တရုတ်နိုင်ငံကို သစ်မှောင်ခိုထွက်တာတွေ ဘာကြောင့်ဆက်ရှိနေတာလဲ

တရုတ်နိုင်ငံကို သစ်မှောင်ခိုထွက်တာတွေ ဘာကြောင့်ဆက်ရှိနေတာလဲ
Published 13 August 2018

၂၀၁၈ ခုနှစ်ကအတွင်းက ရှမ်းပြည်မြောက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့သည့် သစ်မှောင်ခိုကားများကို တွေ့ရစဉ်

သစ်မှောင်ခိုလုပ်ငန်းရဲ့ ဇာစ်မြစ်

တရုတ်နိုင်ငံကို သစ်မှောင်ခိုသွင်းခဲ့တာ ဆယ်စုနှစ်နှစ်စု ရှိခဲ့ပါပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင် နယ်စပ်မှာနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ငြိမ်းချမ်းရေးယူပြီးကတည်းက ကြီးထွားလာတဲ့ မှောင်ခိုလုပ်ငန်းကြီးပါပဲ။ ဖွံ့ဖြိုးရေးခေါင်းစဉ်နဲ့ သယံဇာတကို ချနင်းခဲ့တာဖြစ်ပါတယ်။ သစ်မှောင်ခိုဟာ တရုတ်နိုင်ငံတစ်ခုတည်းကိုသာမက ထိုင်းနိုင်ငံဘက်ကိုလည်း အလုံးအရင်းနဲ့ ပို့ကြတော့ ထိုင်းဘုရင်ဘူမိဘောကိုယ်တိုင် တားမြစ်ခဲ့ရတဲ့အဆင့် ရောက်ခဲ့ပါတယ်။ တရုတ်နိုင်ငံကတော့ အခုအချိန်အထိကို သစ်၊ ကျောက်စိမ်း၊ ပယင်း၊ ကျွဲ၊ နွားတွေကို မှောင်ခိုသယ်လို့ ရှောရှောရှူရှူ ရနေပါသေးတယ်။

အတိတ်ကမြင်တွေခဲ့ရတဲ့ မြင်ကွင်းတွေ

မှတ်မှတ်ရရ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ သစ်မှောင်ခိုတွေကို ကိုယ်တွေ့မြင်ဖူးပါတယ်။ ကချင်ပြည်နယ်ကနေ တရုတ်ကို ပထမဆုံး မှောင်ခိုသွင်းခံရတာက ဧရာဝတီမြစ်ကြီးရဲ့ အရှေ့ဘက်ကမ်းက သစ်တောတွေဖြစ်ပါတယ်။ ဝိုင်းမော်-လိုက်ဇာလမ်း၊ ဝိုင်းမော်-ကန်ပိုင်တည်လမ်းတွေဟာလည်း သစ်တောတွေပတ်သက်ပြီး ဖောက်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၀၀ ပြည့်နှစ်လောက်ကစလို့ ဧရာဝတီအနောက်ဘက်ကမ်းကို ကူးလာကြပါတယ်။ အဲဒီတုန်းက စက်ယန္တရားမသုံးကြသေးတော့ မိုးကောင်းချောင်းနဲ့ ကောက်ကွေ့ချောင်းကြောက သစ်တွေဟာ ဧရာဝတီမြစ်ကို စက်လှေတွေနဲ့ကူးပြီး လှည်းတွေနဲ့ သယ်ကြရပါတယ်။ ကျွန်းသစ်တွေပါပဲ။ အခုတာလောကြီးအောက်ဘက် အရိန္ဒမာရွာ ဟောင်းဝန်းကျင်ကနေ နန်ဆန်ယန်ဘက်ကို လှည်းတွေနဲ့ မောင်းကြတာ။ အစီးရေတော့ အတိအကျမသိပေမယ့် လှည်းတန်းကြီးက ငါးမိုင်၊ ခြောက်မိုင်လောက်ရှိပါတယ်။ ဖုန်ထူလွန်းတော့ စွပ်ကျယ်ချိုင်းပြတ်၊ ပုဆိုးတွေကို နှာခေါင်းအုပ်ပြီး မောင်းကြရတာဖြစ်လို့ ကိုယ့်ဝန်းကျင်ကလူဟာ ဘယ်သူလဲ ဆိုတာကို မသိရပါဘူး။ တာလောကြီးကနေ အရှေ့ဘက်မှာမြင်ရတဲ့ ပကပ်တောင်ကြော တောင်ဘက်တောင်စွယ်ကနေ ကျော်ကြတာ ဖြစ်ပါတယ်။ ဒေသအခေါ်ကတော့ ကလန်ကျလို့ ခေါ်ပါတယ်။ အဲဒီတုန်းကအဲဒီ နေရာမှာ စည်ကားလွန်းခဲ့တာတော့ လောင်းကစား၊ ပြည့်တန်ဆာခန်းတွေအထိတောင် ရှိခဲ့ပါတယ်။

