လက်ရှိ NLD အစိုးရအနေနဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ မူဝါဒ ၁၂ ချက်ချမှတ်ပြီး လုပ်ဆောင်နေပါတယ်။ ဒီမူဝါဒ ၁၂ ချက်ထဲမှာ အခွန်နဲ့သက်ဆိုင်တာက “နိုင်ငံတော်၏ ဝင်ငွေတိုးတက်ရရှိရန် အကျိုးသက်ရောက်မှုရှိပြီး မျှတသော အခွန်စနစ်ထူထောင်၍ ပြည်သူများ၏ အခွင့်အရေးနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကိုဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းလျက် အကာအကွယ်ပေးရန်” ဆိုတဲ့ အချက်ဖြစ်ပါတယ်။
အခြေခံလူတန်းစား ပြည်သူတွေက ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်စတဲ့ အခွန်အကောက်တွေကအစ ရေခွန်၊ မီးခွန်၊ အမှိုက်ခွန်၊ စည်ပင်ခွန်စတာတွေအပြင် ဖုန်းပြောခအပေါ် ကောက်ခံတဲ့အခွန်တွေ အပါအဝင် အခွန်အကောက်အမျိုးမျိုးတွေကို ပေးဆောင်နေကြရပါတယ်။ အခြားတစ်ဖက်မှာတော့ ပေးဆောင်သင့်တဲ့အခွန်ကို မဆောင်ဘဲ အခွန်တိမ်းရှောင်နေသူတွေ၊ အခွန်ဆောင်ပေမယ့် ဆောင်ရမယ့် ပမာဏအောက်များစွာ လျှော့ဆောင်နေတဲ့သူတွေ၊ အကြောင်းအမျိုးမျိုးပြပြီး အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်ရနေသူတွေလည်း ရှိနေပါတယ်။ ဒီလိုမမျှတမှုတွေရှိနေတဲ့ အတွက်ကြောင့် အခွန်ကောက်ခံမှု တွေဟာအခြေခံ၊ လူလတ်တန်းစား ပြည်သူတွေအပေါ်ကိုပဲ ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်လာစေနိုင်ပါတယ်။
ဘယ်လိုအခွန်အမျိုးအစားတွေ ပြည်သူတွေပေးဆောင်နေရလဲ
အခွန်အကောက်ဆိုတာ ပြည်ထောင်စုအစိုးရက ပြည်ထောင်စုအတွက် ကောက်ခံတဲ့အခွန်၊ အကောက်ခွန်၊ အခ၊ လိုင်စင်ကြေး၊ ပါမစ်ကြေးနဲ့ ဒဏ်ငွေတွေကိုဆိုပါတယ်လို့ ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမှာ ဖော်ပြထားပါတယ်။
အမျိုးအစားအလိုက် ပြောရမယ်ဆိုရင် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ အောင်ဘာလေသိန်းဆုခွန်၊ တံဆိပ်ခေါင်းခွန်တွေပါပါတယ်။ ဒါ့အပြင် ယစ်မျိုးခွန်၊ သွင်းကုန်အတွက်လိုင်စင်ကြေး၊ ပါမစ်ကြေး၊ မော်တော်ယာဉ်၊ ယာဉ်မောင်းလိုင်စင်၊ လုပ်ငန်းလိုင်စင်ဆိုင်ရာ အခငွေတွေ၊ မုတ်ကောင်ဝတ်ဆံသွင်းအခွန်၊ အကောက်ခွန်၊ မြေယာပေါ်မှာ ကောက်ခဲ့တဲ့အခွန်၊ ရေခွန်၊ တာတမံခွန်၊ သစ်တောတွေကနေ ပစ္စည်းထုတ်ယူတဲ့အတွက် ကောက်ခံတဲ့ သစ်တောခွန်၊ ဓာတ်သတ္တုပစ္စည်းတွေ ထုတ်ယူတဲ့အတွက် ကောက်ခံတဲ့အခွန်၊ ငါးလုပ်ငန်းဆိုင်ရာအခွန်အခ၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ထုတ်ယူတဲ့ အတွက်ကောက်ခံတဲ့အခွန်၊ ဓာတ်သတ္တုခွန်နဲ့ ရတနာခွန်၊ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်တဲ့အတွက် ကောက်ခံတဲ့အခွန်အခ၊ ရေအားအရင်းအမြစ်က လျှပ်စစ်ဓာတ်အားထုတ်ယူတဲ့အတွက် အခမဲ့ရရှိတဲ့ဓာတ်အားခ၊ ခရီးလှည့်လည် ရေးလိုင်စင်/ ဟိုတယ်နဲ့ တည်းခိုရိပ်သာလိုင်စင်/ ခရီးသွားလာသူများ ပို့ဆောင်ရေးလိုင်စင်/ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်များအတွက် လိုင်စင်ကြေး စတာတွေလည်းပါနေပါတယ်။
