လရောင်ရွှန်းလဲ့လဲ့အောက်က ပင်လယ်ပြင်ကြီးသည် အထီးကျန်သင်္ဘောသား ကိုဝင်းဇော်ကို သနားစဖွယ် လှမ်းကြည့်နေ၏။ သင်္ဘောဦးကို ရိုက်ခတ်လာသည့် လှိုင်းသံများက အနာဂတ်ကို ရင်မဆိုင်လိုတော့သူ အထီးကျန် သင်္ဘောသားလေးအတွက် ဖြေဆည်စရာ တေးသံသာ ဖြစ်မလာခဲ့။ တစစ်စစ် ကိုက်ခဲနာကျင်နေသာ နှလုံးသားတစ်စုံဖြင့် စည်းချက်နရီ မညီတော့သော ဘဝရည်မှန်းချက်များက သူ့ဘဝကို မျှော်လင့်ချက် မဲ့စေခဲ့ပြီ။
ကမ္ဘာ့ပင်လယ် ရေစီးကြောင်းထဲတွင် စုန်ချည်ဆန်ချည် အလုပ်လုပ်နေရခြင်း ရည်ရွယ်ချက်က ကျေးလက်က မိဘများကို တစ်ဖက်တစ်လမ်းမှ ထောက်ပံ့နိုင်ရန်နှင့် အသည်းအသက်သမျှ ချစ်ရသူ ပန်းဝတ်ရည်လေးနှင့် ဘဝခရီးကို ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ရန်ပင်ဖြစ်၏။ သို့သော် ထိုမျှော်လင့်ချက် အလင်းတန်းများက သူ့အတွက် လျှပ်စစ်လွှတ်ထားသော သံဆူးကြိုးတန်းအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။
စိတ်ထွက်ပေါက်ဆို၍ သူ့အတွက် Facebook သာ အဓိကဖြစ်၏။ Facebook တွင် သူငယ်ချင်းများနှင့် ဆုံရသည်။ ချစ်သူနှင့် စကားပြောရသည်။ မသိသင့်သည်ရော၊ သိသင့်သည်ပါ အကုန်လုံး သိ၍ရသည်။ မှန်သည်လည်း ပါသည်။ မမှန်သည်လည်း ပါသည်။ သို့သော် ထို Facebook ကား ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ရယ်ရွှင်မှု၊ ထိတ်လန့်မှုစသည့် ရသမျိုးစုံကို ပေးသည်။ ထို Facebook စာမျက်နှာမှတစ်ဆင့်ပင်လျှင် သူ့နှလုံးသားကို ကုစား၍ မရနိုင်အောင် ဒုက္ခဝေဒနာကို သယ်ဆောင်လာပေးခဲ့ကြသည်။
“ကိုကြီးကို သမီးတစ်စက်ကလေးမှ မေ့မရပါဘူးကွယ်။ သိပ်ချစ်တယ်သိလား” ဟူသော အချိုမြိန်ဆုံး သံစဉ်စကားလေးကို ပြောဆိုတတ်သော သူ့ချစ်သူ၏ နှုတ်ခမ်းများကား ယခုအခါ သံရည်ပူ လောင်းထားသော ဓားသွားများအဖြစ် ပြောင်းလဲသွားကြပြီ။ အထက်တန်းကျောင်းသား ဘဝကတည်းက ချစ်လာခဲ့ကြသည့် ချစ်သူ နှင်းဝတ်မှုံ။ ၁၀ တန်းအောင်ပြီးနောက် သူမက စီးပွားရေး တက္ကသိုလ်ကို တက်ခဲ့ပြီးသူက နည်းပညာ ကောလိပ်ကို တက်ခဲ့သည်။
