သြဂုတ်လဟာ ကျွန်တော်တို့ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းတွေအတွက် အလုပ်များတဲ့ လတစ်လပါပဲ။ လစဉ် ပုံမှန်လုပ်ငန်းတွေ အများအပြားကြားထဲမှာ အထူးလှုပ်ရှားမှုတွေအနေဖြင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုတွေ ကျောင်းကျန်းမာရေး ရက်သတ္တပတ် လှုပ်ရှားမှုတွေ ရှိနေပါတယ်။
ရက်သတ္တပတ် လှုပ်ရှားမှုတွေဟာ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ အောင်မြင်စေရေးအတွက် အများကြီး အထောက်အပံ့ ဖြစ်စေပါတယ်။ ပုံမှန်လုပ်နေကျ ပြည်သူ့ကျန်းမာရေး လုပ်ငန်းတွေထဲက တိုင်းပြည်အတွက် အရေးကြီးတဲ့ တချို့လုပ်ငန်းတွေကို ရက်သတ္တပတ် လှုပ်ရှားမှုအသွင်နဲ့ အားဖြည့် ဆောင်ရွက်ကြရပါတယ်။ အဲဒီရက်သတ္တပတ်တွေမှာ ပေါင်းစပ်လို့ရတဲ့ ဌာနပေါင်းစုံ၊ အသင်းအဖွဲ့ပေါင်းစုံနဲ့ ပြည်သူလူထုပါ ပါဝင်ပြီး ပြည်သူ့ကျန်းမာရေး လုပ်ငန်းစဉ်တွေကို အင်တိုက်အားတိုက် ဆောင်ရွက်ကြပါတယ်။ အရှိန်တင် ဆောင်ရွက်တယ်လို့ ဆိုရမှာပါ။ ဒီလို ဆောင်ရွက်ပြီး နောက်ပိုင်းလည်း တင်ထားတဲ့အရှိန် နောက်ကနေ အလိုက်သင့် တစ်နှစ်တာပတ်လုံး လိုက်ပါ ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။
ပြည်သူ့ကျန်းမာရေး ဝန်ထမ်းတွေအနေ နဲ့ သြဂုတ်လဟာ အလုပ်များသလောက် အဖွဲ့စုံဌာနစုံက မိတ်ဆွေတွေနဲ့ ပျော်ပျော်ပါးပါး အစုလိုက် ဆောင်ရွက်ကြတာဖြစ်လို့ ပျော်စရာလည်း ကောင်းလှပါတယ်။ ချွေးစိုစို အပြုံးလှလှ ပီတိဖြစ်ရတဲ့လလို့ ဆိုရမှာပါပဲ။
နှစ်စဉ်နှစ်တိုင်းလည်း ဗဟိုအဆင့်ကနေ ဒီလို ရက်သတ္တပတ်တွေမှာ ဘယ်လိုဘယ်ပုံနဲ့ ဆောင်ရွက်ရမယ်၊ ဆောင်ရွက်သင့်တယ် ဆိုပြီး အချိန်မီ အချိန်ကိုက် ညွှန်ကြားလေ့၊ သတိပေးလေ့ ရှိပါတယ်။ ဒီနှစ်မှာလည်း ကျောင်းကျန်းမာရေး ရက်သတ္တပတ်အတွက် ညွှန်ကြားချက်တွေ ထွက်လာပါတော့တယ်။ ကျောင်းတွေမှာ မူလတန်း၊ အထက်တန်း၊ အလယ်တန်းအဆင့်တွေ ခွဲခြားပြီး ဟောပြောပွဲတွေ၊ စာစီစာကုံးပြိုင်ပွဲတွေ၊ ပန်းချီပိုစတာပြိုင်ပွဲတွေ စတာတွေ ဆောင်ရွက်သွားဖို့ပဲ ဖြစ်ပါတယ်။ ဘယ်အတန်းဆို ဘာလုပ်ရမယ်၊ ဘာတွေပါရမယ်၊ ဘယ်လိုစီမံ အဲဒီလို ညွှန်ကြားချက်ဟာ အင်မတန်ပြည့်စုံတဲ့ လမ်းညွှန်ချက်တစ်ခုပါပဲ။ အားရကျေနပ်စရာပါ။
