www.mymemories.co.kr[/caption]
အချစ်။ နူးညံ့သော သဘောတရား ဖြစ်၏။ ခက်ထန်သော သင်္ကေတလည်း ဖြစ်၏။ ပျော်ရွှင်ခြင်း၏ အမည်ခွဲဖြစ်၏။ မျက်ရည်များကို ငုံထားသော မိုးတိမ်များလည်း ဖြစ်၏။ အောင်မြင်မှု၏ လှေကားထစ်များ ဖြစ်၏။ ကျရှုံးမှု၏ အဆင်းလမ်း ဖြစ်၏။ ကျွန်တော် လေ့ကျင့်နေဆဲ ဂီတာလေ့ကျင့်ခန်းဖြစ်ပြီး အမြဲတမ်း ဆိုညည်းနေကျ တေးသွားလည်း ဖြစ်၏။ အကောင်းစား မြို့တော်ကြီးကို မလိုချင်ပါ။ အကောင်းဆုံး ဇိမ်ခံကားကို မလိုချင်ပါ။ အကောင်းစား ဂျင်းဘောင်းဘီ တစ်ထည်ကိုလည်း မလိုချင်ပါ။ အလိုဆန္ဒများကို သိမ်းထုပ်ပြီး သူမနာမည်ကို ကပ်ထားမိသည်။
သူမအပေါ် ငြိတွယ်မိသောစိတ်ကို အချစ်ဟု အမည်တပ်လျှင် မှားမည်လား။ သူမ၏ အသံသည် ကုန်းမြေရှာ ငှက်ကလေး၏အသံလို ကျွန်တော့်အတွက် ခမ်းနားသော အလှတရား ဖြစ်သည်။ ကြေကွဲမှုအတိဖြင့် ညစ်ထေးနေသော နှလုံးသားသည် သူမ၏ ရယ်သံ၌ နေခြည်ဖြာကျသော နှင်းစွတ်သစ်ရွက်လို စိမ်းသစ် ပျော့ပြောင်းသွားရ၏။လဲ ကျမှုအမှတ်အသားများသည် သူမ၏ အပြုံး၌ နဂိုအသားအရေအတိုင်း ဖြစ်သွားရသည်မှာ ပုံပြင်များထဲက စမ်းချောင်းထဲ ဆင်းစိမ်လိုက်ရသည့် အဘိုးအိုတစ်ဦး၏ တစ်ဖန်ပြန် ပျိုမြစ်ခြင်းလည်း ဖြစ်သည်။
အိပ်မရသည့် ညများအကြောင်း ပြောမိလျှင် သူမ စိတ်မကောင်းဖြစ်သွားမည်လား သို့မဟုတ် ပြုံးနေမည်လား ကျွန်တော် မသိပါ။ လွမ်းဆွတ်ခြင်း၌ နှုတ်ခမ်းများ ပါသည်၊ လက်ဖဝါးလေးများ ပါသည်၊ လည်တိုင် လှလှလေးလည်း ပါသည်။ ညတစ်ည၏အကြောင်းကို ညများထဲ၌ တွေးနေမိရင်း အိပ်မက်များနှင့် ဝေးခဲ့သည်။ တစ်ဦးရင်ခုန်သံ တစ်ဦးစကားလုံးများနှင့် ကိုင်တွယ်ရသည်မှာ မောပန်းလွန်းလှ၏။ သူမ၏ မြို့ကလေးကို ကျွန်တော် မရောက်ဖူးသကဲ့သို့ ကျွန်တော့်မြို့ကလေးကိုလည်း သူမ မရောက်ဖူးပါ။
