သုံးဘီးဆိုက်တွဲကြီး မောင်းလာသည့် ပိစိကို ကျွန်တော်ချက်ချင်း မမှတ်မိ။ ကျွန်တော် သိကျွမ်းခင်မင်သူများထဲက တစ်ယောက်ယောက်နှင့် တူသည်ဟုတော့ စိတ်ကထင်မိသည်။ သုံးဘီးပေါ်မှ သံချောင်းများ၊ ရေတံလျှောက်များ၊ သွပ်ပြားများ ချနေသည့် ပိစိကို ကြည့်ရင်းကြည့်ရင်းနှင့်မှ “ဒါ ပိစိပဲ” ဟု ငယ်ရုပ်ကို ပြေးမြင်မိသည်။
“ဟေ့ရောင် ပိစိ၊ မင်းပိစိမဟုတ်လား” ဟု ကျွန်တော် မေးတော့ ပိစိသည် မထုံတက်တေးမျက်နှာဖြင့် ကျွန်တော့်ကို ကြည့်သည်။ထို့နောက် တဖြည်းဖြည်း ပြုံးလာ၏။ “ဟာ ဦးရုပ်ဆိုး” “အေး ဟုတ်တယ်။ လာကွာ ပိစိ လက်ဖက်ရည်သောက်” ။ ပိစိက ကျွန်တော့် ဝိုင်းကို ဝင်ထိုင်သည်။ “ဦးရုပ်ဆိုးက ပျောက်လှချည်လား ဘယ်တွေ ရောက်နေတာလဲ” ဟု မေးသည်။ “ငါက မပျောက်ပါဘူးကွာ ရှိပါတယ်။ မင်းသာ ဘယ်ရောက်သွားမှန်း မသိတာပါ” ဟု ဆိုတော့ ရယ်စရာလည်း မပါပါဘဲ ပိစိက ပြုံးပြုံးကြီး လုပ်နေသည်။
လွန်ခဲ့သည့် ခုနစ်နှစ်၊ ရှစ်နှစ်လောက်က ပိစိသည် အသက် ၁၁ နှစ်၊ ၁၂ နှစ်သားဖြစ်၍ ယခုအခါ အသက် ၂၀ ခန့်ရှိပြီ။ ထိုစဉ်က ပိစိသည် ကျွန်တော် ထိုင်နေကျ လက်ဖက်ရည်ဆိုင်ကလေးမှ စားပွဲထိုးကလေး။ ဆိုင်တွင် ရှိသမျှကလေးများထဲ သူအငယ်ဆုံး မဟုတ်သော်လည်း သူကအသေးဆုံး၊ အညှက်ဆုံးမို့ ကျွန်တော်တို့က ပိစိဟုသာ ခေါ်ကြသည်။ သူက သိပ်မကြိုက်။ “ကျွန်တော့်နာမည် ရှိတယ်ဗျ” ဟုဆိုကာ သူ့နာမည်ကို ပြောပြသည်။ ကျွန်တော် မမှတ်မိပါ။ ယခုလည်း မမှတ်မိ။ ပိစိဟုသာ အမြဲခေါ်သည်။ “မင်းက သေးသေးညှက်ညှက် ပိစိကလေးမို့ ပိစိလို့ ချစ်စနိုးနဲ့ခေါ်တာပါကွာ” ဟုဆိုတော့ သူက “အဲဒါဆို ဦးလေးကိုလည်း ရုပ်ဆိုးလို့ ဦးရုပ်ဆိုးလို့ခေါ်ရင် ကြိုက်မလားဟု” ခွန်းတုံ့ပြန်သည်။ ကျွန်တော်လည်း ပြုံးပြုံးနှင့်ပင် “ခေါ်ပေါ့ကွာ” ဟု ပြောလိုက်သည်။
