နေ့စဉ်လုပ်နေကျ နိစ္စဓူဝအလုပ်သည် ကျွန်တော့်အတွက် အသားကျ၍နေပါပြီ။ နံနက် ၆ နာရီထိုးသည်နှင့် ကျင့်သားရနေသော မျက်လုံးနှစ်ဖက် အလိုလိုပွင့်ပြီးသားပင်။ မပွင့်၍လည်း မဖြစ်ချေ။ ‘နောက်ကျသည့် ခြေထောက် သစ္စာဖောက်’ ဆိုသကဲ့သို့ ကျွန်တော် အရာရာ နောက်ကျသွားပါလိမ့်မည်။ မွန်းကျပ်လွန်းသည့် အမှောင်နေ့ရက်များကြား အချိန်တစ်မိနစ်ပင် ကျွန်တော့်အတွက် တန်ဖိုးကြီးလှသည်။
အရုဏ်ဦး နံနက်ခင်း အလင်းတံခါးဖွင့် ချိန်ဖြစ်၍သတင်းပို့သံများ အိပ်ဆောင်အသီးသီးမှ ထွက်ပေါ်လာသည်။ တာဝန်ကြပ်မှ အလင်းတံခါးဖွင့် လူစာရင်း ဝင်ရောက်စစ်ဆေးသည်။ တာဝန်မှူးဆီ သတင်းပို့၍ တာဝန်မှူးမှ အလင်းတံခါးဖွင့်ရန် အမိန့်ပေးသည်။ သံချောင်းခေါက်သံများ စည်းချက်ညီညီ ထွက်ပေါ်လာသည်။ အမှောင်နံရံ ပိတ်ကားချပ်ပေါ် ခေတ္တစိတ်သက်သာရမှု။တစ်နည်းအားဖြင့် ထိုသံချောင်းခေါက်သံများသည် လှောင်အိမ်ထဲက ငှက်များအတွက် တစ်ညတာ လွတ်မြောက်မှုပင် ဖြစ်သည်။
အနေကြာသူ လူဟောင်းတစ်ယောက်ဖြစ်လာသောကြောင့် မီးသွယ်တန်းခြင်းနှင့် ရေများ လိုက်လံဖြည့်ရခြင်း ‘ရေ၊မီး’တာ ဝန်ချခြင်းခံရသည်။ ဤနေရာသည် အခြားသော နေရာများထက် အလုပ်ဝန်နည်း၍ သက်သက်သာသာ လုပ်ရသည့် နေရာဖြစ်သည်။ ဝန်ထမ်းလိုင်းခန်းနှင့် ထောင်တွင်းရေကန်များဆီ ရေအချိန်မီ ပြည့်ရန် လိုက်လံဖြည့်ဆည်းရင်း နဖူးမှ စီးကျလာသည့် ချွေးစကို အင်္ကျီလက်ဖြင့် ပွတ်သပ်သုတ်လိုက်မိသည်။ နယ်ကျွံခဲ့သော ခြေလှမ်းများအတွက် နောင်တတရားနှင့်အတူ ကျွန်တော် တန်ပြန်ပေးဆပ်နေရပြီး မဟုတ်ပါလား။ မှားယွင်းမှုများ အချိန်မီ ပြင်ဆင်နိုင်ခြင်းမရှိ၍ အမှောင်နံရံပေါ်ကျွန်တော် လဲလျောင်းအိပ်စက်ခဲ့ရ သည်။
အတိတ်ဆိုသည့် ကန့်လန့်ကာကို ကျွန်တော် ထပ်မဖွင့်ချင်တော့။ သို့သော် နေ့စဉ် ဘ၀ တစ်ကိုယ်ရေမွန်းကျပ်မှုအောက် ကျွန်တော် ထွက်ပေါက်ရချင်သည်။ အသိတရား ဖမ်းဆုပ်မိချိန်တွင် ကျွန်တော့်ခြေလှမ်းများ နယ်ကျွံခဲ့ပြီ။ ကျွန်တော့်ကိုယ်ထည် အစိတ်အပိုင်းထဲ ပြန်နှုတ်၍မရသည့် ဆူးတစ်ချောင်း စိုက်ဝင်ခဲ့။ ငယ်ရွယ်နုနယ်သည့် နှလုံးသားလေးကို ဒဏ်ရာများပေးခဲ့။ ကျွန်တော် လူမဆန်သူတစ်ယောက် ဖြစ်နေပြီလား။ အတ္တ အရမ်းကြီးသူတစ်ယောက် ဖြစ်နေပြီလား။ဆင်ခြင်တုံတရား ပျောက်ရှ အမှောင်ကမ္ဘာထဲ တဝဲ၀ဲလည်ရင်း မိုးခါးရေ နှစ်ကိုယ်တူ မွတ်သိပ်စွာ သောက်ခဲ့ကြသည်။