ကျွန်တော်ဟာ ၁၉၇၈-၇၉ လောက် ကတည်းက ကျောင်းစတက်ခဲ့ပါတယ်။ အရေးအခင်းကို နဝမတန်း စာမေးပွဲဖြေတုန်း စကြုံရလို့ ၁၉၉၀ မှ တက္ကသိုလ်ဝင်တန်းကို အောင်ပါတယ်။ ကျွန်တော်တို့ ငယ်ရွယ်စဉ် ဆိုရှယ်လစ်ခေတ်တုန်းက ဒီလို ရက်သတ္တပတ်တွေ မတွေ့ဖူးပေမယ့် နေ့ထူးနေ့မြတ် လှုပ်ရှားမှုတွေ တွေ့ကြုံခဲ့ဖူးပါတယ်။ (ဥပမာ ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့၊ အာဇာနည်နေ့ စသဖြင့်ပေါ့) အဲဒီလိုနေ့တွေ မကျရောက်ခင် နှစ်ပတ် သုံးပတ်လောက် အလိုကတည်းက ကျောင်းတွေမှာ ကျောင်းသူ ကျောင်းသားတွေကို ခန်းမထဲမှာစု၊ ဆရာဆရာမကြီးတွေက ဦးဆောင်ပြီး သက်ဆိုင်ရာနေ့တွေအကြောင်း ဟောပြောကြတော့တာပါပဲ။ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးတွေသာမက ဟောပြောတတ်တဲ့ ဆရာ ဆရာမတွေက ပုံစံအသွယ်သွယ်နဲ့ ဟောကြ ပြောကြတော့တာပေါ့။ လွတ်လပ်ရေးနေ့ဆို သူ့ကျွန်ဖြစ်ခဲ့စဉ်ဘဝကို အံတကြိတ်ကြိတ်နဲ့ နားထောင်ခဲ့ရသလို ပြည်ထောင်စုနေ့မှာဆိုလည်း ညီညွတ်ရေးရဲ့ အားမာန်ကို ခံစားခဲ့ရပြီး အာဇာနည်နေ့ ဆိုရင်လည်း မျက်ဝန်းထဲမှာ မျက်ရည်တွေ လှိမ့်ထွက်လာအောင် ကျွန်တော် အပါအဝင် ကျောင်းသူကျောင်းသားတိုင်း ခံစားခဲ့ဖူးပါတယ်။
အဲဒီလို ဟောပြောပြီးနောက် မကြာခင်ရက်မှာပဲ ကြေညာချက်တွေ ထွက်လာပါတော့တယ်။ ဟောပြောပြီးတဲ့ အထိမ်းအမှတ်ပွဲအတွက် စာစီစာကုံးပြိုင်ပွဲတွေ ရှိတယ်၊ ပန်းချီပြိုင်ပွဲတွေ ရှိတယ်၊ ပိုစတာတွေ ဆွဲနိုင်တယ်၊ ပြိုင်နိုင်တယ်ဆိုတဲ့ ကြေညာချက်ပါပဲ။ ဟောပြောပွဲက အချက်အလက်တွေနဲ့ နိုးကြား တက်ကြွနေတဲ့ နှလုံးသားခံစားချက်တွေနဲ့ ကျွန်တော်တို့တွေ သန်ရာသန်ရာ လှုပ်ရှားကြတော့တာပါပဲ။ အရေးအသား အဖတ်အရှုသန်သူတွေက စာစီစာကုံးတွေ ပြိုင်ကြသလို ပန်းချီဝါသနာပါသူ၊ အဆွဲအပြုကောင်းသူတွေက ပိုစတာတွေ ပန်းချီတွေ ဆွဲကြတော့တာပေါ့။ မိဘ ဆရာတွေရော သူငယ်ချင်းတွေရော မနေရအောင် ပျော်ပျော်ပါးပါး ပြိုင်ပွဲဝင်ခဲ့ရတာတွေကို သတိရမိပါတော့တယ်။ ဆုရတာ မရတာထက် အဲဒီအချိန်က လေ့ကျင့်သင်ကြားမှုတွေဟာ ခုလူလတ်ပိုင်းအချိန် ဘဝစီမံခန့်ခွဲမှုအတွက် ကြီးမားတဲ့ အထောက်အပံ့ ဖြစ်ခဲ့တယ်ဆိုတာကို ခုချိန်မှာ တန်ဖိုးထား ကျေးဇူးတင်မိပါတော့တယ်။
ကျွန်တော် ဆရာဝန်ဖြစ်စ ၂၀၀၀ ပြည့်နှစ်ကျော် ကာလတွေကတည်းက ကျောင်းကျန်းမာရေး လှုပ်ရှားမှုတွေ အပါအဝင် တခြားသော ပေါင်းစပ်ညှိနှိုင်းရတဲ့ အကြောင်းအရာတွေကြောင့် စာသင်ကျောင်းတွေကို မကြာခဏဆိုသလို ရောက်ဖူးခဲ့ပါတယ်။ ကိုယ်တိုင်ရဲ့ စိတ်ဝင်စားမှုအရ ကျောင်းသားကျောင်းသူ လူငယ်တွေနဲ့ မကြာခဏဆိုသလို အချိန်ပေး တွေ့ဆုံစကားပြော ဖြစ်ခဲ့ပါတယ်။ ခေတ်တွေ ပြောင်းသွားခဲ့တာကို သတိထားမိပါတယ်။ အထိမ်းအမှတ်နေ့တွေမှာ ဆိုရင် ကျွန်တော်တို့ ငယ်ငယ်တုန်းကလို လှုပ်ရှားမှုတွေ မတွေ့ရတော့ပါဘူး။ စာစီစာကုံး၊ ပန်းချီပိုစတာ ပြိုင်ပွဲတွေကတော့ အစဉ်အလာမပျက် ရှိနေဆဲပါပဲ။ ဒါပေမဲ့ လက်သင့်ရာဆိုသလို ကလေး လေး၊ ငါး၊ ၁၀ ဦးလောက်သာ ရွေးကောက်အသိပေးပြီး ပြိုင်ကြ၊ ဆုပေးကြတဲ့ လက်သိပ်ထိုး အဖြစ်ပွဲတွေလောက်သာ ရှိပါတော့တယ်။ ကလေးတိုင်းရဲ့ ပါဝင်မှု (Everyone Count) မရှိတော့ပါဘူး။ ပါဝင်ဆင်နွှဲတဲ့ ကလေးတွေကလည်း ကျွန်တော်တို့ ငယ်ငယ်တုန်းကလို ဟောပြောပွဲအပြီးမှာ ရင်ထဲမှာ နေမရ အုံကြွပြီး စိတ်ကိုနှစ်ကာ (ရူးသွပ်စွာ) ပါဝင်ယှဉ်ပြိုင်တာ မဟုတ်ဘဲ စာအသေကျက်ပုံကို လက်ထပ်ဆွဲပြီး စက်ရုပ်ဆန်ဆန် ပြိုင်ဆိုင်နေတတ်ကြပါတယ်။ အာဇာနည်နေ့ စာစီစာကုံးပြိုင်ကာ နီးစာအော်ကျက်နေတဲ့ သမီးငယ်တစ်ယောက်ကို တွေ့ဖူးပါတယ်။ ခံစားချက်မရှိဘဲ နှုတ်တိုက်အော်ဆိုနေတဲ့ သမီးငယ်လေးဟာ စာစီစာကုံးပြိုင်ပွဲမှာ ပထမ ရခဲ့ပါတယ်။ ရေးပေးတဲ့သူ သိပ်တော်ခဲ့တာကိုး။ ဒါပေမဲ့ သူ့ရင်ထဲမှာတော့ အာဇာနည်တွေကို မြတ်နိုးတဲ့ ကြည်ညိုလေးစားတဲ့စိတ်၊ တိုင်းပြည်ချစ်စိတ်တွေ တိုးတက်အောင်မြင်အောင် ဆောင်ရွက်လိုတဲ့ စိတ်တွေ နစ်နစ်နဲနဲ စွဲစွဲမြဲမြဲ မဝင်ခဲ့ဘူးဆိုတာကို သူနဲ့ စကားပြောကြည့်တော့ သိခဲ့ရပါတယ်။ အင်မတန် ဝမ်းနည်းခဲ့ရပါတယ်။
