နိုင်ဂျီးရီးယားမှာ စိုက်ပျိုးမွေးမြူရေးလုပ်ရတာ သွေးနည်းသူတွေအတွက် မလွယ်ပါဘူး။ လျှပ်စစ်မီးက ပျက်လိုက်လာလိုက်နဲ့ဆိုတော့ အချိန်တစ်ဝက်လောက်ကို မီးစက်သုံးနေရတယ်။ သမိုင်းနဲ့ချီပြီး ကြာပြီဖြစ်တဲ့ လမ်းမတွေပေါ်က ချိုင့်တွေ ကျင်းတွေကလည်း သယ်ယူပို့ဆောင်ရေးကို နှေးကွေးစေတဲ့အပြင် ကုန်ကျစရိတ်ပါများစေတယ်။ ဓာတ်မြေသြဇာအတုတွေမိပြီး ကောက်ပဲသီးနှံတွေ ပျက်စီးရတာလည်း အကြိမ်ကြိမ်။ အဆိပ်အတောက်တွေပါတဲ့ တိရစ္ဆာန်အစာတွေကြောင့် နို့စားနွားမွေးမြူရေး လုပ်ငန်းတွေလည်း ပျက်စီးရတယ်။
ဒါပေမဲ့ ဇင်ဘာဘွေကလာတဲ့ လယ်သမား ၁၃ ယောက်အုပ်စုကတော့ စိတ်ဓာတ်ကြံ့ခိုင်လှတယ်။ သူတို့က နိုင်ဂျီးရီးယားမှာ လုပ်ကိုင်ရတဲ့အခွင့်အလမ်းက ကောင်းလွန်းပါတယ်တဲ့လေ။
“စိုက်ပျိုးရေးလုပ်တဲ့အခါ ဒီမှာလုပ်နိုင်တာတွေ အများကြီးရှိပါတယ်” လို့ ရာသီဥတုဒဏ်ခံထားရတဲ့ အသက် ၆၄ နှစ်အရွယ် ဇင်ဘာဘွေကလာတဲ့ လယ်သမားကြီး ပီးယက်ဒူတိုအစ်က ပြောပါတယ်။ နိုင်ဂျီးရီးယား အနောက်ပိုင်း ကွာရာပြည်နယ်မှာရှိတဲ့ စိမ်းလန်းစိုပြည်နေတဲ့ သူ့ဥယျာဉ်တံခါးကို ဆွဲဖွင့်ရင်း အဲဒီလို ပြောလိုက်တာပါ။
“ဒါပေမဲ့ ဆက်သွားရမယ့်ခရီးက အဝေးကြီးကျန်သေးတယ်။ တစ်ညတည်းနဲ့တော့ မရဘူးလေ” လို့ သူကဆိုပါတယ်။
လွန်ခဲ့တဲ့ ၁၄ နှစ်မှာ ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီက အငြင်းပွားစရာကောင်းတဲ့ မြေယာပြုပြင်ပြောင်းလဲရေး စီမံချက်မှာ လူဖြူတွေပိုင်တဲ့ လယ်ယာမြေတွေကို သိမ်းယူခဲ့ပါတယ်။ လယ်ယာမြေတွေ ဆုံးရှုံးသွားတဲ့ ဒူတိုအစ်ကို ကွာရာပြည်နယ်အစိုးရက နိုင်ဂျီးရီးယားမှာ သူ့ရဲ့ကျွမ်းကျင်မှုတွေ လာပြဖို့ ကမ်းလှမ်းခဲ့ပါတယ်။
သူဟာ ချုံပုတ်တွေနဲ့ မြေရိုင်း ၁၀၀၀ ဟက်တာ (၂၅၀၀ ဧကနီးပါး) မှာ လယ်ယာမြေတွေ စတင်ထူထောင်ခဲ့ပါတယ်။ အဲဒီနေရာက ပြည်နယ်မြို့တော် အီလော်ရင်ကနေ ကားနဲ့သွားရင် နှစ်နာရီကြာပါတယ်။
