နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ FMI ဦးသိမ်းဝေဟာ NLD အစိုးရတက်ခါစအချိန်က မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးဖို့ နောက်ဆုံးကျန်နေတာ ခရီးသွားကဏ္ဍဖြစ်လို့ ဒီစီးပွားရေးဟာ အကောင်းဆုံး ဖြစ်လာနိုင်တာကြောင့် စီးပွားရေးကဏ္ဍကို တိုးချဲ့သွားမယ်လို့ သူ့ရှယ်ယာရှင်တွေရှေ့မှာ ကြွေးကြော်ခဲ့ဖူးပါတယ်။
ဦးသိမ်းဝေဟာ သူကြွေးကြော်ခဲ့တဲ့အတိုင်း ကျပ်ဘီလျံနဲ့ချီပြီး ခရီးသွားလုပ်ငန်းကို စဉ်ဆက်မပြတ် မြှုပ်နှံနေပေမယ့် NLD အစိုးရ တာဝန်ယူခဲ့လို့ နှစ်နှစ်ကျော်ကာလအတွင်းမှာ အကျဆင်းဆုံးကဏ္ဍဟာ ခရီးသွားလုပ်ငန်းကဏ္ဍလို့ ဆိုရလောက်အောင် ခရီးသွား ဝင်ရောက်မှုနှုန်းက ထက်ဝက်လောက်ကို ကျဆင်းလာတာ အံ့သြစရာ တွေ့မြင်ခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်စ၊ မြန်မာနိုင်ငံက ဒီမိုကရေစီနိုင်ငံအဖြစ် တကယ်ပြောင်းလဲနေပြီလို့ လက်ခံစ ၂၀၁၂၊ ၂၀၁၃ ခုနှစ် ကာလတွေဟာ မြန်မာခရီးသွားလုပ်ငန်းကဏ္ဍအတွက် ဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံး အခြေအနေ ဖြစ်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့မှာ ဓာတ်ပုံရိုက်ဖူးချင်လို့ လာခဲ့ကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကလည်း အများအပြား ရှိခဲ့ပါတယ်။ တစ်ဖက်မှာလည်း အာရှရဲ့ နောက်ဆုံးထွန်းသစ်စနိုင်ငံအဖြစ် ကမ္ဘာကစိတ်ဝင်စားခဲ့တာနဲ့ ရင်းနှီးမြှုပ်နှံချင်လို့ ဝင်ရောက်လေ့လာခဲ့ကြတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ (Business Tour) တွေကြောင့် ၂၀၁၄၊ ၂၀၁၅ ခုနှစ်တွေမှာ ခရီးသွားဝင်ရောက်မှုက ဆက်တိုက်မြင့်တက်ခဲ့ပါတယ်။
ဒီလိုမြင့်တက်မှုတွေ၊ ကမ္ဘာမှာရှိနေတဲ့ ရာသီဥတုတိုင်းနဲ့ မြန်မာ့ယဉ်ကျေးမှု၊ ၁၂ ရာသီပွဲတော်တွေ၊ ရေခဲတောင်၊ ရေပူစမ်း၊ ကမ္ဘာ့အမွေအနှစ်နေရာ စံတင်လောက်တဲ့ နေရာအများအပြား၊ တခြားနိုင်ငံတွေထက် များပြားတဲ့ပင်လယ်ကမ်းခြေ၊ ပြည်သူရွေးချယ်ထားတဲ့ ဒီမိုကရေစီ အစိုးရဆိုတဲ့ မက်လုံးတွေဟာ ဦးသိမ်းဝေတင်မကဘဲ ခရီးသွားလုပ်ငန်းအပေါ် မျှော်လင့်ချက်ကြီးကြီးထားပြီး တိုးတက်မယ်ထင်တဲ့ အိပ်မက်မက်နေသူတိုင်းအတွက် ထိုင်းကိုပဲ အမီလိုက်တော့မလို၊ ဗီယက်နမ်ကိုပဲ ကျော်တက်တော့မလို စိတ်ကူးယဉ်ခဲ့ကြတာပါ။ ဒါပေမဲ့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်မှုအဖြစ်တော့ ၂၀၁၆ ခုနှစ်က စပြီးတော့ မြန်မာ့ခရီးသွားလုပ်ငန်းက ထင်ထားတာနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး ခရီးသွားဝင်ရောက်မှု ကျဆင်းခြင်းကပဲ မငြင်းနိုင်တဲ့ အမှန်တရားတစ်ခု ဖြစ်လာပါတယ်။
အစိုးရဘက်က ခရီးသွားလုပ်ငန်းကို အာရုံစူးစိုက်မှု အားနည်းတာနဲ့ ဝင်လာတဲ့ခရီးသွားဆီက ငွေများများရအောင် ချူမယ်ဆိုတာမျိုး စိတ်ထားတွေနဲ့ ပေါင်းလိုက်တဲ့အချိန်မှာ မြန်မာနိုင်ငံဆိုတာ အစစအရာရာ ဈေးကြီးတဲ့နိုင်ငံဆိုတာနဲ့ ခေတ်မမီတဲ့ ဘဏ်လုပ်ငန်း စနစ်တွေကြောင့် ငွေထုပ်ကိုင် ခရီးသွားနေရတဲ့အချိန်မှာ ဒေါ်လာနွမ်းရင်တောင် မယူဘူးဆိုတဲ့ အခြေအနေတွေက မြန်မာနိုင်ငံဆီကို သွားမယ့်အစား ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှားစတဲ့ အိမ်နီးချင်းနိုင်ငံတွေကိုပဲ သွားကြပါလို့ ညွှန်းဆိုစေသလို ဖြစ်လာခဲ့ပါတယ်။
တစ်ဖက်မှာလည်း NLD အစိုးရလက်ထက်မှာ ဖြစ်ပွားလာတဲ့ ရခိုင်အရေးအခင်းရဲ့ ဂယက်ကလည်း မြန်မာနိုင်ငံဆိုတာ လူ့အခွင့်အရေး နားမလည်တဲ့၊ လူသားချင်းစာနာမှု မရှိတဲ့ နိုင်ငံဆိုတဲ့ Message မျိုးက နိုင်ငံတကာ မီဒီယာတွေကနေတစ်ဆင့် ပုံဖျက်ခံခဲ့ရသလို အစိုးရဘက်က တုံ့ပြန်မှုအားနည်းတာနဲ့ ပေါင်းလိုက်တဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ ခရီးသွားကဏ္ဍက ကျဆင်းသထက် ကျဆင်းလာခဲ့ပါတယ်။ ဒီလိုကျဆင်းမှုတွေကို လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေက ထပ်ဆင့်ထိုးနှက်လိုက်တဲ့အချိန်မှာ မြန်မာခရီးသွားလုပ်ငန်းကဏ္ဍဟာ ကူကယ်ရာ ဘယ်လိုရှာမလဲဆိုတဲ့ အခြေအနေကို ဆိုက်ရောက်လာပါတယ်။