ခေတ်ကာလနှင့် ဘဝ၏လိုအင်အရ ကျောင်းတက်နေခြင်းထက် လက်ငင်းပိုက်ဆံ ရရန်အတွက်က ပိုအရေးကြီးလာသည် မဟုတ်လော။ ရွာမှမိဘများမှာလည်းသူ့ကို ကျောင်းပြီးအောင်ထားနိုင်ဖို့အရေး ခက်ခဲလာ၏။ ရာသီဥတု ဖောက်ပြန်သည်က တစ်ကြောင်း။ ဆန်ဈေး၊ စပါးဈေးက ကျသည်ကတစ်ကြောင်း။ အဆိုးဆုံးက တောသူတောင်သားများက လယ်ယာလုပ်ငန်းကို စိတ်မဝင်စားကြတော့ဘဲ နိုင်ငံရပ်ခြား တိုင်းတစ်ပါးကိုထွက်ကာ အလုပ်လုပ်ကိုင်လာကြခြင်းတို့ကြောင့် လယ်ယာလုပ်ငန်းထိုးကျလာသည်။ သူ၏မိဘများမှာလည်း အသက်အရွယ်ကြီးနေကြပြီ။ နိုင်ငံခြားသွားပြီး အလုပ်လုပ်ရန်ဟူသည် မဖြစ်နိုင်တော့ချေ။ ပြီးသူ့အောက်မှ ညီအငယ်သုံးယောက်စလုံးကလည်း ၁၀ တန်းတွင် အမှတ်ကောင်းကြသဖြင့် နည်းပညာကောလိပ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့တွင် ပညာသင်နေကြသည်။
ထို့ကြောင့် သူသည် ကျောင်းဆက်မတက်တော့ဘဲ သင်္ဘောသားလုပ်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ မိဘများကိုလည်း သင်္ဘောသားဖြစ်လျှင် မိသားစုပြဿနာ အားလုံးကို ဖြေရှင်းပေးမည်ဟု ကတိပေးထားသည်။ အထူးသဖြင့် အမေက အကြီးဆုံး သားဖြစ်သည့် သူ့ကိုယုံသည်။ ရှိသမျှ ပုံပေးသည်။ ယခုတော့ လယ်ဧက ၃၀ ခန့်လည်းပြောင်ပြီ။ အားကောင်းမောင်းသန် ခိုင်းနွားကြီး ၁၀ ကောင်လောက်လည်း တစ်ကောင်မှ အဖေ့လက်ထဲတွင် မရှိတော့။ သည်ကြားထဲ သင်္ဘောသားလောကတွင် ကြုံရတတ်သော အလိမ်ခံထိခြင်း နှစ်ကြိမ်လောက်ကို ခံလိုက်ရသေးသည်။ နောက်ဆုံးတစ်ခေါက်တွင်သာ ကံကောင်းထောက်မ၍ သင်္ဘော ပေါ်တက်ခဲ့ရခြင်းဖြစ်၏။
သင်္ဘောပေါ်တက်ခဲ့ရသည့် နောက်ပိုင်း ကမ္ဘာတစ်လွှားကို သူသည်နှံ့အောင် ရောက်ခဲ့ဖူးသည်။ အာရှဥရောပမှသည် တောင်အမေရိကတိုက်ထိ။ ပင်လယ်ကို ကူးရုံတင်မက သမုဒ္ဒရာများကိုပါ အကြိမ်ကြိမ် ဖြတ်သန်းခဲ့သည်။ ကမ္ဘာ့မြို့တော်ကြီးများတွင် သင်္ဘောဆိုက်ကပ်တိုင်း သူသည် နှင်းဝတ်မှုန်အတွက် အမှတ်တရတစ်ခုခု ဝယ်၍သိမ်းထားတတ်သည်။ Facebook မှတစ်ဆင့် ချစ်သူကို ဓာတ်ပုံရိုက်ကာ ကြိုတင်ပေးထားလေ့ရှိသည်။
သင်္ဘောသားဆိုသည်ကား ဆုံးစမထင်သည့် ပင်လယ်သမုဒ္ဒရာပြင်တွင် အန္တရာယ်မျိုးစုံကို အချိန်မရွေး ကြုံရတတ်သည့် ဘဝဟု ရွာကလူများက တွေးမိချင်မှ တွေးမိမည်။ လှိုင်းဒဏ်၊ လေဒဏ်၊ မုန်တိုင်းဒဏ်များကြားတွင် မိမိဂျူတီချိန်၌ မိမိတို့သင်္ဘော အန္တရာယ်ကင်းဝေးရေးအတွက် မာလိန်မှူးမှသည် အောက်ခြေသင်္ဘောသားအထိ ကိုယ့်တာဝန်ကို ကိုယ်ကျေပွန်အောင် ထမ်းဆောင်ရ တတ်သည်။ အဆိုးဆုံးကား လှိုင်းမူးသည့် ဒဏ်ဖြစ်၏။ အမှန်တကယ် ပင်လယ်လှိုင်း