နောက်လာတဲ့ မောင်ပုလဲ (၁၉၉၈-၂၀၁၀) နိုင်ငံရေးနောက်ခံကားချပ်
၁၉၈၈ လူထုအရေးတော်ပုံကြီးကို သွေးထွက်သံယို နှိမ်နင်းပြီး မဆလ ကယ်တင်ရေး ရည်ရွယ်ချက်ဖြင့် ပြည်သူကို ငြိမ်ဝပ် ပိပြားသွားအောင် ဖိနှိပ်သည့် နဝတစစ်အစိုးရ တက်လာသည်။ ၁၉၈၈ ခုနှစ် ပြည်ထောင်စု တရားစီရင်ရေးဥပဒေအရ တရားရုံး အဆင့်ဆင့် ထူထောင်သည်။ ဈေးကွက် စီးပွားရေးဟုဆိုကာ သယံဇာတများ အပြောင်ရှင်း၊ အကုန်ထုတ်ရောင်း စီးပွားရေးပေါ်လစီ ကျင့်သုံးသည်။ လက်သင့်ရာ စားတော်ခေါ် စီးပွားရေးပေါ်လစီအရ အရှင်မွေး နေ့ချင်းကြီး ခရိုနီခေတ်ပျက်သူဌေးများ မိုးဦးကျမှိုများလို အပြိုင်းအရိုင်း ပေါ်ပေါက်လာသည်။
နိုင်ငံရေးဘက်တွင် ပါတီစုံစနစ်ကို မလွှဲမရှောင်သာ ခွင့်ပြုခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူထုထောက်ခံမှု အင်အားကြီးမားစွာဖြင့် နိုင်ငံရေးဇာတ်ခုံပေါ် တက်ရောက်လာသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကဲ့သို့ ရှေ့တန်းရောက် ကျောင်းသားအဖွဲ့အစည်းများအပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ကဲ့သို့ အမျိုးအစားသစ်၊ လက်နက်ကိုင်တပ်ဖွဲ့များလည်း ပေါ်ပေါက်လာသည်။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီမှ ဒေါက်တာစိန်ဝင်း ဦးဆောင်သည့် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) နှင့် ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ် (DAB) ကဲ့သို့ အဖွဲ့အစည်းများလည်း ပေါ်ပေါက်လာသည်။
ပြည်ပတွင် ကုလသမဂ္ဂစင်မြင့်၌ အရှက်တကွဲ အကျိုးနည်းဖြစ်ရသည့်နည်းတူ ပြည်တွင်း၌လည်း ဒီမိုကရေစီလိုလားသော ပြည်သူတို့၏ အလွန်ကြီးမားသည့် ခုခံဆန့်ကျင်မှုနှင့် ရင်ဆိုင်နေရသည်။ စစ်အစိုးရအဖို့ မရှူသာ မရှိုက်သာ ဖြစ်ရသည်။ ဤအခြေအနေတွင် စစ်အစိုးရသည် သူ၏ စစ်အာရှင်အခြေခံ အအောက်အအုံကြီးကို ကာကွယ်ရန်အတွက် တရားစီရင်ရေးယန္တရားကို ဖိနှိပ်ရေး ကိရိယာအဖြစ် အလွဲသုံးစားပြု ဆောင်ရွက်တော့သည်။
