တစ်နေ့တွင် ကျွန်တော်တို့ အိမ်နီးနားချင်း တစ်ရပ်ကွက်တည်းနေ လူငယ်တစ်ယောက် ရောက်လာပါသည်။ သူ့ကို ကျွန်တော် ကောင်းကောင်းသိပါသည်။ သူ့အဖေက ကျွန်တော်နှင့်အတူ ရပ်ကွက်သာရေး နာရေးအသင်းတွင် အမှုဆောင်အဖြစ် ပါဝင်သူဖြစ်သည်။ သူ့သားကို သူက မိတ်ဆက်ထားပေးပါသည်။ သူ့ကို မျိုးသော်ဝင်းဟု ခေါ်သော်လည်း ရပ်ကွက်ထဲမှလူများက သူ့ကို ချန်ပီယံဟု ခေါ်ကြပါသည်။ ချန်ပီယံက ကျွန်တော့်ကို တက္ကသိုလ်က ဆရာအဖြစ် သိပါသည်။ သူက ကျွန်တော့်ကို ဆရာဟု ခေါ်ပါသည်။
“ဆရာ ..မလေးရှားမှာ SEA Game လုပ်နေတယ်ဆရာ။ အဲဒီအားကစားပြိုင်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော် ဆွေးနွေးပွဲတစ်ခုမှာ ဆွေးနွေးဖို့ ဖိတ်ကြားခံထားရလို့ပါ။ ကျွန်တော် မသိတာလေးတချို့ကို မေးချင်လို့ ဆရာ ပြောပြပေးပါလား”
“ရပါတယ်။ မင်းက ဘွဲ့ရပြီးတော့ လူရာဝင်လာပြီမဟုတ်လား”
“ဟုတ်ပါတယ်ဆရာ။ ကျွန်တော်က လူငယ်အဝန်းအဝိုင်းဆိုတဲ့အသင်းမှာ လှုပ်ရှားနေတယ်ဆရာ”
“အေး၊ ကောင်းတယ်။ မင်းသိချင်တာ ငါ့ကို မေးလို့ရပါတယ်။ ဒါပေမဲ့ ခုခေတ်မှာတော့ ဒါတွေက အလွယ်လေး Internet မှာ ရှာလို့ရတယ်။ Wikipedia ကြည့်လိုက်ပေါ့”
“ကျွန်တော်က အင်္ဂလိပ်စာ သိပ်မကျွမ်းဘူးဆရာ။ အချို့ကို နားမလည်တာကြောင့် ဆရာ့ကို မေးတာပါ”
“အင်း မင်းက နည်းပညာတက္ကသိုလ်က ကျောင်းဆင်းလာတာပဲ။ အင်္ဂလိပ်စာ သူငယ်တန်းထဲကနေသင်လာတယ် မဟုတ်လား”
“ဟုတ်ပါတယ်ဆရာ၊ ဒါပေမဲ့ ကျွန်တော်တို့ဟာ သူငယ်တန်းကနေ တက္ကသိုလ်ပြီးတဲ့အထိ တောက်လျှောက် ကျူရှင်တွေ ယူခဲ့ရတာပဲ”
“ဟေ၊ ခက်တာပဲ၊ မင်း ၁၀ တန်းအောင်တုန်းက မင်းမိဘတွေက မင်းကို ဆေးတက္ကသိုလ်တက်ဖို့ ပြောခဲ့သေးတယ် မဟုတ်လား”
“ပြောခဲ့ပါတယ်ဆရာ၊ ဒါပေမဲ့ကျွန်တော့် သူငယ်ချင်းတွေ ဆေးတက္ကသိုလ်မှာလည်း တောက်လျှောက် ကျူရှင်ယူရတာပဲဆရာ”
“ဟုတ်လား၊ ငါက ဝိဇ္ဇာသိပ္ပံက လူတွေပဲ ကျူရှင်ယူရတာ ထင်နေတာ”
“စာပေးစာယူသမားတွေတောင် ကျူရှင်ယူရပါတယ်ဆရာ”
“ဘာဖြစ်လို့လဲကွ၊ စာအုပ်တွေဖတ်ပြီး ဖြေပါလား”
“စာအုပ်တွေ မရှိဘူးဆရာ၊ အင်္ဂလိပ်လိုဖတ်လို့ နားမလည်ဘူး။ ဆရာတို့က ဘာသာပြန်ပေးတာမှ မရှိပဲ”
“ဘာသာပြန်ဖို့ ခက်တယ်၊ ပိုက်ဆံတွေ ကုန်တယ်”