မူးပြီဆိုပါက နှစ်ရက်၊ သုံးရက်မှသည် သီတင်းတစ်ပတ်ကြာသည့်တိုင် အမူးမပြေဘဲ ဝေဒနာ ခံစားရတတ်၏။ အစားပျက်၊ အသောက်ပျက်ကာ အင်အားပြတ်သည်အထိ ဖြစ်တတ်သည်။ ပင်လယ်လှိုင်းမူးသည့် ဝေဒနာကို မခံစားဖူးသည့် သင်္ဘောသားဟူ၍ကား ရှိအံ့မထင်။ ထိုအချိန်များတွင် လွမ်းတတ်သူ၊ ဆွေးတတ်သူများအတွက် စိတ်ကျဝေဒနာ ဝင်လာတတ်သည်။ စိတ်ကျဝေဒနာအစကား ရေကြောင်ဖြစ်ရန် စလာခြင်းလည်း ဖြစ်ပေသည်။
နှင်းဝတ်မှုန်ကားရွာတွင် နေစဉ်ကတည်းက တစ်ရွာလုံး၏ အလှဆုံး။ တစ်နယ်လုံးတွင်လည်း အလှကြောင့် ကျော်ကြားခဲ့သူ။ တက္ကသိုလ်ရောက်ပြန်တော့လည်း မိန်းမလှကျွန်းဟု အစဉ်အလာ တင်စားခဲ့ကြသည့် စီးပွားရေးတက္ကသိုလ်ကို ရောက်ခဲ့လေတော့ ချစ်သူသည် အလှနတ်ဖုရားမလေး ဖြစ်ခဲ့ရသည်။ သူမ၏ အလှဂုဏ်သတင်းက စီးပွားရေးတက္ကသိုလ် ပရဝဏ်ကို ကျော်ဖြတ်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ် နယ်မြေအသီးသီးအထိ ကျော်ကြားလေ၏။ ထိုသို့သော နှင်းဝတ်မှုန်တစ်ယောက် တံလျှပ်ကို ရေထင်ကာ သာယာဝင့်ကြွားပြီး အလှဂုဏ်မောက်ကာ ငယ်ချစ်ကိုဝင်းဇော်ကိုပါ ခေါက်ထားလေတော့သည်။ တစ်ချိန်က ပင်လယ်သမုဒ္ဒရာများထဲတွင် ကြမ်းတမ်းခက်ထန်သော လှိုင်းကြမ်း၊ လေကြမ်းကြီးများကို ကျော်ဖြတ်နိုင်အောင် စွမ်းဆောင်ခဲ့သည့် သူမသည် ယခုအခါ သူ့ဘဝကို တစ်စစီ ခြွေချမည့် နေ ၁၀ စင်း ဖြစ်ခဲ့လေပြီတည်း။
ထိုဝေဒနာ အစိုင်အခဲများသည် သူ့ကိုနာရီမလပ်၊ စက္ကန့်မလပ် နှိပ်စက်နေကြ၏။ မိဘကိုလည်း ဒုက္ခမျိုးစုံ ပေးခဲ့မိပြီဟု နောင်တရမိသလို ချစ်သူပေးသော ရင်ကွဲနာကိုလည်း ဆက်လက်မခံစားနိုင်တော့သည့် အဆုံး သူသည် မသိမသာ စိတ်ဓာတ်ကျလာသည်မှ သိသိသာသာ စိတ်ဓာတ်ကျလာသည့် အဆင့်ကို ရောက်လာခဲ့သည်မှာ လအတန်ကြာခဲ့ပေပြီ။
တိမ်ကင်းစင်သော လပြည့်ည၏ လမင်းကြီးကား ဝိုင်းစက်နေ၏။ တစ်နေကုန် နေမင်း၏ ပူလောင်ခြင်းဒဏ်ကို ခံထားခဲ့ရသော ပင်လယ်ရေမျက်နှာပြင်ကား လရောင်၏ အေးရိပ်အောက် ငြိမ်းအေးမှုရသတစ်ခုကို ခံစားနေသယောင်ထင်ရသည်။ သင်္ဘော ဝမ်းဗိုက်ကို တဖျပ်ဖျပ် ရိုက်ခတ်လာသော လှိုင်းသံများက လပြည့်ည၏ ပင်လယ်အော်သံမဟုတ်ဘဲ လရောင်ဂီတဟု ကိုဝင်းဇော် တွေးမိ၏။