သစ်မှောင်ခိုလှည်းတန်းကြီးကို အဝေးကလှမ်းကြည့်ရင် သတ္တဝါကြီးတစ်ကောင် ဒေါသထွက်ပြီး ပြေးလာသလို ဖုန်လုံးကြီးတွေ တတန်းကြီးမြင်နေရပါတယ်။ မြစ်ရိုးမှာ ဆိုရိုးတွေတောင် ကျန်ခဲ့တယ်။ “မယားရွှေ ဆွဲ၊ ကျွဲငိုပွဲ” တဲ့။ စက်လှေတွေနဲ့ ဧရာဝတီမြစ်ကိုဆန်ပြီး တာလောကြီးအထက်ဘက်က တဘတ်ချောင်းဘက်ကို တက်လာကြတာလည်း နိုင်ငံခြားစစ်ကားတွေ ကြည့်နေရသလို မြစ်ကြောင်းကို ပြည့်လို့ပါ။

 

သစ်တွေ ဘယ်လောက်ခုတ်သွားလဲ၊ ဘယ်ကထွက်လဲ

သစ်တွေ ဘယ်လောက်ခုတ်သွားလဲဆိုတာ အဖြေကတော့ ဘယ်သူ့ဆီမှာမှ မရှိပါဘူး။ အခုလည်း ခုတ်နေဆဲမို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြောင်တလင်းခါသွားတဲ့ ကြိုးဝိုင်းတွေနဲ့တော့ ပြောလို့ရပါတယ်။ ကချင်ပြည် နယ် အရှေ့ခြမ်း၊ ရှမ်းပြည်မြောက်ပိုင်းက သစ်တောကောင်းတွေဟာ ၂၀၁၀ မတိုင်ခင် ကုန်ဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး သစ်တောတွေကိုတော့ ၂၀၁၀ နောက်ပိုင်းမှာ ထုတ်ယူလာကြတာ ဖြစ်ပါတယ်။ ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အပြင် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းမှု ပျက်ပြားလာတာဟာလည်း သစ်မှောင်ခိုအတွက် တွန်းအားတွေ ဖြစ်သွားပါတယ်။ ဒေသခံ သစ်မှောင်ခိုသမားအချို့ရဲ့ ပြောပြချက်တွေအရ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးပျက်ပြားဖို့ အချင်းများကြတဲ့အထဲမှာ သစ်မှောင်ခိုငွေကောက်ခံမှု အဝေမတည့်တာဟာ အဓိကအကြောင်းတရားမှာ ပါဝင်ခဲ့တယ်ဆိုပေမယ့် ဘယ်အဖွဲ့အစည်းကမှ ဝန်ခံပြောကြားတာတော့ မရှိသေးပါဘူး။

