ထိ ပြေး အောင်

ထိ ပြေး အောင်
Published 22 July 2018

Mutiny on the Bounty ရုပ်ရှင်ဇာတ်ကား ပိုစတာတစ်ခု

ကပ္ပတိန် ‘ဘလိုက်’  Trevor Howard နဲ့ သင်္ဘောသား ၁၈ ယောက်တို့ အသက်ကယ်လှေကြီးထဲကို ရောက်သွားကြတာနဲ့ တစ်ပြိုင်နက် ‘မင်းလ်စ်’ Richard Harris တို့ ‘ကွင်တယ်’ တို့ ဦးဆောင်တဲ့ သင်္ဘောသား တွေဟာ သင်္ဘောပေါ်က ထောင်ချီတဲ့ ‘ပေါင်မုန့်သီး’ Breadfruit ပျိုးပင်တွေကို တဟေးဟေးတဟားဟား အော်သံတွေနဲ့အတူ ပင်လယ်ထဲ ပစ်ချကြပါတယ်။ တချို့ ပျိုးပင်တွေက ပင်လယ်ထဲချက်ချင်းနစ်မသွားဘဲ ရေပေါ် မှာပေါလောမျောပြီး ပြန့်ကျဲနေကြလို့  မြင်ကွင်းက ကြည့်လို့တောင် မကောင်းတော့ဘူး။

‘ဘောင်တီ’သင်္ဘော HMS Bounty ဟာ အနောက်ဘက်ကို ဦးတည်နေရာကနေ  နောက်ပြန်လှည့်ပြီး ‘တဟီတီ’ Tihiti ကျွန်းရှိရာဘက်ဆီကို ဦးတည်လိုက်ပါတယ်။ မင်းလ်စ်တို့ ကွင်တယ်တို့ကတော့ ဘလိုက်လက်က လွတ်သွားလို့ ပျော်နေကြတာပေါ့။ အဲစိတ်ညစ်ပြီး အခန်းထဲက မထွက်တော့သူကတော့ လက်ရှီမာလိန်မှူး ‘ခရစ်ရှန်’ Marlon Brando ပဲဖြစ်တယ်။ တဟီတီကို သင်္ဘောဆိုက်တော့ သင်္ဘောသားတွေလည်း ကျွန်းပေါ်တက်ပြီး ‘‘ဒီတစ်ခါသင်္ဘောပြန်ထွက်ရင် လိုက်ချင်တဲ့ကျွန်းသူတွေကို မစ္စတာခရစ်ရှန် ကခေါ်သွားပေးမယ်တဲ့’’လို့ပြောတော့ ကျွန်းသူတွေလည်း ပျော်ကြတာပေါ့။ ခရစ်ရှန်ကတော့ ကျွန်းပေါ်ကို လုံးဝတက်မလာပါဘူး။ ခရစ်ရှန်ကျွန်းပေါ်မလာတော့ တဟီတီဘုရင်ရဲ့သမီးတော်လည်းဖြစ် ခရစ်ရှန်ရဲ့ချစ်သူ လည်းဖြစ်တဲ့ ‘မိုင်မိ့တီ’ (Maimiti) Tarita Teriipaia ကပဲ သင်္ဘောပေါ်ထိလိုက်သွားခဲ့ရပါတယ်။ သင်္ဘောမာလိန်မှူး အခန်းထဲက စားပွဲပေါ်မှောက်အိပ်နေတဲ့ ခရစ်ရှန်ဟာ မိုင်မီ့တီ အခန်းထဲဝင်လာတဲ့အသံကြောင့် လန့်နိုးလာတယ်။ မိုင်မီ့တီက ‘‘ကျွန်းပေါ်မှာ လူတွေ ပြောနေကြတယ်။ ခရစ်ရှန်ဟာ စစ်ပွဲမှာ အနိုင်ရပြီး အခုအကြီးဆုံးဗိုလ်ဖြစ်နေပြီတဲ့၊ အဲဒါ ဟုတ်လား’’လို့ မေးပါတယ်။ ခရစ်ရှန်က ‘‘ကိုယ့် အသက်ကို ကိုယ်လုပြီးပြေးနေရတဲ့ အညတရ ဗိုလ်လေးပါကွာ’’လို့ ပြန်ဖြေပါတယ်။ မိုင်မီ့တီက အကျိုးအကြောင်းမေးတော့ ခရစ်ရှန်လည်း အဖြစ်မှန်ကို ပြောပြလိုက်ရတော့တာပေါ့။ ဒါ့အပြင် ဒီတစ်ခါ သင်္ဘောပြန်ထွက်ရင် သင်္ဘောသားတွေနည်းသွားတဲ့အတွက်  ကျွန်းသားတွေကိုသင်္ဘောပေါ် ခေါ်ရတော့မယ့်အ ကြောင်းနဲ့ အမျိုးသမီးတွေ လိုက်ချင်တယ်ဆိုရင်လည်း ခေါ်သွားတော့မယ်ဆိုတဲ့အကြောင်းတွေကို ခရစ်ရှန်က မိုင်မီ့တီကို ဆက်ပြောပြပါတယ်။ မိုင်မီ့တီက သူလည်းလိုက်မယ်လို့ ပြောတော့ ခရစ်ရှန်က ‘‘ဘဝတစ်ခုလုံးမှာ ဘာ မျှော်လင့်ချက်မှမရှိတော့တဲ့ လူတစ်ယောက်နောက်ကို မင်းကဘာလို့လိုက်ချင်ရတာတုံး’’လို့မေးတော့ မိုင်မီ့တီ ပြန်ဖြေတဲ့စကားလေးက မှတ်သားစရာပါ။ အဲဒါကတော့ ‘‘တဟီတီမှာဆို စကားတစ်ခွန်းရှိပါတယ်မောင်၊ ဘဝဆိုတာက ဘဝကိုအရှုံးပေးသွားတဲ့လူတွေကိုပဲ ဝါးမျိုလေ့ရှိတာပါတဲ့၊ ဘယ်တော့မှ ဘဝကို အရှုံးပေးလေ့မရှိသူတွေကိုတော့ ဘဝက အမြဲဆုလာဘ် ပြန်ပေးလေ့ရှိပါတယ်တဲ့’’လို့ ဖြစ် ပါတယ်။ တဟီတီဘုရင်ကြီးကတော့ သင်္ဘောပေါ်မှာသူပုန်ထပြီး မာလိန်မှူး ဘလိုက်နဲ့ သူ့ လူတွေကို အသက်ကယ်လှေတစ်စင်းနဲ့ ပင်လယ်ထဲမျှောလိုက်တဲ့ ခရစ်ရှန်နဲ့ သူရဲ့အပေါင်းပါတွေကို ကျွန်းပေါ်မှာလက်ခံထားရင် အင်္ဂလန်က တတိယမြောက် ဂျော့ဘုရင်ဟာ စိတ်ဆိုးပြီး တဟီတီကျွန်းကို စစ်ကြေညာလိုက်မှာကို စိုးရိမ်မိလို့ကတစ်ကြောင်း သမီးရဲ့ ချစ်ခြင်းကိုလည်း မခွဲချင်တာကတစ် ကြောင်းတို့ကြောင့် မိုင်မီ့တီကို ဘောင်တီသင်္ဘောနဲ့ လိုက်သွားခွင့်ပြုလိုက်ပါတယ်။

ခရစ်ရှန်ဟာ ရေကြောင်းအတတ်ပညာ ကျွမ်းကျင်သူမို့ အင်္ဂလိပ်မြေပုံထဲမှာ နေရာလွဲပြထားတဲ့ ‘ပစ်ကန်းကျွန်း’ Pitcairn Island ကို ဘောင်တီသင်္ဘောနဲ့ လိုက်ရှာပါတယ်။ ကျွန်း ၃၀ လောက်ကိုရောက်ပြီး တစ်လခွဲ လောက်ကြာမှ ပစ်ကန်းကို တွေ့သွားခဲ့ကြတာ ဖြစ်ပါတယ်။ မြေပုံပေါ်က ပစ်ကန်းကျွန်းဟာ အခု သူတို့ရောက်နေတဲ့ တကယ့် ပစ်ကန်းကျွန်းရဲ့အနောက်ဘက် ၁၇၅ မိုင်အကွာမှာ ပြနေတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ဒီနေရာမှာ ကျွန်းရှိနေမှန်းမသိလို့ လက်ရှိနေရာကို အင်္ဂလိပ်ရေတပ် ဘယ်လို့မှ ရောက်လာနိုင်စရာ မရှိတော့တာ သေချာသွားတဲ့အတွက် ဒီမှာပဲ အခြေပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သင်္ဘောသားတွေက ခိုသားနဲ့ ညစာစားရင်း ‘‘ကောင်းလိုက်တဲ့ ခိုသားကွာ ဘလိုက်တို့များ ဒီလို ခိုသားမျိုးစားဖူးကြမှာ မဟုတ်ဘူး’’လို့ ပြောနေ တုန်း ခရစ်ရှန် ရောက်လာပါတယ်။ ‘‘မင်းတို့ မှားနေပြီ၊ ကပ္ပတိန်ဘလိုက်ဟာ အင်္ဂလန်ကို သေချာပေါက်ရောက်သွားမှာပဲ၊  အင်္ဂလိပ်ရေတပ်က သူ့ကို သင်္ဘောတစ်စင်း ထပ်ထုတ်ပေးပြီး ငါတို့နောက်ကို ပြန်လိုက်ခိုင်းမှာလည်း သေချာနေတယ်၊ လက်ရှိအခြေအနေအရ အင်္ဂလန်ကို  တစ်နည်းနည်းနဲ့ရောက်အောင် ပြန်သွားပြီး အဖြစ်မှန်ကို ဘုရင်နဲ့ တိုင်းသူပြည်သားတွေသိအောင်တင်ပြနိုင်မှသာ တို့အားလုံးအတွက် အခြေအနေပြန်ကောင်းလာနိုင်မယ်။ ဒါ့အပြင် နောင်အခါမှာ စာနာတရားကင်းပြီး လက်အောက်ငယ်သားတွေအပေါ် ရက်စက်လေ့ရှိတဲ့ ဘလိုက်လို ကပ္ပတိန်မျိုးတို့နိုင်ငံမှာ ပေါ်မလာတော့မှာလည်း ဖြစ်လို့ ငါ့ကိုကူညီကြပါလို့ မင်းလ်စ်တို့ ကွင်တယ်တို့ အဖွဲ့ကို ခရစ်ရှန်က တောင်းဆိုပါတယ်။ မင်းလ်စ်တို့လည်း ဒီတစ်ညတော့ တိုင်ပင်ပါရစေဦးလို့ပြောပြီး တန်းဖြုတ်သွားကြပါတယ်။ အဲဒီညမှာပဲ ပင်လယ်ကွေ့မှာ ကျောက်ချရပ် နားထားတဲ့ ဘောင်တီသင်္ဘော မီးလောင်တော့တာပါ။ ခရစ်ရှန်ဟာ ရသမျှလူတွေကိုစုစည်းပြီး  သင်္ဘောဆီကို လှေနဲ့အတင်းလှော်သွားပါတယ်။ ကျန်လူတွေကို မီးသတ်ခိုင်းပြီး သူ ကိုယ်တိုင်ကတော့ သူ့အခန်းထဲက ‘ဆက်စတင့်’ Sextant ကို မရရအောင်သွားယူပါတယ်။ ဆက်စတင့်ဆိုတာ စက်ဝိုင်းရဲ့ခြောက်ပုံတစ်ပုံရှိတဲ့စက်ဝိုင်းခြမ်းလေးဖြစ်ပါတယ်။ နေ လ ကြယ်တာရာတို့နဲ့ မိုးကုတ်စက်ဝိုင်းအကြား မှာရှိတဲ့ ထောင့်ကိုတိုင်းပြီး လက်ရှိသင်္ဘောရောက်နေတဲ့နေရာကို ရှာဖွေရတာဖြစ်လို့ ဆက်စတင့်ဟာ သင်္ဘောရဲ့မျက်လုံးလို့ဆိုရင်လည်း မမှားနိုင်ပါဘူး။ သင်္ဘောရှိပြီး ဆက်စတင့်မရှိရင်လည်း အင်္ဂလန်ကိုမပြန်နိုင်ပါဘူး။ အဲဒီလို ဆက်စတင့်ကို