“၂၀၁၇ ရခိုင်အရေးအခင်း ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ခရီးသွား ကျဆင်းလာတယ်။ အမေရိက၊ ကနေဒါ အဓိက ကျဆင်းလာတယ်။ မနှစ်ကထက်စာရင် ဒီနှစ်ပိုကျဆင်းလာတာကို တွေ့ရတယ်။ အရှေ့တိုင်းခရီးသွားတွေ ထိုင်း၊ တရုတ်တို့ကတော့ တက်လာတယ်။ ခရီးသွားနဲ့ ပတ်သက်လို့ တချို့ကိစ္စတွေမှာ အစိုးရအနေနဲ့ ရဲရဲတင်းတင်း ဆုံးဖြတ်ပေးဖို့လိုတယ်။ ခရီးသွားကျဆင်းမှုအပေါ်မှာ ပြန်ကုစားရအောင် နည်းလမ်းပေါင်းစုံနဲ့ စပြီးလုပ်နေတာပေါ့နော်။ ဒါတွေအပေါ်မှာ ဗီဇာကိစ္စတွေ၊ တိုင်းပြည်အတွက် Media Campaign လုပ်မယ့်ကိစ္စတွေ။ ဒါမျိုးတွေဆိုရင် အချိန်ယူတာ ကြန့်ကြာမှုမရှိဘဲနဲ့ မြန်မြန်ဆုံးဖြတ်ပေးတာမျိုးပေါ့။ နိုင်ငံဘတ်ဂျက်မရှိတဲ့အခါကျတော့ သူများနိုင်ငံတွေလို ထည့်ကြော်ငြာဖို့ မလုပ်နိုင်ဘူး။ တခြားနည်းလမ်းနဲ့ ဖြေလျှော့ပေးပြီးတော့ လုပ်ရင်နည်းနည်း Cover ဖြစ်နိုင်တယ်။ အရှေ့တိုင်းက ဂျပန်၊ ကိုရီးယား၊ တရုတ်ကို Visa ပေးဖို့လုပ်နေတယ်။ ဒါဆိုလည်း နှစ်များများပေးဖို့လိုတယ်။ တစ်ဖက်ကလဲ ကိုယ်နိုင်ငံအတွက် အန္တရာယ် မဖြစ်ဘူးဆိုရင် အနောက်တိုင်းနိုင်ငံတွေကိုလည်း ပေးဖို့စဉ်းစားသင့်တယ်။ ပြောချင်တာကနိုင်ငံကြီးတွေ ပြင်သစ်၊ အမေရိက၊ အနောက်ဥရောပနိုင်ငံတွေကိုပေးဖို့ မြန်မြန်ထက်ထက် စဉ်းစားသင့်တယ်။ ဒီနိုင်ငံကလူတွေ ဝင်လာရင် မြန်မာနိုင်ငံက မီဒီယာတွေမှာ ရေးနေသလို လူမျိုးခွဲခြားတဲ့ နိုင်ငံမဟုတ်ဘူး။ ဘာသာပေါင်းစုံ၊ လူမျိုးစုံ ယှဉ်တွဲနေထိုင်နေတယ် ဆိုတာကို သူတို့ဝင်လာခြင်းအားဖြင့် လာလည်တဲ့လူတွေ တွေ့သွားရင် သူတို့လူတွေကို သတင်းစကားတွေ အများကြီးဖြန့်လို့ရတယ်။ ကိုယ့်မှာ မီဒီယာ အရမ်းအားနည်းနေတဲ့အချိန်၊ နိုင်ငံတကာမှာ သူများနိုင်ငံတွေလို ဘက်ဂျက်မသုံးနိုင်တဲ့အချိန်၊ ပြောသမျှ အကုန်ခံနေရတဲ့အချိန်မှာ ဒါတွေက တစ်နည်းတစ်လမ်း အထောက်အကူဖြစ်မှာပါ။ တခြားလုပ်စရာတွေက အများကြီးပေါ့။ တချို့ အချက်၊ အမြင်တွေကို ထောက်ပြတာပါ” လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးခင်အောင်ထွန်းက ပြောပါတယ်။
ခရီးသွား ဘယ်လိုကျဆင်းနေသလဲ
မြင့်တက်လာတဲ့ ခရီးသွားလုပ်ငန်းဟာ စိုက်ပြီးထိုးဆင်းသွားတယ်ဆိုတဲ့ အခြေအနေမျိုးဟာ အစိုးရရော လုပ်ငန်းရှင်တွေမှာပါ တာဝန်ရှိနေပါတယ်။
နှစ်ပေါင်းများစွာ ပြင်ဆင်ဖို့ ကြိုးပမ်းလာနေတဲ့ ခရီးသွားလုပ်ငန်း ဥပဒေဟာ အခုအချိန်အထိ အတည်ပြု ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးတာက အစိုးရနဲ့ လွှတ်တော်ဘက်က အားနည်းချက်ဖြစ်သလို မြင့်တက်လာနေတဲ့ ခရီးသွားလုပ်ငန်းကဏ္ဍကို ထိုင်း၊ ဗီယက်နမ်လိုမျိုး လာပြီးရင်းလာချင်အောင် မဆွဲဆောင်နိုင်တာကလည်း ခရီးသွားလုပ်ငန်းရှင်တွေဘက်က လိုအပ်ချက်ပါ။
ဘက်စုံအခွန်တင်းကျပ်ထားပြီး ဖြေလျှော့မပေးချင်တဲ့ အစိုးရနဲ့ အဆင်မပြေဘူး တွင်တွင်အော်ပြီး အခွန်ရှောင်ချင်ကြတဲ့ လုပ်ငန်းရှင်တွေ ပေါင်းလိုက်တဲ့အခြေအနေကို ပုံရိပ်ကျဆင်းသွားတဲ့ နိုင်ငံ့အခြေအနေက ထိုးနှက်လိုက်ချိန်မှာ ကြိုတင်ပြင်ဆင်မှု ကင်းမဲ့ခြင်းနဲ့ အမြော်အမြင် နည်းခြင်းကပဲ ခရီးသွားလုပ်ငန်းကဏ္ဍ ကျဆင်းမှုကို ဖြစ်စေခဲ့ပါတယ်။ တစ်ခုခုဖြစ်လာတိုင်း အစိုးရကို ပုံချတတ်တဲ့လုပ်ငန်းရှင်နဲ့ ပင်ကိုစွမ်းရည်နိမ့်ပါးမှုက နောက်ဆုံးတော့ “လူမတန်၊ ကံချ” ပြီး လက်မှိုင်ချနေရတော့မယ့် ခရီးသွားကျဆင်းမှု ဖြစ်လာစေခဲ့ပါတယ်။
ဒီကြားထဲမှာ အစိုးရက ခရီးသွားကဏ္ဍကို လုံးဝလှည့်မကြည့်သလောက် ဖြစ်လာတာကလည်း အဆိုးဆုံး အခြေအနေကို ရောက်စေခဲ့ပါတယ်။
လေယာဉ်လက်မှတ်ခ ဈေးကြီးတယ်။ ဟိုတယ်ခက ခရိုနီတွေ ဈေးနှုန်းထိန်းချုပ်ထားလို့ သူများနိုင်ငံထက် သုံးဆလောက် ဈေးနှုန်းမြင့်နေတယ်။ လမ်းတွေမှာ ကွမ်းသွေးဗရပွနဲ့ အခြေခံ လိုအပ်ချက်ဖြစ်တဲ့ အိမ်သာက ရန်ကုန်လိုမြို့ကြီးမှာတောင် အဆင်မပြေဘူး။ ဇုန်ဝင်ကြေးတွေ၊ ဘုရားဖူးခတွေ ဈေးကြီးလွန်းတယ်။ ဘယ်လောက်ပဲ မြန်မာပြည်ဟာ လှပတယ်ပြောပြော ညစ်ပတ်နေတဲ့ ခရီးသွားနေရာ (Tourist Sites) တွေနဲ့ မြန်မာနိုင်ငံဟာ ဒီလိုအချက်တွေကို အစိုးရကိုယ်တိုင်က အသိဉာဏ်မြင့်မြင့်နဲ့ ဦးဆောင်ဖြေရှင်းနိုင်ခြင်း မရှိသရွေ့ အောင်မြင်မှာ မဟုတ်ပါဘူး။