တရုတ်ဘက် သစ်မှောင်ခိုအကြောင်းပြောရင် ထွက်ပေါက်တွေကလည်း များပါတယ်။ မြန်မာ-တရုတ် နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ် မတ် ၂၅ ရက်က ချုပ်ဆိုခဲ့ပါတယ်။ သဘောတူစာချုပ်အရ  နှစ်နိုင်ငံနယ်စပ်ထွက်ပေါက် ရှစ်ခုသတ်မှတ်ထားရှိခဲ့ပါတယ်။ ကချင်ပြည်နယ်က လေးခုဆိုပေမယ့် ထွက်ပေါက်အားလုံး ပြောရရင် ကချင်ပြည်နယ်မှာ မြောက်ပိုင်းက ဆင်းလာရင် ရှိန်းခေါင်၊ ဖီမော်-ကမ်ဖန်၊ ပန်ဝါ၊ ကန်ပိုင်တည်၊ လိုက်ဇာ၊ မိုင်ဂျာယန်၊ လွယ် ဂျယ်၊ မန်ဝိန်းကြီးစတဲ့ ထွက်လမ်းတွေက ထွက်ပေါက်ကြီးတွေ ဖြစ်ပါတယ်။ အဲဒီထွက် ပေါက်ဝန်းကျင်က သစ်တွေဘယ်လောက် ထွက်တယ်ဆိုတာကတော့ ပတ်ဝန်းကျင်က တောင်ကတုံးတွေကိုပဲ မှန်းဆရင် ရလောက်ပါပြီ။ ၂၀၁၆ ခုနှစ် ဧပြီ ၂၄ ရက်မှာ မေခမြစ်ဖျားပိုင်းမှာ မိုးကြီးပြီး ကျေးရွာပေါင်း ခုနစ်ရွာမှ အိမ်ခြေပေါင်း ၁၀၃ အိမ်သည် ရေထဲမျောပါခဲ့ကာ လူပေါင်း ၁၀၀၀ ကျော် ဒုက္ခရောက်ခဲ့တာရဲ့ တရားခံဟာ သစ်တွေအလွန်အကျွံ ထုတ်ခဲ့တာကြောင့်ဆိုတာ ပုံတွေကြည့်ရင် သိနိုင်ပါတယ်။

 