မာရ်နတ်သားမှာ လက်ရုံး တစ်ထောင်ရှိသည်ဟု ကြားဖူး၏။ အဖျက်အမှောင့်များ၏ စွမ်းဆောင်ရည်ကို ကိုယ်စားပြုခြင်း ဖြစ်လိမ့်မည်။ ပွဲတော်ဆီသို့ နာရီများ ရွေ့နေသည်ဟု သင်ထင်ပါသလား။ စောင့်ရခြင်းသည် အပေါစား ဝတ္ထုစာအုပ် တစ်အုပ်ထက် ပိုမိုပျင်းရိဖွယ် ကောင်းလွန်း၏။ ပျင်းရိဖွယ် နေ့ခင်းများသည် ချွေးနံ့ပြင်းသည့် မိန်းမတစ်ဦး၏ စိတ်ပျက်စရာ ကိုယ်နံ့များ ဖြစ်နိုင်သည်။ ကျွန်တော့်ချစ်သူ၌ အမျိုးအမည်မသိသော တိမ်းညွတ်ဖွယ် ရနံ့ရှိပါသည်။ ဂျနီဖာအင်နစ္စတန်၏ ကိုယ်နံ့ကို ကျွန်တော် မသိပါ။ တေလာဆွစ်၏ ကိုယ်နံ့ကို ကျွန်တော် မသိပါ။ သူမ၏ ကိုယ်နံ့ကိုတော့ မောင်သိန်းဇော်၏ ရှုမျှော်ခင်းကဗျာကို အလွတ်ရသလိုမျိုး ကျွန်တော် အလွတ်ရပါသည်။ သူမသည် ကျွန်တော်လိုချင်သည့် မြသန်းတင့်၏ လေရူးသုန်သုန် ဖြစ်သည်။ ဒဂုန်တာရာ၏ ဝတ္ထုတိုများ ဖြစ်သည်။ တင်မောင်မြင့်၏ မာနမီးလျှံ ဖြစ်သည်။ အခြေအနေ အခွင့်သင့်သည့်အခါ ထိုစာအုပ်များကို ကျွန်တော် ဝယ်ယူပြီး သူမနှင့်အတူ ဖတ်ရှုခွင့်ကို မျှော်လင့်မိပါသည်။
ကဗျာဆရာတစ်ဦး၏ မျှော်လင့်ခြင်းသည် အချို့အတွက် ဟာသတစ်ပုဒ် ဖြစ်နိုင်၏။ တစ်ရက်ကို လက်ဖက်ရည်ဆိုင် နှစ်ကြိမ်ထိုင်ရန် မျှော်လင့်သည်။ ပိုက်ဆံ ငါးသိန်းခန့်ကို မျှော်လင့်သည်။ ကဗျာရွေးစာရင်းကို မျှော်လင့်သည်။ သူငယ်ချင်း ကဗျာဆရာကို မျှော်လင့်သည်။ သူမကို မျှော်လင့်သည်။ မျှော်လင့်ခြင်းသည် မနက်ဖြန်ကို ရင်ဆိုင်ရန် ခွန်အားဖြစ်ပြီး ထိုခွန်အားများနှင့် ကျွန်တော်တို့ ကမ္ဘာတစ်ခု အသက်ဝင်လာပေလိမ့်မည်။ အဝေးက လာရ၍ မောပန်းနေမည့် သူမအသံ ကျွန်တော် သနားမိသည်။ ထိုအသံကလေးကို စိတ်ညစ်စေမိသည့် အခါများအတွက်လည်း နောင်တရမိ၏။ ဖုန်းလိုင်းတွင် သူမအသံကလေး တစ်စွန်းတစ်စ ကပ်ကျန်နေရစ်ခဲ့မှာကိုလည်း ကျွန်တော် စိုးရိမ်မိသည်။ သူမသည် ကျွန်တော့်အတွက် ရော့ခ်သီချင်း တစ်ပုဒ်၊ သူမသည် ကျွန်တော့်၏ ကဗျာ၊ သူမသည် ကျွန်တော့် ဆုလာဘ်။ ဘဝမှာ ကျွန်တော် ရရှိခဲ့ခြင်းများကို အကောင်းမြင်စိတ် စိမ်းစိုသောနေ့များ၌ ကျေးဇူးတင်ခဲ့မိသည်။ အမြဲတမ်း အကောင်းမြင်နေလျှင်လည်း ကျွန်တော် လူညံ့တစ်ဦး ဖြစ်သွားပေလိမ့်မည်။ ကျွန်တော်သည် ထူးချွန်စွာ မညံ့ခဲ့သကဲ့သို့ ထူးချွန်စွာ မတော်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါသည်။