မရအရယူရင်းနဲ့ ခရစ်ရှန့်တစ်ကိုယ်လုံး မီးလောင်သွားပြီး အဲဒီရတဲ့ ဒဏ်ရာနဲ့ပဲ ကွယ်လွန်သွားခဲ့ပါတယ်။ မကွယ်လွန်ခင်မှာ မင်းလ်စ်တို့ ကွင်တယ်တို့က အင်္ဂလန်ပြန်ရမှာကြောက်လို့ သင်္ဘောကို သူတို့ပဲ မီးရှို့ခဲ့ကြတာဖြစ်ကြောင်းဝန်ခံပြီး ဆရာဖြစ်သူကို တောင်းပန်ခဲ့ကြပါတယ်။ မိုင်မီ့တီက တိုင်းရင်းဆေးတွေနဲ့  သူ့ကိုလိမ်းပေးမယ်လုပ်တော့ ခရစ်ရှန်က ‘‘မကြိုးစားပါနဲ့တော့ မိုင်မီ့တီရယ် မရတော့ပါဘူး၊ မင့်ကို ထင်ထားထက် ကိုယ်ပိုချစ်ခဲ့တာပါ’’လို့ မသေခင်မှာ ပြောသွားခဲ့ပါတယ်။

ကပ္ပတိန် ‘ဘလိုက်’ Trevor Howard ဟာ ခြောက်ပြစ်ကင်းသဲလဲစင်တော့ မဟုတ်ဘူး။ သူ့မှာ ချို့ယွင်းချက်တွေရှိတယ်။ ဒီချို့ယွင်းချက်တွေကြောင့်ပဲ ဘောင်တီသင်္ဘော ပုန်ကန်မှုဖြစ်ပြီး သူ့နဲ့သူ့ရဲ့သစ္စာတော်ခံတွေဟာ ဘောင်တီသင်္ဘောပေါ်ကနေ ၂၃ ပေအရှည်ရှိတဲ့ အသက်ကယ်လှေထဲကို ဆင်းခဲ့ကြရတာဖြစ်ပါတယ်။ ဒါပေမဲ့ သြစတြေလီးယားနဲ့ နယူးဇီးလန်ကျွန်းဒေသတွေကို ဗြိတိသျှအင်ပိုင်ယာအတွင်း သိမ်းသွင်းနိုင်အောင် လမ်းခင်းပေးခဲ့သူလည်းဖြစ် ပစိဖိတ်သမုဒ္ဒရာရဲ့တိကျတဲ့မြေပုံကို ရေးဆွဲပေးနိုင်ခဲ့သူလည်းဖြစ်တဲ့ ဗြိတိသျှ နယ်သစ်ရှာဖွေသူ ရေကြောင်းခရီး သည် ကပ္ပတိန် ‘ကွတ်’ နဲ့  သမိုင်းဝင် ကမ္ဘာ့ရေကြောင်းခရီးစဉ်နှစ်ခုမှာ အတူလိုက်ခဲ့ဖူးလို့ ဘလိုက်ဟာအတွေ့အကြုံရှိပြီး သူ့အလုပ်ကို သူကျွမ်းကျင်သူလည်း ဖြစ်တယ်။ ဘလိုက်အသက်ကယ်လှေထဲရောက်သွားတဲ့အခါ အနီးဆုံးဖြစ်တဲ့’တိုဖူး’ Tofua ဆိုတဲ့ ကျွန်းလေးပေါ်တက်ပြီး ရေနဲ့ရိက္ခာရသလောက်အရင် ဖြည့်ပါတယ်။ အဲဒီကနေ ပြန်ထွက်ခါနီးမှာ ဒေသခံကျွန်းသားတွေက တိုက်ခိုက်လို့ သင်္ဘောသားတစ်ယောက်ကျဆုံးခဲ့ရပါတယ်။ အဲဒီအချိန်ကစပြီး လမ်းမှာတွေ့တဲ့ကျွန်းတွေပေါ်ကို အတတ်နိုင်ဆုံးမတက်ဘဲ လက်ရှိနေရာက နေ မိုင် ၄၀၀၀ ကွာဝေးတဲ့ အရှေ့တီမောကို မရောက်ရောက်အောင် သွားမယ်လို့ ဆုံးဖြတ်ပြီး လူတွေပြည့်နေလို့ မြုပ်လုနီးပါးဖြစ်နေတဲ့ အသက်ကယ်လှေနဲ့ ရွက်လွှင့်ခဲ့တာပါ။ အရှေ့တီမောကို ၁၄.၆.