ဦးသိန်းစိန်အစိုးရလက်ထက် သစ်မှောင်ခို

ဦးသိန်းစိန်အစိုးရလက်ထက်မှာ အပစ် အခတ် ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေဟာ တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်လာတာကြောင့် သစ်မှောင်ခိုလုပ်ငန်းဟာ ကြီးကျယ်လာပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ဘက်က သစ်တောတွေက သစ်ကောင်းမရှိသလောက် ရှားသွားတော့ စစ်ကိုင်းတိုင်းဒေသကြီးက သစ်တွေ၊ မန္တလေးတိုင်းဒေသကြီး မြောက်ပိုင်းက သစ်တွေကို ပစ်မှတ်ဖြစ်လာပါတယ်။ အထူးသဖြင့် ပွင့်လင်းရာသီမှာ သစ်မှောင်ခိုဖြစ်ခဲ့တာပါ။ မှတ်တမ်းတွေအရ ကချင်ပြည်နယ်အတွင်း ၂၀၀၀ ပြည့်နှစ်က နေ ၂၀၁၄ ခုနှစ် ဇန်နဝါရီလကုန်အထိ သစ်တန်ပေါင်း ၁၁၉၂၉၈ ဒသမ ၆၅၅ တန် (တန်တစ်သိန်းတစ်သောင်းကျော်)ကို ဖမ်းဆီးရမိပါတယ်။ တရုတ်ဘက်ကို ဒီထက်အဆပေါင်းများစွာ ရောက်သွားတာ ဖြစ်ပါတယ်။ နယ်မြေမအေးချမ်းစဉ် ၂၀၁၀ ပြည့်နှစ်နောက် ပိုင်းကာလမှာ တရုတ်နိုင်ငံကို သစ်မှောင်ခို အလွန်အကျွံ လုပ်ခဲ့ကြတာပါ။ တရုတ်နိုင်ငံ ဘက်ကတော့ဂိုဏ်းဖွဲ့ပြီးတောင် သစ်မှောင်ခိုလာလုပ်ကြပါတယ်။ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ်၊ မဘိန်းမြို့နယ် လေးမြို့နယ် နယ်စပ်ဒေသအတွင်း ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တရုတ်နိုင်ငံဘက်က BDY အမည်ရှိ အင်အား ၂၀၀ ခန့်ပါ သစ်မှောင်ခို ဂိုဏ်းကြီးရောက်ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ၂၀၁၅ ခုနှစ် မတ် ၃ ရက်ကစတင်ကာ သစ်ခိုးထုတ်မှုများကို စတင်ပါတယ်။ ဒီ BDY တရုတ်သစ်ခိုးဂိုဏ်းမှာ ၂၀၁၄ ခုနှစ် နိုဝင်ဘာလဆန်းခန့်က ဆဒုံးဒေသတွင်သစ်ကားအစီး  ၄၀၀ ကျော် ဖမ်းဆီးရမိခဲ့တဲ့ ဂေါ်ရင်ဂန်း   သစ်ခိုးဂိုဏ်းထက် ငွေကြေးအင်အား စက်ယန္တရားအင်အား သာတယ်။ လူအင်အား အဆများစွာသာလွန်ပြီး အဆက်အသွယ် ကြီးကြီးမားမားနဲ့ ကွန်ရက်ချိတ် ဆက်လုပ်ကိုင်လျက်ရှိနေကြောင်း သစ်မှောင်ခို အသိုင်းအဝိုင်းက ဆိုပါတယ်။  ဂေါ်ရင်ဂန်း သစ်ခိုးဂိုဏ်းက ၁၅၅ ဦးကိုတော့ ၂၀၁၅ နှစ် ဆန်းပိုင်းတွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဖမ်းဆီးပါတယ်။ လုပ်ငန်းခွင်မှာ အဓိကဖြစ်တဲ့ လုပ်ငန်းရှင်တွေတော့ တစ်ဦးမှမပါဘူး။ လဝကအက်နဲ့ ထောင်ခြောက်လချပြီး အပက (၃) နဲ့အပြစ်ပေးတဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကတော့ ရှစ်ရက်နဲ့ ပြန်လွှတ်လိုက်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မဲဇာတိုက်နယ်က ရွာသားကိုမြင့်အောင်က “ဒီမှာတအားဖြစ်တာက ၂၀၁၂ နောက်ပိုင်း ဆက်တိုက်ပဲ။ ပထမတုန်းက တမလန်းသစ်ပေါ့။ တစ်ညကို ကားတင်ခပဲ ၂၀,၀၀၀ လောက်ရလိုက်ကြတာ။ ၁၀ ဘီးကားတွေပေါ်ကို ထမ်းတင်ရတာ။ တောထဲမှာလည်း ရသလောက်ခုတ်။ အားလုံး ဖရီးဖြစ်ကုန်တာ။ အခု တမလန်းပင်ဆိုရင် အရုပ်ရေးပြရမလိုကို ရှားသွားတာ။ တစ်ညလုံးလုပ်ကြတော့ လူငယ်တွေက မူးယစ်ဆေးတွေ ဆော့ကြတယ်။ အခုရွာမှာ လူ ၃၀ လောက် မူးယစ်အကြောမပြတ် ဖြစ်နေတာ။ အဲဒီသစ်ကြောင့်ပဲ။ လွန်ခဲ့တဲ့နွေတုန်းကတော့ ကားတွေ လာသယ်ကြသေးတယ်။ ကျွန်းတွေပေါ့။ တမလန်းကုန်ပြီ။ သင်္ကန်းဝတ်တွေနဲ့ကို ပါသေးတာ။ အတုအစစ်တော့ မသိဘူးပေါ့” လို့ ပြောပါတယ်။

 

NLD အစိုးရလက်ထက် လက်ရှိအခြေအနေ

လက်ရှိမှာလည်း ရှမ်းပြည်မြောက်ပိုင်း ကနေလာပြီး ကချင်ပြည်နယ် မန်စီမြို့ဘုရား ကုန်းလမ်း၊ မိုးမောက်-လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးလမ်းကနေ ထွက်နေတယ်။လွန်ခဲ့တဲ့လပိုင်းကတော့ ကချင်ပြည်နယ်မြောက်ပိုင်း ဆော့လော်မြို့နယ်အတွင်းက ဖမ်းဆီးသစ်တွေ တရုတ်နိုင်ငံဘက်ခိုးထုတ်လို့ လွှတ်တော်ကိုယ်စားလှယ်က နိုင်ငံတော်သမ္မတကို တိုင်ကြားရတဲ့ အခြေအနေ ဖြစ်သွားပါတယ်။ မြောက်ပိုင်းက တခြားလမ်းတွေမှာလည်း သစ်မှောင်ခိုတွေ ရှိနေဆဲပဲလို့ ဒေသခံကိုယ်စားလှယ်တွေ ပြောကြပါတယ်။

