ဒေါ်စတိုယက်စကီရဲ့ ယင်ကောင်

ဒေါ်စတိုယက်စကီရဲ့ ယင်ကောင်
Published 20 July 2018

ဝါဒတွေ အကြောင်းကတော့ ပျင်းစရာကောင်းတဲ့ ဝါကျတွေနဲ့ တည်ဆောက်ထားတာမို့ ဘယ်တုန်းကမှ တစ်မျက်နှာကျော်အောင် ဖတ်ချင်စိတ် မရှိခဲ့လို့ ရေရေရာရာ မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်ဟာ တစ်ခါတစ်ရံ ကိုယ့်ဘာသာကိုယ် ငါတော့ ငကြောင်ပဲလို့ အတွေးဝင်မိတယ်။ အနည်းငယ်စီ လက်ခံထားတဲ့ ဝါဒတွေ အများကြီးနဲ့ပေါ့။ ဘာသာတရား ယုံကြည်ကိုးကွယ်မှုကလည်း ရှိနေ၊ ဖြစ်တည်မှု ပဓာနဝါဒီလည်း ဖြစ်ချင် ဖြစ်နေတတ်၊ လူတန်းစား အသိစိတ်ကလာတဲ့ လက်ဝဲဆန်မှုကလည်း ရှိနေတော့ ကွန်မြူနစ်ကလည်း ဖြစ်ချင်ပြန်။ ဒါ့အပြင် လစ်ဘရယ်ဝါဒမှာလည်း ကျွန်တော် ကြိုက်တာတွေက အများကြီး။ နေ့တစ်နေ့ရဲ့ ခြောက်ပုံပုံ တစ်ပုံလောက်က စာအုပ်နဲ့ လွင့်မျော စိတ်ကူးနဲ့ လူတစ်ယောက်ဆိုတော့ လွတ်လပ်မှုကို အခြေခံတဲ့ အရာတွေကို ကျွန်တော် မြတ်နိုးတာပဲ။ အတွေးအခေါ် ပဋိပက္ခတွေ တစ်ထွေးကြီး ရှိနေတာကို သိလျက်နဲ့ပေါ့။ ဒါကြောင့်ပဲ ဆရာကြီး ဒဂုန်တာရာရဲ့ ပျားအုံခံစားမှု၊ ဗဟုဝါဒ စတဲ့ စကားလုံးတွေကို သိပ်နှစ်သက်ခဲ့တာကိုး။

ဒါပေမဲ့လည်း နေ့တစ်နေ့မှာ ဖြစ်ပျက်နေတဲ့ စိတ်အခြေအနေဟာ ကျယ်ပြန့် နက်ရှိုင်းလွန်းတော့ ဘယ်လောက်ပဲ ကွဲပြားမှုကို လက်ခံနိုင်တယ်ဆိုဦးတော့ ကိုယ်ကိုယ်တိုင်မှာကို ကိုယ့်ကိုယ်ကိုယ် လက်မခံနိုင်တဲ့ အပြုအမူတွေကလည်း သိပ်များတယ်။ တစ်ယောက်တည်း နေရတာကို နှစ်သက်တယ်လို့ ကိုယ့်ကိုယ်ကိုယ် သေချာခဲ့ပြီးမှ မီးရောင်စုံတွေရဲ့ အဝေး မှောင်ရိပ်တစ်ခုမှာ အထီးကျန်လှချည်ရဲ့လို့ တိမ်မီးခိုးဖွဲဖွဲကို နာနာကျင်ကျင် ငေးနေခဲ့ရတာတွေလည်း ရှိတာပေါ့။ ဒါပေမဲ့လည်း အဲဒါဟာ ဒီလူ့အဖွဲ့အစည်းထဲမှာ အသားကျနေရတာထက်စာရင် အများကြီး နေပျော်ပါတယ်။ တစ်ယောက်တည်းရှိ နေချိန်တွေမှာ မှန်ရှေ့ရပ်ပြီး ကိုယ့် ကိုယ်ကိုယ်တောင် ရွံစရာကောင်ပါလားလို့ တွေးမိပြီး အဲဒီလို တွေးမိတာကိုပဲ တစ်ခါတလေ ဝမ်းနည်းနေမိပါသေးရဲ့။ မြစ်ကြမ်းပြင်က ရေစီးကို လက်ခုပ်ထဲက ရေနဲ့တော့ မပိုင်းဖြတ်နိုင်ဘူးပေါ့။

မနက်ခင်း အိပ်ရာက နိုးထလာခဲ့ချိန်ကစ စနစ်ရဲ့ အကွက်တွေဟာ ရှပ်အင်္ကျီ တစ်ထည်လို ကိုယ်ပေါ်ကို ရောက်လာပြီ။ အစာကောက်နေတဲ့ ငှက်ကလေးတွေကို ငေးနေချိန် ဆိုင်ကယ်တစ်စီးဟာ ကြောက်စရာ အိတ်ဇောသံနဲ့ လေထုကို စတင် ကုပ်ခြစ်သွားပြီ။ အဲဒီနောက် တစ်ဖက်အိမ်က လူတစ်ယောက်ရဲ့ စူးစူးဝါးဝါး အော်ဟစ်သံနဲ့ ကုပ်အခြစ်ခံ လေထုကို ဆွဲခါလိုက်တဲ့နောက် ကျွန်တော့်မှာ လူအဖြစ်ရှိနေသေးမှုနဲ့ ရင်းပြီးရထားတဲ့ မနက်ခင်း အသစ်စက်စက်ဟာ အက်ကွဲကြောင်းတွေ ထသွားပါပြီ။ ကြည်လင်မှုဟာ တော်တော်နဲ့ ပြန်မလာတော့။ အဲဒီနောက်မှာတော့ ဒီနေ့ခေတ် အပြစ်သားတွေရဲ့ အရိုင်းဆန်မှုဟာ အကောင်းမြင်စိတ်ဆန်ခါနဲ့ တိုက်ချလို့တောင် မရနိုင်အောင် တဖွေးဖွေးဖြစ်ပြီပေါ့။