ပိစိက လေးတန်းအောင်ပြီး ငါးတန်းမတက်ရတော့ဘဲ ကျောင်းထွက်ရသည်။ သို့သော် လက်ဖက်ရည်စားပွဲဝိုင်းပေါ်က လက်ဖက်ရည်ဘယ်နှခွက်၊ စမူဆာဘယ်နှခု၊ ဆေးလိပ်ဘယ်နှပွဲ စသဖြင့်တွက်ချက်ရာတွင် ကျောင်းနေစာသင်နေသည့် ကလေးငယ်များထက် ညံ့မည်မဟုတ်။ ပိစိသည် တစ်နေ့တစ်နေ့ ထိုလက်ဖက်ရည်ဆိုင်ထဲတွင် တောင်ဘက်ဆုံးဝိုင်းမှ မြောက်ဘက်ဆုံးဝိုင်း၊ ထိုမှ အလယ်ဝိုင်း၊ အစွန်ဝိုင်း စသဖြင့် စားပွဲဝိုင်းများကြားတွင် ပြေးလွှားနေရရာ သူ၏တစ် နေ့ခရီး မိုင်နှုန်းမည်မျှရှိမည်ကို ကျွန်တော် မခန့်မှန်းတတ်။ ထို့ပြင် ပိစိက ဖင်ပေါ့သည်ဆိုသော ကလေးမျိုး။
အချို့စားပွဲထိုးကလေးများမှာ တစ်နေကုန်တစ်နေခန်း ပင်ပန်းရသည်က တစ်ကြောင်း၊ နံနက်ခင်း အဆိုင်းကျသည့် နေ့ဆိုလျှင်လည်း နံနက်အစောထရသည်ကြောင့် အိပ်ရေးပျက်ရသည်ကလည်း တစ်သွယ်ဖြစ်၍ တော်ရုံတန်ရုံ ဝိုင်းများက ခေါ်လျှင်မသွာချင်တော့ မကြားချင်ယောင်ဆောင်ကြသည်။ ကလေးများကိုလည်း အပြစ်မဆိုသာ ကလေးအရွယ်ဆိုသည်မှာ ကလေးအဖြစ်သာ ရှင်သန်ဖို့ကောင်းသည် မဟုတ်လား။ လာရောက်စားသုံးသူများကလည်း သည်းမခံချင်ကြ။ “မင်း ငါခေါ်နေတာ မကြားဘူးလား” အနည်းဆုံးတော့ ငေါက်ကြသည်။ အချို့ဆိုလျှင် မညှာမတာ လက်ကပါချင်ကြသေးသည်။ စနစ်ကို စဉ်းစားကြဖို့ ကောင်းပါသည်။
ပိစိကတော့ ထိုကလေးများထဲတွင်မပါ။ ပိစိကိုကြည့်လိုက်လျှင် အမြဲသွက်လက်နေသည်။ အမြဲပြုံးရွှင်နေသည်။ တစ်ခါတလေ ကျွန်တော်နှင့် ထိုင်။ ကျွန်တော်က တောင်စ မြောက်စသူ့ကို ရယ်စရာများ ပြောနေချိန်တွင်လည်း သူ့နားက အမြဲစွင့်နေသည်။ ဘယ်အချိန် ဘယ်ဝိုင်းက “ပျုပျု” ခေါ်လိုက်မလဲ။ ကြားသည်နှင့် လှစ်ခနဲပြေးထွက်သွားသည်။ ထိုဆိုင်သို့ လက်ဖက်ရည်ဆိုင် ထိုင်ကြသူတိုင်းက ပိစိကိုတော့ ချစ်ကြသည်။ လက်ဖက်ရည်ဆိုင်ပိုင်ရှင်များသည် ထိုသို့သော ကလေးများဆိုလျှင် သိပ်သဘောကျသည်။ သိပ်သဘောကျတယ်ဆိုတာ ပိုက်ဆံမှ ပိုမပေးရပဲကိုး။ ပိစိသည်သူ၏ တစ်နေကုန်လုပ်အားခအတွက် ပိုက်ဆံ ကျပ် ၁၅၀၀ နှင့် ဆိုင်ရှင်အဘိုးကြီး၊ အဘွားကြီးတို့၏ နားဘန်ကျင်းခြင်း၊ ခေါင်းခေါက်ခြင်းကိုလည်း တစ်နေ့လေးငါးကြိမ်မက ခံယူရလေ့ရှိသည်။