ဒီလိုအခွန်အကောက်တွေကနေ ရငွေဟာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ကျပ် ၁၅၃၈ ဒသမ ၇၆၆ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ကျပ် ၂၇၁၀ ဒသမ ၉၀၆ ဘီလျံနဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ကျပ် ၃၅၁၂ ဘီလျံကျော်၊၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်မှာ ကျပ် ၆၅၁၅ ဘီလျံ ဖြစ်ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ကျပ် ၆၃၁၄ ဘီလျံဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာတော့ အခွန်ရငွေ ကျပ် ၆၂၁၉ ဘီလျံ ကျော်လျာထားပြီး လက်ရှိ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှာတော့ ကျပ် ၆၄၈၁ ဘီလျံရရှိဖို့ လျာထားပါတယ်။
ဒါကိုကြည့်ရင် ခြောက်နှစ်အတွင်း အခွန်လေးဆအထိတိုးမြှင့် ကောက်ခံခဲ့တာတွေ့ရပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတွေဟာ ဥပဒေအရ ပေးဆောင်ရမယ့် အခွန်အကောက်တွေကို ပေးဆောင်ဖို့တာဝန်ရှိပါတယ်။ နိုင်ငံသားတွေဟာ အခွန် ဆောင်ကိုဆောင် ရမှာဖြစ်ပေမယ့် မျှတမှုရှိရှိ၊ ပေးနိုင်စွမ်းရှိမှု (Ability to pay) ပေါ်အခြေခံပြီးတော့ အခွန်နှုန်းထားတွေကို သတ်မှတ်သင့်ပါတယ်။
အခွန်နဲ့ပတ်သက်ပြီး ဘာတွေအကောင်အထည်ဖော်မှာလဲ
နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒမှာပါတဲ့ ‘နိုင်ငံတော်၏ ဝင်ငွေတိုးတက်ရရှိရန် အကျိုးသက်ရောက်မှုရှိပြီး မျှတသောအခွန်စနစ်ထူထောင်၍ ပြည်သူများ၏ အခွင့်အရေးနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းလျက် အကာအကွယ်ပေးရန်’ ဆိုတဲ့အချက်နဲ့ ပတ်သက်ပြီး အစီအစဉ်ငါးခုနဲ့ အကောင်အထည်ဖော်သွားမယ်လို့ အစိုးရကမူဝါဒ ချမှတ်ထားပါတယ်။
အဲဒီအစီအစဉ် ငါးခုကတော့ ‘ရသင့်ရထိုက်သော အခွန်များအပြည့်အဝရရှိရေးနှင့် ထိရောက်သော ခွဲဝေမှုဆိုင်ရာ ကိစ္စရပ်များအတွက် ဆောင်ရွက်ခြင်း၊ အခွန်ကောက်ခံရာတွင် အကျိုးရှိမှု (Benefit )၊ ပေးနိုင်စွမ်းရှိမှု (Ability to pay ) ပေါ် အခြေခံ၍ အခွန်နှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်း၊ ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ခွင့်ပြုပေးခြင်းတို့ဖြင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေရရှိအောင် ဆောင်ရွက်ခြင်း၊ အခွန်နှုန်းထားများကို ပြဋ္ဌာန်းသတ်မှတ်ရာတွင် စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုရေး၊ စီးပွားရေးတည်ငြိမ်မှုရှိရေးနှင့် မျှတမှုရှိရေးတို့အပေါ် အခြေခံဆောင်ရွက်ခြင်း၊ အခွန်ကောက်ခံမှုနှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ရသင့်ရထိုက်သည့် အခွန်အခများ အပြည့်အဝရရှိစေမည့် နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသည့် အခွန်စနစ်ဖြစ်လာစေရန် ဆောင်ရွက်ပြီး အခွန်တိုးမြှင့်ရရှိအောင် ဆောင်ရွက်ခြင်း၊ အခွန်ထမ်းများအားပေးသော ဝန်ဆောင်မှုများချဲ့ထွင်ခြင်း၊ ပြည့်စုံတိကျသော အခွန်ကောက်ခံမှုလုပ်ငန်းစဉ်များ ပြုလုပ်ချမှတ်ခြင်း၊ လိုက်နာမှုမရှိသော ကိစ္စရပ်များကို ဖော်ထုတ်ရန် ရှင်းလင်းပြတ်သားသော လုပ်ထုံးလုပ်နည်းများ ဖော်ဆောင်ခြင်းတို့ကို ဆောင်ရွက်ခြင်း’ ဆိုတဲ့အစီအစဉ်တွေပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ]အခွန်အခြေကို ချဲ့ထွင်ဆောင်ရွက်ခြင်း၊ အခွန်တိမ်းရှောင်မှုများကို ဖော်ထုတ်ခြင်း၊ အခွန်ကင်းလွတ်ခွင့်ပေးမှုများကို စိစစ်ခွင့်ပြုခြင်းတို့ဖြင့် အခွန်အကောက် ရငွေတိုးတက်လာစေရန်’ စတဲ့အချက်တွေကို စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာနက ရည်မှန်းချက်ထား ဆောင်ရွက်သွားမယ်လို့ အမျိုးသား စီမံကိန်းဥပဒေမှာ ဖော်ပြထားပါတယ်။၂၀၁၆-၂၀၁၇ ကနေ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မယ့် ဒုတိယကာလတို ငါးနှစ်စီမံကိန်းမှာလည်း ထပ်ဆင့် တိုးခွန် (Value Added Tax - VAT) စတင်ကောက်ခံရန်ဆောင်ရွက်ခြင်း၊ အစိုးရငွေ တိုက်လက်မှတ်၊ ငွေတိုက်စာချုပ်တွေ ဈေးပြိုင်စနစ်နဲ့ရောင်းချခြင်း၊ အထူးကုန်သွယ်လုပ်ငန်းခွန် (Special Commercial Tax - SCT) စနစ် စတင်ခြင်းတို့ကိုလည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
ဝင်ငွေရလမ်း မပြနိုင်ကြပေမယ့်
တရားမဝင်နည်းလမ်းတွေက ရရှိတဲ့ ငွေမည်းတွေကို ငွေဖြူဖြစ်အောင် လုပ်ပေးသလိုဖြစ်နေတဲ့ အခွန်ကောက်ခံမှုစနစ်တွေကိုလည်း ပြန်လည်သုံးသပ်သင့်ပါတယ်။ ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိရင် ဘယ်လောက်ကနေ ဘယ်လောက်ထိဆိုရင် ဘယ်နှရာခိုင်နှုန်းအခွန်ဆောင် ဆိုတာမျိုးတွေကို ဆိုလိုခြင်း ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအခန်း (၇) ပုဒ်မ ၂၅ မှာ ပြဋ္ဌာန်းထားတာက