ဒဏ်ရာအနာတရ ဖြစ်သွားရန် မရည်ရွယ်ခဲ့သော်လည်း ဖန်လာသည့်အကြောင်း တရားများသည် ကျွန်တော့်ဆီ တည့်တည့်တိုးခဲ့။ ဝေဒနာပေးရန် ရည်ရွယ်ခဲ့ရိုးမရှိပါ။ ဝမ်းတစ်ထွာအတွက် ပညာများ သင်ယူရန် ဘဝတက္ကသိုလ် ရောက်ခဲ့ချိန်။ အချိန်မဆိုင်း ဆိုက်ဆိုက်မြိုက်မြိုက် ကျွန်တော့်ထံ တိုးဝင်လာသည့် သမုဒယနှောင်ကြိုး။ ကျွန်တော့် တစ်ကိုယ်လုံး မလှုပ်နိုင်အောင် ပတ်ခွေရစ်ပတ်လျက်။ အတိတ်မေ့သူတစ်ယောက်ပမာ အရာရာကို ကျွန်တော် မေ့တတ်လာခဲ့။ အသစ်ဆန်းဆိုသည့် တစ်ကိုယ်စာအတ္တများ ကျွန်တော့်ကိုယ်ထဲ ဖုံးလွှမ်းခဲ့။ တားဆီးရန် ခက်ခဲသည့် အတိုင်းအတာတစ်ခု အချိန် မဆိုင်းဘဲ ကျွန်တော့်အား ပွတ်တိုက်ခဲ့။
တစ်ဖက်နှင့်တစ်ဖက် လွန်ဆွဲမှုကြား ကျွန်တော် ကိုယ်လွတ်ရုန်း၍ရသည်။ တာဝန်ယူစိတ်မထားဘဲ ထွက်ပြေး၍လည်း ဖြစ်သည်။ ကျွန်တော်သည် လူသားတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် လူသားဆန်သည့် စိတ်ကို ကျွန်တော် မွေးမြူရမည်ဖြစ်သည်။ သူတို့ မျက်နှာကြောင့် ကျွန်တော် ဒူးထောက် အညံ့ခံခဲ့သည်။ ကျွန်တော့်ပြန်အလာကို စောင့်မျှော်နေမည့် ငှက်မြန်လေးများအတွက် ကျွန်တော် လိပ်ပြာသန့်ချင်သည်။ တစ်ဖက်ကို ပြတ်ပြတ်သားသား ကျွန်တော် ရပ်တည်ခဲ့သည်။ နယ်ကျွံခဲ့သော စိတ်သည် ကြိုးတန်းပေါ် လွန်ဆွဲလျက် ကျရှုံးမှုအတွက် ကျွန်တော် ချောက်ချားစ ပြုလာသည်။
အချိန်တန် အိမ်ပြန်မရောက်လာသော လင်ယောကျ်ားအတွက် ပူပင်နေရသည့် ဇနီးသည်တစ်ယောက်၏ သောကမီးများ။ဖခင်၏ယုယမှုကို မျှော်လင့်နေကြသည့် လူမမယ်အရွယ် ကျွန်တော့်ကိုယ်ပွား သွေးသားများ။ တစ်ဖက်တွင်လည်း ဂုဏ်သိက္ခာအတွက် စတေးရတော့မည့် နယ်ကျွံခဲ့သော အိပ်မက်ရိုင်းများ။ ဒွိဟများစွာ ကျွန်တော့်စိတ်ဝိဉာဉ်ကို ရိုက်ခတ်လာသည်။ ကျွန်တော် ပိုမိုတုန် လှုပ်လာသည်။ ချောက်နက်ထဲ ပြုတ်ကျသူ အဖို့ ဆွဲမိဆွဲရာ မြက်တစ်ပင်၏လက်ကျန် မျှော်လင့်ချက်မျိုးပင်။ အပူလှိုင်းများ ကျွန်တော့်ကိုယ်ထဲ တစိမ့်စိမ့် ဒီဂရီတိုးတိုးလာသည်။