ခုဒီနှစ်လည်း အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်တွေနဲ့ ကျောင်းကျန်းမာရေး ရက်သတ္တပတ်မှာ စာစီစာကုံးတွေ၊ ပန်းချီတွေ၊ ပိုစတာတွေ ပြိုင်ဖို့ ဖြစ်လာပြန်ခဲ့ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကလို တစ်ကျောင်းလုံး ကျောင်းသားအားလုံး ပါဝင်နိုင်မလား ဆိုပြီး ဆန်းစစ်လိုက်ပါတယ်။ ကျောင်းတိုင်းမှာ ကျွမ်းကျင်သူတွေက လိုက်ပါပြီး ကျောင်းသားကျောင်းသူတွေ အားလုံး စိတ်ပါဝင်စား နိုးကြားလာအောင် ဟောပြောရမယ်။ ကျောင်းတိုင်းကလည်း စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင်ချင်တဲ့သူတိုင်း ပါဝင်အောင် အခြေအနေပေးရမယ်။ ကလေးတွေကလည်း စိတ်ဝင်စားရမယ်။ မိဘတွေကလည်း ပံ့ပိုးရမယ်။ ကျောင်းတိုင်းက ရွေးလိုက်တဲ့သူတွေရဲ့ လက်ရာမွန်တွေကို မြို့နယ်မှာ ပြန်သုံးသပ် ဒါမှမဟုတ် ပြန်ပြိုင်ခိုင်းပြီး ဆုပေးကြမယ်လို့ စိတ်ကူးစီမံချက်ကလေး ဆွဲလိုက်ပါတယ်။
ဖြစ်နိုင်ဖို့ အခွင့်အလမ်း အတော့်ကို နည်းပါးနေပါတယ်။ လက်သင့်ရာ ရွေးကောက် အနီးကပ်စာရေးပေး၊ လက်ထပ် ပုံဆွဲပေးပြီး ပြိုင်ကြ၊ ဆွဲကြ၊ ရေးကြမယ့် အနေအထားဖြစ်ဖို့ ၇၅ ရာခိုင်နှုန်း မကပါဘူး။ တစ်မြို့နယ်လုံးမှ ကလေး ၁၀၀ မပြည့်တပြည့်ရဲ့ စက်ရုပ်ဆန်တဲ့ အရေးအသား အဆွဲအပြု လက်ရာတွေနဲ့ ပွဲလှရုံ (For Show) ပဲ ဖြစ်သွားဖို့ အခွင့်အရေး များပါတယ်။ ကျောင်းသားတိုင်း လူငယ်တိုင်း သိဖို့ (Every Count) မလွယ်ပါဘူး။
ကျွန်တော် တာဝန်ကျတဲ့ မြို့ကလေးမှာ ကျောင်းသားကျောင်းသူဦးရေ နှစ်သောင်းကျော် ရှိပါတယ်။ မူလတန်း ၁၇,၀၀၀ ကျော်နဲ့ အလယ်တန်း၊ အထက်တန်း ၆,၀၀၀ ကျော် ရှိပါတယ်။ သူတို့ အားလုံးကို အာဟာရဆိုတာ ကျောင်းကျန်းမာရေး ဆိုတာ ကျန်းမာရေး ဆိုတာ သိစေချင်ပါတယ်။ ဒီလိုအဖွဲ့အစည်းစုံ ပါဝင်မယ့် ရက်သတ္တပတ် လှုပ်ရှားမှုတွေမှာ သူတို့ကို