‘ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များမနုတ်မီ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ၃၀ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်။ သို့ရာတွင် နိုင်ငံသားမည်သူမဆို အခြေပစ္စည်း တစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ်တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုသည့်ဝင်ငွေမှ ဝင်ငွေရလမ်းတင်ပြနိုင်သည့် ဝင်ငွေရှိပါက ယင်းဝင်ငွေအား နုတ်ပယ်ပြီးကျန် စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေအပေါ်တွင်လည်းကောင်း၊ ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင် လည်းကောင်း အောက်ဖော်ပြပါ အခွန်နှုန်းထားအတိုင်း ဝင်ငွေခွန်စည်းကြပ်ရမည်။ အသုံးပြုသည့် ဝင်ငွေအားလုံးအပေါ် ဝင်ငွေရလမ်း အတိအကျ တင်ပြနိုင်ပါက ဝင်ငွေခွန်ထမ်းဆောင်ရန်မလိုပါ။ ဤပုဒ်မအရ အခွန်စည်းကြပ်ခြင်းသည် တရားမဝင်ရရှိသည့် ပစ္စည်းများပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့်လည်းကောင်း၊ ငွေကြေးခဝါ ချမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူသည့် ကိစ္စရပ်များနှင့်လည်းကောင်း သက်ဆိုင်ခြင်း မရှိစေရ’ လို့ ပြဋ္ဌာန်းထားပါတယ်။
ဝင်ငွေရလမ်းမတင်ပြနိုင်ရင် ဝင်ငွေခွန်စည်းကြပ်မှုနှုန်းကတော့ သိန်း ၃၀၀ အထိဆို ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀၀ အထက်မှ သိန်း ၁၀၀၀ အထိဆို ရာခိုင်နှုန်း ၂၀ နဲ့ သိန်း ၁၀၀၀ အထက်ဆိုရင် ရာခိုင်နှုန်း ၃၀ ဖြစ်ပါတယ်။
အခွန်ကောက်ခံမှုဟာ တိုင်းပြည်ရဲ့စီးပွားရေး (GDP) တိုးတက်ဖို့အတွက်များစွာ အထောက်အကူပြုသော်လည်း အခွန်ကောက်ခံမှု တွေဟာ စနစ်ကျတဲ့အခွန်ကောက်ခံမှု၊ မှန်ကန်တဲ့အခွန်ကောက်ခံမှုများ ဖြစ်ဖို့လိုအပ်ကြောင်း၊ ဥပဒေမှာ အားနည်းချက်ရှိပါကငွေမည်းများ ငွေဖြူဖြစ်လာမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ငွေမည်းများငွေဖြူ ဖြစ်လာပါက ငွေကြေးဖောင်းပွမှုပို၍ တက်လာမည်ဖြစ်ပြီး တိုင်းပြည်စီးပွားရေး ကျဆင်းမှုကို ပို၍တွန်းအားပေးသလို ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိခဲ့ပါတယ်။
“အခွန်လုံးဝမဆောင်ဘဲ ရှောင်ထားတဲ့ ငွေ၊ မူးယစ်၊ သစ်၊ ကျောက်မျက်မှောင်ခိုထားတဲ့ငွေ၊ အဂတိလိုက်စားထားတဲ့ ငွေတွေကို ပိုင်ဆိုင်ထားတဲ့သူတွေကျတော့ အခွန်လေး နည်းနည်းပေးလိုက်တာနဲ့ ငွေဖြူတန်းဖြစ်မယ်ဆိုရင်တော့ ငွေမည်းခဝါချဖို့ အားပေးနေသလို ဖြစ်နေတယ်။ ရလမ်းမပြနိုင်တဲ့ ငွေတွေအများအပြား ရှိတဲ့သူတွေအတွက်ထွက် ပေါက်ကြီးပေးထားသလို ဖြစ်နေတယ်လို့ မြင်ပါတယ်။ နောက်တစ်ခုက နှစ်တိုင်းမှန်မှန်ကန်ကန် အခွန်ဆောင်နေတဲ့သူတွေကို မဆောင်ချင်အောင် လုပ်သလို ဖြစ်နေတဲ့အခွန်နှုန်းတွေလို့ သုံးသပ်ပါတယ်” လို့ အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ခဲ့ပါတယ်။