“သူ့အစီအစဉ်နဲ့သူ ငါးရက်လောက်နေချင်တယ်။ ငါးရက်နေမယ့်အစား ဇုန်ဝင်ကြေးကြောင့် သုံးရက်ပဲနေတယ်။ နောက်နှစ်ရက်အတွက် မပေးချင်တော့ဘူးဆိုရင် ပုဂံမှာရှိတဲ့ တည်းခိုခန်းပိုင်ရှင်တွေလည်း ထိခိုက်မယ်။ စားသောက်ဆိုင်တွေက ငါးရက်ရောင်းရတဲ့အချိန်မှာ သုံးရက်ပဲ ရောင်းရတော့မယ်။ ငါးရက်နေချင်တဲ့လူက လူနည်းစုပါ။ ငါးရက်နေနေ၊ ခြောက်ရက်နေနေ မြန်မာပြည်ရဲ့ အနေအထားက ဧည့်သည်တွေ အလျှံပယ်လာနေတဲ့အချိန်၊ အဝင်အထွက်ရှိနေတဲ့အချိန်မှ မဟုတ်တာ။ ခုအချိန်မှာ အားလုံးက ဈေးကို တတ်နိုင်သမျှ ချရမှာကို တစ်နည်းနည်းနဲ့ ပြန်တင်ဖို့ ကြိုးစားတာကတော့ မဟုတ်သေးဘူး။ ဇုန်ဝင်ကြေးတွေကောက်ပြီး ထိုက်တန်တဲ့ ဝန်ဆောင်မှုမပေးနိုင်ဘူး။ ဒီမှာက မလာချင်လို့ မလာတာကြီးကို ပိုပြီးမလာချင်အောင် လုပ်နေတယ်” လို့ ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ဇုန်ဝင်ကြေး တိုးမြှင့်မှုအပေါ် သုံးသပ်ပါတယ်။
ဒီလိုသုံးသပ်ပေမယ့် ဇုန်ဝင်ကြေး သတ်မှတ်မှုတွေမှာ ဟိုတယ်/ ခရီးဝန်ကြီးဌာနက တိုက်ရိုက်ကိုင်တွယ်ခြင်းမရှိဘူးလို့ တာဝန်ရှိသူတစ်ဦးက ငြင်းဆိုပါတယ်။ ဒါဆိုရင် ကျဆင်းနေတဲ့ ခရီးသွားကို ပိုကျလာအောင် လုပ်နေတာကို ဘယ်သူတွေ ထိန်းချုပ်မလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
“ဇုန်ဝင်ကြေးကျတော့ ကျွန်တော်တို့က တိုက်ရိုက်ကိုင်တွယ်ခြင်း မရှိဘူး။ ပုဂံလိုနေရာမျိုးဆိုရင် ယဉ်ကျေးမှုဝန်ကြီးဌာန ကိုင်တာပေါ့နော်။ သူတို့ကကျတော့ ဧည့်သည်ရဲ့ လုပ်ငန်းဆောင်တာ၊ ဧည့်သည်ရဲ့ အနေအထားကိုကြည့်ပြီး ပြောင်းလဲလိုက်တယ်ထင်တယ်။ တချို့ဧည့်သည်တွေရဲ့ လုပ်ရပ်ကြောင့် အများစုရဲ့ ဧည့်သည်ကိုသွားပြီး ထိခိုက်တဲ့ သဘောမြင်ရတယ်။ ငါးရက်စာပေးထားတဲ့ ဇုန်ဝင်ကြေးကို နှစ်ရက်ပဲ လည်မယ်။ သုံးရက်ကျန်တဲ့ ဇုန်ဝင်ကြေးကို နောက်တစ်ယောက် လွှဲပြောင်းရင် နောက်တစ်ယောက်က ဒါနဲ့ပဲ လည်ပတ်သွားတယ်ဆိုရင် ဇုန်ဝင်ကြေးတွေက ပြည့်ပြည့်၀၀ မရနိုင်တဲ့ အနေအထား ပေါ်သွားတာပေါ့။ အဲဒါကြောင့် ကန့်သတ်လိုက်တာ။ အမှန်လုပ်ရမယ့် နည်းစနစ်က ကျွန်တော်တို့နိုင်ငံက နည်းစနစ် အများကြီး လိုနေတာ။ ကွန်ပျူတာနဲ့ လုပ်နိုင်တယ်။ ကတ်တွေနဲ့ ထိန်းချုပ်နိုင်မယ်ဆိုရင် ဒါမျိုးတွေက ရက်တွေကို အတိုးအလျှော့တွေ လုပ်စရာ မလိုဘူးပေါ့။ ခရီးသွားလုပ်ငန်းထဲမှာ နည်းပညာတွေ အများကြီး လိုနေတယ်။ ယုံကြည်မှုတွေ ထိခိုက်လာနိုင်တယ်။ ရက်တွေကို ကွန်ပျူတာတွေနဲ့ ထိန်းချုပ်နိုင်မယ်ဆိုရင် ပိုပြီးစနစ်ကျပြီး ပြည့်စုံတဲ့ စာရင်းဇယားတွေလည်းရမယ်။ ဇုန်ဝင်ကြေးကို ထိထိရောက်ရောက် ကောက်နိုင်မယ်ဆို တိုးတက်လာနိုင်တယ်။ နည်းပညာသဘောအရ လွဲချော်မှုရှိနေတာ” လို့ ဟိုတယ်/ခရီးတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
လေယာဉ်လက်မှတ်ခ ဈေးကြီးလွန်းလို့ စီးမယ့်သူမရှိတာကြောင့် လူမပါတဲ့ ပြည်တွင်းလေကြောင်းလိုင်းတွေရဲ့ အဆုံးသတ်ဟာ လတ်တလောမှာတော့ လုပ်ငန်းရပ်နားခြင်းနဲ့ အဆုံးသတ်ခဲ့ပါတယ်။
အများကြီးမစဉ်းစားဘဲ လတ်တလော ပိတ်သိမ်းတဲ့ လေကြောင်းလိုင်းတွေကို ကြည့်မယ်ဆို FMI၊ Apex၊ Air Bagan စတဲ့ လေကြောင်းလိုင်းတွေ ကြည့်ရင်ကို မြန်မာနိုင်ငံက ဘယ်လောက်မှားယွင်းနေလဲ မြင်နိုင်မှာပါ။ FMI လေကြောင်းလိုင်းဟာ ထုတ်ပြန်ချက်မှာ ယာယီ ရပ်နားတယ်ဆိုပေမယ့် ဝန်ထမ်းအကုန်လုံးကို ရှင်းထုတ်ခဲ့တာပါ။ ဒီလို ရှင်းထုတ်ခဲ့တဲ့အပြင် ဦးသိမ်းဝေကလည်း “မြန်မာ့လေကြောင်းလိုင်းကဏ္ဍမှာ စီးပွားရေးစိန်ခေါ်မှုများစွာ ရှိနေပြီး အဖန်ဖန်ဆင်ခြင် FMI လေကြောင်းလိုင်းရဲ့ အကျိုးစီးပွားကိုရှေးရှုပြီး လုပ်ငန်းလည်ပတ်မှုတွေကို ခေတ္တရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
NLD အစိုးရလက်ထက်နဲ့ အနာဂတ်မှာ ခရီးသွားလုပ်ငန်းက အကောင်းဆုံး ဖြစ်လာမယ်ဆိုပြီး အနှစ် ၂၀ ကျော် ရပ်တည်လာခဲ့တဲ့ ငွေကြေး၊ အိမ်၊ ခြံ၊ မြေနဲ့ ကျန်းမာရေး ဝန်ဆောင်မှု မဏ္ဍိုင်သုံးရပ်အပြင် ခရီးသွားမဏ္ဍိုင်ကိုပါ တိုးချဲ့လာတဲ့ FMI ဟာ တိုးချဲ့ပြီး နှစ်နှစ်အတွင်း ခရီးသွားကျဆင်းမှုကြောင့် လေကြောင်းလိုင်းပါ ရပ်လိုက်ရတယ်ဆိုတာ တော်တော့်ကို အခြေအနေ ဆိုးနေတယ်လို့ပဲ မှတ်ယူရမှာပါ။
ဒါပေမဲ့ FMI ဟာ လုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ ရေရှည်ကြည့်ပြီး လုပ်ဆောင်လေ့ရှိပြီး ခရီးသွားကဏ္ဍကို ဆက်လက်အကောင်အထည် ဖော်သွားမယ်လို့ FMI ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထွန်းထွန်းက ပြောပါတယ်။
အစိုးရနဲ့ တိုင်းပြည်က ဘာတွေမှားနေသလဲ