“ဆရာတို့တောင် ဘာသာပြန်ဖို့ ခက်တယ်ဆိုရင် ကျွန်တော်တို့ကျောင်းသားတွေ ဘယ်လိုဘာသာပြန်ရမလဲ ဆရာ။ ကျွန်တော်တို့ နားမလည်တာကြောင့် ကျူရှင်ယူတာဆရာတို့က အပြစ်တင်တာလားဆရာ”
“အပြစ်မတင်ပါဘူးကွာ၊ စာမေးပွဲအောင်ချင်တော့ ကျူရှင်တက်တာ သဘာဝကျပါတယ်။ ကျူရှင်တက်လိုက်တော့ တတ်သွားရောလား”
“အင်း၊ အမှန်ပြောရရင် မတတ်ဘူး ဆရာ”
“ဟေ ဒါနဲ့ မင်းတို့စာမေးပွဲတွေ ဘယ်လို အောင်ခဲ့တာလဲ”
“ကျွန်တော်အလွတ်ကျက်တယ်ဆရာ”
“အလွတ်ကျက်တာ ဂုဏ်ထူးတွေအများကြီး ထွက်တာပဲ”
“၏၊ သည်၊ ၍ မလွဲဖြေနိုင်ရင် ဂုဏ်ထူးထွက်တယ်ဆရာ။ ကျွန်တော်တို့သူငယ်ချင်းတွေထဲ ကျွန်တော်က စာကျက်ပြီး စာရတာမြန်လို့ ကျွန်တော့်ကို ချန်ပီယံလို့ခေါ်တာပါ ဆရာ”
“ဟေ၊ မင်း ချန်ပီယံဆိုတော့ အတော်များများ အလွတ်ရတာပေါ့ ဟုတ်လား”
“စာမေးပွဲနီးတော့ ရတယ်ဆရာ၊ ခုတော့ မေ့သွားပြီ”
“သဘောတရားတွေကော”
“သဘောတရားတွေ မမှတ်ပါဘူးဆရာ၊ ကျွန်တော်က ဒါမေးရင် ဒါဖြေဖို့ ကျက်ထားတာပဲ”
သူပြောသည်ကို သဘောကျ၍ ကျွန်တော် ရယ်မိပါသည်။
သူ အူကြောင်ကြောင် ကြည့်နေသောကြောင့် “မင်းတို့ခေတ်က အတော်ထူးဆန်းတာပဲကွ၊ တကယ်တော့ မင်းတို့တစ်တွေဟာ တော်ကြပါတယ်။ ဒါပေမဲ့ မင်းနဲ့ ငါပြောနေကြတာတွေ လိုရင်းမရောက်နိုင်ဘူး။ နောက်မှ ဆွေးနွေးမယ်” ဟု ပြောလိုက်ရသည်။
ဒီတော့မှ သူလည်း ပြုံးရွှင်သွားကာ “ဒါဆို ဆရာကျွန်တော့်ကို SEA Game အကြောင်း ရှင်းပြပေးမှာပေါ့ ဟုတ်လား”
“ရှင်းပြမှာပေါ့။ အရှေ့တောင်အာရှအား ကစားပြိုင်ပွဲ အစပထမကို ကျွန်းဆွယ်ပြိုင်ပွဲ (South East Asian Peninsula Games or SEAP Games) လို့ခေါ်တယ် ၁၉၅၈ ခုနှစ်ကစပြီး ပေါ်လာတာပါ။”
“ဘာလို့ ကျွန်းဆွယ်ပြိုင်ပွဲလို့ ခေါ်တာလဲ”
“ကျွန်းဆွယ်နိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ထိုင်းနဲ့ ဗီယက်နမ်တို့ပဲ ပါဝင်တာကြောင့်ပေါ့”
“ဘယ်အချိန်က SEA Game ဖြစ်လာလဲ”
“၁၉၇၇ ခုနှစ်က နာမည်စပြောင်းတာပါ။ အဲဒီအချိန်မှာ ဘရူနိုင်း၊ အင်ဒိုနီးရှားတို့ ဝင်ခွင့်ရလာကြတယ်။ ၂၀၀၃ ခုနှစ်မှာအရှေ့ တီမော ဝင်ခွင့်ရလာတယ်”
“အိမ်ရှင်တွေကကော ဆရာ”
“ဘာကို ပြောတာလဲ”
“ပထမဆုံး ဘယ်နိုင်ငံမှာ ကျင်းပတာလဲ”