ကျွန်ဝယ်ရာ အဆစ်ပါသူများနှင့် ငဝက်
နိုင်ငံရေးသိပ္ပံ သဘောတရားအရ တရားရုံး၊ ထောင်၊ ပလိပ်ဂတ်၊ စစ်တပ်တို့မှာ အာဏာယန္တရားကြီး၏ ခွေးသွားစိတ်များ ဖြစ်သည်။
ဤငရဲခေတ်နှစ်ကာလအတွင်း ထောင်ပေါင်းများစွာသော ဒီမိုကရေစီလိုလားသည့် ရဟန်းရှင်လူပြည်သူများကို နဝတလက်ပါးစေ တရားရုံးများက ထောင်သွင်းအကျဉ်းချခဲ့သည်။ လက်မရွံ့ပါးကွက်သားအဖြစ် အသုံးတော်ခံရသည်။ သခင်အားရ ကျွန်ပါး၀ ပြုလုပ်ကြသူများလည်း ရှိသည်။ မရှောင်မလွဲသာ အငှားဗိုက်ဖြင့် ဓားထိုးခံရသူများလည်း ရှိသည်။ တရားစီရင်ရေးက ငဝက်ဘ၀ ရောက်ကြရသည်။ ပြည်သူတို့၏ အမျက်ဒေါသမှာ စီရင်ချက်ချရသည့် တရားရုံးများအပေါ် ကျရောက်သည်။
ထောက်လှမ်းရေးတို့ ဘုန်းမီးနေလ တောက်ပသည့်အချိန်တွင် ထောက်လှမ်းရေး၏ စေခိုင်းရာမှန်သမျှ တရားသူကြီးများက “ဟုတ်ကဲ့ ဘတ်” ဟုဆိုကာ ပြားပြားဝပ် လိုက်နာကြရသည်။ ကြောက်ရွံ့လွန်းသဖြင့် “ဟုတ်ကဲ့ အဘ” ဟုပင် မပြောနိုင်တော့ဘဲ “ဟုတ်ကဲ့ ဘတ်” ဟုသာ ပြာပြာသလဲ အာလုတ်ပြုခဲ့ကြသည်။ “ဤ ဟုတ်ကဲ့ဘတ်” များက ယခုသမ္မတကြီး ဦးဝင်းမြင့်၏ တရားစီရင်ရေးဆိုင်ရာ မှတ်ချက်များအပေါ် မခံမရပ်နိုင် ဖြစ်နေကြသည်။
သို့ဖြင့် အိတ်ပိတ်တရားစီရင်ရေး ပေါ်ပေါက်လာသည်။ သက်သေအထောက်အထားက မည်သို့ပင်ရှိစေကာမူ ထောက်လှမ်းရေးက လာပေးသည့် အိတ်ပိတ်အမိန့်အတိုင်း စီရင်ချက်ချရသည်။
ဤသို့သော အခြေအနေတွင် အချို့အနားပြာတရားသူကြီးတို့က နိုင်ငံရေးအကျဉ်းသားများကို ရက်ရက်စက်စက် ဖိနှိပ် ထောင်ချသည်။ နိုင်ငံရေးအကျဉ်းသား၊ တက္ကသိုလ်ကျောင်းသား လူငယ်များကို အသက်၏ နှစ်ပြန်၊ သုံးပြန် ထောင်ချသည်။ ဇာဂနာ၊ မင်းကိုနိုင် စသည့် ထင်ရှားသည့် အတိုက်အခံများမှာ မကြားဝံ့မနာသာ ထောင်ဒဏ် (၆၅) နှစ် ချမှတ်ခံရသည်။ တရားရေး နယ်ပယ်တွင် စစ်ဘက်အရာရှိများ၏ ဇနီးများ၊ သက်ဆိုင်သူများက နေရာကောင်းရကြသည်။ နိုင်ငံရေးအမှုများကို ဖိနှိပ်ပြီးလျှင် တာဝန်ကျေပြီ ထင်ရာလုပ်တော့ဟု ပြောသည့် အလားပင်။ ထောက်လှမ်းရေးက တရားစီရင်ရေးကို စွက်ဖက်ရုံမက