တစ်ရက်တုန်းကများဆိုလျှင် ကျွန်တော်တို့အရွယ်ရှိသော မုန့်ဆရာသည် သူ၏မိန်းမနှင့် ပြဿနာတက်လာသည်လား မပြောတတ်။ ဆိုင်ရှင်နှင့်ကလည်း မပြေလည်။ သို့သော် ဆိုင်ရှင်ကိုတော့ ဘာမှမပြောသာ။သူ၏ စိတ်အချဉ်ပေါက်မှုသည် မဆီမဆိုင် ပိစိကလေးအပေါ်သို့ ကျရောက်လေတော့သည်။ ဘာအကြောင်းကိစ္စနှင့်မှန်း မသိ၊ ပိစိ၏ခေါင်းကို ထိုမုန့်ဆရာက လက်သီးနှင့် ထိုးချလိုက်ရာ ‘ထုံ’ ခနဲအသံသည် ပေ ၂၀ အကွာလောက်က ဝိုင်းတွင် ထိုင်နေသော ကျွန်တော်တို့ပါ ကြားလိုက်ရသည်။ ပိစိသည် သူ့ကို ထိုးလိုက်သော မုန့်ဆရာကို မျက်လုံးဝိုင်းကြီးဖြင့် ကြည့်နေသည့် မြင်ကွင်းကို ယနေ့အချိန်အထိ ကျွန်တော်မမေ့။ ကျွန်တော် သည်လည်း စိတ်ကထောင်းခနဲ ဖြစ်သွားသည်။ ထိုမုန့်ဆရာကို စိန်ခေါ်ပြီး ထိုးကြိတ် ရမလားအထိ ကျွန်တော် စဉ်းစားခဲ့သေးသည်။ သို့သော် ကျွန်တော် ဘာမှမလုပ်ခဲ့ပါ။သို့သော် ကျွန်တော် မမေ့။
ပိစိသည် ထိုမုန့်ဆရာရှိနေသေးသည့် တစ်နံနက်ခင်းလုံး မျက်ရည်မကျ မငို။ မုန့်ဆရာ အချိန်ပြီး၍ပြန်သွားသည့် အချိန်ကျမှ တမာပင်နံဘေး တရှုံ့ရှုံ့နှင့် ငိုနေသည်ကို ကျွန်တော်မြင်ခဲ့ရသည်။ ကျွန်တော်သည် ထိုနေ့တစ်နေ့လုံး တွေဝေနေခဲ့သည်။ ပိစိတို့ ဘဝ၏အဓိပ္ပာယ်က ဘာလဲ။ ထိုအချိန်က ကျွန်တော်သည် အိမ်ထောင်မကျသေး။ သားသမီးမရှိသေး၍ သားသမီးချင်းကိုယ်ချင်းစာစိတ်ကို မတွေးမိ။ နိမ့်ကျသည့် လူနေမှုအခြေ အနေမျှလောက်သာ ကျွန်တော် တွေးမိသည်။ ပိစိ၏ငိုသံသည် ကျွန်တော့်စိတ်ထဲတွင် ယနေ့အထိ နက်ရှိုင်းစွာ စူးဝင်နေဆဲ။
