အကြာကြီးစောင့်ခဲ့ရပြီး ထွက်ပေါ်လာခဲ့သော ဒေါ်နယ်ထရန့်၏ အာဖဂန်မဟာဗျူဟာသစ်သည် စစ်အမြင်နှင့်ဆိုပါက အဟောင်းနှင့် အများကြီးတူနေသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း သံတမန်မျက်နှာစာတွင် ထရန့်သည် နျူကလီးယားလက်နက် ပိုင်ဆိုင်သော ပါကစ္စတန်ကို ထိပ်တိုက်စွန့်စား ရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
တာလီဘန်အဖွဲ့ခွဲများစွာအတွက်၊ ထို့ပြင် အမေရိကန်တပ်ဖွဲ့ဝင်များနှင့် မဟာမိတ် အာဖဂန်တို့ကို တိုက်ခိုက်နေသော လက်နက်ကိုင် အစ္စလာမ္မစ်အဖွဲ့များအတွက် ဘေးကင်း လုံခြုံမှုပေးနေသော ပါကစ္စတန်ကို ဝါရှင်တန်က စိတ်ပျက်နေသည်မှာ ကြာပြီဖြစ်သည်။
ထရန့်၏ ယခင်သမ္မတ ဘာရက်အိုဘားမားသည် ၂၀၁၁ ခုနှစ်က အယ်ကေးဒါး ခေါင်းဆောင် အိုစမာဘင်လာဒင်ကို သတ်ရန်အတွက် ပါကစ္စတန်သို့ ကွန်မန်ဒိုများ စေလွှတ်ခဲ့ခြင်းဖြင့် အစ္စလာမ္မာဘတ်နှင့် အမေရိကန် မဟာမိတ် ဆက်ဆံရေးကို ပြိုလဲလုနီးနီး ဖြစ်စေခဲ့သည်။
သို့သော်လည်း သမ္မတ ဒေါ်နယ်ထရန့်သည် သြဂုတ် ၂၁ ရက်က ပြောကြားခဲ့သော နိုင်ငံအဆင့်မိန့်ခွန်းတွင် အမေရိကန်၏ အရှည်ကြာဆုံးစစ်ပွဲ အနိုင်ရရေးအတွက် မဟာဗျူဟာသစ်ကို ချပြခဲ့ပြီး ထိုမိန့်ခွန်းတွင် စကားအရ ပါကစ္စတန်ကို ဖိအားများ သိသိသာသာ ပေးခဲ့သည်။
“ကျွန်တော်တို့ ပါကစ္စတန်ကို ဒေါ်လာဘီလျံနဲ့ချီပြီး ပေးနေပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့က ကျွန်တော်တို့ တိုက်နေတဲ့ အကြမ်းဖက်သမားတွေကို နေခွင့်ပေးနေပါတယ်” ဟု ထရန့်က ပြောကြားခဲ့သည်။
“ဒါကို ပြောင်းလဲပစ်ရပါမယ်။ ချက်ချင်းကြီး ပြောင်းလဲပစ်ရပါမယ်” ဟု ထရန့်က ဆိုခဲ့သည်။ ထိုသို့ ယင်းလှုံ့ဆော်မှုများကြောင့် အာဖဂန်ကို တိုက်ခိုက်နေသော အကြမ်းဖက်အဖွဲ့များနှင့် အိန္ဒိယအုပ်ချုပ်သည့် ကက်ရှ်မီးယား အခြမ်းအား တိုက်ခိုက်နေသည့်အဖွဲ့များကို အစ္စလာမ္မာဘတ်က နှိမ်နင်းလိမ့်မည်ဟု ဝါရှင်တန်က မျှော်လင့်ထားသည်။ သို့သော်လည်း ထိုမျှော်လင့်ချက်က စွန့်စားမှုအန္တရာယ် မကင်းပေ။
ပါကစ္စတန်သည် မွတ်စလင်နိုင်ငံများတွင် နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသည်ဟု တရားဝင် သိထားကြသည့်နိုင်ငံဖြစ်ပြီး ပါကစ္စတန်အစိုးရသည် စစ်သွေးကြွတို့ နှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသော သြဇာကြီး စစ်တပ်နှင့် ရွေးကောက်ခံအရပ် သားများကြားတွင် ဟန်ချက်မယိုင်ရန် ထိန်းနေရသည်။ အမေရိကန်၏ ပြင်းထန်သော အရေးယူဆောင်ရွက်မှုများကြောင့် ပါကစ္စတန်ကို ဒေါသထွက်စေနိုင်ပြီး အမေရိကန် နှင့် စစ်အေးခေတ် သဘောတူစာချုပ်သည် ခြိမ်းခြောက်ခံနေရဟု ပါကစ္စတန်အစိုးရက ရှုမြင်သွားလျှင် ပါကစ္စတန်သည် အိန္ဒိယနှင့် အမေရိကန်တို့၏ ရန်ဘက်ဖြစ်သော တရုတ်ဘက်သို့ ဦးလှည့်သွားနိုင်သည်။
ထို့ပြင် ပါကစ္စတန်ကို စစ်ရေးအကူအညီများ ဖြတ်တောက်ရန် ခြိမ်းခြောက်မှုများထက် အာဖဂန်နစ္စတန်တည်ငြိမ်ရေးတွင် အိန္ဒိယက ပိုမိုကြီးမားသော အခန်းကဏ္ဍမှပါဝင်ရေး ထရန့်၏ ကမ်းလှမ်းချက်က အိန္ဒိယ၏ ကာလရှည်ရန်ဘက် ပါကစ္စတန်ကို ပိုမိုရိုက်ခတ်နိုင် မည်ဖြစ်သည်။
■ အိန္ဒိယ၏ စက်ဝန်း
သို့သော်လည်း အမေရိကန်ကျွမ်းကျင်သူများက ပါကစ္စတန်သည် အာဖဂန်-တာလီဘန်နှင့် ဟက်ကာနီအကြမ်းဖက်ကွန်ရက် အဖွဲ့တို့ကို ထောက်ပံ့မှု တိုးမြှင့်ဖွယ်မရှိကြောင်း လက်ခံထားကြသည်။ ထိုသို့ဆောင်ရွက်ပါက ကဘူးအစိုးရ ပြိုလဲသွားနိုင်သည်။ ထရန့်က သူ၏ စကားကြွယ်ကြွယ် ရန်လိုမှုများထက် ၎င်း၏ မဟာဗျူဟာသစ်က အာဖဂန်နစ္စတန်ကို လက်ငင်းခြိမ်းခြောက်မှုဟု သတ်မှတ်သည်ထက် နာတာရှည်ပြဿနာတစ်ခုအဖြစ် ရင်ဆိုင်ရန်အတွက် အခြေခံများ ချမှတ်ဖွယ်ရှိသည်။
သမ္မတဟောင်း ဂျော့ချ်ဒဗလျူဘုရှ်၏ ဝါရင့်အမျိုးသားလုံခြုံရေးအကြံပေး ဂျိမ်းဂျက်ဖရီက “တကယ်က ပါကစ္စတန်ကို ဖိအားပေးဖို့ မရှိပါဘူး” ဟု ပြောကြားခဲ့သည်။ အိန္ဒိယ၏ စက်ဝန်းအတွင်းမှ အာဖဂန်နစ္စတန်ကို ဖယ်ထုတ်ရေးသည် နယ်စပ်ဖြတ်ကျော်နေသော စစ်သွေးကြွ ပြဿနာကို နှိမ်နင်းရေးထက် ပို၍အရေးကြီးသည်ဟု ပါကစ္စတန်က ဆုံးဖြတ်ထားကြောင်းနှင့် အကူအညီများ ဖြတ်တောက်ခြင်းက မလိုလားသော တန်ပြန်မှုများသာ ဖြစ်လာမည်ဟု ဂျက်ဖရီက ပြောကြားခဲ့သည်။
အမေရိကန်သည် အာဖဂန်နစ္စတန်အပြင် ပါကစ္စတန်ကို အိန္ဒိယနှင့် စစ်မဖြစ်ရေးအတွက်လည်း ကာကွယ်ရမည်ဖြစ်သည်။ ပါကစ္စတန် ပြိုလဲပြီး ပါကစ္စတန်အစိုးရ သို့မဟုတ် နျူကလီးယားလက်နက်များ အစွန်းရောက်လက်သို့ မကျရေးက ကာကွယ်ရမည့် အမေရိကန် အကျိုးစီးပွားဖြစ်သည်။
ထို့ပြင် အာဖဂန်နစ္စတန်ကို ဝင်ရောက် တပ်စွဲထားမှု အမြင့်ဆုံးအချိန်က ရှိခဲ့သည်ထက် အမေရိကန်၏ ဖြန့်ကြက်မှုသည် ပို၍သေးငယ်လာနေသောကြောင့် ပါကစ္စတန် ထောက်ပံ့ရေးလမ်းကြောင်းများနှင့် ဝေဟင်တို့ကို အမေရိကန်တပ်ဖွဲ့ဝင်များ ချိတ်ဆက် အသုံးပြုရန် လိုနေသေးသည်။