မူးယစ်ဆေးဝါးများတွင် ဝင်၍ပွဲစားလုပ်သည်။ ထောက်လှမ်းရေးနှင့် “ဟုတ်ကဲ့ ဘတ်” တို့ ပေါင်းလိုက်သည့်အခါ တရားစီရင်ရေးက ပြည်သူတို့၏ တံတွေးခွက်တွင် ပက်လက်ရော မှောက်လျက်ရော မျောခဲ့ရပါတော့သည်။ အမှန်တကယ် ဖိနပ်ဖြင့် ပေါက်ခံသင့်သူများမှာ ထို “ဟုတ်ကဲ့ ဘတ်” တို့သာ ဖြစ်ပါသည်။ သို့ရာတွင် ဤငရဲတော်ခေတ်များ၏ လူထုကျိန်စာသည် နောင်တရားသူကြီးများအပေါ်ပါ ကျရောက်နေခဲ့ရပါပြီ။
ယုံချင်ယုံ မယုံချင်နေ ထုံးသာဓကများ
(က) ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ကျွန်တော်ဒုတိယ နရသိန်ငရဲစခန်းမှ အိမ်ပြန်ရောက်သည်။ နောက်ရက်ကစပြီး တရားရုံးပြန်သွားသည်။ ၁၉-၉-၂၀၀၁ ကျွန်တော့်ရှေ့နေလိုင်စင် ရုပ်သိမ်းခံရချိန်အထိ ဖြစ်ပါသည်။
ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် သူငယ်ချင်းရှေ့နေ ကိုခင်မောင်ရင် (ကွယ်လွန်)နှင့်အတူ အမှုလိုက်သည်။ ပြစ်မှုစစ်ကြသည်။ ပြီးတော့ စစ်ကြေးပေးရမည်ဟု သူက ဆိုသည်။ “စစ်ကြေး ဘာစစ်ကြေးလဲဗျ” ကျွန်တော်မကြားဖူးသဖြင့် မေးမိသည်။ အမှုစစ်ပေးသည့်အတွက် တရားသူကြီး ၁၀,၀၀၀၊ ဥပဒေအရာရှိ ၁၀,၀၀၀ ပါတဲ့ ခင်ဗျား။
အဆိုပါရုံးတွင်ပင် တစ်မှုကြုံရသည်။ ဂျာနယ်များတွင်ပါ ဟိုးလေးတကျော်ဖြစ်သည့်ကိစ္စ။ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးငယ်လေးက ငွေကျပ်သိန်း ၂၀ ဘဏ်သို့ သွားသွင်းသည်။ ပိုက်ဆံထုပ်ကို ဆိုင်ကယ်ရှေ့ခြင်းထဲ ထည့်ထားသည်။ အလစ်တွင် သူခိုးက ငွေထုပ်ဆွဲပြေးသည်။ ဝိုင်းအော်သဖြင့် အနီးပတ်ဝန်းကျင်က ပြည်သူများဝိုင်းဖမ်းရာ အလစ်သုတ်သူအား ငွေထုပ်နှင့်တကွ ဖမ်းမိသည်။ သို့ဖြင့် အမှုမှာ မန္တလေးချမ်းအေးသာစံ တရားရုံးသို့ ရောက်လာသည်။ သက်သေခံငွေသိန်း ၂၀ ကို ပြန်ထုတ်တော့ တရားသူကြီး၊ ရှေ့ဖက်စာရေး၊ ဘိလစ်၊ ဥပဒေရုံး စသည်တို့ကို ပူဇော်ရသဖြင့် ငွေ ၁၀ သိန်းကျော် ကုန်သွားသည်။ ဝန်ထမ်းမလေးမှာ “ဒါ ကျွန်မပိုင်တဲ့ ငွေမဟုတ်ဘူး” ဟုဆိုကာ ရုံးရှေ့တွင် ချုံးပွဲချ ထိုင်ငိုရှာပါသည်။ အဆိုပါရုံးတွင် ရာဇသတ်ကြီးပုဒ်မ - ၄၂၀ အရ တရားစွဲသည့်အမှုတွင် တရားခံကို မလွဲမသွေ အာမခံပေးရမည်ဖြစ်သော်လည်း အာမခံပေးသည့်အတွက်ဟုဆိုကာ ငွေကျပ်တစ်သိန်း ပူဇော်ကန်တော့ရပြန်ပါသည်။