ကချင်ပြည်နယ်တောင်ပိုင်း ဗန်းမော်ခရိုင်မှာတော့ သစ်မှောင်ခိုလုပ်ငန်းဟာ ဗန်းမော်-မိုးမောက်-လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးလမ်းကို အသုံးပြု၍လည်းကောင်း၊ စင်းခန်း၊ ရွှေကူဘက်မှတစ်ဆင့် ကောင်းတုံ-မြလယ်တွင် ကားငယ်များ တင်ဆောင်ကာ မန်စီတောင်ဘက် ဘုရားကုန်းအောက်လမ်းကိုလည်းကောင်း၊ ရှမ်းပြည်မြောက်ပိုင်း မဘိန်းမြို့နယ်မှ စီအူ-စည်ခမ်းကြီး-မန်သာ-ဟန်ထက် မံစီဘုရားကုန်းအောက်လမ်းကိုလည်းကောင်း လက်ရှိအသုံးပြုနေပါတယ်။

ဗန်းမော်မြို့မှ ကားဆရာတစ်ဦးက “လက်ရှိမှာ မိုးမောက်-ကျောက်စခန်း-စိန်လုံ-လွယ်ဂျယ်လမ်းပိုင်းကို မှောင်ခိုတွေနဲ့  ဌာနဝန်ထမ်းတွေ ပူးပေါင်းပြီးသယ်ဆောင်နေတာကို တွေ့မြင်နေရဆဲလို့ ပြောပါတယ်။

၎င်းက “လွယ်ဂျယ်လမ်းက တရားဝင် လမ်းလေ။ ကျောက်စခန်း၊ စိန်လုံ၊ ၂၈ မိုင်း၊ ယောယုံ၊ကာစတန်ဂိတ်ကြီး ငါးဂိတ်ရှိတယ်။ ဝစ်သောက်ကားတွေနဲ့ သယ်နေတာပဲ။ ငါးပတ်လည် တစ်တုံးကို ၂၅၀၀၀ ကယ်ရီခရတယ်။ တစ်စီးလုံးဆို အတုံး ၁၀၀ လောက် အထိနိုင်တယ်။ ၂၅ သိန်းဆိုရင် လမ်းကြေးရှင်းလိုက်ရင် ခုနစ်သိန်းလောက်ကျန်တာပေါ့။ တစ်လမ်းလုံး ငွေခင်းလေ။ ဒါတောင်ဂိတ်မှာ တာဝန်ကျတဲ့ကောင်က မကိုက်ဘူး လုပ်သေးတာ။ လွန်ခဲ့တဲ့နှစ်ပတ်လောက်က လမ်းကြောမှာ ဖမ်းလိုက်တာ။ ပိုင်ရှင်က ဂိတ်ကိုတောင် မရောက်လိုက်ဘူး။ လွှတ်လိုက်ရော။ ကားဆရာတွေတော့ ခံရတာပေါ့။ သစ်တွေကတော့ ဧရာဝတီမြစ်ကို ဆန်လာတာရှိတယ်။ ရှမ်းပြည်ဘက်ကနေ အောက်ချောင်းလမ်းအတိုင်း လာတာရှိတယ်။ ပွင့်လင်းရာသီဆိုရင် ကျွန်းဖရဲ၊ ကျွန်းကျောက်ကြံ၊ ကျွန်းတစ်ရှူးငှက်ပျောတို့ လာပါလိမ့်ဦးမယ်။ ဒီလမ်းကနည်းတယ်လို့ ပြောရမယ်။ ရှမ်းပြည်ကနေ တက်လာပြီး မှောင်ခိုလမ်းက သွားတာက ဒီထက်အဆ ထောင်သောင်းချီတယ်။ ဂိတ်မှာကျတဲ့ ဝန်ထမ်းတစ်ဦးရဲ့ အိမ်က သိန်းထောင်ချီတန်ရင် စဉ်းစားသာကြည့်ပေါ့။ ပြီးတော့ ဌာနဆိုင်ရာတွေက ဒီမှာနှစ်တွေအကြာကြီးနေပြီး မပြောင်းချင်ကြဘူး” ဟု ညည်းတွားပါတယ်။

 