အဲဒီနောက်တော့ ခက်ခဲလွန်းတဲ့ အခြေအနေတွေကြောင့် ၁၃ ယောက်ရှိတဲ့ ဇင်ဘာဘွေလယ်သမားအုပ်စုမှာ ငါးယောက်ပဲ ကျန်ပါတော့တယ်။
နိုင်ရာငွေကြေးတန်ဖိုး ထိုးကျသွားတာမို့ စိုက်ပျိုးရေးကုန်ကျစရိတ်တွေ ထိုးတက်လာပြီးတဲ့ နောက်မှာတော့ ပြောင်းနဲ့ပဲစိုက်ပျိုးတဲ့ ဒူတိုအစ်ဟာ ဒီနှစ်မှာ ကြက်ဘဲမွေးမြူရေးလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
“နေရာတကာမှာ စိန်ခေါ်မှုတွေရှိနေပေမယ့် လုပ်ငန်းက ဖွံ့ဖြိုးနေပါတယ်” လို့ သူကဆိုပါတယ်။
“အကျိုးအမြတ်ရှိပါတယ်” လို့လည်း သူက ဂုဏ်ယူဝင့်ကြွားစွာနဲ့ သူ့ရဲ့ကြက်ခြံ ၂၁ ခုကိုပြရင်း ပြောပါတယ်။
“ဒီနိုင်ငံထဲကို ဝင်လာတဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုပါပဲ” လို့လည်း ပြောပါတယ်။
ရေနံဈေးတွေ ထိုးကျသွားပြီးတဲ့နောက် နိုင်ဂျီးရီးယားဟာ ၂၅ နှစ်အတွင်း အဆိုးရွားဆုံး စီးပွားရေးပျက်ကပ်နဲ့ ရင်ဆိုင်နေရပါတယ်။
အခု အနောက်အာဖရိကက အင်အားကြီးတဲ့နိုင်ငံဟာ ရေနံစိမ်းတွေအပေါ် မှီခိုနေရမှုကိုလျှော့ချပြီး ကုန်ကျစရိတ်များတဲ့ သွင်းကုန်တွေကိုလည်း လျှော့ချဖို့ ကြိးစားနေပါတယ်။
သမ္မတမူဟာမက်ဒူဘူဟာရီ အစိုးရအဖွဲ့ဟာ ပြန်လည်နာလန်ထရေး တွန်းအားအဖြစ် စိုက်ပျိုးမွေးမြူရေးဘက် ပြန်ပြီးအာရုံ စိုက်လာပါတယ်။ ဒါပေမဲ့ အရှိတရားက အများကြီး ပိုပြီးရှုပ်ထွေးကြောင်း ပြနေပါတယ်။ စိုက်ပျိုးမွေးမြူရေးသမားတွေဟာ အမြတ်ရဖို့ ရုန်းကန်နေရပါတယ်။
ဘဏ်တွေက စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေအတွက် ချေးငွေတွေကို တိုးမြှင့်လိုက်ပါတယ်။ သုံးနှစ်အတွင်း သူတို့ရဲ့ အတိုးရငွေ စုစုပေါင်း တစ်ရာခိုင်နှုန်းကနေ လေးရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်တယ်လို့ လာဂိုမြို့ အခြေစိုက် ရင်းနှီးမြှုပ်နှံရေး ဘဏ်ကုမ္ပဏီဖြစ်တဲ့ FBN Quest က ပြောပါတယ်။
“ဖက်ဒရယ်အစိုးရရဲ့ မဟာဗျူဟာတွေကို အခြေခံပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှာ အလျင်အမြန် ဖွံ့ဖြိုးအောင်လုပ်နိုင်မှာ မဟုတ်ဘူးလို့ အဲဒီဘဏ်က မကြာသေးမီက ထုတ်ပြန်ချက်တစ်ရပ်မှာ မှတ်ချက်ပြုထားပါတယ်။