(ခ) ဤအမှုကတော့ အောက်ရုံးအဆင့်များတွင်မဟုတ်။ တရားရုံးချုပ်အဆင့်တွင် ဖြစ်ခဲ့သည်။ ကျွန်တော် ထောင်က ထွက်လာတော့ အထဲတွင် အတူနေရသည့် လူငယ်ရှေ့နေတစ်ဦးက တရားမမှုလာအပ်သည်။ သူက ကျွန်တော့်အရင် ထောင်ကလွတ်သွားခြင်း ဖြစ်သည်။ အမှုမှာ ရုံးအဆင့်ဆင့် ဆုံးဖြတ်ပြီး ရုံမက အထူးအယူခံတွင် ရှုံးနိမ့်ထားသည့်အမှု ဖြစ်သည်။ စီရင်ချက်များကို ဖတ်ကြည့်တာ့ ကျွန်တော် မျက်လုံးတွေ ပြာလာပြီး ဆံပင်တွေတစ်ချောင်းစီ ထောင်ထလာအောင် အံ့သြမိသည်။
မန္တလေးမြို့တွင် ပိုက်ကျုံးအရပ်၌ မြို့မျက်နှာဖုံး သစ်စက်သူဌေးကြီးတစ်ဦး ရှိခဲ့ဖူးသည်။ ထိုသူဌေးကြီးကွယ်လွန်တော့ အမွေဆိုင် ၂၂ ဦး ကျန်ရစ်ခဲ့သည်။ ယင်းတို့အနက် သုံးဦးက ကျန်ဆွေမျိုးသားချင်းများကို တရားဘက်ပြု၍ အမွေမှုစွဲဆိုခြင်းဖြစ်သည်။ တရားရုံးများ၏ စီရင်ချက်မှာ အံ့သြလောက်ပါသည်။ အမွေဆိုင် ၂၂ ဦးအနက်မှ နှစ်ဦးက အမွေဆိုင်မြေ နှစ်ကွက်ကို မှတ်ပုံတင်စာချုပ်ဖြင့် ရောင်းစားထားသည်။ တရားရုံးအဆင့်ဆင့်က ထိုရောင်းစားထားသည့် မြေနှစ်ကွက်ကို အကြောင်းပြု၍ ထိုရောင်းစားသူနှစ်ဦးတို့က ကျန်အမွေဆိုင်များအပေါ် ဆန့်ကျင်လက်ရှိ (Adverse Possession) ပြုခြင်းဖြစ်သည်။ ထို့ကြောင့် ထိုအချိန်မှစ၍ ကာလစည်းကမ်းသတ် စတင်ရေတွက်ရမည်ဆိုပြီး ထိုမြေနှစ်ကွက်သာမက ကျန်မခွဲရသေးသည့် အမွေပစ္စည်းများအတွက်ပါ ကာလစည်းကမ်းသတ် ကျော်လွန်ပြီဆိုပြီး အမှုတစ်ခုလုံးကို ပလပ်လိုက်ခြင်းဖြစ်သည်။ ဥပဒေပညာကို သာမန်သိရှိလျှင်ပင် အဆုံးအဖြတ်ပြုနိုင်သည့် အချက်ကို အံ့သြဖွယ်ရာ ပြောင်ပြောင်တင်းတင်း သို့မဟုတ် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်ပါတော့သည်။