၁၉၆၀ ပြည့်နှစ်နဲ့ ၂၀၁၃ ခုနှစ် ကြား မြန်မာနိုင်ငံကနေတရားမဝင် ငွေကြေးစီးဝင်မှု ဒေါ်လာဘီလျံ ၉၀ ခန့်နဲ့ စီးထွက်ငွေ ဒေါ်လာ ၁၉ ဘီလျံ ဝန်းကျင် စုစုပေါင်းအမေရိကန် ဒေါ်လာ ဘီလျံ ၁၀၀ ဝန်းကျင်ထက်မနည်း စီးဝင်စီးထွက်မှုဖြစ်ပေါ်ခဲ့တယ်လို့ အမေရိကန်နိုင်ငံဝါရှင် တန်အခြေစိုက် Global Financial Integrity အဖွဲ့က “Flight capital and illicit financial flows and From Myanmar ၁၉၆၀-၂၀၁၃ အမည်ဖြင့် ၂၀၁၆ ခုနှစ်အတွင်းက အစီရင်ခံစာ ထုတ်ပြန်ခဲ့ဖူးပါတယ်။
ဖုန်းဘေလ်ခွန်လို၊ မီတာခလို ပြည်သူအပေါ် တိုက်ရိုက်သက်ရောက်စေတဲ့၊ ရှောင်မရတဲ့ အခွန်အခတွေကို စီမံချမှတ်လုပ်ဆောင်နေပေမယ့် ငွေမည်းတွေကို စိစစ်ဖော်ထုတ်တဲ့ နေရာမှာတော့ ခုအထိ ထိထိရောက်ရောက် ကိုင်တွယ်နိုင်မှုမရှိ သေးတာကလည်း ငွေမည်းသမားတွေအတွက် အခွင့်သာစေတာကို ပေါ်လွင်စေတဲ့အချက်ပါပဲ။
အခွန်ကင်းလွတ်ခွင့်အချို့က ဘယ်သူတွေကို အကျိုးရှိစေတာလဲ
အခွန်ကင်းလွတ်ခွင့်ပေးတာ၊ သက်သာခွင့်တွေပေးတာဟာ အကောင်း၊ အဆိုးဒွန်တွဲမှုတွေရှိပါတယ်။ ဒါပေမဲ့ ဒီလိုကင်းလွတ်ခွင့် သက်သာခွင့်တွေက အခြေခံလူတန်းစားတွေအပေါ် တိုက်ရိုက်အကျိုးရှိစေတာတွေ နည်းပါတယ်။ လုပ်ငန်းရှင်ကြီးတွေ၊ ကုမ္ပဏီတွေအတွက်သာ ပိုလို့အကျိုးရှိစေပါတယ်။ ကတ်ပြောမယ်ဆိုရင်တော့ ဒီလိုကင်းလွတ်ခွင့် သက်သာခွင့်တွေပေးလို့ ရင်းနှီးမြှုပ်နှံမှုတွေဝင်လာမယ်။ အလုပ်အကိုင်အခွင့်အလမ်း တွေကောင်းလာမယ်။ လုပ်ခလစာ တွေတက်လာမယ်။ နည်းပညာတွေ ရလာမယ်လို့တော့ ပြောမယ်ဆို ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒါတွေက အခြေခံလူ တန်းစားတွေအတွက် ဆောက်ဖြစ်မှ ကျောင်းဒကာဖြစ်မယ့်ပုံပါပဲ။
ကျပ်ဘီလျံပေါင်းများစွာ မြှုပ်နှံကြတဲ့ လုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေတွေနဲ့ လုပ်ကိုင်ကြတာဖြစ်လို့ အနည်းဆုံး အခွန်ငါးနှစ်အထိ ကင်းလွတ်ခွင့်ရကြပါတယ်။ အစိုးရသက်တမ်းတစ်ခုစာ သူတို့ဆီက အခွန်မရတော့ပါဘူး။
အဲဒီလို ဘီလျံချီမြှုပ်နှံတဲ့အခါ အဲဒီငွေတွေဟာ ရလမ်းပြနိုင်တဲ့ငွေ တွေဟုတ်မဟုတ် ဘယ်လိုစစ်ဆေးတယ်ဆိုတာမျိုးကိုလည်း တိတိကျကျ အသေးစိတ်ချမပြလို့ မသိရပါဘူး။ ဘဏ်အကောင့်ထဲမှာ ငွေပြနိုင်တိုင်းငွေဖြူမဟုတ်လို့ ဒီလိုရင်းနှီးမြှုပ်နှံမှုပြုနေတဲ့ ငွေတွေကနေ အခွန်တွေ ဘယ်လောက်နစ်နာနေလဲဆိုတာ ခန့်မှန်းကြည့်ရင် သိနိုင်ပါတယ်။