စိုက်ပျိုးမွေးမြုူရေး လုပ်ငန်းအများစုကို တစ်နိုင်တစ်ပိုင် မိသားစုစားရုံပဲ လုပ်ကြပါတယ်။ ဒါကြောင့် ဈေးကွက်ဈေးနှုန်း စံသတ်မှတ်ရေးနဲ့ ထုတ်ကုန်အရည်အသွေး သတ်မှတ်ရေးတွေမှာ အကြီးအကျယ်ရှုပ်ထွေးမှုတွေ ဖြစ်ရပါတယ်။ အစိုးရအနေနဲ့လည်း အများကြီးလိုအပ်နေတဲ့ အခွန်ငွေတွေ ဆုံးရှုံးရပါတယ်။
“ဒါကြောင့် စိုက်ပျိုးရေးတန်ဖိုးကွင်း ဆက်ဟာကမောက်ကမဖြစ်ရတယ်” လို့ Eco bank ဘဏ်က အက်ဒဝပ်ဂျော့က ပြောပါတယ်။
ဈေးကွက်ကို မရောက်နိုင်တာကြောင့် နိုင်ဂျီးရီးယားက ထုတ်လုပ်သမျှရဲ့ အရေးပါတဲ့ အစိတ်အပိုင်းဟာ အလဟဿဖြစ်ရတယ်လို့ သူကဆိုပါတယ်။
ပြီးတော့ နိုင်ဂျီးရီးယားရဲ့ စားနပ်ရိက္ခာ ထုတ်လုပ်မှုဟာ အလျင်အမြန်တိုးလာနေတဲ့ လူဦးရေကို အမီမလိုက်နိုင်တာကြောင့် ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကရတဲ့ များပြားလှတဲ့ငွေတွေကို သွင်းကုန်တွေအတွက် အသုံးပြုရမှုက မြင့်တက်လာတယ်လို့ ဆိုပါတယ်။
“လန်ဒန်ကနေ ပီဇာတင်သွင်းဖို့ ဆဲလ်ဖုန်းတွေနဲ့ မှာယူတဲ့ နိုင်ဂျီးရီးယားတွေရှိတယ်” လို့ နိုင်ဂျီးရီးယား စိုက်ပျိုးရေးဝန်ကြီး အူဒူအော့ဘေးက မကြာသေးခင်ကမှ ပြောခဲ့ပါသေးတယ်။
ဒူတိုအစ်လိုပဲသူနဲ့ တစ်နိုင်ငံချင်းသား ပီတာခရော့ချ်ဟာလည်း ဆေးရွက်ကြီးစိုက်ပျိုးသူအဖြစ်ကနေ ကြက်ဘဲမွေးမြူရေးလုပ်ငန်းဆီ ကူးလာပါတယ်။
ပီတာခရော့ချ်ဟာ ဇန်နဝါရီလမှာ သူ့သား ဒေးဗစ်နဲ့အတူ ဥမှသည် အသားအထိ ကြက်ထုတ်လုပ်ရေးလုပ်ငန်း အစိတ်အပိုင်းအဖြစ် ကြက်သားဖောက်လုပ်ငန်းကိုပါ ထူထောင်ခဲ့ပါတယ်။
ပီတာခရော့ချ်က ဇင်ဘာဘွေနိုင်ငံထုတ် မာဒီဆန်စီးကရက်ကို ဆွဲထုတ်လိုက်ရင်း “နိုင်ဂျီးရီးယားမှာ စနစ်တစ်ရပ်လုံး အပြည့်အစုံမရှိတာမို့ ခင်ဗျားတို့အနေနဲ့ လုပ်ငန်းကွင်းဆက်တစ်ခုလုံး အပြည့်အစုံဖြစ်အောင် လုပ်ရမယ်” လို့ ပြောလိုက်ပါတယ်။