ကျန်းမာရေး ဗဟုသုတတွေ တိုးစေချင်လှပါတယ်။ ယနေ့ လူငယ် နောင်ဝယ်လူကြီး ဆိုသလို သူတို့လေးတွေကို ငယ်ရွယ်စဉ်ကတည်းက မှန်ကန်တဲ့ ကျန်းမာရေး အသိပညာတွေ စွဲမြဲသွားစေချင်ပါတယ်။ ဖြစ်နိုင်ရင် သူတို့တွေဆီကနေ တစ်ဆင့် သူတို့မိဘတွေဆီကို ကျန်းမာရေး ဗဟုသုတတွေ ပြန်ပို့ပေးချင်ပါတယ်။ ပြောင်းပြန် ပြန်စီးစေတဲ့ သဘော (Retrograde Health Education Approach) ကို အကောင်အထည် ဖော်ချင်ပါတယ်။ ကျွန်တော် စီစဉ်လိုက်ပါတယ်။
မူလတန်းအဆင့် ကလေးတိုင်းကို မေးခွန်းနှစ်ခု ဖြေခိုင်းလိုက်ပါတယ်။ ပထမ မေးခွန်းက ရောင်စုံနဲ့ ရိုက်နှိပ်ထားတဲ့ မုန့်၊ အသီး၊ အသားငါး၊ နွားနို့ စတာတွေရဲ့ ပုံလေးတွေ ပါဝင်တဲ့ မေးခွန်းလွှာပါပဲ။ ဒီမေးခွန်းတွေ မဖြေခင်မှာ ကျန်းမာရေးဌာနက ဆရာမတွေက ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အာဟာရပြည့်တဲ့ အစားအစာဆိုတဲ့ ခေါင်းစဉ်နဲ့ ကလေးတိုင်း နားလည်အောင် ရှင်းပြပေးရပါတယ်။ ပြီးမှ မေးခွန်းလွှာကို ကလေးတွေကို ပေးပြီး ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အာဟာရပုံလေးတွေကို သူတို့ဘာသာ သူတို့ ဝိုင်းပြရပါတယ်။ ပြီးရင် သူတို့ ကိုယ်ပိုင်ရတဲ့ မေးခွန်းလွှာလေးတွေကို အိမ်ကို ပြန်ယူသွားပြီး သူတို့ ထမင်းစားပွဲဘေးက နံရံမှာ ကပ်ထားခိုင်းလိုက် ပါတော့တယ်။
မူလတန်း ကလေးတွေ ဒုတိယဖြေဆိုရတဲ့ မေးခွန်းကတော့ သူတို့ သိပ်ကြိုက်ကြပါတယ်။ အရောင်ခြယ်တဲ့ မေးခွန်းပါပဲ။ အဲဒီ မေးခွန်းမတိုင်ခင်မှာ ကျန်းမာရေး ဆရာမလေးတွေက ခန္ဓာကိုယ်ကြီးထွားစေတဲ့ အစာအုပ်စု၊ အင်အားကို ဖြစ်စေတဲ့ အစာအုပ်စု၊ ရောဂါကာကွယ်ပေးတဲ့ အစာအုပ်စုတွေအကြောင်းကို အာဟာရဌာနက ထုတ်ပေးထားတဲ့ စက်ရုပ်ပုံသဏ္ဌာန် ပိုစတာတွေ (မရှိရင်လည်း နှုတ်နဲ့) အသုံးပြုပြီး အသိပညာပေးပါတယ်။ ပြီးမှ မေးခွန်း စာရွက်လေးတွေ ဝေပြီး ရောဂါကာကွယ်ပေးတဲ့ အသီးအနှံပုံတွေကို သင့်လျော်ရာ ရောင်စုံခြယ်ခိုင်းတော့တာပါပဲ။ လှလှပပ စိတ်ကူးရှိတိုင်း ခြယ်ထားတဲ့ ပုံလေးတွေနဲ့ ကလေးတိုင်းရဲ့ ပီတိမျက်နှာဟာ အားရစရာပါပဲ။ အဲဒီ သူတို့ကိုယ်တိုင် ခြယ်ထားတဲ့ ရောင်စုံ အာဟာရပုံလေးဟာလည်း သူတို့ရဲ့ ထမင်းဝိုင်းဘေးက နှလုံးသားနဲ့ ရေးဆွဲထားတဲ့ ပန်းချီကားလေး တစ်ချပ်အဖြစ် တင့်တယ်နေခဲ့ပါတယ်။
