောက်ရေး တပ်မတော်အပေါ်မှာတော့ ခရစ်ယာန်နှစ်ခြင်းအဖွဲ့ချုပ် (KBC) က သြဇာကြီးမားသည်။ အိမ်ပြန်သူများအားလုံး၏ လက်ထဲမှာ ပင်လယ်ရေမြှုပ်အခင်းတွေ ကိုယ်စီ။ သမံတလင်းပေါ်ခင်းအိပ်ဖို့ လှူထားပုံရသည်။အလှူထုပ်တွေ၊ မိသားစုသုံး ပလတ်စတစ်ပုံးတွေကို ထမ်းသူကထမ်း၊ ဆွဲသူက ဆွဲ။ အိမ်ပြန်ကြမည့် ကဆုန့်ရွာသားတို့ ဘုန်းကြီးလှသည်။ သူတို့ကိုကျွေးလိုက်သည့် ထမင်းပွဲပင် အမဲသားစဉ်းကော၊ ဝက်စတူးချက်၊ ကြက်သားဆန်လှော်ချက်နှင့် ကြာဆံသုပ် ဖြစ်သည်။

ကဆုန့်စစ်ရှောင်များ နေရပ်ပြန်ဖို့  သြဂုတ် ၁၆ ရက်က ကချင်ပြည်နယ် ဝန်ကြီးချုပ်က ရန်ကုန် အစည်းအဝေးပြန်ပြန်ချင်း နမ္မတီးမြို့ အရောက်သွားကာ တွေ့ဆုံခဲ့သည်။ ညှိနှိုင်းဖို့ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) ကို တာဝန်ပေးသည်။ သြဂုတ် ၂၀ ရက်မှာ သဘောတူကာ ၂၂ ရက်မှာ ပြန်ဖို့ ဆုံးဖြတ်ကြသည်။ ၂၀၁၁ ခုနှစ် တပ်မတော်နှင့် ကေအိုင်အေတို့ စစ်ပွဲများပြန်လည်ဖြစ်ပွားလာပြီးနောက်ပိုင်း နှစ်ဖက်တပ်များ ညှိနှိုင်းကာ ပထမဆုံး အိမ်ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။ အခုတော့ အားလုံးပြန်ကြတော့မည်။

ကဆုန့်ကျေးရွာသည် နမ္မတီးမြို့မှ မြောက်ဘက်စူးစူးတွင် ရှိသည်။ မြစ်ကြီးနားလွင်ပြင်နှင့် မိုးကောင်လွင်ပြင် အစပ် လွယ်ခမ်းတောင်အရှေ့ခြမ်းသည် ကဆုန့်ဒေသဖြစ်သည်။ နမ္မတီးမြို့နှင့် ၁၅ မိုင် ဝေးသည်။

နမ္မတီးမြို့လမ်းခွကျေးရွာမှ ထွက်လျှင် မြို့သစ်ကြီး ရောက်သည်။ မြို့သစ်ကြီးနှင့် ညောင်တောသည် တစ်မိုင်။ ညောင်တောနှင့် နန့်ခမ်းခရေအား လျှပ်စစ်သည် လေးမိုင်။ နန့်ခမ်းခနှင့် ကဆုန့်ကျေးရွာက ခြောက်မိုင်။ ခရီးတစ်လျှောက် ညာဘက်ခြမ်းက ကြံစိုက်ခင်း၊ တညင်းစိုက်ခင်း၊ ဝါးခြံတွေ ဖြစ်သည်။တော်လှန်ရေးကောင်စီ လက်ထက်ကတော့ ကြံစိုက်ဖို့အားထုတ်ခဲ့သည့် ဒေသဖြစ်သည်။ နမ္မတီးသကြားစက်က ကချင်ပြည်နယ် ထွက်ကုန် ကဏ္ဍမှာ ပါဝင်ခဲ့သည်။ ဘယ်ခြမ်းက လယ်ခင်းစိမ်းစိမ်း။ လွယ်ခမ်းတောင် ကြောနောက်ခံနှင့်။ သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်စိစစ်ရေး ကော်မတီ ဆိုင်းဘုတ်တွေလည်း တောစွန်နယ်ဖျားတွေ့ရတော့ မြေယာ ပြဿနာက မြန်မာနိုင်ငံအတွက် ဆေးမထိ ရောဂါလို ဖြစ်နေသည်။