ဒါပေမဲ့ ခရော့ချ်ရဲ့လုပ်ငန်းကို အမှန်တကယ် ဖရိုဖရဲဖြစ်စေတဲ့ ကြက်သားမှောင်ခိုသွင်းတဲ့ ကိစ္စဟာလည်း နိုင်ဂျီးရီးယားမှာ အကြီးအကျယ်ပျံ့နှံ့နေပါတယ်။
ဒီကိစ္စဟာ ခေတ်သစ်နိုင်ဂျီးရီးယားမှာ ရင်ဆိုင်ရတဲ့ အကြီးမားဆုံးပြဿနာတွေထဲက တစ်ခုကို မီးမောင်းထိုးပြနေပါတယ်။ နိုင်ဂျီးရီးယားမှာ တရားမဝင်တဲ့ လုပ်ငန်းကဏ္ဍတွေက နိုင်ငံ့စီးပွားရေးရဲ့ အရေးပါလှတဲ့ အစိတ်အပိုင်းကို နေရာယူထားတာပါ။
ကြက်သားတင်သွင်းမှုက တရားမဝင်ပေမယ့် ကြက်တွေကတော့ ရောက်ရောက်လာတာပါပဲ။
နိုင်ဂျီးရီးယား မွေးမြူရေးသမားတွေကတော့ ကမ္ဘာ့နံပါတ် (၁) ကြက်ထုတ်လုပ်ရေး နိုင်ငံဖြစ်တဲ့ ဘရာဇီးကို အပြစ်တင်ပါတယ်။ ဘရာဇီးဟာ ကြက်တွေအကောင်လိုက်ရောင်းတယ်။ တောင်ပံတွေ ဈေးကောင်းကောင်းရ ပြီးတဲ့နောက် ကျန်တဲ့အသားကို လျှော့ဈေးနဲ့ နိုင်ဂျီးရီးယားကို ခိုးသွင်းတယ်လို့ ဆိုကြတယ်။
“ဒါက ဆန်းပြားတဲ့ လုပ်ငန်းတစ်ရပ်ပါ။ တရားမဝင် ကြက်သားတွေ ခိုးသွင်းတော့မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဝယ်လက်ကို အမီလိုက်နိုင်မှာမဟုတ်ဘူး” လို့ ခရော့ချ်က ပြောပါတယ်။
တင်ပို့ခံလိုက်ရတဲ့ ဇင်ဘာဘွေ လယ်သမားတွေ အငြိမ်းစားယူဖို့ မျှော်မှန်းနေရပါပြီ။ လာမယ့်မျိုးဆက်ကလည်း အနာဂတ်ကို ကြိုကြည့်ထားကြရပါတယ်။
ကြက်သားဖောက်ရုံမှာ ခင်ပွန်းနဲ့အတူ အလုပ်လုပ်တဲ့ အကြံပေးဖြစ်သူ ဘာဘာဂျိတ် (၃၀ နှစ်) ကတော့ အေးအေးဆေးဆေးပါပဲ။
“ရေနံလုပ်ငန်းကိုကျော်ပြီး နိုင်ဂျီးရီးယားက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို ကြည့်နေပါပြီ” လို့ သူကဆိုပါတယ်။
“တချို့လူတွေကတော့ ပြည်တွင်းထွက်ကုန်တွေထက်စာရင် နိုင်ငံခြားထွက်ကုန် ဒါမှမဟုတ် သွင်းကုန်တွေကို ပိုပြီး ယုံကြည်နေကြတုန်းပါပဲ” လို့ သူကဆိုပါတယ်။
“ကျွန်မတို့အနေနဲ့ ဒီမှာ နိုင်ဂျီးရီးယားမှာ ဒါမျိုးရနိုင်တဲ့ အကြောင်းပြနိုင်ပါတယ်။ ကျွန်မတို့အနေနဲ့ သူတို့ကို အကောင်းဆုံးကို ပေးနိုင်ပါတယ်” လို့ သူက ပြောပါတယ်။