ကျပ်ဘီလျံချီမြှုပ်နှံနိုင်တဲ့လုပ် ငန်းရှင်ကြီးတွေက အခွန်ကင်းလွတ်ခွင့်တွေ သက်သာခွင့်တွေရနေတဲ့ အချိန်မှာ တစ်လကျပ်လေးသိန်း လစာဝင်ငွေရှိတဲ့ ကုမ္ပဏီဝန်ထမ်း တွေ၊ လခစားတွေက အခွန်ပေး ဆောင်နေရတာဖြစ်လို့ တကယ်တမ်းအခွန်စနစ်ဟာ အခြေခံပြည်သူကိုပဲ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်လို့ ပြောရမလို ဖြစ်နေပါတယ်။
အခု သြဂုတ်လအတွင်းမှာပဲ စိန်နဲ့မြ၊ ရွှေစင်ရွှေတုံးအပေါ်မှာ အခွန်ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ စိန်နဲ့မြကို အထူးကုန်စည်ခွန် ကင်းလွတ်ခွင့်ပြုတာဖြစ်ပြီး ရွှေစင်ရွှေတုံးအပေါ်မှာ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီလိုအခွန်ကင်းလွတ်ခွင့် ပေးဖို့နဲ့ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက “ပြည်တွင်း၌ ထုတ်လုပ်နိုင်မှုမရှိသေးသည့် စိန်နှင့်မြတို့အားအထူး ကုန်စည်ခွန်ကင်းလွတ်ခွင့်ပြုခြင်းအားဖြင့် ပြည်ပမှ စရိတ်သက်သာစွာ တရားဝင်တင်သွင်းနိုင်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံကဲ့သို့ လက်ခစားကျောက်သွေး လုပ်ငန်းလုပ်ဆောင်ခြင်းဖြင့် ကျောက်သွေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်မည်ဖြစ်ခြင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာနိုင်ခြင်း၊ ကျောက်သွေးပညာရပ် ပိုမိုတိုးတက်လာပြီး ပြည်တွင်းထွက် ကျောက်စိမ်းကျောက်မျက်နှင့် ပတ္တမြားကဲ့သို့ ကျောက်မျက်များအတွက်ပါ ကုန်ချောကုန်စည်အဖြစ် ထုတ်လုပ်နိုင်မည်ဖြစ်ခြင်း၊ နိုင်ငံတကာ အဆင့်မီ ကုန်ချောကုန်စည်ကို ပြည်ပသို့တင်ပို့ရောင်းချပါက ဈေးနှုန်းပိုမိုရရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း” လို့ပြောကြားခဲ့တယ်လို့ သတင်းတွေမှာ ဖတ်ရှုရပါတယ်။
‘ထို့အတူ ရွှေစင်ရွှေတုံးကဲ့သို့ ကုန်စည်အား နိုင်ငံတကာတွင် ငွေကြေးကဲ့သို့တန်ဖိုး သတ်မှတ်၍အသုံးပြုလျက်ရှိရာ ရွှေစင်ရွှေတုံးထုတ်လုပ်မှုအတွက် ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံခြင်းနှင့် ရောင်းချမှုတိုင်းအတွက် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းတို့သည် ရွှေစင်ရွှေတုံးများအား ဈေးဖွင့်ရောင်းချရာတွင် ကမ္ဘာ့ဈေးကွက်ဈေးနှုန်းဖြင့် ရောင်းချမှုမပြုနိုင်ဘဲဈေးနှုန်း တည်ငြိမ်မှုအား ထိခိုက်စေနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း ရွှေစင်ရွှေတုံးများကို သွယ်ဝိုက်ခွန်ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုထားသည်ကို တွေ့ရကြောင်း၊ ရွှေစင် ရွှေတုံးများအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုခြင်းအားဖြင့် နိုင်ငံအတွင်း