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက “မြန်မာနိုင်ငံရှိ ဟိုတယ်များ၏ အခန်းခဈေးနှုန်းများသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းကြီးမြှင့်နေသည်ဟု သိရပါကြောင်း၊ ထိုသို့ဈေးနှုန်းကြီးမြင့်မှုသည် ဟိုတယ်အခန်းများနှင့် တည်းခိုသည့် ခရီးသည်အရေအတွက် အချိုးမမျှတ၍လည်း ဖြစ်နိုင်ပါကြောင်း၊ အဆိုပါ ကိစ္စရပ်ကို ပြန်လည်သုံးသပ်နိုင်ရေးအတွက် ဇုန်အလိုက် ဟိုတယ်များနှင့် တည်းခိုရိပ်သာများ၏ အရေအတွက်နှင့် အခန်းများ တည်ရှိမှု၊ ခရီးသည်လာရောက် တည်းခိုမှု၊ အခန်းများပိုမိုမှု သို့မဟုတ် အနာဂတ်ခရီးသည် လာရောက် တည်းခိုမှု အလားအလာနှင့် ဟိုတယ်များ ထပ်မံဖွင့်လှစ်ပေးသင့်သည့် အစီအစဉ်များကို ဇုန်အလိုက် စိစစ်မှုများ ပြုလုပ်၍ တင်ပြစေလိုပါကြောင်း” ဆိုပြီး ဇန်နဝါရီ ၂၀ ရက်မှာ ပြောခဲ့ပါတယ်။
ဒီလိုပြောခဲ့ပေမယ့် ဟိုတယ်ဈေးနှုန်းနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ ဈေးနှုန်းသတ်မှတ်မှုမျိုးတော့ အခုအချိန်အထိ မဖြစ်လာသေးပါဘူး။ ရလာတဲ့ခရီးသည်နဲ့ မြတ်အောင်လုပ်မယ်။ ခရီးသွားအဝင်များရင် ဟိုတယ်ဈေးနှုန်း တင်ပစ်လိုက်မယ်ဆိုတဲ့ တစ်နပ်စားဉာဏ်တွေနဲ့ ခရီးဆက်နေတုန်းပါ။ ဒီလို တစ်နပ်စားဉာဏ်တွေနဲ့ လုပ်ငန်းရှင်က ခရီးဆက်နေသလို ဟိုတယ်နဲ့ ခရီးသွားဝန်ကြီးဌာနမှာလည်း နည်းနည်းပဲ သုံးတဲ့ ခရီးသွားအများကြီးဝင်တာထက် များများသုံးတဲ့ ခရီးသွားနည်းနည်းဝင်တာ ပိုကောင်းတယ်ဆိုတဲ့ အယူအဆကို စွဲကိုင်ထားသူတွေ ရှိနေဆဲပါ။ ဒီလိုအယူအဆတွေနဲ့ ရှေ့ဆက်နေသရွေ့တော့ ခရီးသွားဝင်ရောက်မှုက တက်လာစရာအကြောင်းကို မရှိပါဘူး။ အဖြစ်သင့်ဆုံးကတော့ ခရီးသွားတွေတည်းခိုတဲ့ ဟိုတယ်တွေကို Star သတ်မှတ်ချက်အလိုက် ဈေးနှုန်းသတ်မှတ်ပေးနိုင်ရေး အစိုးရက ဦးဆောင်လုပ်သင့်ပါတယ်။
ခရီးသွားကဏ္ဍတက်လာအောင် ဘယ်လိုဆွဲဆောင်မလဲ
အာဆီယံဒေသရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို ကြည့်မယ်ဆိုရင် အာဆီယံကို နိုင်ငံတကာ ခရီးသွားရောက်ရှိမှုဦးရေဟာ ၂၀၁၆ ခုနှစ်မှာ ၁၁၅ သန်းနဲ့ ၂၀၁၇ ခုနှစ်မှာ ၁၂၅ သန်း ရှိပါတယ်။ ၂၀၁၆ ခုနှစ်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၂၀၁၇ ခုနှစ်မှာ ၈ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။
ဒီကာလဟာ မြန်မာနိုင်ငံမှာ ရခိုင်ပဋိပက္ခ ဆိုးဆိုးရွားရွားဖြစ်ပွားမှု မတိုင်ခင် အစောပိုင်းကာလဖြစ်ပါတယ်။ ဒီလိုကာလမျိုးမှာ အာဆီယံကို ခရီးသွားဝင်ရောက်မှု တက်လာပေမယ့် မြန်မာနိုင်ငံမှာတော့ ပြောင်းပြန်ဖြစ်ခဲ့ပြီး ခရီးသွား ပိုမိုကျဆင်းလာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ၄ ဒသမ ၆ သန်း ဝင်ရောက်ခဲ့တဲ့ ခရီးသွားဟာ ၂၀၁၆ ခုနှစ်မှာ ထက်ဝက်ကျသွားပြီး ၂ ဒသမ ၉၁ သန်း၊ ၂၀၁၇ ခုနှစ်မှာ ၃ ဒသမ ၄၄ သန်းနဲ့ ၂၀၁၈ ခုနှစ် ဇွန်လအထိ ခရီးသွား ၁ ဒသမ ၇ သန်းကျော်ပဲ ဝင်ထားတယ်ဆိုတာ စိတ်ပျက်စရာ ခရီးသွားကျဆင်းမှုပါ။ ဒီအခြေအနေတွေကို ဘယ်သူပြင်နိုင်မလဲ မေးရင်တောင် ပြင်ဆင်နိုင်ဖို့ အလှမ်းဝေးတဲ့ အခြေအနေ ရောက်နေပါပြီ။
အာဆီယံခရီးသွား ဝင်ရောက်မှုကို ကြည့်မယ်ဆိုရင် အာဆီယံဒေသတွင်း အပြန်အလှန် လည်ပတ်တဲ့ ခရီးသွားဧည့်သည် (Intra ASEAN Travel) က ၄၂ ရာခိုင်နှုန်းအထိ ရှိပါတယ်။
မြန်မာနိုင်ငံကို ခရီးသွား အများဆုံးလာတဲ့ နိုင်ငံတွေကို ကြည့်မယ်ဆိုရင် အရှေ့တိုင်းနိုင်ငံတွေမှာ တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ ထိုင်းက အများဆုံးဖြစ်ပြီး အနောက်နိုင်ငံတွေမှာ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်နဲ့ ဂျာမနီစတဲ့ နိုင်ငံတွေပါ။ ဒီနိုင်ငံတွေထဲမှာမှ ရခိုင်ပဋိပက္ခမှာ မြန်မာနိုင်ငံကို ဦးဆောင်ပုံဖျက်နေတဲ့ အမေရိကန်၊ ဗြိတိန်နဲ့ ဂျာမနီနိုင်ငံတွေဆီက ခရီးသွားဧည့်သည်တွေ ပိုပြီးတော့ တိုးဝင်လာဖို့ မျှော်လင့်လို့ မရတော့ပါဘူး။
မီးခိုးမထွက်တဲ့စက်ရုံဆိုတဲ့ အခန်းကဏ္ဍကို အစိုးရအဆက်ဆက် မထူမတ်တတ်တာ မြန်မာပြည်မှာ သက်သေပါ။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုတွေရှိနေတဲ့၊ သမိုင်းရှိတဲ့၊ ယဉ်ကျေးမှုရှိတဲ့ ရှေးဟောင်းအမွေအနှစ်တွေရှိနေတဲ့ မြန်မာနိုင်ငံဟာ တိုင်ကွန်းတွေပိုင်တဲ့ ဟိုတယ်ဈေးနှုန်းတွေ ထိန်းကျောင်းနိုင်မှု မရှိတာကြောင့် တည်းခိုနေထိုင်ခဈေးကြီးသလို လေယာဉ်လက်မှတ်ခကလည်း ဈေးကြီးလွန်းနေပါတယ်။ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း အကျိုးဆက်နောက်မှာ ဝန်ဆောင်မှု ညံ့ဖျင်းခြင်းနဲ့ ဈေးနှုန်းကြီးမြင့်ခြင်း ဆိုးရွားမှုပါ ထပ်ပေါင်းလိုက်တော့ အာဆီယံမှာ မြန်မာနိုင်ငံရဲ့ ခရီးသွား ဝင်ရောက်မှုက ကုန်းတွင်းပိတ် လာအိုထက်ကို နည်းပါးနေရတဲ့အဆင့် ဖြစ်လာခဲ့ပါတယ်။