ပိစိသည် လူကသာ ၁၁ နှစ်၊ အကိုကြီး အဖရာလည်း ဖြစ်သည်။ သူ့အောက်တွင် ငါးနှစ်၊ ခြောက်နှစ်အရွယ်ရှိမည်ဖြစ်သော ညီမလေးတစ်ဦးနှင့် လေးနှစ်အရွယ်လောက်သာ ရှိမည်ဖြစ်သော ညီလေးတစ်ဦးကလည်း ရှိသေးသည်။ ထိုကလေးနှစ်ဦးသည် နံနက် ၁၁ နာရီလောက်ဆိုလျှင်ရွာမှ နှစ်မိုင်သာသာ ခြေလျင်ခရီးဖြင့်လာ၍ သူတို့၏ အကိုကြီး ပိစိအတွက် ထမင်းချိုင့် လာပို့လေ့ရှိ၏။ ထိုကလေးများကို ယင်းကဲ့သို့ ခိုင်းရအောင် ပိစိအဖေနှင့် ပိစိအမေတို့ ဘာလုပ်နေကြသလဲ။ ပိစိအဖေသည် ကျောက်ဆည် - မန္တလေး ကားစပယ်ယာလိုက်သည်။ ပိစိအမေကား အိမ်တကာလှည့်၍ အဝတ်လျှော်သည်။ ထိုသို့ အဖေနှင့် အမေနောက် ပိစိတို့ တက်ညီလက်ညီ စုပေါင်းရုန်းကြသောအခါ ပိစိတို့ မိသားစု၏ ဝင်ငွေကား တစ်နေ့လုပ်လျှင် တစ်ရက်တိတိ စား၍ရလောက်အောင်ပင် ကြမ်းလှသည်။
ဤသို့ဖြင့် မသာယာ မဖြောင့်ဖြူးသော ပိစိတို့မိသားစု၏ ဘဝလမ်းကလေးသည် တစ်နေ့တွင် ပို၍မသာယာမဖြောင့်ဖြူးသော အဖြစ်ကို ဆိုက်ရောက်ခဲ့ရပြန်သည်။ တစ်နေ့တွင် ပိစိ ပြေးလွှားဗျာများနေသော လက်ဖက်ရည်ဆိုင်ကလေးအတွင်းသို့ ခပ်နွမ်းနွမ်း အမျိုးသမီးတစ်ယောက် ရောက်လာသည်။ ထိုမိန်းမအား ဆိုင်ရှင်အဘွားအိုက မျက်မှန်အပေါ်ကကြည့်ကာ ပိစိအား “ပိစိဟိုရှေ့က မိန်းမကို ဆိုင်ထဲဝင်မတောင်းဖို့ သွားပြောစမ်း” ဟု ခိုင်းလေရာ ပိစိလည်း လက်ညှိုးညွှန်ရာ ကြည့်လေရာ သူ၏ မွေးသမိခင်ကျေးဇူးရှင် အမေကို သူတောင်းစားမနှင့် မှားနေသော ဆိုင်ရှင်အဘွားအိုအား ငြိုငြင်မိလျက် “အဲဒါ ကျွန်တော့်အမေပါဗျ” ဟု ခပ်အောင့်အောင့်ဖြင့် ဆိုမိလေသည်။
ပိစိ၏အမေသည် ဆိုင်ရှင်အဘွားအိုရှိရာသို့ တန်းတန်းမတ်မတ် ဝင်လာသည်။ ထို့နောက် သူ၏သားကြီးသြရသ ပိစိကလေး၏ခေါင်းကို ရင်ခွင်ထဲထည့်ရင်း အဘွားအိုအား သူမ၏ယောကျ်ား ပိစိ၏ဖခင်မှာ မူးမူးနှင့် ကားလိုက်ရာ ကားပေါ်မှ နောက်ပြန်ပြုတ်ကျ၍ ဆေးရုံတင်ထားရသည့်အကြောင်း (အမှန်က ပွဲချင်းပြီး သေဆုံးခြင်းဖြစ်လေသည်) ပိစိကလေးကို ခဏခေါ်သွားဦးမည့် အကြောင်းခွင့်ပန်လေသည်။ ဆိုင်ရှင်အဘွားအိုမှာ မည်သို့ ကရုဏာစကားကိုမှမဆို ဆိတ်ဆိတ်သာနေ၍ ခေါင်းတစ်ချက်ညိတ် စိတ်မကောင်းဟန်ပြကာ ပိစိအား ခေါ်သွားခွင့်ပြုလေသည်။ ထို့နောက်မှ ကြီးစွာသော ကိုယ်ချင်းစာမေတ္တာတရားက တန်ခိုးပြသည့်နှယ် ပိစိလုပ်အားခအတွက် ကြိုထုတ်တစ်ထောင်တန်ကလေး ၁၀ ရွက်ကို ထုတ်၍စွန့်ကြဲလေသည်။ ပိစိတို့သားအမိကား ဆိုင်အတွင်းမှ ထွက်ခွာရာတွင် ငိုသံတိုးတိုးမှတစ်ပါး အလွန်တရာ တိတ်ဆိတ်စွာ ထွက်ခွာသွားကြ၏။
ထိုနေ့မှစ၍ ပိစိကို ကျွန်တော်နောက်ထပ် မမြင်ရတော့ပါ။ အစောပိုင်းကာလများတွင်တော့ ပိစိတစ်ယောက်၊ ပိစိမိသားစု ဘယ်တွေရောက်၊ ဘာတွေများလုပ်နေကြ မလဲဟူ၍ တွေးတောသနားနေမိသေးသည်။ သို့သော် ကြာကြာမစဉ်းစားနိုင်ပါ။ ခေတ်ကြီးက ကျွန်တော်တို့ကို အခြားသူတစ်ယောက် အကြောင်းကြာကြာ စဉ်းစားခွင့်မပေး။ လူဆိုသည်မှာလည်း ကိုယ့်လောကဓံနှင့် ကိုယ်ပင်။ နှစ်အနည်းငယ်ကြာတော့ မေ့ပျောက်သွားတော့သည်။ ပိစိကလေးမှာ ကျွန်တော့် ခေါင်းထဲတွင် ပိစိကလေးလောက်သာ ရှိတော့မည်ထင်သည်။
ကျွန်တော်သည် ကျွန်တော့်ရှေ့တွင် ထိုင်ရင်း စီးကရက်ဖွာနေသော ပိစိကိုကြည့်ရင်း ထိုအတိတ်ကာလကို တွေးကြည့်နေမိသည်။ ဟိုတုန်းက ပိစိနှင့် ယနေ့ပိစိ ဘာတွေကွာခြားသွားပြီလဲဟု နှိုင်းဆနေမိသည်။ ခုနစ်နှစ်၊ ရှစ်နှစ်အတွင်း သိသိသာသာ ပြောင်းလဲသွားသည်ကား တစ်ခုတော့ရှိသည်။ တစ်ချိန်က ပိစိကလေး၏ခေါင်းကို ထုံခနဲမြည် အောင်ထိုးခဲ့သော မုန့်ဆရာသည် ယနေ့ အချိန်တွင် ပိစိကိုထိုသို့ တစ်ကြိမ်ထပ်၍ ထိုးကြိတ်ခဲ့ပါက ထိုမုန့်ဆရာကို ဗိုင်းခနဲလဲကျသွားအောင် ပြန်လည်ထိုးကြိတ်နိုင်လောက်သော လက်မောင်းကြီးများ၊ ကြမ်းတမ်းခက် ထရော်နေသော လက်သီးကြီးများ ပိစိတွင် ရှိနေပြီဖြစ်၏။
