တိုင်းရင်းသားပါတီများ ညီလာခံအမြန်ခေါ်ယူကြ

တိုင်းရင်းသားပါတီများ ညီလာခံအမြန်ခေါ်ယူကြ
Published 11 August 2018

၂၀၁၈ ခုနှစ် သြဂုတ် ၃ ရက်က UNA အဖွဲ့ဝင် ပါတီခေါင်းဆောင်များ လစဉ်ပုံမှန်အစည်းအဝေး ကျင်းပနေစဉ် (Photo: UNA Facebook)

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်နေရာ ပိုမိုအနိုင်ရရှိနိုင်ရန် အလားအလာကောင်းနေသည်ဟု ဆိုရမည်ဖြစ်သည်။ တိုင်းရင်းသားပါတီများသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအလွန် အစိုးရဖွဲ့စည်းရေးတွင် အဆုံးအဖြတ်ပေးနိုင်၊ မျှခြေကို ထိန်းကျောင်းနိုင်စွမ်းရှိသည်အထိ ရွေးကောက်ပွဲ အနိုင်ရဖို့၊ နိုင်ငံရေးခြေစွမ်းပြနိုင်ဖို့ ဗျူဟာမြောက် သုံးသပ်၊ ပြင်ဆင်နိုင်ဖို့ လိုအပ်မည်ဖြစ်သည်။ သို့ဖြစ်၍ တိုင်းရင်းသားပါတီများအကြား ညီလာခံတစ်ရပ် ခေါ်ယူပြီး ယုံကြည်မှု၊ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ဗျူဟာမြောက် ချဲ့ထွင်နိုင်ရန် ရေရှည်အမြင်ရှိရှိ၊ အမြော်အမြင်ရှိရှိ ဖော်ဆောင်နိုင်ရေး ရှေးရှုသင့်ကြောင်း ဆော်သြလိုပါသည်။

တိုင်းရင်းသားလူမျိုးစု ကိုယ်စားပြုသည့် တိုင်းရင်းသားပါတီများအနေဖြင့် တိုင်းရင်းသားပါတီများ ညီလာခံတစ်ရပ်ကို ဆောလျင်စွာ ကျင်းပပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ကြားကာလတွင် တိုင်းရင်းသားပါတီများအကြား ယုံကြည်မှု၊ နားလည်မှု တည်ဆောက်နိုင်ရေး မဖြစ်မနေ ဦးတည်ကြရမည် ဖြစ်သည်။ တူတာတွဲလုပ်၊ မတူတာခွဲလုပ်ဆိုသည့်ထုံးကို နှလုံးမူ၍ အကြိတ်အနယ် ညှိနှိုင်းဆွေးနွေး၊ ယုံကြည်မှု တည်ဆောက်ပြီး ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို အောင်ပွဲများနှင့်အတူ ဖြတ်သန်းနိုင်ရေး ပြင်ဆင် ဆောင်ရွက်သင့်ကြောင်း တိုက်တွန်း အကြံပြုလိုပါသည်။ တိုင်းရင်းသားပါတီများ အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို ကျောချင်းကပ် ဖြတ်သန်းနိုင်မည်ဆိုလျှင် ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်းအပေါ် သက်ရောက်မှုများစွာ ရှိလာနိုင်သည်ဟုလည်း မှတ်ချက်ပြုနိုင်သည်။

တိုင်းရင်းသားပါတီများ ညီလာခံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်ပါတီ)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုးပါတီ) တို့နှင့် နိုင်ငံရေးအရ နီးစပ်သည့် တိုင်းရင်းသားပါတီများ အပါအဝင် လူမျိုးစု အခြေပြုတိုင်းရင်းသားပါတီများ အားလုံးပါဝင် တက်ရောက်ပြီး တိုင်းရင်းသားလူမျိုးစုများအကြား နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်နေရသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ စိန်ခေါ်ချက်များ၊ အကျပ်အတည်းများကို အမြင်ဖလှယ်၊ ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်မည့် ဘုံစြင်္ကံလမ်း သို့မဟုတ် ဘုံစားပွဲဝိုင်းတစ်ခုအဖြစ် တည်ဆောက်လာနိုင်ရေး ရှေးရှုပြင်ဆင်ရမည်ဖြစ်သည်။

တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များ အနေဖြင့် ညီလာခံတွင် ဘုံမူဝါဒများ၊ ဘုံရပ်တည်ချက်သဘောထားများ၊ ဘုံရှေ့လုပ်ငန်းစဉ်များ၊ ဘုံဗျူဟာနည်းနာများကို အကြိတ်အနယ် ညှိနှိုင်းဆွေးနွေး၍ အမြင်သဘောထားဖလှယ်နိုင်ရန် မျက်မှောက်ပြုသင့်သည်။ ထို့ပြင် တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များအကြား ကျယ်ကျယ်ပြန့်ပြန့်၊ အကြိတ်အနယ် ညှိနှိုင်းဆွေးနွေးမှုများမှတစ်ဆင့် သဘောတူညီချက်များ ရယူ၍ တစ်သံတည်း ထွက်နိုင်မည့် ဘုံပြဋ္ဌာန်းချက်များနှင့်အတူ တစ်လှေတည်းစီး တစ်ခရီးတည်းသွားနိုင်ရေး ခေါင်းချင်းရိုက် ပြင်ဆင်ကြရမည် ဖြစ်ပါသည်။ မတူကွဲပြားမှုများကို ချန်လှပ်၍ ဘုံသဘောတူညီချက်များအပေါ် အခြေပြုကာ တိုင်းရင်းသားပါတီခေါင်းဆောင်များအကြား စဉ်ဆက်မပြတ် ညှိနှိုင်းဆွေးနွေး၊ အမြင်ဖလှယ်နိုင်လေလေ၊ တိုင်းရင်းသား နိုင်ငံရေး၏ အနာဂတ်အတွက် အကျိုးများလေလေပင်ဖြစ်သည်။

အခြေခံကျသော၊ ယေဘုယျဆန်သော ဘုံသဘောတူညီချက်များ၊ ဘုံပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ ပွင့်ပွင့်လင်းလင်း၊ ဆွေးနွေးအဖြေရှာနိုင်ပြီး တိုင်းရင်းသားနိုင်ငံရေး ခေါင်းဆောင်များနှင့် ပါတီများအကြား ယုံကြည်မှု တည်ဆောက်ရေးကို ပိုမိုအားကောင်း မောင်းသန်နိုင်ရေး ရှေးရှုရမည့်အပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီပြုရေးတို့အပေါ် အကြားမလပ်၊ မျက်ခြည်မပြတ် အမြင်ဖလှယ် ဆွေးနွေးနိုင်ရန် သော့ချက်ကျမည်ဖြစ်သည်။ မတူကွဲပြားခြားနားမှုများ ရှိနေလင့်ကစား တိုင်းရင်းသားပါတီများနှင့် ခေါင်းဆောင်များအားလုံး အနေဖြင့် တစ်စားပွဲတည်းထိုင်၊ အကြိတ်အနယ် ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်မှသာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်းတွင် သော့ချက်နေရာကို ရောက်ရှိနိုင်ရန် အလားအလာကောင်းမည် ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည့် တည်ဆဲနိုင်ငံရေးပါတီများစာရင်းတွင် နိုင်ငံရေးပါတီ ၉၅ ပါတီရှိပြီး နိုင်ငံရေးပါတီ ၅၅ ပါတီသည် တိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားပြုသည့် တိုင်းရင်းသားပါတီများဖြစ်သည်။ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအလွန် အခြေအနေကို ဆန်းစစ်မည်ဆိုလျှင် တိုင်းရင်းသားပါတီများသည် ပြည်သူ့လွှတ်တော်တွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၃၂၅ ဦးအနက် လွှတ်တော်ကိုယ်စားလှယ် ၄၀ (၁၂ ဒသမ ၃ ရာခိုင်နှုန်း) ကိုလည်းကောင်း၊ အမျိုးသားလွှတ်တော်တွင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦးအနက် လွှတ်တော်ကိုယ်စားလှယ် ၁၉ နေရာ (၁၁ ဒသမ ၃ ရာခိုင်နှုန်း) ကိုလည်းကောင်း အနိုင်ရရှိခဲ့သည်။ ပြည်ထောင်စုလွှတ်တော်တွင် တိုင်းရင်းသားပါတီများ၏ ကိုယ်စားလှယ်ဦးရေမှာ ၅၉ ဦး ပါဝင်သည်ကို တွေ့ရှိရသည်။