ဒီကြားထဲမှာ ကမ္ဘာလှည့်ခရီးသွားတွေဆီက နေထိုင်တဲ့ ရက်အလိုက် ငွေကြေးကောက်ခံဖို့ ပြင်ဆင်တာတွေ၊ ဟိုတယ်ခတွေ လေယာဉ်ခတွေ ကြီးမြင့်လွန်းလို့ မြန်မာနိုင်ငံဆီကို ခရီးသွားမဝင်တာဆိုတဲ့ အမှန်ကိုမမြင်ဘဲ ပိုက်ဆံသုံးနိုင်မယ့် ခရီးသွားဝင်ရောက်အောင် လုပ်မယ်ဆိုတဲ့ တလွဲဆင်ခြေတွေနဲ့ မြန်မာ့ခရီးသွား အခြေအနေအပေါ် ဗြိတိန်မီဒီယာလုပ်ငန်းကြီး The Economist Group က ထုတ်ပြန်တဲ့ ၂၀၁၇ ခုနှစ် အတွက် ဘေးကင်းသောမြို့များ အညွန်းကိန်းမှာ ရန်ကုန်မြို့က မြို့ပေါင်း ၆၀ အနက် ဘေးကင်းလုံခြုံမှု ဒုတိယမြောက် အနိမ့်ဆုံးမြို့အဖြစ် သတ်မှတ်ခံလိုက်ရမှုက ထပ်ဆင့်ထိုးချခဲ့ပါသေးတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဆီကိုလာဖို့ ကြိုတင်စာရင်းပေးထားတဲ့ ခရီးစဉ်တွေ ကျဆင်းမှုရှိနေပြီလို့ OBG-Oxford Business Group က ခန့်မှန်းခဲ့တာတွေကလည်း မြန်မာ့ခရီးသွားကဏ္ဍအတွက် ရင်မစရာ အခြေအနေပါ။
ဘယ်လောက်အထိ ခရီးသွား ကျဆင်းခဲ့သလဲဆိုရင် ရခိုင်အရေးဖြစ်စဉ်ကြောင့် ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံဆီကို လာရောက်လည်ပတ်မယ့်ခရီးစဉ် ရာခိုင်နှုန်း ၅၀ လောက် ပယ်ဖျက်၊ ဆိုင်းငံ့ခဲ့တဲ့အထိ ရှိခဲ့တယ်လို့ ဇွန် ၄ ရက်က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန်နှင့် ကမ္ဘာလှည့်ခရီးသွားများ ဝင်၊ ထွက် လည်ပတ်မှု လွယ်ကူ အဆင်ပြေစေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဟိုတယ်/ ခရီးဝန်ကြီး ဦးအုန်းမောင်က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ဖြစ်စဉ်တွေကြောင့်ပဲ ဥရောပခရီးသွားတွေရဲ့ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုလျော့နည်းပြီး ၂၀၁၈ ခုနှစ်မှာ ဥရောပ အဓိကဈေးကွက်ဖြစ်တဲ့ ပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံက ခရီးသွားဝင်ရောက်မှု ရာခိုင်နှုန်း ၃၀ ကနေ ရာခိုင်နှုန်း ၄၀ အထိ လျော့ကျနိုင်တယ်လို့ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ကုမ္ပဏီတွေရဲ့ ပြောကြားချက်အပေါ် ကိုးကားခန့်မှန်းထားပါတယ်။
“ခရီးသွားလုပ်ငန်း အနေအထားက တဖြည်းဖြည်း တက်သွားရမှာ။ အဲဒီလိုတက်ရမယ့်အစား ကျတယ်ဆိုတဲ့အပိုင်းမှာ ပထမအချက် ကျတဲ့အကြောင်းရင်းသည် မြန်မာနိုင်ငံမှာရှိတဲ့ ခရီးသွားလုပ်ငန်း လုပ်မယ်ဆိုရင် ဆက်နွှယ်နေတဲ့ လေယာဉ်လက်မှတ်ခတွေ အိမ်နီးချင်းနိုင်ငံထက်စာရင် နှစ်ဆလောက် ဈေးကြီးတယ်။ ရန်ကုန်-ပုဂံသွားတာကိုပဲ ဒေါ်လာ ၉၀-၁၀၀ လောက်ဖြစ်နေတယ်။ ရန်ကုန်-ဘန်ကောက်က ဒေါ်လာ ၈၀ နဲ့တောင် ဝယ်လို့ရတယ်။ အပြည်ပြည်ဆိုင်ရာ လေယာဉ်ခတွေက ၉၀-၁၀၀ လောက်နဲ့ အချိန်မရွေး ဝယ်လို့ရနေတယ်။ ရန်ကုန်-ပုဂံက ၉၀-၁၀၀ ဘာလို့ဖြစ်နေလဲ။ ဈေးကြီးနေပြီး လေကြောင်းလိုင်း ဈေးကြီးနေတာကို သက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းဦးစီးဌာနတို့က ဒါကို ပြန်လည်ဆန်းစစ်ရမယ်။ အလားတူပဲ ဒီဟာတွေအားလုံးကို ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် မေးမြန်းပြီး ညှိနှိုင်းပေးရမယ်။ ဒီကိစ္စကို သက်ဆိုင်ရာ ခရီးသွားဝန်ကြီးက သူတစ်ဦးတည်းအားနဲ့ မရှင်းနိုင်ဘူးဆိုရင် နိုင်ငံတော်ဒုသမ္မတက ဖြေရှင်းပေးရမယ်။ ဒုသမ္မတနဲ့ မဖြေရှင်းနိုင်ဘူးဆိုရင် သမ္မတအထိ ရှင်းရမယ်။ ဒါက လေယာဉ်လက်မှတ်တစ်ခုပဲ ရှိသေးတယ်။ နောက်တစ်ခု မြန်မာနိုင်ငံမှာ တဖြည်းဖြည်းနဲ့ ဈေးကြီးလာတာက ဘုရား၊ ပြတိုက်ဝင်ကြေးတွေ အားလုံးက တဖြည်းဖြည်း ဈေးကြီးလာတယ်။ ဘုရားတွေကလည်း ကိုယ့်ဂေါပက အဖွဲ့နဲ့ ကောက်ချင်သလို ကောက်နေတယ်။ ဝင်ကြေးတွေကလည်း စရိတ်အားဖြင့် များလာတယ်။ နောက်တစ်ချက်က ဘုရားဝင်ကြေးတွေအားလုံးကို မြန်မာငွေနဲ့ သတ်မှတ်ပေးရမယ်။