မစားသင့်သည့်အသီး ရှောင်ကြဉ်သင့်သော်လည်း ပိုးဖလံပမာ မီးရှိရာသို့ ကျွန်တော် ပို၍တိုးဝင်နေမိသည်။ သောက်လေ ငတ်မပြေ ကျတ်တွင်းရေထဲ ကူးခတ်ရင်း အိမ်ပြန်ချိန်များ ကျွန်တော် မေ့တတ်လာခဲ့သည်။သတိရ တမ်းတစိတ်များ လျော့လာသည်။ မိသားစုအပေါ်ပျက်ကွက်စပြုလာသည်။ အရာရာ ချွတ်ခြုံကျလျက် စိတ်ပျက်စရာခြေလှမ်းများ ဆက်ကာဆက်ကာ လှမ်းနေမိသည်။ မူးယစ်ဆေးစွဲနေသူတစ်ယောက်ပမာ ကျွန် တော့် အသိတရားများ မူးယစ်ထုံထိုင်းနေလျက်။ တစ်ခုခုကို လျစ်လျူပြုပစ်ရလောက်အောင် ကျွန်တော့်နှလုံးသားက မမာနိုင်သေးပါ။ ကျွန်တော် ရုန်းထကြည့်သော်လည်း ဒဏ်ရာအနာတရနှင့် အရောင်စွန်းထင်းသွားသည့် စက္ကူငှက်လေးကို သနားပိုမိပြန်သည်။
နောက်ဆုံး ပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ခု ဒုန်းဒုန်းချလျက် လွတ်မြောက်ရေးနယ်မြေတစ်ခုဆီသို့ သူမနှင့်အတူ ပျံသန်းခဲ့ကြသည်။ သူမ၏ မိသားစုဝင်များ တိုင်တောမှုများဖြင့် လိုက်လံပိတ်ဆို့ ဖမ်းဆီးကြသည်။ မည်သည့်အရောင်မျှ ခြယ်သထားခြင်း မရှိသေးသည့် သူမနှင့် သက္ကရာဇ်အိုအောက် ရုန်းကန်ကူးခတ်နေသူ ကျွန်တော့်အား သဘောမတူသည်မှာ သူတို့အပြစ်တော့ မဟုတ်။ နယ်ကျွံခဲ့သည့် ကိုယ်ကျင့်တရားကို သာ တွေးမိတိုင်း ကျွန်တော်အော်ဂလီဆန်လာသည်။ မိမိကိုယ်မိမိ ယူကျုံးမရ ဖြစ်မိသည်။ အရာရာ အလည်လွန်မိသည့် ကျွန်တော့် အပြစ်သာလျှင်။
လက်ခုပ်သည် နှစ်ဖက်တီးမှ မြည်ရိုးထုံးစံရှိသည်မဟုတ်လား။ အမှောင်လမ်းကို တည့်တည့်တိုးဝင်ခဲ့ခြင်းသည်။ တစ်ကိုယ်ရေ မွန်းကျပ်မှုဆီ ဦးတည်ဖြစ်ပျက်ဖို့ ဖန်လာသည့် အကြောင်းတရားများပင် ဖြစ်သည်။သူမနှင့် ကျွန်တော် ပြဇာတ်ဆန်သည့် ဇာတ်ဝင်တေးတစ်ပုဒ်ကို ချရေးဖြစ်ခဲ့။ လေးညှို့မှပစ်လွှတ်လိုက်သည့် မြားတံပမာ လေထုကို ထိုးခွဲနယ်ကျွံသွားသည့် စိတ်ရိုင်းများ။ အချိန်နှောင်းမှ နောင်တတရားများ သယ်ဆောင်လာသည်။မိုင်တိုင်အမှတ်ပြေးလမ်းပေါ်ကျွန်တော်၏အသိများသည် လင်းတစ်လှည့် မှောင်တစ် ချက်နှင့်။ တရားသူကြီး၏အမိန့်ချသံအဆုံးမှာ မျက်ရည်အရွှဲသားနှင့်ကျွန်တော်၏အိမ်သူသက်ထား ဇနီးမယား။ သူမလက်တွင် ဆွဲထားသည့် လူမမယ်ရွယ် ကျွန်တော့်သွေးသားနှစ်ယောက်။ ကျွန်တော့်မျက်ဝန်းတွင်ဆို့နစ်မျက်ရည်များ တလိမ့်လိမ့်စီးဆင်းနေ သည်။ မှားယွင်းမှုအတွက ်တန်ပြန်ပေးဆပ် ရတော့မည့် ဒဏ်ခတ်မှု ပြစ်ဒဏ်များပင်။