တိုင်းရင်းသားပါတီများသည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၁၂ ရာခိုင်နှုန်းဝန်းကျင်ကိုသာ ကိုယ်စားပြုနိုင်ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များပါ ထည့်သွင်း တွက်ချက်မည်ဆိုလျှင် တိုင်းရင်းသားပါတီများကို ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ် ရာခိုင်နှုန်းသည် ရှစ်ရာခိုင်နှုန်းနှင့် ကိုးရာခိုင်နှုန်း အကြားသာ ရှိနေသည်ကို တွေ့ရှိနိုင်သည်။ ပြည်ထောင်စုလွှတ်တော်တွင် တိုင်းရင်းသားပါတီများ၏ လွှတ်တော်ကိုယ်စားလှယ်များ နေရာရရှိမှု ရာခိုင်နှုန်းသည် နည်းပါးလွန်းသည့်အလျောက် လာမည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်း (ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၉၉ ဦး) အထိ အနိုင်ရရှိရေးကို ရည်မှန်းချက်၊ စီမံချက်ချမှတ် ဖော်ဆောင်နိုင်ရန် ပြင်ဆင်၊ ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း တိုက်တွန်းဆော်သြလိုပါသည်။

လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားလူမျိုးများနှင့် ပတ်သက်၍ ပြောခဲ့သော ကတိကဝတ်စကားကို အမှတ်ရမိသည်။ တောင်တန်းလူမျိုးများသည်လည်း ဗမာကျွန်မဖြစ်စေရဟု ဗိုလ်ချုပ်အောင်ဆန်းက လူသိရှင်ကြား ထုတ်ဖော် ပြောကြားခဲ့သည်။ အဆိုပါ ကတိကဝတ်စကားကို လွတ်လပ်သော မြန်မာနိုင်ငံတွင် ယနေ့တိုင် အကောင်အထည် မဖော်နိုင်သေးသည်မှာ ဝမ်းနည်းဖွယ်ရာပင်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများ အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်၊ တန်းတူရည်တူခွင့်တို့ ရရှိနိုင်ရေး တင်းပြည့်ကျပ်ပြည့် ဦးတည်လာနိုင်မည်ဆိုလျှင် ယုံကြည်မှုတည်ဆောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့သည် ပိုမိုအသက်ဝင်လာပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးသည် ပိုမိုရုပ်လုံးပေါ်၊ အားကောင်းလာမည်မှာ ဧကန်မုချပင်ဖြစ်သည်။

နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်း အပြည့်ရှိစေရမည်ဟုလည်းကောင်း၊ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားပြီးသော အခွင့်အရေးများတို့ကို ခံစားပိုင်ခွင့်ရှိစေရမည်ဟုလည်းကောင်း ပင်လုံစာချုပ်တွင် အတိအလင်း ဖော်ပြထားသည်မှာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားပြီးဖြစ်သည့် ပြဋ္ဌာန်းချက်များပင်ဖြစ်သည်။ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်များကို မသိကျိုးနွံ ပြုနေမည်ဆိုလျှင် ဖက်ဒရယ်အရေး၊ တိုင်းရင်းသားများနှင့် ရင်ကြားစေ့ရေးတို့သည် နှောင့်နှေးကြန့်ကြာနေဦးမည်ဖြစ်သည့်အပြင်၊ မြန်မာ့ဒီမိုကရေစီပြုရေးသည်လည်း သောင်မတင်ရေမကျ ဖြစ်နေဦးမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် တိုင်းရင်းသား လူမျိုးစုများသည် မလွတ်လပ်မီကတည်းက ဗမာလူမျိုးတို့နှင့်အတူ လက်တွဲ၍ လွတ်လပ်မျှတသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ဆုံးဖြတ်လျက်၊ ကျောချင်းကပ်ပူးပေါင်းခဲ့သော်လည်း လွတ်လပ်ရေးသက်တမ်း နှစ် ၇၀ ကျော်သည့်တိုင် ဖက်ဒရယ် ပြည်ထောင်စုအရေးက အလှမ်းဝေးသထက်၊ ဝေးလာနေပြီဟု ရှုမြင်လျှင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ခရီးရှည်သည် မျှော်မှန်းသလောက် ခရီးပေါက်ဖို့ ခဲယဉ်းဦးမည်ဖြစ်သည်။ အဆိုပါ အကျပ်အတည်းမှ ဗျူဟာမြောက် ရုန်းထွက်နိုင်မည့် နည်းနာကောင်းတစ်ရပ်ဟု ဆိုနိုင်သည့် တိုင်းရင်းသားပါတီများညီလာခံကို တိုင်းရင်းသားပါတီခေါင်းဆောင်များ အနေဖြင့် ဆောလျင်စွာ ကျင်းပနိုင်ရေး မျက်မှောက်ပြုသင့်ပါကြောင်း မီးမောင်းထိုး၊ တိုက်တွန်း ဆော်သြလိုက်ရပါသည်။

Most Read

Most Recent