၁၇၈၉ ရက်နေ့မှာ ရောက်သွားလို့ စုစုပေါင်း ၄၉ ရက်ပဲ ကြာခဲ့ပါတယ်။ အဲဒီခေတ်အဲဒီအခါက လူတွေလက်ဖျားခါရတဲ့ အမြန်နှုန်းဖြစ်ပါတယ်။ တိုဖူးကျွန်းက ပြန်ထွက်လာတဲ့အချိန်မှာ ဘလိုက်ဟာ အချက်နှစ်ချက်ကိုပဲစဉ်းစားခဲ့ပါတယ်။ ငါ လူသားစားတဲ့သူတွေ ရှိ မရှိ မသေချာတဲ့ကျွန်း တွေပေါ်တက်ပြီး ရေနဲ့ရိက္ခာဖြည့်မလား ရှိတဲ့ ရိက္ခာနဲ့ အရှေ့တီမောကို ရောက်အောင်သွားမလားလို့ပဲ ဖြစ်ပါတယ်။ လောကမှာလူဟာ ပြဿနာတွေ့လာရင် ဒီဘက်က တစ်ခါစဉ်းစား၊ နောက်ဟိုဘက်ကနေတစ်ခါ ပြန်စဉ်း စား၊ ပေါင်းနှစ်ခါပဲ စဉ်းစားသင့်ပါတယ်။ ဒီထက်ပိုစဉ်းစားရင် လူဟာ တွေဝေသွားတော့တာပါပဲ။ အဲဒီအခါမှာ ရှေ့ကို ခရီးမဆက်ရဲတာမျိုးဖြစ်တတ်ပါတယ်။ အင်္ဂလိပ်စာမှာ Hit the ground running ဆိုတဲ့ ဓလေ့သုံး စကားတစ်ခွန်းရှိပါတယ်။ တာဝန်ပေးလိုက်တာနဲ့ အထက်ကို ဘာမှပြန်မေးမနေတော့ဘဲ တောက်လျှောက်အလုပ် စလုပ်တဲ့လူမျိုးကို ခေါ်တာပါ။ မြေကြီးပေါ် ချလိုက်တာနဲ့ ဘလိုက်လို ရှေ့ကိုဒုန်းစိုင်းပြေးသွားလေ့ရှိတဲ့ လူမျိုးပေါ့။ ဒီလိုပြေးနိုင်ဖို့ဆိုတာ တစ် အတွေ့အကြုံရှိဖို့လိုတယ်၊ နှစ် စာဖတ်ဖို့လိုတယ်၊ သုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့လိုတယ်၊ လေး ကျန်းမာရေးကောင်းနေဖို့လိုတယ်၊ ငါ့သခင့် အမှုတော်ကို ဦးဆွေးဆံမြည့်ထမ်းမယ်ဆိုတဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်ရှိဖို့လိုတယ်၊ ခြောက် အသိဉာဏ်ထက်မြက်ဖို့လိုတယ်၊ ခုနစ် လူတကာနဲ့သင့်မြတ်အောင်ပေါင်းတတ်ဖို့လည်း လိုပါတယ်။ ဒီလိုလူမျိုးတွေဟာ အမြဲလို အောင်မြင်သွားလေ့ရှိကြတဲ့အတွက် သူတို့ကို ‘ထိ ပြေး အောင်’ လူမျိုးလို့ အတိုကောက် ခေါ်မယ်ဆိုရင်လည်း ခေါ်လို့ရနိုင်ပါတယ်။ ဘလိုက်ဟာ ‘ထိပြေးအောင်’ လူစားမျိုးဖြစ်ပေမယ့် သူ့မှာ နံပါတ်ခုနစ်အချက်နဲ့မပြည့်စုံလို့ ဘောင်တီသင်္ဘော ပုန်ကန်မှုဖြစ်ခဲ့ရတာဖြစ်ပါတယ်။