“ကျွန်တော်တို့ လုပ်လို့ရတာ နည်းနည်းလေးပဲ ရှိပါတယ်။ အကူအညီအားလုံးကို ဖြတ်တောက်မလား၊ ဒါမှမဟုတ် ဟက်ကာနီကွန်ရက်ကို စတိုက်မလား၊ ပြီးတော့ ဒါတွေအားလုံးက ကျွန်တော်တို့ ပြောတာတွေကို သူတို့လုပ်မယ်လို့ အာမခံမပေးနိုင်ပါဘူး ” ဟု ဂျက်ဖရီက ပြောကြားခဲ့သည်။
သို့သော်လည်း ပါကစ္စတန်သည် အမေရိကန်တို့နှင့် ဝေးကွာခြင်းဖြင့် ၎င်းတွင်လည်း အကျိုးမရှိပေ။ ဒေါ်နယ်ထရန့်၏ သြဂုတ် ၂၁ ရက် မိန့်ခွန်းက ထရန့်သည် ရေရှည်ထိန်းချုပ်ရေး မဟာဗျူဟာကို အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း ဂျက်ဖရီက ယူဆသည်။
“အာဖဂန်မှာ အနိုင်ရရေးကို ရည်ညွှန်းခဲ့တာကလွဲရင် (အဲဒါက ဘယ်သူကမှ မယုံတာကြောင့် ဘယ်သူကမှလည်း ကတိမပေး နိုင်တဲ့အရာပါ။) ဒီမဟာဗျူဟာ,ဟာ လက်တွေ့ကျတဲ့ မဟာဗျူဟာလို့ ကျွန်တော် ထင်ပါတယ်”ဟု ဂျက်ဖရီက ပြောကြားခဲ့သည်။
■ ပါကစ္စတန် ခြေဖျားကို တက်နင်းခြင်း
American Enterprise Institute မှ အိန္ဒိယလေ့လာသုံးသပ်သူ ဆာဒါနန်ဒူမေက ပါကစ္စတန်ကို ဖိအားပေးရန်အတွက် အမေရိကန်တွင် နည်းလမ်းများစွာ ရှိကြောင်း၊ စစ်ရေးအကူအညီ ဖြတ်တောက်မှုမှသည် မဟာမိတ်သတ်မှတ်မှုကို ဖယ်ရှားခြင်း၊ အကြမ်းဖက်မှုကို ထောက်ခံသည့် နိုင်ငံအဖြစ် ကြေညာခြင်းအထိ နည်းလမ်းအမျိုးမျိုးရှိကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း အကြီးမားဆုံးသော ခြိမ်းခြောက်မှုမှာ ပါကစ္စတန်ကိုကျော်၍ အိန္ဒိယကို ကမ်းလင့်အထောက် အကူပေးခြင်း ဖြစ်ဖွယ်ရှိသည်။
“အမေရိကန်က အာဖဂန်နစ္စတန်မှာ အိန္ဒိယ ပါဝင်ပတ်သက်မှုကို အမြဲတမ်းအားပေး ပါတယ်။ ဒါပေမဲ့ ပါကစ္စတန်ရဲ့ခြေထောက်ကို တက်မနင်းဖို့တော့ သတိထားခဲ့ပါတယ်” ဟု ဒူမေက ပြောကြားခဲ့သည်။
အမေရိကန်သည် ပါကစ္စတန်၏ အကဲဆတ်မှုကို အလေးထားရန် မလိုတော့ကြောင်း သိရှိနေသည်ကို မြင်တွေ့နေရကြောင်း ဒူမေက ပြောကြားခဲ့သည်။ ပင်တဂွန်အကြီးတန်း တာဝန်ရှိသူဖြစ်ပြီး ယခုအခါ RAND Corporation ၏ အပြည်ပြည်ဆိုင်ရာလုံခြုံရေး နှင့် ကာကွယ်ရေးမူဝါဒစင်တာမှ ဒါရိုက်တာ ဆတ်ဂျုံးက ပါဝါဟန်ချက် ပို၍ကောင်းမွန်ပြီး ပိုမိုတည်ငြိမ်သည့် အနာဂတ်တစ်ခုအတွက် အလားအလာများ ရှိနေသည်ဟု ပြောကြားခဲ့သည်။
“ပါကစ္စတန်က အာဖဂန်ပြိုလဲမှာကို မလိုလားပါဘူး။ အဲဒီလိုပဲ နယူးဒေလီနဲ့ ဆက်ဆံရေး နီးကပ်ခိုင်မာတဲ့ အာဖဂန် အစိုးရကိုလည်း သူတို့ မလိုလားပါဘူး” ဟု ဆတ်ဂျုံးက ပြောကြားခဲ့သည်။ ကျွမ်းကျင်သူအားလုံးက သဘောတူလက်ခံကြသည့် အချက်မှာ အာဖဂန်နစ္စတန်တွင် အမေရိကန်စစ်တပ် ရေရှည်ရှိနေရေးက အားလုံးအတွက် အဓိကဖြစ်သည်ဆိုသော အချက်ဖြစ်သည်။