မိုနာလီဇာ ပန်းချီကားသည် နှောင်းလူများအတွက် အငြင်းပွားဖွယ်ရာ အလှတရား ဖြစ်လာပြီး မာဆယ်ဒူးရွှမ့်သည် ကြွေခွက်ကြီးကို ဟင်းရည်သောက်ပန်းကန်ဟု မပြသတော့ပါ။ အနုပညာ၏ တီထွင်မှုသည် အမြဲတစေ အသစ်များ ဖြစ်နေတတ်ပြီး အသစ်သည် အသစ်သာဖြစ်သည်။ ဖုန်သုတ် သန့်စင်ပြီး ထပ်မံပြုလုပ်သော အသစ်ဟူ၍လည်း မရှိပါ။ သူမ၏ အပြုံးများသည် အသစ်ဖြစ်သည်။သူမ၏ စကားသံများသည် အသစ်ဖြစ်သည်။ လူသည် အသစ်အသစ်များနှင့် နေထိုင်ရသော သတ္တဝါဖြစ်ကြောင်းကို သာမန်မျက်စိဖြင့် မသိနိုင်ပါ။ အနိစ္စကို ဗုဒ္ဓ ဟောတော်မူခဲ့၏။ သူမကို သိပ်ချစ်ကြောင်း ဖွင့်ပြောသည့်နေ့မှာ ဇာတ်ကားတွေထဲကကဲ့သို့ တိမ်ပြာပြာများ ရှိမနေပါ။ သူမ အဖြေပြန်ပေးသည့်နေ့မှာလည်း ပန်းနုရောင် နောက်ခံပန်းချီကား တစ်ချပ်လည်း မရှိပါ။ အပိုဆာဒါးများနှင့် ကျွန်တော်တို့နှစ်ဦး မလေးလံကြ။ တစ်ဦးရှိနေခြင်းကို တစ်ဦး ကျေနပ်နှစ်သိမ့်ကာ အနမ်းများကို လေထဲ ပို့လွှတ်မိကြသည်။
အဝေးမြို့အကြောင်း ကဗျာရေးရန် ကြိုးစားတိုင်း မအောင်မြင်ခဲ့။ သူ့အလှကို စာဖွဲ့ရလောက်အောင်လည်း ကျွန်တော့် အရေးအသားက သိပ်မပြေပြစ်။ “သိပ်ချစ်တယ်”ဆိုသည့် စကားသည် ရိုးအီနေသော်လည်း အရသာရှိတုန်းဟုသာ ကျွန်တော် ယူဆပါသည်။ သူမကို ကျွန်တော် ချစ်သည်။ ကျွန်တော်တို့ ချစ်ခြင်းသည် မဟာကဗျာကြီးများကို သရော်မော်ကားပြုရန် မဟုတ်၊ ရာမာယဏ ဇာတ်တော်ကြီးကို အပြောင်အပျက် ပြောဆိုရန်လည်း မရှိ။ ကမ္ဘာကြီးအတွက် သီချင်းအသစ်တစ်ပုဒ် ပေါ်လာခြင်းလောက် အကျိုးရှိလိမ့်မည်ဟုလည်း မဆိုလိုပါ။ ကားတစ်စီးနှင့် လူစုလူဝေးကို တက်ကြိတ်ပစ်ရန် ကျွန်တော်တို့ ချစ်ခဲ့ခြင်း မဟုတ်၊ ဦးနှောက်များထဲ အမိန့်များကို ရိုက်ထည့်ပြီး ထိုင်ခုံတစ်လုံးကို ကျားကန်ရန်အတွက် ကျွန်တော်တို့ ချစ်ခဲ့ခြင်း မဟုတ်။ ကျွန်တော်တို့၏ ချစ်ခြင်းသည် ကျွန်တော်တို့အတွက် အဟုတ်ဖြစ်ရန်သာ လိုပါသည်။ အတ္တကြီးသည်ဆိုလျှင်လည်း ကျွန်တော် ချစ်နေပါဦးမည်။ ကျွန်တော့်အတ္တသည် နောင်တစ်ချိန်၌ သာယာသည့် ဂေဟာကလေးတစ်ခု ဖြစ်မလာနိုင်ဘူးဟု ဘယ်သူ အတိအကျ ပြောနိုင်ပါမည်နည်း။
ကစားစရာ ဖုန်းတစ်လုံးနှင့် အရူးတစ်ဦးသည် မောပန်းစွာ အိပ်မောကျ၍ နေလေ၏။ သူ့လက်ထဲတွင် စာအုပ်တစ်အုပ်လည်း ရှိ၏။ ထိုစာအုပ်အတွင်း၌ ညှပ်ထားသည့် ဓာတ်ပုံကလေး တစ်ပုံကိုတော့ ဘယ်သူမှ မမြင်နိုင်ခဲ့ကြချေ။ အရူး၏ တစ်နေ့တာ လုပ်ငန်းမှာ ဖုန်းပြောခြင်း၊ ကဗျာလိုလို ရေရွတ်ခြင်းနှင့် သူ့စာအုပ်ထဲက ဓာတ်ပုံကလေးကို ကြည့်ခြင်းသာ ဖြစ်၏။ လမ်းများထဲ အရူးလျှောက်သွားနေခဲ့သည်မှာ နှစ်များ မည်မျှကြာခဲ့ပြီနည်း။ မြို့တကာလည်း နှံ့အောင်သွားတတ်ပြီး ဤနေ့ ဤမြို့ဆို နောက်တစ်နေ့ အခြားမြို့သို့ ရောက်ရှိနေတတ်သည့် အရူးကို လူအချို့က မေးမြန်းစပ်စုတိုင်း “ကျွန်တော့် အသက်ကယ်ဆေးကို လိုက်ရှာနေတာပါ” ဟု အရူးက ပြန်ပြောလေ့ ရှိသည်။ တစ်ရက်တွင်ကား သူ့အလုပ် သူတာဝန်ကျေပွန်စွာ ထမ်းရွက်နေသည့် အရူး၏ စာအုပ်ထဲမှ ဓာတ်ပုံကလေး လမ်းမပေါ် ထွက်ကျသွားခဲ့သည်။ သူ့ဓာတ်ပုံကလေး ကျနေခဲ့မှန်းကို မသိရှာသည့် အရူးသည် လမ်းများပေါ် ဆက်လျှောက်၍ သွားနေလေသည်။ လမ်းလျှောက်လာသူ အမျိုးသမီးတစ်ဦးသည် လမ်းဘေး၌ လေနှင့် လွင့်နေသည့် ဓာတ်ပုံတစ်ပုံကို တွေ့၍ ကောက်ယူသွားသည်။ အရူး၏ ဓာတ်ပုံသည် လူတစ်ဦးအတွက် ထူးခြားမှု ရှိနိုင်ပါမည်လား။ သူ ကောက်ရသော ဓာတ်ပုံကို ကြည့်ရင်း မျက်ရည်များ သည်းထန်စွာ ကျဆင်းလာသည့် အမျိုးသမီးသည် ဘေးဘီဝဲယာကို အကြည့်များ ပစ်ကြဲပြီး ဓာတ်ပုံပိုင်ရှင်ကို ရှာဖွေသည်။ အရူးသည် ကဗျာလိုလို ဘာလိုလိုများကို ရေရွတ်ရင်း အခြားမြို့တစ်မြို့သို့ သူ့ခြေလှမ်းများကို ဦးတည်ကာ တရွေ့ရွေ့ ရွေ့လျား၍ သွားနေလေသည်ကို မည်သူမျှ သတိမထားမိလိုက်ကြချေ။