NLD အစိုးရလက်ထက်မှာ သစ်မှောင်ခိုကိစ္စ လွှတ်တော်မှာ မေးမြန်း၊ အဆိုတင်မှု မရှိသေး

မြန်မာနိုင်ငံအနာဂတ်အတွက် ဒီလောက်အရေးကြီးတဲ့ကိစ္စကို လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်မှာ မေးမြန်း၊ အဆိုတင်မှုမရှိသေးကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ အံ့သြရပါတယ်။ ဒီကိစ္စဟာ နိုင်ငံအတွက် ဘယ်လောက်အရေးကြီးသလဲဆိုတာ မိုးခေါင်၊ ရေကြီးတာတွေ ကမ္ဘာကထုတ်ပြန်တဲ့ ရာသီဥတုဒဏ်ခံရနိုင်ခြေ အများဆုံးနိုင်ငံတွေထဲမှာ ပါဝင်တာကြည့်ရင် သိနိုင်ပါတယ်။ သစ်မှောင်ခိုကိစ္စရပ်တွေကို လွှတ်တော်မှာ မမေးတဲ့အကြောင်းရင်းတွေကို မေးကြည့်ရာမှာ တပ်မတော်နဲ့ အတိုက်အခံပုံစံဖြစ်တဲ့ အဆိုမေးခွန်းတွေကိုလည်း ခွင့်ပြုမပေးချင်တဲ့ အခြေအနေဖြစ်နေကြောင်း ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “ပြည်နယ်မှာရော ပြည်ထောင်စု လွှတ်တော်မှာပါ ဒီကိစ္စကို လွှတ်တော်မှာ မေးမြန်းတာ မရှိပါဘူး။ မမေးတာက အန္တရာယ်များလို့ပါ။ သစ်မှောင်ခိုဆိုပေမယ့် လက်နက်တွေပါတယ်။ သစ်တောဝန်ထမ်းတွေ ခေါ်သွားတယ်။ လက်စဖျောက်တယ်။ လွန်ခဲ့တဲ့ သုံးလလောက် ကျေးရွာအုပ်ချုပ်ရေးမှူးကို သစ်မှောင်ခို သတင်းပေးလို့ဆိုပြီး ခေါ်သွားတယ်။ မိသားစုကတော့ သတ်ပစ်လိုက်ပြီ ထင်နေတာပဲ။ ဘယ်အဖွဲ့အစည်းကဆိုတာ လည်းဝန်မခံဘူး။ အဲဒီတော့ သစ်မှောင်ခိုနဲ့ ပတ်သက်ရင် ဘယ်လွှတ်တော်ကိုယ်စားလှယ်မှ အသံမထွက်ရဲဘူး။ ရှမ်းမြောက်ပိုင်းမှာ ဘယ်တောမှ အဖိုးတန်သစ်မကျန်တော့ဘူး။ အခုလာတာ စစ်ကိုင်းမြောက်၊ မန္တလေးမြောက်ကနေ လာနေတာ။ ဒေသတွင်းကိုလည်း မီဒီယာတွေ လာစေချင်တယ်။ သိန်းပေါင်းများစွာဝင်ငွေရှိတဲ့ ကျေးရွာတွေ ခြံစည်းရိုးမခတ်နိုင်ဘူး။ သစ်မှောင်ခိုတွေက မူးယစ်ဆေးဝါးနဲ့ပူးပြီးလာတာ။ မြင်ရရင် ဝမ်းနည်းစရာကြီး” ဟု ဆိုသည်။

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့အထွက်တွင် တရုတ်နိုင်ငံသို့မှောင်ခိုပို့မည့် တမလန်းသစ်တင်ယာဉ်တစ်စီး တိမ်းမှောက်နေစဉ် (ဓာတ်ပုံ နီတိုး )