ကွင်းပြင်ကျယ်ကြီးကိုဖြတ်ပြီးနောက် နန့်ခမ်းခရေအားလျှပ်စစ်နား ရောက်တော့ သစ်တောခင်းတွေ တွေ့ရသည်။ ချောင်းရေကြည်၊ မြောင်းရေကြည်တွေ တွေ့ရသည်။ တစ်မိုင်လောက်သွားသည်နှင့် ကေအိုင်အေ ရှေ့တပ် ကင်းစခန်းကို တွေ့ရသည်။ ဓားနှစ်လက် ကြက်ခြေခတ်တံဆိပ်နှင့် 'သတင်းပို့ပါ' ရေးထားသော်လည်း တစ်ဦးတစ်ယောက်မျှ မရှိ။ ဖြတ်ရသည့် တောင်ကျချောင်းတွေကလည်း မနည်းလှ။ ကဆုန့်အိမ်ပြန်သူတွေကတော့ ဆီးဖြူသီး ဆန်ကောထဲ ထည့်လှိမ့်သလိုဖြစ်နေသည်။ တရားဝင်ဝင်၊ မဝင်ဝင် တရုတ်နိုင်ငံလုပ်တုန် ဖုန်းကြီးတွေက အသုံးဝင်လှသည်။ ဘယ်ယိုင်ညာယိမ်း အလုပ်ဖြစ်လှသည်။

လမ်းဘေးဝဲယာက တောင်ယာခင်းနှင့် နှစ်ရှည် ယမနေ၊ ကျွန်း၊ ပျဉ်းကတိုး စိုက်ခင်းတွေဖြစ်သည်။ မြင်ရသလောက် ဧကတွေ ကျယ်ဝန်းသည်။ ၁၉၉၄ ခုနှစ် ငြိမ်းချမ်းရေးရပြီး နောက်ပိုင်း အမြော်အမြင်ကျယ်သည့် တိုင်းရင်းသားခေါင်းဆောင်များက စိုက်ပျိုးခဲ့ပုံပေါ်သည်။ မွန်းလွဲ ၂ နာရီကျော်မှ ကဆုန့်ကို ရောက်သည်။ ရွာကိုဝင်တော့ အရပ်ဝတ်နှင့် လူငယ်သုံးဦးက ဘယ်ကလဲ၊ ဘယ်ဌာနကလဲ မေးတော့ ကတ်ထုတ်ပေးရသည်။ သတင်းဌာနက ဆိုတော့ တာဝန်အရ စစ်ဆေးတာပါဟုဆိုကာ ဖုန်းဆက်သည်။ ခဏအကြာမှာ သွားချင်ရာသွားပါ။ စိတ်မရှိပါနဲ့ဟု ဆိုသည်။

ကဆုန့်ရွာကြီးသည် အိမ်ခြေ ၅၀၀ ကျော်ရှိပြီး ရပ်ကွက်သုံးခု ရှိသည်။ ကချင်မျိုးနွယ်စုဝင် ဂျိန်းဖောလူမျိုးများ သီးသန့်နေထိုင်သည့် ရွာဖြစ်သည်။ ကေအိုင်အေထိန်းချုပ်ရာ ဒေသဖြစ်ပြီး ကေအိုင်အိုမှ စီမံသည့် အလယ်တန်းကျောင်း ရှိသည်။ တပ်မဟာ (၂) လက်အောက်ခံ ရင်း ၁၁ နှင့် သုံးမိုင်ကျော်ဝေးသည်။ ရင်း ၁၁ မှ ငါးမိုင်ခန့်အကွာတွင် ဇွန်မိုင်ယန် ကျေးရွာရှိသည်။ ယင်းရွာတွင်လည်း ကေအိုင်အိုမှ ထိန်းချုပ်သည့် မူလတန်းလွန်ကျောင်း ရှိသည်။