မြန်မာနိုင်ငံမှာ မြန်မာငွေတွေက တရားမဝင်သလို ဖြစ်နေတယ်။ မြန်မာငွေက သုံးလို့မရတဲ့အခြေအနေမှာ ရှိနေတယ်။ မြန်မာငွေကို အသိအမှတ်မပြုရင် ဘယ်မှာမှ အသိအမှတ်ပြုမလဲ။ ထိုင်းနိုင်ငံသွားရင်လည်း ထိုင်းငွေနဲ့ရှင်းရတယ်။ တရုတ်သွားရင်လည်း တရုတ်ငွေနဲ့ ရှင်းရတယ်။ ပြည်တွင်းမှာ သုံးစွဲတဲ့အခါမှာ မြန်မာငွေသုံးစွဲလို့မရဘူးဆိုတာ ဒါဖြစ်သင့်သလား။ အဓိက,က စီမံဘဏ္ဍာဝန်ကြီးက ရှင်းရတော့မယ်။ ဒီပြဿနာက။ ခရီးသွားလုပ်ငန်းနဲ့ နွှယ်တဲ့ကိစ္စ စီမံဘဏ္ဍာဝန်ကြီးက ရှင်းတဲ့အခါမှာ စီမံဘဏ္ဍာဝန်ကြီးရယ်၊ ခရီးသွားလုပ်ငန်းဝန်ကြီးရယ် သယ်ယူပို့ဆောင်ရေးဝန်ကြီးရယ်၊ ယဉ်ကျေးမှုနဲ့ သာသနာရေးဝန်ကြီးရယ် အားလုံးအတူတူ လေးယောက်ထိုင်ပြီး ဒီပြဿနာကို ရှင်းရတော့မယ်။ ဒီလိုလေးယောက်တင်မကဘူး။ အထက်အဖွဲ့အစည်း ဒုသမ္မတနဲ့တင် မပြီးဘူးဆိုရင် သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် ဒီကိစ္စကို ရှင်းရတော့မယ်။ ဒီပြဿနာတွေ ရှင်းလိုက်ရင် ကုန်ဈေးနှုန်းတွေ ကျလာမယ်။ ကုန်ဈေးနှုန်းတွေ ကျလာရင် မြန်မာငွေ တန်ဖိုးလည်း တက်လာမယ်။ ခရီးလှည့်လည်ရေးလုပ်ငန်းမှာလည်း ဟိုတယ်စရိတ်လည်း ကျလာမယ်။ ဝင်ကြေးတွေ ကျလာမယ်။ လေယာဉ်ပျံခတွေ သက်သာလာမယ်။ မြန်မာနိုင်ငံကို ဧည့်သည်မဝင်တဲ့ အဓိက အကြောင်းရင်းဟာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့ ဆက်နွှယ်နေတဲ့ ဟိုတယ်တွေဈေးကြီးလို့၊ စားသောက်ဆိုင်တွေ ဈေးကြီးလို့၊ စားသောက်ဆိုင်တွေ မီးမလာရင် မီးစက်တွေ မောင်းရတယ်။ အားလုံးက ပတ်ချာလည်လိုက်နေတယ်။ စားသောက်ဆိုင်တွေ ဘာလို့ဈေးကြီးလဲ။ သူများနိုင်ငံမှာ ငါးဒေါ်လာလောက်နဲ့ စားလို့ရတဲ့ဟာကို မြန်မာပြည်မှာ ဧည့်သည်တွေ ကျွေးလို့ရှိရင် ၁၀ ဒေါ်လာလောက် ကျနေတယ်။ နှစ်ဆများနေတယ်။ အဘက်ဘက်က အားလုံးဈေးကြီးတဲ့ အခါကျတော့ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင် ရထားတဲ့သူတွေ မှန်မှန်ကန်ကန် လုပ်ကိုင်တဲ့လူတွေအတွက်က သူတို့ အကျိုးအမြတ် တစ်ပြားမှမယူဘဲ အရင်းအတိုင်း ရောင်းရင်တောင် ရောင်းလို့မရဘူး။ ဈေးကြီးလို့ မဝယ်ကြဘူး။ ဒီပြဿနာ ရှိနေတယ်။ ဟိုတယ်ခတွေ ဈေးကြီးနေတာက သူတို့စီးပွားရေးကို မတွက်ချက်တတ်လို့ ပိုက်ဆံလိုချင်တာပဲရှိတယ်။ ဟိုတယ်ဆိုတာက မြန်မာပြည်တစ်ပြည်ထဲရှိလား။ မြန်မာနိုင်ငံနဲ့ ပြိုင်ဘက်နိုင်ငံက ဘယ်သူတွေလဲ အိမ်နီးချင်းနိုင်ငံနဲ့ ယှဉ်လိုက်ရင် မြန်မာပြည် စရိတ်က ကြီးကိုကြီးတယ်။ စင်ကာပူလောက်နဲ့ ဈေးတူနေတယ်။ မြန်မာနိုင်ငံရဲ့ ပုံရိပ်တက်လာအောင်ဆိုတဲ့ အခါမှာ ရခိုင်ကို သွားလည်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲ။ ၁၀၀၀ မှာ တစ်ယောက်လောက်ပဲ သွားလည်ကြတာ။ အခြားအနောက်နိုင်ငံက လာချင်လို့ဆိုရင်တောင် တိုက်ရိုက် လေကြောင်းလိုင်း မရှိဘူး။ ထိုင်းရောက်တယ်။ ထိုင်းကနေတစ်ဆင့် စုံစမ်းပြီး ဈေးကြီးတယ်ဆိုပြီး မလာကြပြန်ဘူး။ စရိတ်စကကြီးတဲ့အတွက် တခြားနိုင်ငံကိုပဲ သွားလည်ကြတယ်။ ဒီနေရာမှာ နိုင်ငံရေးက သိပ်အဓိက မကျဘူး။ အဓိက,က မြန်မာပြည်ကို မလာရတဲ့ အကြောင်းရင်းသည် ဈေးကြီးလို့။ ဈေးတွေမချသရွေ့ ဘယ်တော့မှ လာမှာမဟုတ်ဘူး။ မြန်မာပြည်ကြီး အေးချမ်းသာယာလည်း မလာသေးဘူး” လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးအေးကျော်က ဆိုပါတယ်။
ဒီလို ကျဆင်းလာနေတဲ့အချိန်မှာ မြန်မာနိုင်ငံအတွက် အားကိုးစရာက ပြည်တွင်းကို လာရောက်မှု နည်းနေတဲ့ အဓိကစီးပွားဖက် တရုတ်နိုင်ငံကိုပဲ ဆွဲဆောင်စရာ ကျန်ပါတော့တယ်။ အချိန်တိုအတွင်း တိုးတက်လာတဲ့ တရုတ်ခရီးသွားတွေရဲ့ လူမှုရေးမသိတတ်မှု၊ နိုင်ငံကြီးသား မပီသမှုက ကမ္ဘာမှာ နာမည်ကျော်သလို အသုံးအဖြုန်းကြီးပြီး ခရီးသွားစဉ်မှာ ပိုက်ဆံသုံးတာကလည်း နာမည်ကျော်ပါတယ်။ တရုတ်ဈေးကွက်ဟာ အကြီးကြီးပါ။ ၂၀၃၀ ပြည့်နှစ်မှာ တရုတ်ခရီးသွားတွေရဲ့ သုံးစွဲမှုကနေ ဒေါ်လာဘီလျံ ၇၀၀ အထိ ရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ တရုတ်ခရီးသွားဝင်ရောက်မှုက နှစ်သိန်းကျော်ရုံပါ။
“တရုတ်ခရီးသွားတွေလာဖို့မှာ ဗီဇာကင်းလွတ်ခွင့်ပေးမယ်။ ဂျပန်၊ ကိုရီးယားတွေလာဖို့မှာ သူတို့မှာ လူဦးရေဘယ်လောက်ရှိလဲ။ လာနိုင်တဲ့အား။ သူတို့ကို Visa Free ပေးရင် တရုတ်ကိုလည်း ပေးရမှာပဲ။ တရုတ်တွေ Free ပေးလို့ တရုတ်တွေလာရင် ကမ္ဘာပေါ်မှာ အမေရိကန်က အစ တရုတ်ဧည့်သည်ကို အရမ်းလိုချင်တယ်။ တရုတ်တွေ ပိုက်ဆံကို အရမ်းသုံးတယ်။ လာချင်အောင် ဝယ်ချင်အောင်ဆိုတဲ့နေရာမှာ ဈေးများနေလို့ အဓိကပဲ။ လာချင်အောင် အများနဲ့ယှဉ်နိုင်တဲ့ ဈေးဖြစ်အောင် ဖန်တီးဖို့ပဲ။ ဘယ်လိုဖန်တီးရမလဲဆိုတာ Workshop တွေ သေချာဆွေးနွေးတိုင်ပင်။ အစိုးရအပိုင်းကလည်း အစိုးရပိုင်း၊ အောက်ပိုင်းကလည်း ဆွေးနွေးရမယ်။ သူ့ဈေးနဲ့သူ မချပေးသ၍တော့ တရုတ်ကလည်း သူများနိုင်ငံတွေလာပြီးမှပဲ ကိုယ်တွေဆီလာမှာပဲ” လို့ ဦးအေးကျော်က ဆက်လက်ပြောပါတယ်။