ဦးသိန်းစိန်အစိုးရလက်ထက်မှာ သစ်မှောင်ခိုကိစ္စ၊ ကျွဲ၊ နွားမှောင်ခိုကိစ္စ၊ မီးသွေးမှောင်ခိုကိစ္စတွေကို ကချင်ပြည်နယ်လွှတ်တော်မှာ မေးမြန်းခဲ့၊ ဆွေးနွေးခဲ့ကြတာတွေ ရှိပါတယ်။ ထိုက်သင့်သလောက် ဖမ်းနိုင်ခဲ့ပေမယ့် ထိရောက်တဲ့ အဆင့်ရောက်အောင်တော့ မဖမ်းဆီးနိုင်ခဲ့ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ NLD အစိုးရလက်ထက်မှာတော့ သစ်မှောင်ခိုကိစ္စဟာ ပပျောက်မယ်လို့ ပြည်သူအချို့က ထင်နေကြပါတယ်။ တရုတ်နိုင်ငံကို သစ်မှောင်ခိုလုပ်ငန်းများဟာ  ၂၀၁၈ ခုနှစ် (NLD အစိုးရလက်ထက်)  ပွင့်လင်းရာသီအထိ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်ဒေသအနှံ့ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒေသခံက သစ်မှောင်ခိုခိုးထုတ်မှုများမှာ ဦးသိန်းစိန်အစိုးရလက်ထက်ကထက်ပိုများပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ အစိုးရအဖွဲ့အစည်းများ၊ ပြည်သူအများစုပါ ပါဝင်ပတ်သက်နေတယ်လို့ သုံးသပ်ပါတယ်။ အဲဒီသစ်မှောင်ခိုလုပ်ငန်းတွေနဲ့ပတ်သက်လို့ မူးယစ်ဆေးဝါးလုပ်ငန်းများ၊ လူကုန်ကူးမှုများ၊ ကြီးမားသော လာဘ်ပေးလာဘ်ယူမှုများပါ ဖြစ်ပေါ်နေကြောင်း ဝေဖန်ကြပါတယ်။

မဘိန်းဒေသခံတစ်ဦးက “လာမယ့်ပွင့်လင်းရာသီ ၂၀၁၈-၂၀၁၉ မှာလည်း ဖြစ်ဦးမယ်။ ဒီမှာ ဒါကိုလုပ်စားတာ နှစ်ဆယ်ချီနေပြီ။ ကျေးရွာအုပ်စုတစ်ခုမှာ သစ်မှောင်ခိုသယ်တဲ့ တရုတ်စစ်တပ်က ကားဟောင်းကြီးတွေ အစီး ၁၀၀ ကျော်တယ်။ ဒေသက မလုံခြုံဘူးလို့သာ ပြောတာ။ အခြေစိုက်လက်နက် ကိုင်အဖွဲ့ မရှိဘူး။ သုံးလုံး (KIA) ၊လေးလုံး (TNLA) လာတတ်တယ်။ မဘိန်းကျော်တာနဲ့ ကချင်ပြည်နယ်ထဲက မန်စီမြို့နယ်ထဲကနေ တရုတ်ဘက်ထွက်တာပါ။ ရွာတွေမှာတော့ ဈေးသည်အပျိုလေးတွေ မူးယစ်ဆေး ရောင်းတယ်ဆိုရင် ယုံမှာမဟုတ်ဘူး။ ဒေသအတွက် ဘာကျန်သလဲဆိုရင် ဆေးသမား၊ ဘိန်းစားတွေ အများဆုံးကျန်တာပါပဲ။ မှောင်ခိုသမားက ၁၀ ဦးမှာ မူးယစ်မသုံးတဲ့ သုံးဦးလောက်ပဲ အခြေခိုင်သွားတာ။ မလုံခြုံ တာက အခုမှစတာ။ ပျောက်လိုက်တဲ့ပစ္စည်း၊ လုယက်တာတွေပါ ရှိနေပြီ” ဟု ဆိုသည်။

မတားဆီးနိုင်တော့ဘူးလား

တပ်မတော်နဲ့  ကေအိုင်အိုလက်နက်ကိုင်အဖွဲ့တို့ဟာ ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်း ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ တိုက်ပွဲများဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှု တွေပါရှိခဲ့တယ်။ သစ်တွေလည်းအများကြီး မိတယ်။ ဒီသစ်တွေဟာ ကသာခရိုင် ဧရာဝတီမြစ်ရိုး၊ ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်၊ မိုးမောက်ဘက် ကရောက်ရှိလာတဲ့ ကျွန်းနဲ့ တမလန်းသစ်များဖြစ်ကြောင်း မှောင်ခိုလုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