ကဆုန့်ရွာကြီးမှာ လွယ်ခမ်းတောင်ကြောအောက်ဘက်တွင်ရှိပြီး မြောက်ဘက် မြစ်ကြီးနားလွင်ပြင်အထိ မြေပြန့်ကြောဖြစ်ကာ မြစ်ဆုံလမ်းဘေးရှိ အာလံ၊ အူဗျစ်အထိ ပေါက်သည်။ ရင်း ၁၁ ကလည်း ယင်းရေခံမြေခံကို မူတည်ကာ တည်ဆောက်ထားပုံ ရသည်။ အခြားရတနာထွက်သည့် ဒေသလို အလှုပ်မဟုတ်။ အငြိမ်စခန်းဖြစ်သည်။ အချက်အချာ ကျသည်။ ကျေးရွာဒေသခံတွေ ထွက်ပြေးလျှင် တပ်စခန်းကလည်း စိုးရိမ်စရာ ရှိသည်။ မြို့နှင့်နီးပြီး လမ်းဖြူးသည်။ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် အနီးဆုံး ကေအိုင်အေ/ကေအိုင်အို အခြေစိုက်စခန်းဖြစ်သည်။ တပ်မတော်ကတော့ ငြိမ်းချမ်းရေး လုပ်နေဆဲ ဂုဏ်သိက္ခာကြောင့် အလျှော့ပေးပုံရသည်။ ရွာပြန်သူတွေ အားလုံး သက်ဆိုင်ရာဘုရားကျောင်းတွေမှာ အရင်နားကြသည်။ ဒေသခံတွေက ကဆုန်းရွာဟု အသံထွက်သည်။ ဘုရားကျောင်းဆိုင်းဘုတ်တွေက ကဆုန့်ဟု ရေးသည်။

“ကဆုန်းနှင့် ကဆုန့် ဘယ်ဟာ အမှန်လဲဗျ” သတင်းသမားတော့ ရောက်လေရာမှာ သမိုင်းကို စူးစမ်းသည်။ ကျေးရွာခံဦးနော်ဂျာက “ကဆုန့်က အမှန်ပါ။ ဒီရွာလယ်က ချောင်းကို ကဆုန့်ချောင်း ခေါ်တာပေါ့။ ကချင်မျိုးနွယ်စုထဲက ကဆုန့်မျိုးနွယ်တွေ ရှေးကတည်းကနေခဲ့ကြတယ်။ ကဆုန့်ရွာကတော့ ငြိမ်းချမ်းရေးရပြီး ၁၉၉၄ ခုနှစ် နောက်ပိုင်းမှ တည်ခဲ့တာ။ အရင်ကတော့ အခုရိုမန်ကသလစ်ရွာက အောင်ခဲခေါ်ပါတယ်။ မြန်မာနိုင်ငံ မြေပုံထဲမှာလည်း အောင်ခဲပဲ။ ငြိမ်းချမ်းရေးရပြီးနောက်ပိုင်း အောင်ခဲပျောက်ပြီး တောင်ပေါ်ရွာလေးတွေ ပေါင်းပြီးနေကြတာ။ အရင်က တောင်ယာလုပ်။ အခုတော့ လယ်ပေါ့။ ဒီမှာက မြေဆီကောင်းတော့ ဘာစိုက်စိုက်အကုန်ဖြစ်တယ်”ဟု ဋီကာချဲ့ဖြေသည်။

ကဆုန့်လယ်ကွင်းကို နမ္မတီး၊ ညောင်တောကျေးရွာတွေကပင် ကိုယ်ပိုင်၊ အငှား လာလုပ်ကြသည်။ ဆည်ရေသောက် လယ်တွေချည်းဖြစ်သည်။ မြေဆီသြဇာကောင်းသည်။ မွေးမြူရေး ဖြစ်ထွန်းသည်။ ကဆုန့်သည် မြက်ကောင်းရေကြည် အရပ်ဖြစ်သည်။ ၂၀၀၁ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်များတွင် မနောပွဲတော်ပင် ကဆုန့်ရွာတွင် စည်ကားစွာ ကျင်းပခဲ့သည်။ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲမှာ အိမ်ထောင်စုရှိသူတွေ နမ္မတီးမြို့ လမ်းခွကျေးရွာကို မဲသွားထည့်ကြရသည်။