အမှန်တကယ်အားဖြင့် ရောင်းစားခဲ့သူ နှစ်ဦးမှာ ကျန်အမွေဆိုင်ပစ္စည်းများကို ပြောင်ပြောင်တင်းတင်း လက်ရှိထားခဲ့ခြင်း မရှိသဖြင့် ဆန့်ကျင်လက်ရှိဖြစ်သည်ဟု ဆိုနိုင်မည် မဟုတ်ပါ။ ဤအခြေအနေတွင် ရောင်းပြီးသား မြေကွက်နှစ်ကွက်ကို အကြောင်းပြု၍ ကျန်အမွေဆိုင်ပစ္စည်းတစ်ခုလုံးအပေါ် အမှုကို ပလပ်ခဲ့ခြင်းဖြစ်သည်။
သူ့အမှုကို ကျွန်တော်နားလည်သမျှ ပြင်ဆင်နေစဉ်အတွင်း ကျွန်တော့်ရှေ့နေလိုင်စင် ရုပ်သိမ်းခံရသဖြင့် အမှုကို ကျွန်တော်ကိုယ်တိုင် မဆောင်ရွက်နိုင်တော့။ ရှုံးခဲ့သည့် အမှုတွင် တရားလိုလုပ်ခဲ့သူများကိုဖယ်ပြီး တရားလိုအသစ်ထည့် တရားစွဲဆိုသည်။ ရောင်းစားပြီးသား မြေနှစ်ကွက်ကို နောက်ဆက်တွဲ (က) အမွေပစ္စည်းစာရင်းတွင် မထည့်တော့ဘဲ အဆိုလွှာတင်သွင်း တရားစွဲဆိုသည်။ မျှော်လင့်ထားသည့်အတိုင်း မန္တလေးတိုင်းတရားရုံးက မီးသေဆုံးဖြတ်ချက် ဖြစ်သည်ဟုဆိုကာ အမှုကို ပလပ်သည်။ နိုင်ငံတော်တရားရုံးချုပ်သို့ အယူခံတက်တော့မှ ထိုစဉ်က တရားရုံးချုပ် တရားသူကြီး ဦးသက်ထွန်းက မီးသေခြင်းမရှိဟုဆိုကာ အယူခံကို ခွင့်ပြုလိုက်သည်။ ဤအမှုက ရည်ညွှန်းဖော်ပြနေသည်မှာ ဆင်ခြင်တုံတရား (Discretion) ထက် လက်ရဲဇက်ရဲနိုင်မှုက အားကြီးနေခြင်း ဖြစ်သည်။
(ဂ) ဤအမှုမှာလည်း မန်းရွှေမြို့တော်တွင် ဖြစ်ခဲ့သည့် အမှုဖြစ်ပါသည်။ မန္တလေးမြို့လယ်ကောင်တွင် နေထိုင်သော ဗုဒ္ဓဘာသာ ဥပသကာ အမျိုးသမီးကြီးတစ်ဦးက ၎င်းပိုင် တိုက်များအား မန္တလေးမြို့လယ်ရှိ အလွန်ချမ်းသာကြွယ်ဝပြီး သြဇာတိက္ကမကြီးသည့် တရုတ်ရွှေဆိုင်သူဌေးကြီးတစ်ဦးထံ တန်ဖိုးသင့်ရောင်းချသည်။ တရုတ်သူဌေးကြီးက စရန်ငွေပေးချေပြီးသော်လည်း ငွေအပြေမချေ။
ထို့ကြောင့် ဥပသကာအမျိုးသမီးကြီးက မန္တလေးမြို့ရှိ ဆုတောင်းအလွန်ပြည့်သည်ဟု နာမည်ကြီးသော တန်ခိုးကြီးဘုရားတစ်ဆူ ၏ ဂေါပကအဖွဲ့ကို ရေစက်သွန်းချ လှူဒါန်းသည်။ ထို့နောက်မှ တရုတ်သူဌေးကြီးက အလှူရှင်အား ရာဇဝတ်ကြောင်း၊ တရားမကြောင်းအရ တရားစွဲတော့သည်။ အလှူ့ဒါယိကာမကြီး ကွယ်လွန်သွားသဖြင့် ၎င်း၏မျိုးဆက်တို့ ထောင်ဒဏ်ချမှတ်ခံရသည်။ မူလတရားမကြီးအမှုတွင် ထိုစဉ်က