ရုံးထုတ်စစ်ဆေးမှုကာလ ပြီးဆုံး၍ အမိန့်ချပြီးနောက် အချုပ်ခန်းမှတစ်ဆင့် အကျဉ်းထောင်သို့ ကျွန်တော် ပြောင်းရွှေ့ခဲ့ရသည်။ လှောင်အိမ်ထဲ ရှင်သန်ရသည့်ဘ၀ အစတွင် မွန်းကျပ်မှုဒဏ် ခံနိုင်ရည်ရှိအောင် ကျွန်တော် အတော်ကျားကန်ထားခဲ့ရသည်။မိသားစုဘဝကို ပိုမိုတမ်းတလာသည်။ ဆာလောင်မှုဒဏ် အလူးအလဲ ခံစားလာရသည်။အဆိုးဆုံးက အိမ်လွမ်းဝေဒနာပင်။ ပြင်ပလေကို ပိုမိုရှုရှိုက်ချင်လာသည်။ တစ်လတစ်ခါ မရှိမဲ့ရှိမဲ့စုပြီး ထောင်ဝင်စာလာတွေ့သည့် အိမ်သူသက်ထား ဇနီးမယားကို ပိုသနားလာမိသည်။ တစ်ခါတစ်ရံ ထောင်ဝါဒါများ၏ မျက်နှာရိပ်ကဲလည်း ကြည့်ရသေးသည်။အခန့်မသင့်လျှင် အကြောင်းပြချက်အမျိုးမျိုးဖြင့် အနိုင်ကျင့် အကျပ်ခံရသေး။ အထီးကျန် နေ့ရက်များစွာဖြင့် အိပ်ပျက်ညများခဲ့သည်။နေ့စဉ် ပုံသေကားချပ်အောက်မှ တစ်ကိုယ်ရေ မွန်းကျပ်မှုများ။ နှောင်းနောင်တနှင့်အတူ တန်ပြန်ပေးဆပ်နေရသည့် လူ့လောကငရဲ။
ရက်မှ လသို့တိုက်စား ရာသီခွင်တစ်ခု ပြောင်းခဲ့။ ပိုက်ဆံပေးကမ်းမှု မရှိ၍ အကျဉ်းထောင်မှ ရဲဘက်စခန်းထုတ်၍ကျွန်တော်ပါလာပြန်လာသည်။ အကျဉ်းထောင်တွင် မွန်းကျပ်ခဲ့သမျှ ရဲဘက်စခန်းတွင် လွတ်လပ်မှု အနည်းငယ်ရလာသည်။ အလုပ်ပင်ပန်းမှု ဒဏ်ရှိသော်လည်း အကျဉ်းထောင်ကဲ့သို့ ချုပ်ချယ်မှုသိပ်မရှိ။ တစ်လတစ်ခါ ဧည့်တွေ့ (ညအိပ်ခွင့်) သုံးရက်ရသည်။ ရိုးသားကြိုးစား သူများအတွက်လည်း အလေးထား နေရာပေးသည်။ေ ဆးဝါးကုသမှုလည်း လုံလောက်စွာရသည်။ ရေလည်း ဝလင်စွာ ချိုးရသည်။အစားအသောက်လည်း အဝစားပင်။ စိတ်ကောင်းရှိသည့် အုပ်ချုပ်သူထောင်ပိုင်များ နှင့်ဆုံလျှင် ပို၍အနေအစားချောင်သည်။ အသားဟင်းလည်း အကျဉ်းထောင်ထက်ပင် ပို၍ စားရသည်။ လူသစ်အဖြစ် စရောက်ချိန် အလုပ်ကြမ်းနေရာတွင် လုပ်ခဲ့ရသော်လည်း တဖြည်းဖြည်း ကြိုးစားလာမှုကြောင့်ကျွန်တော် နေရာကောင်းတစ်ခု ရလာသည်။
အစိုးရသစ်တစ်ရပ် အာဏာလွှဲပြောင်းသွားတိုင်း လွတ်ငြိမ်းချမ်းသာခွင့် (နိုင်ငံတော်) လာသည်။ ကျနှစ် ပြစ်ဒဏ်နည်းသူများ လွတ်မြောက်၍ကျန်ရှိသူများ ပြစ်ဒဏ်လျော့ပေါ့ မှု ခံစားခွင့်ရကြသည်။ သံသရာ တစ်ပတ် လည် လွတ်ငြိမ်းချမ်းသာခွင့်ရောက်၍ဘဝတူ သူငယ်ချင်းအများအပြား လွတ်မြောက်သွား ကြသည်။အနေကြာသူ ကျွန်တော်လည်း ပြစ်ဒဏ်လျှော့ပေါ့လာ၍အကျဉ်းထောင် ရဲ ဘက်စခန်းအတွင်း ‘ရေ၊ မီး’ ပြောင်းလဲ တာဝန်ချခြင်း ခံရပြန်သည်။ တစ်ကိုယ်ရေ မွန်းကျပ်မှုများ အနည်းငယ် လျော့ပါးလာသော်လည်း ပြင်ပလောကနှင့် မည်သည့်နည်းနှင့်မျှ မတူနိုင်သေးပါ။