ရွှေဈေးကွက် ဖွံ့ဖြိုး တိုးတက်လာစေနိုင်သည့်အပြင် ငွေကြေးတန်ဖိုးခိုင်မာမှုကို အထိုက်အလျောက် အထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်းတွင် ဖွင့်လှစ်ရန် ရည်ရွယ်ထားသည့် နိုင်ငံတကာအဆင့်မီ ရွှေဈေးကွက် ဖြစ်ပေါ်စေရေးအတွက် များစွာအထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း’ ဦးမောင်မောင်ဝင်းက ပြောကြားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
စိန်နဲ့မြ၊ ရွှေစင်ရွှေတုံးလို ကျောက်မျက်ရတနာတွေဟာ ငွေလုံးငွေရင်းရှိတဲ့သူတွေ လုပ်ငန်းရှင်တွေပဲ ဝယ်ယူစုဆောင်းရောင်းဝယ်ကြတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ အဲဒီလိုပစ္စည်းတွေ ကင်းလွတ်ခွင့်ရပြီး အများပြည်သူအပေါ် တိုက်ရိုက်ကောက်ခံနေတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ မမျှတတဲ့ အခွန်နှုန်းတွေ လျှော့ချပြင်ဆင်မပေးတာကလည်း ဝင်ငွေနည်းပြည်သူတွေကို ပိုပြီးဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။
မျှတမှုရှိရဲ့လား
ပေးသင့်တဲ့အခွန်ကို မထမ်းဆောင်ဘဲ အခွန်ရှောင်နေတဲ့ ဖြစ်ရပ်တွေရှိနေတယ်ဆိုတာ စီးပွားရေး အသိုက်အဝန်းနယ်ပယ်မှာ တွေ့နေရကြားနေရပါတယ်။ အခွန်ရှောင်မှုတွေနဲ့ ပတ်သက်လို့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေကိုယ်တိုင် ပြည်တွင်းမှာ အခွန်လုံးဝမပေးဆောင်တဲ့ လုပ်ငန်းကုမ္ပဏီတွေ ရှိနေတယ်လို့ တရားဝင်ပြောကြားမှုတွေ ရှိခဲ့ပါတယ်။ အခွန်ရှောင်နေတဲ့ အထဲမှာရင်းနှီးမြှပ်နှံမှုပမာဏကြီးတဲ့ လုပ်ငန်း၊ ကုမ္ပဏီကြီးတွေ ဘယ်လောက်အထိပါနေလဲဆိုတာ မသိနိုင်သလို မြတ်နေတဲ့လုပ်ငန်း အရှုံးပြ၊ ဒါမှမဟုတ် အမြတ်ရာခိုင်နှုန်းကိုလျှော့ပြပြီး အခွန်ရှောင်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။
သာမန်အခြေခံလူတန်းစား တွေကတော့ ရေသုံးတဲ့အတွက် ရေခွန်၊ မီးသုံးတဲ့အတွက် မီတာခ၊ အမှိုက်ပစ်တဲ့အတွက် အမှိုက်ခွန်၊ သန့်ရှင်းခွန်စတာတွေပေးနေရတဲ့အပြင် လမ်းပေါ်ထွက်တာနဲ့ လမ်းအသုံးပြုခ၊ တံတားဖြတ်သန်းခစတာမျိုးတွေကိုလည်း ပေးနေရပါတယ်။ စားသောက်ဆိုင်သွားစားရင်တောင် ကိုယ်စားတဲ့အပေါ်မှာ အခွန်က ပေးရပါတယ်။ ပစ္စည်းဝယ်ရင်လည်း အခွန်၊ နောက်ဆုံးဖုန်းပြောရင်တောင် အခွန်ပေးနေရပါတယ်။
အခုနောက်ပိုင်းဆန်၊ ပဲအပါအဝင် လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သူတွေ တောင်သူလယ်သမား တွေထံကနေတောင် ဆန်၊ ပဲ စတာတွေ အရောင်းအဝယ်လုပ်ရင် သတ်မှတ်ဝင်ငွေပမာဏထက်ကျော်ရင် ဝင်ငွေခွန်ကောက်ဖို့ စီစဉ်ခဲ့ကြပါသေးတယ်။ ဝေဖန်သံတွေ များပြားခဲ့တဲ့အတွက် အကောင်အထည်တော့ မပေါ်ခဲ့ပါဘူး။