ရေရှည်ဖြေရှင်းရတော့မယ့် ရခိုင်အရေးကြောင့်၊ လုပ်ငန်းရှင်ကြောင့်၊ အစိုးရကြောင့်ဆိုတဲ့ သုံးချက်သုံးဖလှယ် အပြစ်တင်မှုတွေကြားမှာ မြန်မာ့ခရီးသွားက လုံးပါးပါးနေပြီး ခရီးသွားလုပ်ငန်း မဟာဗျုဟာမှာ မျှော်လင့်ထားတဲ့ ၂၀၂၀ ပြည့်နှစ်မှာ ခရီးသွား ၇ ဒသမ ၅ သန်းဝင်ရေး အိပ်မက်ဟာ နိဋ္ဌိတံသွားပြီလို့ ပြောရမယ့် အခြေအနေပါ။
“ဈေးကွက်မှာက ဝယ်လိုအားနဲ့ ရောင်းလိုအားပဲ။ ဝယ်လိုအားရှိရင် တက်လာမယ်။ ဝယ်လိုအားမရှိရင် ကျမှာပဲ။ တစ်ဖက်ကလဲ ဟိုတယ်တွေရဲ့ လုပ်ထားတဲ့အချိန်တွေ၊ ငွေပမာဏတွေကလည်း မနည်းကြဘူး။ ဘယ်လောက်ယူမှ သူတို့အတွက် ကာဗာဖြစ်မယ်ဆိုတာ ကြည့်ပြီး ယူကြတာပေါ့။ ငွေယူလို့ရတဲ့ အချိန်ရှိသလို ယူလို့မရတဲ့အချိန်တွေလဲ ရှိတယ်။ အခုအချိန်မှာတော့ ဟိုတယ်တွေ တော်တော်များများက ဈေးချလာတယ်။ မနှစ်ကထက်စာရင်ပေါ့။ တခြားနိုင်ငံတွေထက် ဈေးကြီးနေတုန်းပဲ ပြောတာတွေရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာက အခြေခံအဆောက်အအုံ မပြည့်စုံတာတွေ။ သူများနိုင်ငံမှာက အပြည့်အစုံ ရတယ်။ မီးမှန်တာတွေကအစ။ ဒီမှာက ကြယ်သုံးပွင့်လောက်ရှိတဲ့ ဟိုတယ်တွေကအစ မီးမရသေးဘူး။ ကိုယ်တိုင်လည်ပတ်တာတွေ ရှိတယ်။ ဈေးတွေချရင်လဲ အရှုံးခံပြီးလုပ်ရုံပဲ ရှိတော့တယ်။ လုပ်ငန်းရှင်တွေက အရှုံးခံမလုပ်နိုင်ကြဘူး။ မနှစ်ကလဲ ခရီးသွားကျတယ်။ ဒီနှစ်လည်း ပိုကျလာတယ်ဆိုတဲ့အတွက်ကြောင့် ဟိုတယ်ပိုင်းတွေကလဲ ဈေးတွေ အဆင်ပြေလာအောင် လုပ်လာကြတယ်။ ဒါပေမဲ့လည်း ခရီးသည်က မနှစ်ကတုန်းက ကျတယ်။ ဒီနှစ်လည်းကျတယ်ဆိုရင် ခရီးသည်က ဈေးမြင့်နေလို့မလာတာ မဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံကို အင်တာနေရှင်နယ်ပုံရိပ်မှာ လူမျိုးခွဲခြားတဲ့နိုင်ငံ အမြင်တွေက ဒီနိုင်ငံကို မသွားနဲ့။ ပြည်ပအေးဂျင့်တွေကလည်း မရောင်းကြဘူး။ ကြော်ငြာထားတာတွေကနေ ဖြုတ်ချတယ်။ သွားမယ့်သူတွေကလည်း ရောက်ဖူးတဲ့သူက သိကောင်းသိနိုင်တယ်။ မီဒီယာတွေမှာ ဖြစ်ပေါ်နေတဲ့ကိစ္စတွေမှာ ဒီနိုင်ငံကို မသွားဘူးဆိုပြီးတော့ ဒါမျိုးတွေနဲ့ ဖြစ်နေတာ။ တချို့က ဈေးကြီးလို့ မသွားတာက ပါကောင်းပါလိမ့်မယ်။ ဒါပေမဲ့ နိုင်ငံ့အပေါ်ကို မြင်တဲ့အမြင်ကိုက မကောင်းဘူးဖြစ်နေတာ။ ဒါက အရေးကြီးတယ်။ ဘာတွေလုပ်နေလဲ။ ဘာတွေဖြေရှင်း ဆောင်ရွက်နေလဲ။ ဒီဟာတွေကို နားလည်အောင် မီဒီယာနဲ့ နားလည်အောင် အစိုးရပိုင်းကရော သေချာ အစီအစဉ်ချပြီးလုပ်ဖို့လိုတယ်။ တခြားနိုင်ငံက PR Digital Markting အဖွဲ့တွေ ငှားပြီးတော့ ဒါကိုသိအောင်လုပ်ရမယ်။ ကောင်းအောင်လုပ်နေတဲ့အချိန်မှာ တစ်ခုခုဆိုရင် ရခိုင်ကိစ္စဘဲ အရင်ရှင်းပါ ဖြစ်နေတယ်။ အစိုးရကလည်း လုပ်နေပါတယ်။ ဖြေရှင်းနေတာထက် သိနိုင်အောင် မီဒီယာတွေကို လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပေးရမယ်။ နိုင်ငံတကာက မီဒီယာတွေလာရင် ရခိုင်ဘက်မှာ သွားလို့ရတဲ့ ငပလီ၊ မြောက်ဦးတို့ကို ပြ။ တခြားလိုအပ်တဲ့ နေရာတွေလဲပြ။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ယှဉ်တွဲနေထိုင်တယ် ဆိုတာလဲပြ။ ဒါတွေကို ဆက်တိုက်ဆိုသလိုလေး၊ ငါးနှစ်လောက် လုပ်ပေးဖို့လိုတယ်။ နောက်ပိုင်းမှသာ နိုင်ငံတော်ဘတ်ဂျက် အနေအထားပေါ်မူတည်ပြီး ပြန်ကြီးကြပ်တာမျိုးတွေပေါ့။ အရင်တုန်းက မြင်တာကတစ်မျိုး ၂၀၁၅ ကမြင်တဲ့ အမြင်နဲ့ ၂၀၁၁ အရှေ့မှာ မြင်တဲ့အမြင်နဲ့ အခုမြင်နေတဲ့ အမြင်တွေက ပိုပြီးနက်နဲတယ်။ လူလူချင်း ခွဲခြားတယ်ဆိုတဲ့အမြင်ကို ပြောင်းလဲပစ်ဖို့က ခဏလေးနဲ့တော့ မရနိုင်ဘူး။ နိုင်ငံတကာ မီဒီယာတွေမှာ ရှုံးနိမ့်သွားတာကိုး။ Digital Markting တွေကလုပ်တော့ လုပ်နေကြပါတယ်။ ထိရောက်အောင် အများကြီး လုပ်ဖို့လိုတယ်။ ငွေလည်းသုံးဖို့လိုတယ်။ ကိုယ့်နိုင်ငံ ပုံရိပ်မကောင်းတဲ့ ဟာကဘက်ပေါင်းစုံက ပြန်ဆွဲမှရမယ်။ တချို့လည်း စလုပ်နေကြတယ်။ လုပ်တာတွေလည်း မြန်မြန်ထက်ထက်နဲ့ လုပ်ဖို့လိုတယ်လို့ ဦးခင်အောင်ထွန်းက ဆက်လက်ပြောပါတယ်။
ဘက်စုံညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှု၊ ဝန်ကြီးဌာနတွေ လျှော့ချထားပေမဲ့ ချိတ်ဆက်ဖြေရှင်းမှု အားနည်းတဲ့ စီမံခန့်ခွဲမှု၊ ဝန်ကြီးဌာနတစ်ခုနဲ့တစ်ခု အကြားမှာ ပဋိပက္ခဖြစ်နေတဲ့ ညွှန်ကြားချက်တွေနဲ့ ဦးဆောင်ဖြေရှင်းနေတဲ့သူတွေက ခရိုနီအကျိုးစီးပွားပဲကြည့်နေ၊ သူတို့ ပြောစကားတွေပဲ ယုံနေပြီး လေယာဉ်လက်မှတ်ခ ဈေးကြီးတာ၊ ဟိုတယ်ခဈေးကြီးလွန်းတာ စတဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်သရွေ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။
“၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ရဲ့ ကာလကိုကြည့်ရင် ၂၀၁၈ မှာဆိုရင် သုံးလကာလလောက်ပဲ ဧည့်သည်ဝင်ပြီးတော့ မိုးတွင်း ရောက်လာတယ် မဟုတ်လား။ ဧည့်သည်များတာ ကိုးလပိုင်းလောက်မှများတာ။ မိုးတွင်းကာလကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဖြတ်သန်းရဦးမှာဆိုတော့ အရင်နှစ်တွေတုန်းကလိုပဲ ဘယ်လိုပဲလုပ်လုပ် မိုးတွင်းကာလဆိုတော့ ဧည့်သည်က ပါးမှာပဲနော်။ တစ်နှစ်လုံးရဲ့စာရင်းကို ချုပ်တဲ့အချိန်ကျတော့ ၂၀၁၈ ကုန်ပြီးတဲ့ အချိန်ကျတော့မှ စာရင်းကိုပေါင်းပြီးတော့ ချုပ်လို့ရမှာလေ။ အဲဒီကျတော့မှ အတိုး၊ အကျကို တွက်လို့ရမှာပေါ့။ ဒီလိုမိုးတွင်းကာလဆိုတာက ပရိုမိုးရှင်းကာလလို့ သတ်မှတ်တာပေါ့နော်။ အခုအချိန်မှာကျတော့ အာဆီယံမှာပဲဖြစ်ဖြစ် Markting သဘောအရ ဈေးကွက် အရောင်းမြှင့်တင်ရေးလုပ်နေတာ ရှိတယ်။ Promotion ကာလမှာ ကြိုးစားပြီးတော့ ဝန်ကြီးဌာနရော ပေါင်းပြီး လုပ်နေတယ်။ ဟိုတယ်ဈေးများတယ်ဆိုတာ လွန်ခဲ့တဲ့ လေးငါးနှစ်ကတည်းက အသံကျယ်နေပြီးသား။ တဖြည်းဖြည်းနဲ့တော့ ကျွန်တော်တို့ဆီမှာ ဘာဖြစ်လာပြီလဲဆိုတော့ ဈေးကွက်သဘောအရ သူတို့ဟိုတယ်တွေက ဒေသအလိုက်တွေမှာ ဟိုတယ်အသစ်သစ်တွေ တိုးလာတယ်လေ။ တိုးလာတဲ့အတွက် ဈေးကွက်သဘောအရ ဘယ်လိုပဲဖြစ်ဖြစ် အပြိုင်ဖြစ်လာလို့ရှိရင် ရောင်းလိုအားများရင် ဈေးကတဖြည်းဖြည်း ကျလာမှာပေါ့နော်။ ချက်ချင်းကြီး ချပါဆိုပြီးတော့ လုပ်ငန်းရှင်တွေကို သွားပြောလို့မှမရတာ။ တဖြည်းဖြည်းနဲ့တော့ ကျလာမှာပေါ့။ အာဆီယံ +၃ ထဲမှာ မြန်မာနိုင်ငံကို အများဆုံးလာတဲ့ နိုင်ငံတွေကို ဗီဇာသဘောအရ ဘယ်လိုလုပ်မလဲ ဖြေလျှော့မလား Free ပေးမလား။ အဲဒါက Markting အရ လုပ်ပေးတဲ့သဘောပဲ။ ချက်ချင်းမိုးတွင်းမှာ Free Visa ပေးလိုက်ရင် လာမှာမဟုတ်ဘူးနော်။ အဲဒီတော့ Free Visa တစ်နှစ် စမ်းသပ်ကာလအနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ ပေါင်းစပ်ပြီးတော့ လုပ်နေတာဖြစ်တဲ့အတွက် ပညာပေးပြီးလို့ရှိရင် အများဆုံး လာလည်တာက အာဆီယံ +၃ ထဲက Free Visa ရတဲ့ နိုင်ငံတွေရယ် တရုတ်လိုနိုင်ငံမျိုးတွေက တက်လာမယ်။ တရုတ်က ဗီဇာကို အလွယ်တကူ ရမယ်ဆိုရင် ဧည့်သည်တွေက လွယ်လွယ်ကူကူ ဝင်လာမဲ့ သဘောရှိတယ်။ ဗီဇာနဲ့ ပတ်သက်ပြီး ဖြေလျှော့မယ်ဆိုလို့ရှိရင် Free Visa ပေးလိုက်ရင် ပိုပြီးတော့ တက်လာနိုင်တယ်။ သို့သော် တရုတ်နိုင်ငံက သန်းထောင်ချီတယ် မဟုတ်လား သူ့ကိုဗီဇာပေးလိုက်ရင် ဝုန်းဝုန်းနဲ့ဆို မြန်မာနိုင်ငံမှာ လူဦးရေဆယ်ဂဏန်း ပျောက်သွားမှာပေါ့နော်။ သဘာဝပတ်ဝန်းကျင် အလှအပတွေလည်း အမြန်ဆုံးပျက်စီးမှာပဲ။ အဲဒီတော့ သူတို့ကို Control လုပ်တဲ့သဘောမျိုးနဲ့ Visa On Arrival အနေနဲ့လုပ်ဖို့အတွက် ဌာနက ထုတ်ပြန်ဖို့ရှိနေတယ်။ သိပ်မကြာတော့ဘူး။ ခွင့်ပြုချက်လည်း ရထားပြီးပြီ။ ထုတ်ပြန်ပြီးသားတွေလည်း စည်းကမ်းစနစ်တကျ သတ်မှတ်ပြီးတော့ စည်းကမ်းနဲ့အညီ ဧည့်သည်တွေ ပိုပြီးတော့ ပိုပြီးများပြီးဝင်လာမှာပေါ့နော်။ အဲဒီလိုမျိုးဆိုရင် အိမ်နီးချင်းလည်းဖြစ်တယ်။ လူဦးရေလည်း အများကြီး ဖြစ်နေတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ တရုတ်နိုင်ငံလိုက ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံကို အရင်ကထက်စာရင် ပိုပြီးတော့ရောက်လာမယ်လို့ မျှော်လင့်လို့ရတာပေါ့နော်” လို့ ဟိုတယ်/ခရီးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဘယ်လိုပဲ တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုးထိုး ခရီးသွားကျဆင်းမှုကဏ္ဍမှာ ခရီးသွားလုပ်ငန်းနဲ့ ဆက်နွှယ်နေသူတိုင်းမှာ တာဝန်ရှိနေတာ ငြင်းလို့မရပါဘူး။ သူများတွေ ရှေ့ကနေ ပြေးနေချိန်မှာ ကိုယ့်ဘက်က သူများခြေတစ်လှမ်းလှမ်းခဲ့တဲ့ လုပ်ငန်းတွေကို ခြေသုံးလှမ်းလောက် လှမ်းရမယ့်အချိန်မှာ မတ်တတ်ရပ် ကျန်နေရုံတင်မက လုပ်ရမယ့်အလုပ်တွေကိုပါ တလွဲတွေ လုပ်နေတာက ဆိုးရွားတဲ့ညံ့ဖျင်းမှုပါ။ ဒီလို ညံ့ဖျင်းမှုတွေကို သုံးသပ်ပြင်ဆင်နိုင်မှု မရှိသရွေ့ မြန်မာ့ခရီးသွားလုပ်ငန်း တိုးတက်မှာ မဟုတ်ပါဘူး။