အလယ်တန်းနှင့် အထက်တန်း ကလေးတွေကိုတော့ အမှန်အမှား ရွေးချယ်ပါ၊ ကွက်လပ်ဖြည့်ပါ၊ အမှန်ဆုံးအဖြေကို ရွေးပါဆိုပြီး ကျန်းမာရေး/အာဟာရ ဗဟုသုတမျိုးစုံပါတဲ့ မေးခွန်း ၁၀၀ ပါတဲ့ မေးခွန်းကို ဖြေခိုင်းပါတယ်။ သူတို့ကျတော့ ဟောပြောပွဲ ကြိုမလုပ်ပါဘူး။ မေးခွန်းတိုင်းကို ရက်ကြိုပြီးတော့ ကျောင်းသား ကျောင်းသူတွေဆီကို ပို့ပေးထားခဲ့ပါတယ်။ အိမ်ကို ယူသွားရပါတယ်။ ကိုယ့်ဘာသာ ဖြေလည်း ရပါတယ်။ အချင်းချင်း တိုင်ပင်ပြီး ဖြေလည်း ရပါတယ်။ မိဘတွေကို ပြပြီး ဖြေခိုင်းလည်း ရပါတယ်။ ပြန်ချိန်းတဲ့ တစ်ရက်မှာ ကျန်းမာရေး ဆရာမတွေနဲ့ အဖြေတိုက်ကြပါတော့တယ်။ အဲဒီနေ့ကျမှ အဖြေ ၁၀၀ အတွက် ဆရာမတွေက ရှင်းပြပြီး အဖြေပြောပါတယ်။ ကိုယ်တိုင် ဖြေပေးထားတော့ မိဘတွေကလည်း သူတို့အဖြေ မှန် မမှန် အိမ်အရောက်မှာ ပြန်တိုက်ကြပါတယ်။ သားသမီးနှင့် မိဘတွေ မေးခွန်းတွေ၊ အဖြေတွေအကြောင်း ပြောမိကြရာက မသိမသာ သူတို့မှာ ကျန်းမာရေး အသိပညာ တိုးပွားလာပါတော့တယ်။ မေးခွန်းလွှာတွေအတွက် ကုန်ကျတဲ့ စရိတ်ကို စီစဉ်ပေးတဲ့ 3MDG အဖွဲ့နှင့် CESVI အဖွဲ့တို့ကိုလည်း လွန်စွာ ကျေးဇူးတင်မိပါတယ်။
ထမင်းစားပွဲဘေးက မူလတန်းကလေးတွေရဲ့ ကိုယ်တိုင်ရေး ပိုစတာတွေ အလယ်တန်းနဲ့ အထက်တန်း ကလေးတွေဆီက မေးခွန်းလွှာတွေ ဒါတွေ အားလုံးဟာ ကျောင်းသား ကျောင်းသူတွေသာမက မိဘနဲ့ ပတ်ဝန်းကျင်တွေကိုပါ ပြောင်းပြန် ပြန်စီးသွားတဲ့ ဗဟုသုတ ပညာပေး အစီအစဉ်တွေပါပဲ။
ဒီလို ပြောင်းပြန်စီးတဲ့ မြစ်ကလေးတွေကို ကျွန်တော် တာဝန်ကျတဲ့ မြို့ကလေးသာမက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးက မြို့နယ်တိုင်းကို စီးဆင်းစေချင်ပါသေးတယ်။ တစ်နေ့နေ့တော့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။