ဒေသခံတွေ၊ လွှတ်တော်ကိုယ်စားတွေရဲ့ သုံးသပ်ချက်အရဆိုရင် လာမယ့်ပွင့်လင်းရာသီမှာ သစ်မှောင်ခိုဟာ သေချာပေါက်ဖြစ်မှာပါပဲ။ မတားဆီးနိုင်တာဟာ ငြိမ်းချမ်းရေး မရှိတာ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တွေက မတားဆီးတာ၊ အစိုးရဝန်ထမ်းတွေ အကျင့်ပျက်ခြစားတာ၊ ဒေသခံတွေအားလုံးနီးပါး ပါဝင်နေတာ၊ အိမ်နီးချင်း တရုတ်နိုင်ငံဘက်ကလည်း ဒီမှောင်ခိုလုပ်ငန်းတွေ လျစ်လျူရှုတာတွေကြောင့် ဖြစ်ပါတယ်။

ဒေသခံ လွှတ်တော်ကိုယ်လှယ်တစ်ဦးက “လာမယ့်ပွင့်လင်းရာသီက သစ်မှောင်ခို ဖြစ်ဦးမှာ။ အခုကတည်းက ပြင်သင့်တာတွေ ပြင်နေကြပြီ။ မတားဆီးနိုင်တာက မတားကြလို့ပဲ ပြောရမှာပေါ့။ သစ်မှောင်ခိုဟာ သွားကြားထိုးတံသယ်သွားတာ မဟုတ်ဘူး။ လမ်းကြောင်းကိုကြည့်ရင် နယ်မြေအေးချမ်းတဲ့ ဒေသအသီးကနေ ပဋိပက္ခနယ်မြေကို ဖြတ်၊ တိုင်းရင်းသား လက်နက်ကိုင်နယ်မြေကို ဖြတ်သွားတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း ငွေပေးပြီး ထွက်ခိုင်းနေတယ်။ သူတို့ပိတ်ရင် ဇာတ်လမ်းပြတ်ပြီ။ နောက်ပြီး ရာသီဥတုဒဏ်ခံရတဲ့ မြန်မာနိုင်ငံအောက်ပိုင်းတစ်ခုလုံးက တိုင်းရင်းသားညီ အစ်ကိုတွေကိုလည်း ကိုယ်ချင်းစာသင့်တယ်လေ။ အဲဒီကနေ ပဋိပက္ခနယ်မြေကို ဆင်းလာပြီး ဂိတ်ကိုမဖြတ်ဘဲနဲ့ ဘယ်လိုမှရှေ့ ဆက်လို့မရဘူး။ အခုက အားလုံးညှိပြီးသွားနေတာ။ နေရာအတိအကျ၊ ပမာဏအတိအကျ စာရင်းပေးတာတောင် နယ်မြေလုံခြုံရေး အခြေအနေအရဆိုတော့ ကျွန်တော်တို့က ဘာလုပ်ရမလဲ။ ကျွန်တော်တို့ဒေသဆိုရင် ကမ္ဘာ့ကျွန်းအကောင်းဆုံး ထွက်တဲ့နေရာပဲ။  ဒါပေမဲ့ မကျန်တော့ဘူး။ ဒေသခံတွေက ကြားခံသယ်ယူနေကြတာ။ အဆင့်ဆင့်ကျော်ခဲ့တဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကလည်း ထည့်တွက်ရမှာပေါ့။ ကျွန်တော်တို့ဒေသက ကမ္ဘာပျက်နေပြီ။ ဘယ်အဖွဲ့မှ ကယ်မယ့်ပုံ မပေါ်သေးဘူး။ ဒီပုံစံအတိုင်းသွားရင် NLD မှမဟုတ်ဘူး။ ဘယ်အစိုးရတက်တက် ခိုးနေကြဦးမှာပဲ။ မြန်မာနိုင်ငံက သစ်တွေ မကုန်မချင်းဖြစ်နေဦးမှာ”ဟု သုံးသပ်သည်။

NLD အစိုးရလက်ထက် သုံးနှစ်ပြည့် သစ်မှောင်ခိုလုပ်ငန်းကြီးကိုတော့ လာမယ့်ပွင့်လင်းရာသီမှာ စောင့်ကြည့်ဖို့သာရှိပါတယ်။ မြန်မာနိုင်ငံက သစ်တွေမကုန်မချင်းဆိုတာတော့ လွန်လွန်းလှတယ်လို့ ထင်ပါတယ်။

Most Read

Most Recent