ပင်လယ်လမင်းကို ငေးရင်း သူ့မြင်ကွင်းထဲသို့ နှင်းဝတ်မှုန် ရုတ်တရက် နတ်တို့ဖန်ဆင်းလိုက်သည့်အလား ဘွားခနဲ ပေါ်လာသည်။ လပေါင်းများစွာ ကိုက်ခဲနှိပ်စက်လာခဲ့သည့် သူ့ဝေဒနာသည် သမားတော် ဇီဝက ကုစားပေးလိုက်သည့်အလား ချက်ချင်း ယူပစ်သလို ပျောက်ကင်းသွားလေ၏။ ချစ်သူနှစ်ဦးသည် ပစိဖိတ်သမုဒ္ဒရာထဲတွင် ခုတ်မောင်းနေသော သင်္ဘောနောက်ပိုင်းတွင် တစ်ယောက်ကို တစ်ယောက် ပျောက်ဆုံးသွားမည်ကို စိုးရိမ်စိတ်များဖြင့် နှစ်ကိုယ့်တစ်စိတ်ဖြစ်အောင် ပွေ့ဖက်ထားကြသည်။
ထို့နောက် ငယ်စဉ်က သူတို့ စွဲလန်း နှစ်သက်ခဲ့သည့် တိုင်တန်းနစ်ကားထဲက လီယိုနာဒိုနှင့် ကိတ်ဝင်းစလက်တို့ သရုပ်ဆောင်ခဲ့သည့် TITANIC တေးသွားအတိုင်း သင်္ဘောဦးပိုင်းကိုသွားကာ ဆိုချင်သည်ဟု ဝတ်မှုန်က ဆို၏။ ယင်းအတိုင်း ပုံစံတူအောင်သွားဆိုကြမည်ဟုဆိုကာ ကိုဝင်းဇော်နှင့် ပန်းဝတ်မှုံတို့နှစ်ယောက် သွားဆိုခဲ့ကြသည်။
နောက်တစ်ရက်တွင် သင်္ဘောပေါ်တွင် အရေးကြီးသတင်းတစ်ပုဒ် ထွက်လာ၏။ ညက ဝင်းဇော်တစ်ယောက် ပင်လယ်ထဲ ခုန်ချသွားသည့် သတင်း။ ထိုသတင်းအတွက် သူငယ်ချင်းများဖြစ်ကြသည့် ကိုသောင်းဟန်၊ ကိုနေဝင်း၊ ကိုခိုင်မြတ်၊ ကိုတင်ငွေတို့မှာ များစွာ စိတ်မကောင်းဖြစ်ကြရသည်။ ရေကြောင်ကြောင်ပြီး ပင်လယ်ထဲ ခုန်ချသွားခြင်းဖြစ်သည်ဟု အားလုံးက မှတ်ချက်ချကြ၏။
သူတို့သည် ပင်လယ်ရေမျက်နှာပေါ်က သင်္ဘောကြမ်းခင်းပေါ်တွင် အတူတူ လပေါင်းများစွာ တွဲလုပ်ရင်း တစ်ဦးနှင့် တစ်ဦး ပြောမနာ ဆိုမနာ ပီဘိငယ်ပေါင်းအလား ပေါင်းသင်းခဲ့ကြသူများဖြစ်သဖြင့် ဘဝအတွက် ရည်ရွယ်ချက်ကြီးကြီးမားမား ထားခဲ့သည့် သူငယ်ချင်းတစ်ယောက် ပင်လယ်ကြမ်းပြင်အောက်ကို ရောက်သွားခဲ့ရသည့် အဖြစ်ကို ရင်နာမဆုံးကြ။
မိဘများ၏ စည်းစိမ်ဥစ္စာ ရှိသမျှ လယ်ယာနှင့် နွားများကို ရောင်းချကာ သင်္ဘောသားဖြစ်အောင် ကြိုးစားခဲ့သူ။ သူ သိပ်ချစ်သည့် နှင်းဝတ်မှုန်နှင့် ဘဝခရီးကို ပျော်ရွှင်စွာ လျှောက်လှမ်းလိုသူ။ ခုတော့ စိတ်ကျရောဂါ ခံစားရင်း ရေကြောင်ကြောင်ကာ လရောင်၏ လှည့်စားမှုနောက်မှာ ဘဝကို ပင်လယ်ကြမ်းပြင်အောက် အရောက်ပို့ပစ် ခဲ့လေပြီတည်း။
ကိုဝင်းဇော်၏ သူငယ်ချင်းများကား သင်္ဘောသားတို့ ပင်လယ်ပြင်ပေါ်တွင် ကွယ်လွန်သည့်အခါ လုပ်လေ့လုပ်ထရှိသည့်အတိုင်း ချစ်သူငယ်ချင်းအတွက် နောက်ဆုံး ဆုမွန်ကောင်းတောင်းကာ ပင်လယ်ပြင်ကြီးကို စိတ်မချမ်းမြေ့သော မျက်ဝန်းများဖြင့် ကြည့်နေခဲ့ကြလေသတည်း။