မန္တလေးတိုင်းတရားသူကြီး ဦးခင်ထွန်းက ရေစက်သွန်းချ လှူဒါန်းခြင်းဖြစ်၍ ပဋိညာဉ်အတိုင်း ဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့် အခြေအနေ ပေါ်ပေါက်ကြောင်း၊ ထို့ကြောင့် စာချုပ်ပါအတိုင်း အလှူ့ဒါယိကာမကြီးက စရန်ငွေ နှစ်ဆပေးလျော်စေရန် အမိန့်ချမှတ်ခဲ့သည်။ ဥပဒေနှင့် ညီညွတ်သည့်အပြင် လူသာဓုခေါ် နတ်သာဓုခေါ် ဖြစ်ခဲ့ကြပါသည်။ သို့ရာတွင် အထက်ရုံးအဆင့်ဆင့်၌မူကား မူလစီရင်ချက်နှင့် ဒီဂရီကို ပြောင်းပြန်လှန်ခဲ့ကြသည်။
ပိုဆိုးသည့်အချက်မှာ အဆိုပါ ကျောင်းအစ်မကြီးပိုင်သည့် တိုက်တာများတွင် အဆောက်အအုံပျက်စီးက မိမိငွေဖြင့် အဆောက်အအုံသစ် ဆောက်လုပ်၍ မြေငှားခွင့်ရရှိထားသူများ ရှိသည်။ ထိုသူများက မိမိတို့သည် တရားနိုင်၏ အိမ်ငှားဖြစ်ကြောင်း တရားစွဲဆိုကြသည်။ သို့ရာတွင် တရုတ်သူဌေးကြီးက အချင်းဖြစ် အဆောက်အအုံတို့ကို စည်ပင်သာယာတွင် ဒဏ်ဆောင်ပြီး ညတွင်းချင်း ဖျက်ဆီးပစ်လိုက်သည်။ အငြင်းပွားပစ္စည်း မရှိတော့ဟုဆိုကာ အိမ်ငှားများ အမှုရှုံးကြရတော့သည်။
ပြောမဆုံးပေါင် တောသုံးထောင်
ဤကဲ့သို့ ထုံးသာဓကများ ပြောရမည်ဆိုလျှင် တစ်ထောင့်တစ်ညနှင့်လည်း ပြီးမည်မဟုတ်။ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်ချေမည်။ အလွန်ထင်ရှားသည့် ရုပ်ပျက်ဆင်းပျက် ကိစ္စများကို အမြည်းပေးခြင်း ဖြစ်ပါသည်။ သရဲမွေးသည့် အောက်လမ်းဆရာ ကြာတော့ ကိုယ့်လူကိုယ်မနိုင်တော့။ အလွန်ရုပ်ပျက်ဆင်းပျက်ဖြစ်သည့် ကိစ္စများက တစ်နေ့တခြား စုပုံလာသည်။ ကာတွန်းတစ်ခုတွင် တရားရုံးဝင်းထဲ၌ လူတစ်ဦးက တိုင်ကို မှီလိုက်ရာ တိုင်က “ကိုကြီး လက်ဖက်ရည်ဖိုးလေး” ဟု တောင်းသည့် ပြကွက်ပါသည်။
စင်စစ်အားဖြင့် အဆိုပါ ၁၉၈၈-၂၀၁၀ ကာလတွင် တရားစီရင်ရေးမှမဟုတ်ပါ။ နေရာတိုင်း ကဏ္ဍတိုင်း စာရိတ္တပျက်စီးပြီး အဂတိတရားက မိုးမှောင်ကျ ဖုံးလွှမ်းနေခြင်းဖြစ်သည်။ လူအများနှင့် မလွှဲမရှောင်သာ ဆက်ဆံရသဖြင့် တရားရုံးက ထိပ်ဆုံးမှ ရင်စည်းခံနေရခြင်း ဖြစ်ပါသည်။