အဖေဆုံး၍ ထိုလက်ဖက်ရည်ဆိုင်မှ ထွက်ပြီးသည့်နောက် သူ့အမေကို သူတောင်းစားနှင့်မှားသော အဘွားကြီးထံသို့ သူပြန်မလာချင်တော့ကြောင်း၊ ထို့ကြောင့်သည့် ပြင်အလုပ်မျိုးစုံ လုပ်ခဲ့ရကြောင်း၊ အကြာဆုံး လုပ်ခဲ့ရသည်မှာ အမှုန့်ကြိတ်စက်တွင် ဖြစ်ကြောင်း ပိစိက ကျွန်တော်နှင့် သူမတွေ့ရသည့်ကာလအတွင်း သူလုပ်ခဲ့သည့် အလုပ်များကို သူ့ညာဉ်အတိုင်း ပြုံးပြုံးကလေးနှင့် ပြောပြနေသည်။ အမှုန့်ကြိတ်စက်တွင် အလွန်ပင်ပန်းကြောင်း၊ အိတ်မျိုးစုံထမ်းရ၊ ချရကြောင်း၊ မီးမလာသည့်အချိန်များတွင် လူအားဖြင့် ကြိတ်ရလွန်း၍ သူ့ဗလကြီး ဒီလိုတောင့်နေရကြောင်းပင် ပါသေးသည်။ ပိစိ၏ချစ်မွေးသည် အလုပ်ကြမ်းများ မည်မျှလုပ်ခဲ့လုပ်ခဲ့ ကျွတ်မသွားသေး။ ပိစိသည် ချစ်ဖို့ကောင်းတုန်းပင်။ သို့သော် အရင်ကလို မျက်နှာကလေးက ကရုဏာသက်စရာလေးဆိုသည့် အရိပ်မရှိတော့။ လောကကို နောက်နှစ်ပေါင်းများစွာ ခပ်ကြမ်းကြမ်းရင်ဆိုင် ဦးမည့် ယောကျ်ားကြီးတစ်ယောက်၏ မျက်နှာဖြစ်နေပြီ။
ပိစိက သူ့မျက်နှာကို ငေးကြည့်နေသော ကျွန်တော့်မျက်နှာကို သေချာကြည့်ကာ “ဦး ရုပ်ဆိုးက ဆံပင်အရှည်နဲ့လိုက်တယ်ဗျ ဟဲဟဲ” ဟု ရယ်မောနေလိုက်သေးသည်။ ပြီးတော့ “ဦးရုပ်ဆိုးနဲ့ ပြန်တွေ့ရတာ ဝမ်းလည်းသာပါတယ်။ ဒါပေမဲ့ တစ်မျိုးကြီးပဲဗျာ” ဟု ဆက်ပြောသေးသည်။ ကျွန်တော်က “ဒါနဲ့ အခု မင်းအမေရော ကျန်းမာရဲ့လား၊ မင်းညီမလေး ညီလေးတွေရော ဘာလုပ်နေကြလဲ” ဟု မေးသည်။ “အမေက နေကောင်းပါတယ်။ အခုအထိ အဝတ်လျှော်နေတုန်း” ဆိုပြီး ပိစိက ဆက်မပြော။ ငြိမ်သက်သွားသည်။ ကျွန်တော် ဆက်မမေးလိုတော့။
ထို့နောက် ပိစိက အချိန်အကြာကြီး ထိုင်မရ ဆိုင်ရှင်က ဆူနေမည်စိုး၍ သူပြန်တော့မည်ဖြစ်ကြောင်း နှုတ်ဆက်သည်။ ထို့နောက်ပိစိသည် သုံးဘီးဆိုက်တွဲကြီး နင်းလျက်အလုပ်သို့ ပြန်သွားလေတော့၏။ ကျွန်တော်သည် ပိစိ၏ကျောပြင်ကိုကြည့်ရင်း အမျိုးအမည်မသိသည့် ခံစားမှုတစ်မျိုးကို ခံစားနေရသည်။ ထိုအမျိုးအမည်မသိသည့် ခံစားမှုဝေဒနာများကို ကျွန်တော် မခံစားချင်။ သို့သော် ကျွန်တော်တို့ မျိုးဆက်သည် အမျိုးအမည်မသိသည့် ခံစားမှုဝေဒနာများဖြင့်သာ ကြီးပြင်းခဲ့ကြရသူများ မဟုတ်လား။