“ပထမစတာက ကျွန်းဆွယ်ပွဲ (SEAP Games) ပါပဲ။ ထိုင်းနိုင်ငံမှာ ပထမဦးဆုံး ၁၉၅၉ ခုနှစ်မှာ ကျင်းပတယ်။ ပြီးတော့ ၁၉၆၁ ခုနှစ်မှာ ဒုတိယအကြိမ်ပေါ့။ အဲဒါက မြန်မာမှာ ကျင်းပတယ်။ ၁၉၆၉ ခုနှစ် ဦးနေဝင်း လက်ထက်မှာ နောက်ထပ်တစ်ကြိမ် မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပတယ်။ ဦးသိန်းစိန်လက်ထက် ၂၀၁၃ မှာ အရှေ့တောင်အာရှ အားကစားပွဲ (SEA Games) ကို ကျင်းပတယ်”
“၂၀၁၅ က စင်ကာပူမှာ ကျင်းပတာ မှတ်မိတယ်။ ဘောလုံးပွဲကို အဝေးရောက် မြန်မာလူငယ်တွေ အားပေးကြတယ်။ အတော်လေး အကြိတ်အနယ်ဖြစ်ခဲ့တာပဲ”
“တစ်ချိန်က တို့မြန်မာဘောလုံးအသင်းဟာ အာရှချန်ပီယံဖြစ်ရုံတင် မကဘူး။ အိုလံပစ်ထိတောင် ရောက်တယ်။ ခုဘောလုံး အသင်းတွေ ညံ့သွားတာ ဘာကြောင့်လဲဆိုတာ ဆန်းစစ်သင့်တယ်”
“ဆရာ့အနေနဲ့ ဘာကြောင့်လို့ ထင်လဲဆရာ”
“ပထမဦးဆုံး အားပေးမှုနည်းတာက စတယ်။ နောက်ဘက်လိုက်မှုတွေ ရှိလာတယ်။ တော်တဲ့လူကိုရွေးရမယ့်အစား သူ့လူ ကိုယ့်လူထည့်လာတယ်။ ဘောလုံးကွင်းတွေသိမ်းပြီး အိမ်ရာဖြစ်လာတာမျိုးတွေ ရှိတယ်။ အားကစားပစ္စည်းတွေ ဈေးကြီးလာတယ်။ အခွင့်အရေးတွေ မရဘူး။ ပြီးတော့ ပညာရေးမှာ ပြဿနာတွေရှိလာတယ်။ တချို့စာတော်တဲ့ သူတွေဟာ အားကစားလည်း တော်တယ်။ သူတို့ ကျူရှင်တက်နေတာနဲ့ အားကစားလုပ်ဖို့ အချိန်မရဘူး။ အရင်ခေတ်က ဘောသမားအောင်ခင်တို့ စိုးမြင့်တို့ဟာ ဘွဲ့ရပညာတတ်တွေပါ။ သူတို့ ကျောင်းမပြီးခင်ကတည်းက လစာတွေရနေကြတယ်။ ပြီးတော့ အရာရှိတွေ ဖြစ်လာကြတယ်။ ဒါက ငါသိသလောက် ပဲပြောတာ”
“သူတို့ စားဝတ်နေရေး ပြေလည်တာပေါ့”
“ဟုတ်တယ်၊ အားကစားလုပ်ရင် တိုင်းပြည်ဂုဏ်ကိုဆောင်သလို သူတို့ကိုလည်း ဂုဏ်ပြုတဲ့သဘောပေါ့”
“ကောင်းလိုက်တာ ဆရာရယ်”
“သူတို့ကို ဂုဏ်ပြုရမယ်။ သူတို့ ရွှေတံဆိပ်ရရင် ကမ္ဘာမကြေဆိုတဲ့သီချင်းနဲ့ မြန်မာ့အလံ ထိပ်ကိုလွှင့်ထူနိုင်တယ်။ မင်းကို ပြောရဦးမယ်။ အာရှဖလားမာဒေကား မလေးရှားမှာ လုပ်တယ်။ မြန်မာက ရတယ်”
“ဘယ်သူတွေပါလဲဆရာ”
“ကိုးရီးယား၊ ဂျပန်၊ အီရန်တို့ပါတယ်ပြီးတော့ ပတ်ချုံဟီးဖလားဆိုတာ တောင်ကိုရီးယားမှာလုပ်တာပဲ။ မြန်မာက ဒိုင်းရတယ်”