ဒါ့ကြောင့် သူအင်္ဂလန်ပြန်ရောက်ပြီး သူ့ကို အဖွဲ့ဝင်ငါးဦးပါတဲ့ စစ်ခုံရုံးနဲ့စစ်ဆေးတဲ့ အခါ ခုံရုံးအဖွဲ့ဝင်တွေက ‘သင်္ဘောမရှိပါဘူး ဆိုနေမှ ဒီကောင်လုပ်တာ အသုံးမကျတာနဲ့ သင်္ဘောတစ်စင်းဆုံးရှုံးရပြန်ပြီ အတော်အသုံး မကျတဲ့ကောင်ပဲ’ဆိုပြီး စိတ်ထဲကနေ သူ့ကို ကျိန်ဆဲနေကြပါတယ်။ ဒါပေမဲ့ အပြစ်တော့ မပေးရဲပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူ့ကိုသာ အပြစ်ပေးလိုက်ရင် လူတွေကြောက်သွားပြီး အင်္ဂလန်မှာ’ပါးစပ်မလှုပ်ဘဲ ခြေပဲလှုပ်တဲ့’ Hit the ground running ဆိုတဲ့ ‘ထိ ပြေး အောင်’တွေ ထပ်ပေါ်မလာတော့မှာကို စိုးရိမ် ကြလို့ပါပဲ။ အဲဒီအခါက အင်္ဂလန်မှာ ပါးစပ်လည်းလှုပ် ခြေလည်းလှုပ်တဲ့လူတွေလည်း ရှိခဲ့ပါတယ်။ အဲဒီလူတွေက နင်းကန် တွေးတောတတ်တဲ့လူတွေဖြစ်တယ်။ နှစ်ခါထက်ပိုပြီး တတိယတစ်ခါ  စတုတ္ထတစ်ခါ ဆက်တွေးမိလိုက်ရင် စိုးရိမ်စိတ်တွေဝင်လာပြီး ရှေ့ကို ဆက် မပြေးရဲကြတော့ပါဘူး။ ကိုယ်ကိုယ်တိုင်က အတွေ့အကြုံလည်းမရှိ လေ့လည်းမလေ့ လာချင်သူတွေဖြစ်နေတော့ ပိုဆိုးတာပေါ့။ ခြေလက်မလှုပ်ရင် လူမြင်မကောင်းလို့ ခြေတွေလက်တွေကိုတော့ လှုပ်ပြပါတယ်။ ဒါပေမဲ့ ဘယ်ခြေမြှောက်လိုက် ညာခြေမြှောက်လိုက်နဲ့ သိုင်းအက ကသလိုပဲ လှုပ်နေကြလို့ လက်ရှိ ရောက်နေတဲ့နေရာရဲ့ရှေ့ကို ဘယ်လိုမှ မရွေ့ နိုင်တော့ပါဘူး။ ဒီလိုလူတွေပေါ်လာမှာစိုးလို့ ခုံးရုံးအဖွဲ့ဝင်လူကြီးတွေက ဘလိုက်ကို သွားဖြီးပြပြီး ‘‘ချီးကျူးပါတယ်ကွာ မင့်မှာ ဘာအပြစ်မှမရှိပါဘူး၊ ကဲ မောင်မင်းကြီးသား ကြွပေတော့’’ဆိုပြီး လွှတ်ပေးလိုက်ကြတာဖြစ်ပါ တယ်။ ခုံရုံးပိတ်သိမ်းသွားပြီး အပြင်ရောက်တဲ့အခါကျမှ ‘‘မှတ်ထားကွ မာလိန်မှူးကောင်း တစ်ယောက်ဖြစ်ဖို့ဆိုတာ လုပ်ငန်းကျွမ်းကျင်ရုံနဲ့မရဘူးကွ၊ လက်အောက်ကို ကိုယ်နဲ့အတူ ပါလာအောင် ကြင်နာတဲ့နှလုံးသားနဲ့ စည်းရုံးတတ်ဖို့လည်းလိုတယ်’’လို့ ထပ်ပြောလိုက်ကြတာ ဖြစ်တယ်။ ဒါ့ကြောင့် ဒီ Mutiny on the Bounty (1962) ဆိုတဲ့ဇာတ်ကားကိုကြည့်အပြီးမှာ ငါဟာ ‘ထိ ပြေး အောင်’လား သိုင်း အကဆရာလားလို့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးနေမိပါတော့တယ်။

Most Read

Most Recent