‘‘အလွှာစုံ၊ လူမျိုးစုံ၊ စရိုက်စုံကြား’’ နိစ္စ ဓူဝတွေ့မြင်နေရသည့် မွန်းကျပ်မှုများ။ ဘဝတူအချင်းချင်းကြား ကတုံးပေါ်ထိပ်ကွက် အနိုင်ကျင့်မှုများ။ လူမဆန်စွာ သတ်ဖြတ်ပြီး ထောင်ထဲရောက်လာသည့် ရာဇဝင်လူဆိုး ကြီးများ။ ထောင်ကို အိမ်ဦးနှင့်ကြမ်းပြင် မှတ်ယူနေသည့် သူခိုးဂျပိုးများ။ စိတ်အမှောင်ဖုံး တဒင်္ဂဒေါသအတွက် ပေးဆပ်လိုက်ရသည့် အမှားများ။ ကိလေသာနောက် စိတ်အမှောင်ဖုံးခဲ့ရသည့် လူမဆန်သူ ကျွန်တော်ကဲ့သို့ သော မုဒိမ်းကောင်များ။ ကျွန်တော့်ကိုယ်ကျွန်တော် မသတီဖြစ်လာသည်။ လူဘုံအလယ် ကျွန်တော့်ကြောင့် မိသားစု မျက်နှာငယ်ခဲ့ ရသည်။ ဂုဏ်ဒြပ်ညှိုးနွမ်းခဲ့ရသည်။ နှောင်း နောင်တတစ်ခုနှင့်အတူ တစ်ကိုယ်ရေ မွန်းကျပ်မှုဒဏ်မှ မိသားစုအတွက် ကျွန်တော် ပြန်လည်ရုန်းထရတော့မည် ဖြစ်သည်။
တဖြည်းဖြည်းနှင့် ကျွန်တော် လွတ်ပေါက်(လွတ်ရက်)နီးလာသည်။ ဆရာ တပည့်လိုနေသော ဆေးမှူးလေးအား ကျွန်တော့်၏ တစ်ကိုယ်ရေမွန်းကျပ်မှုများအကြောင်း အနည်းငယ် ဖွင့်ဟခွင့်ရ၍ ခဏတာစိတ်ထွက်ပေါက်ရသွားသည်။ မကြာမီ ကျွန်တော်သည်လည်း ပေးဆပ်မှုပြစ်ဒဏ် ပြည့်မြောက်၍ ပြင်ပလောကထဲ ပြန်လည်စီးမျောခွင့်ရတော့မည်ဖြစ်သည်။ နယ်ကျွံခဲ့သည့် ခြေလှမ်းများအတွက် ပေးဆပ်မှုကြီးခဲ့ပါသည်။နောင်တတရားနှင့်အတူ နဖူးမှ စီးကျလာသည့်ချွေးကို အင်္ကျီလက်ဖြင့် ပွတ်သုတ်ပြီး ထိုင်ရာမှ ကျွန်တော် ထလိုက်သည်။ ဖွင့်အန် ထုတ်လိုက်ရ၍လေးလံနေသည့် ကျွန်တော့်စိတ်များ အနည်းငယ် သက်သာရာရကာ ပေါ့ပါးသွားသလိုပင်။ မကြာမီ မိသားစုဆီ ပြန်လည်ဆုံတွေ့ရတော့မည့်အရေး မျှော် တွေးလျှက် တိတ်တိတ်ကလေး ကျွန်တော် ပျော်ရွှင်နေမိသည်။ နေမင်းကြီးကလည်း အနောက်ဘက် ဂေါယာကျွန်းသို့ ဦးတိုက်လျှက် မကြာမီ နေဝင်တော့မည် ဖြစ်သည်။ နောက်တန်းမှူးမှ အလင်းပိတ်ချိန်အတွက် လိုအပ်သည်များ အချိန်မီ သတင်းပို့ရန် လိုက်လံ စစ်ဆေးနေသည်။ ‘‘တန်းပိတ်မယ်ဟေ့’’ အ လင်းတံခါး ပိတ်ရန်အတွက် တာဝန်ကြပ်မှ သတိပေး အော်ပြောသံကြားလိုက်ရသည်။။