အများပြည်သူများအပေါ် ကောက်ခံမယ့်အခွန်တွေ တိုးလာပေမယ့် အခွန်ကင်းလွတ်ခွင့်မျိုးစုံ၊ အခွန်ရှောင်နည်းပေါင်းစုံနဲ့ လုပ်ဆောင်နေကြတဲ့သူတွေက ပေးသင့်ပေးထိုက်တဲ့ အခွန်တွေကိုမပေး ဆောင်ခြင်းဟာမျှတခြင်းမရှိတဲ့ အနေအထားတစ်ရပ်လို ဖြစ်နေပါတယ်။ ဖုန်းငွေဖြည့်ကတ်တွေမှာ အခွန်ကောက်သလို အခွန်ကင်းလွတ်ခွင့်ရနေသူတွေ၊ အခွန်ရှောင်နေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့လိုတယ်လို့ ထင်ပါတယ်။
“အခွန်ရငွေရှာရာမှာ ဆင်းရဲတဲ့ပြည်သူတွေကို ဝန်မပိစေတဲ့ နည်းလမ်းမျိုးကိုရှာသင့်ပါတယ်။ ဘတ်ဂျက်လိုငွေလျှော့ချဖို့ တကယ်လုပ်သင့်တာက အခွန်ရှောင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့ အခွန်ပေးဆောင်ခြင်းမရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဆီကနေ အခွန်အပြည့်အဝရရှိအောင် ဆောင်ရွက်သင့်ပါတယ်။ အခွန်အပြည့်အဝရဖို့အတွက် အခွန်မဆောင်ခဲ့တဲ့ လုပ်ငန်းရှင်တွေဆီကနေ နောက်ကြောင်းပြန် ကောက်ခံသင့်ပါတယ်။နောက် ပြီးတော့ ဖားကန့်ဒေသကနေ ပြည်ပကို တရားမဝင်ထွက်နေတဲ့ ကျောက်စိမ်းတွေကို တားဆီးနိုင်မယ်ဆိုရင် အခွန်တွေပိုမိုရရှိလာမယ်။ အဲဒီလို တားဆီးနိုင်မယ်ဆိုရင် ဒူဘိုင်း၊ ကူဝိတ်တို့လို ပြည်သူတွေကို ထောက်ပံ့နိုင်ပါတယ်။ အခွန်တိမ်းရှောင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ အခွန်အပြည့်အဝကောက် ခံနိုင်မယ်ဆိုရင် အခွန်ရငွေတွေ တိုးလာမှာပါ။ ဒါဆိုရင် ပြည်သူတွေအနေနဲ့ မိမိတို့ထမ်းဆောင်သင့်တဲ့ အခွန်ကလွဲပြီးသက်သာလာမှာပါ” လို့ ၂၀၁၆ ခုနှစ်အတွင်းက ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅) မှ လွှတ်တော် ကိုယ်စားလှယ်ဦးရဲထွဋ်က ဆွေးနွေးခဲ့ဖူးပါတယ်။
နိုင်ငံသားတိုင်း အခွန်ပေးဆောင်ရမှာဖြစ်ပေမယ့် နိုင်ငံရဲ့အခြေအနေနဲ့ လိုက်လျောညီထွေမှုရှိတဲ့ ထိုက်သင့်တဲ့အခွန်နှုန်းထားတွေဖြစ်စေ ဖို့ကောက်ခံတဲ့စနစ်တွေရှိစေဖို့ အုပ်ချုပ်သူတွေက စီမံခန့်ခွဲမှုရမှာ ဖြစ်ပါတယ်။ ပြည်သူတွေဆီ အခွန်ပိုကောက်ချင်တယ်ဆိုရင် သူတို့ဝင် ငွေတိုးတက်လာအောင် ကောင်းမွန်တဲ့စီးပွားရေးဝန်းကျင်တွေကို ဖန်တီးပေးရမှာပါ။ ထောက်ပံ့မှု၊ ကူညီမှုတွေပေးရမှာပါ။ ရေမြင့်ရင်ကြာတင့်ပါတယ်။ အကြောင်းအမျိုးမျိုးပြပြီး အခွန်တိမ်းရှောင်သူတွေကို လည်းအရေးယူမှုတွေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု၊ တစ်ဦးချင်းဝင်ငွေ မမြင့်မားသေးတဲ့နိုင်ငံတစ်ခုမှာ အများဆုံးရှိနေတဲ့ အခြေခံလူတန်းစားတွေအတွက်လည်း အခွန်အမျိုးမျိုးက ဝန်ထုပ်ဝန်ပိုးလိုဖြစ်မနေစေဖို့လည်း လိုအပ်ပါတယ်။