“ခုနှစ် မြန်မာနဲ့ မလေရှားဘောလုံးနှစ်သင်း ဆီမီးဖိုင်နယ်ပွဲမှာတွေ့တော့ မြန်မာတွေနဲ့ မလေးတို့ ပြဿနာဖြစ်တယ်ဆရာ”
“ဟုတ်တယ်။ မြန်မာတွေ အရိုက်ခံထိလို့ ဆေးရုံရောက်တာတွေလည်း ရှိတယ်”
“နိုင်ငံရေး ပါတယ်ထင်တယ်ဆရာ”
“နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးတွေနဲ့ ပဋိပက္ခဖြစ်တတ်တာ ရှေးကတည်းကပဲ။ ဒီအတွက် လူကြီးတွေက သတိထားရမယ်။ ဆရာ မန်ချက်စတာမှာ နေတုန်းက မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးအသင်းတို့ မတည့်ဘူး။ သူတို့ကို အားပေးတဲ့ Fan တွေ မတွေ့လိုက်နဲ့ တွေ့ကြရင် ရိုက်ပွဲတွေဖြစ်ကြတယ်”
“ဆိုးတယ်နော်”
“ဆိုးတာပေါ့ကွာ။ အားကစားဆိုတာ ချစ်ကြည်ရင်းနှီးရေးအတွက်။ နိုင်သည်ရှုံးသည် ပဓာနမဟုတ် ယှဉ်ပြိုင်ခြင်းသည် အဓိကလို့ ဆိုတယ်။ နိုင်တယ်ရှုံးတယ်ဆိုတာ တကယ်တော့ သဘာဝပဲ။ အားကစား အတော်များများမှာ Win – Win ဆိုတာ မရှိဘူး။ အားကစားထုံးစံ ရှုံးရှုံးနိုင်နိုင် ပြန်ရင် လက်ဆွဲနှုတ်ဆက်ကြတာပဲ မဟုတ်လား”
“ဟုတ်ကဲ့ဆရာ”
“ဒါပေမဲ့ အားကစားတွေမှာ ညစ်ပတ်တာတွေ များလာတယ်။ အထူးသဖြင့် မင်းစောစောက ပြောသလို နိုင်ငံရေး ပယောဂတွေ ဝင်လာတယ်”
“ကျွန်တော်တို့ ဘယ်လို ကာကွယ်မလဲ”
“ပညာပေါ့ကွ။ ပညာနဲ့ဆို ဘာမဆို ဖြေရှင်းလို့ရတယ်”
ခက်သည်က ပညာတတ်ရန် အင်္ဂလိပ်စာဖြင့်သင်မှ တတ်မည်ဟု ယူဆနေကြသည်။ ထိုအတွက် ကျူရှင်များ တက်နေကြရသည်။ စာကျက်ချိန်များ၍ စာဖတ်ချိန် နည်းနေကြသည်။ မိမိဘာသာစကားနှင့် မဟုတ်သောကြောင့် အတွေးများကို ဖြန့်ထွက်မတွေးနိုင်ပါ။ စာအုပ်များ ဘာသာပြန်ပါ။ ကလေးများကို မြန်မာလိုဖြေခွင့်ပြုပါ။
“ဘာသာပြန်လို့ ဘယ်ဖြစ်မလဲ၊ ဘာသာပြန်ဖို့ ခက်တယ်ကွ” ဆရာမတစ်ဦးက ဆိုသည်။
သူတို့တောင် ဘာသာပြန်ဖို့ ခက်နေလျှင်...၊ ကျောင်းသားများ အခက်အခဲကို ကြည့်ပါ။ ပညာသာလျှင် ဆင်းရဲတွင်းမှ လွတ်ရာလမ်းဖြစ်သည်။ သင်တို့သာ ချမ်းသာပါစေ။ သင်တို့ကို တော်ရုံတန်ရုံ နှိပ်စက်စော်ကားနိုင်မည် မဟုတ်တော့ပါ။ ပညာဉာဏ်ဖြင့် မျိုးချစ်စိတ် ထက်သန်သူဖြစ်ချင်လျှင် စာများဖတ်ပါ။ အတတ်ပညာများကို ဖြန့်ဖြူးနိုင်ရန် ပညာရေးဌာနကလည်း ဘာသာစုံကို မြန်မာလို ရေးနိုင်ဖြေနိုင် ဖတ်နိုင်ရန် ကြိုးစားပေးစေရန် မေတ္တာရပ်ခံလိုပါကြောင်း။