“ဘာသာရေးကော” ဘေးက ဓမ္မဆရာက “ရိုမန်ကက်သလစ် (RC) က မြစ်ကြီးနားဇုန်ထဲပါပြီး KBC နှစ်ခြင်းခရစ်ယာန်က ထိန်နန်ဇုန်ထဲ ပါတယ်။ နန်စီးအောင်အထိ ထိန်နန်ဇုန်ပေါ့။ ဇွတ်မိုင်ယန်လည်း RC များတယ်။ ဒီရွာတွေမှာ သာသနာရောက်တာ ၂၁ နှစ်ရှိပြီ”ဘေးက မယ်တော်ကျောက် လိုဏ်ဂူကို ရွာသူသုံးလေးဦးက သန့်ရှင်းရေးလုပ်နေသည်။ ၁၀ ရက်ကျော်ကြာတော့ ဝတ်ပြုရာတလင်းပြင်ပင် ရေညှိတေတက်နေသည်။ ဆုတောင်းသူကလည်း တောင်းနေသည်။ ရွာပြန်သည့် ဆန္ဒပြည့်လို့ ပူဇော်နေတာလည်း ဖြစ်နိုင်သည်။

သြဂုတ် ၁၂ ရက်မှာ တပ်မတော်စစ်ကြောင်းက ပြန်ထွက်သွားပုံရသည်။ ရွာကျောင်းမှာက ဘုန်းတော်ကြီး မရှိ ။ မြစ်ကြီးနားသာသနာဇုန်က အလှည့်ကျ တရားချီးမြှင့်သည်ဟု ဆိုသည်။ ရွာက ငြိမ်းချမ်းရေးရပြီးနောက်ပိုင်း အတော်ကြီး စည်ပင်လာပုံရသည်။ လမ်းမကြီးပင် ပေတရာလမ်း။ အိမ်ဝင်းတစ်ခု ဧကဝက်လောက် ကျယ်လိမ့်မည်။ ၁၀ ရက်ကျော်ကြာ ၁၀ ပေပတ်လည်မှာ မိသားစုတွေ စုပြုံအိပ်ခဲ့ရတာလည်း သူတို့အတွက် ငရဲခန်းဖြစ်ခဲ့လိမ့်မည်။ အိမ်ဝင်းထဲ ချဉ်ပေါင်၊ ရုံးပတီ၊ငရုတ်စိုက်တာတွေ မြင်ရသည်။ အစိုးရနှင့် အလှူရှင်များ ထောက်ပံ့မှုကြောင့် မိသားစုများ တစ်လ၊ လေးသီတင်းကတော့ ဘာဟင်းမျှ မရှိသော်လည်း ချဉ်ပေါင်နှင့် ရုံးပတီ၊ မျှစ်နှင့် ငရုတ်သီးထောင်းဟင်းတော့ စားရလောက်ပါသည်။

“ဒီဒေသအတွက် အလိုအပ်ဆုံးက ငြိမ်းချမ်းရေးပဲဗျ။ ပြီးရင်တော့ လမ်းပန်းဆက်သွယ်ရေး ဖြစ်လိမ့်မယ်”ဟု ရွာလူကြီးက ဆိုသည်။

အပြန်ခရီးမှာတော့ ကဆုန့်ကျေးရွာသည် နေခြည်အောက်မှာ သာယာလွန်းနေသည်။ ငြိမ်းချမ်းရေးကြောင့် ကဆုန့်ရွာကြီး ပေါ်ပေါက်ခဲ့သည်။ ကဆုန့်သည် ငြိမ်းချမ်းခြင်း၏ သင်္ကေတ ဖြစ်သည်။ ကဆုန့်ရွာကြီး ကမ္ဘာတည်သရွေ့ တည်တံ့ပါစေသတည်း။

Most Read

Most Recent