တစ်နေ့မှာတော့ ခင်ရတဲ့ မိတ်ဆွေတစ်ယောက်ကို ညည်းညူသံနဲ့ပဲ ဖွင့်ဟမိတယ်။ “လူတွေက ကြောက်စရာကောင်းလောက်အောင် စည်းကမ်းမဲ့မှု၊ အံ့သြစရာကောင်းလောက်အောင် မသိတတ်မှုတွေနဲ့ဗျာ၊ တစ်နေ့တစ်နေ့ သည်းခံရလွန်းလို့ တစ်ချိန်ချိန်များ မတော်မတည့် ပေါက်ကွဲမိမှာတောင် ကြောက်နေမိတယ်” လို့ပေါ့။ မိတ်ဆွေဟာ ကျွန်တော့်ရဲ့ စကားလုံးသုံးစွဲပုံကို အံ့သြနေပုံရတယ်။ ကျွန်တော်က သေချာရွေးချယ်ပြီး ပြောလိုက်တာပါ။ “ဘာတွေများ ကြုံတွေ့နေရလို့လဲ ဆိုပါဦး” တဲ့၊ ခပ်ပြုံးပြုံးနဲ့ မေးလေရဲ့။ ကျွန်တော့် ပြဿနာက ကျွန်တော့်အတွက် တော်တော်ကြီးမားနေတဲ့ ပြဿနာပါ။ ဒါပေမဲ့ အလုံးစုံကိုတော့ ကျွန်တော်လည်း ပြောမပြနိုင်ဘူး။ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုဆိုတာက ရာဇဝတ်မှု မြောက်လောက်တဲ့ အဖြစ်အပျက်ကြီးတွေမှာမှ ရတာမဟုတ်၊ နေ့စဉ်ဘဝမှာ သစ်ရွက်ခြောက်တွေကို မီးရှို့ရင်း၊ မှန်ချပ်ကြီးကို သယ်ထားရလို့ သူ့မျက်နှာသူ မြင်နေရတဲ့ လူတစ်ယောက် ကသိကအောက်ဖြစ်နေရပုံကို ငေးနေရင်းလည်း နာကျင်ရတာမျိုး ဖြစ်တတ်ပါတယ်။ ဆိုတော့ ကျွန်တော် ကြုံတွေ့နေရတဲ့ ကြီးမားတဲ့ ပြဿနာတွေကို ကျွန်တော် ရှင်းပြတဲ့အခါမှာ ကျွန်တော့် မိတ်ဆွေဟာ လှောင်ပြုံးနေဦးမှာပဲ ဆိုတာ သိပေမယ့် ကျွန်တော်လည်း တစ်ယောက်ယောက်ကို ထုတ်ပြောလိုက်ရလည်း အငုံ့စိတ် နည်းနည်းတော့ ရှင်းသေးတန်ကောင်းရဲ့လို့ တွေးပြီး ပေါ့ပျက်ပျက်လို့ ထင်ရတဲ့ ကိစ္စအနည်းငယ်ကို အခုလို ပြောပြမိတယ်။

“ကျွန်တော့်မှာ ရုံးဖွင့်ရက်တိုင်း ဇနီးဖြစ်သူကို ရုံးအကြိုအပို့ လုပ်ရတယ်၊ ဆိုင်ကယ်နဲ့ပေါ့၊ အဲဒီလို ကြိုရတိုင်း ပို့ရတိုင်းမှာ အကြိမ်တိုင်းလိုလို ဖြစ်ရတဲ့ပြဿနာက တော်တော် ဆိုးတယ်ဗျာ။ လူတွေက လမ်းပြောင်းပြန် ဝင်ကြတယ်ဗျာ၊ လမ်းပြောင်းပြန်မို့ အရှိန်ကလည်း တစ်စက်ကလေးမှ မလျှော့၊ နောက်ဆုံး မဖြစ်မနေမို့ ဝင်လာရတယ် ဆိုရင်တောင် လမ်းမှန်သမားကိုတော့ အသိအမှတ်ပြုရမယ် မဟုတ်လား၊ တစ်ခါတစ်လေများဆို လူမိုက်ကြည့် ကြည့်ခံရတယ်ဗျ။ ဒေါသထွက်တာပေါ့။ အဲဒီထက် ဆိုးတာက ဈေးလမ်းမှာဆိုတာ ခင်ဗျားသိတဲ့အတိုင်းပဲ။ အဲဒီဈေးဘေးမှာ ကားတွေဟာ ရပ်ခွင့်မရှိပေမယ့် အမြဲတမ်း ပြည့်နေတာ။ အဲဒီ ပြည့်နေတဲ့ ကားတွေကို ထားလိုက်ပါဦး၊ တချို့ ကားသမားတွေကဗျာ နောက်မှာ တသီတသန်းကြီး ကားတွေ၊ ဆိုင်ကယ်တွေ ပြည့်နေတုန်း သူ့ကို ကျော်တက်လို့လည်း မဖြစ်နိုင်အောင် လမ်းကျဉ်းနေမှန်း သိလျက်နဲ့ ရပ်ပြီး ဈေးဆင်းဝယ်ကြတာဗျာ။ နောက်က ဟွန်းတွေ တရစပ်တီးနေကြလည်း သူတို့ကတော့ မသိသလိုဘဲ။ တစ်ခါတုန်းကများဆိုရင် ကုန်ကားသမား တစ်ယောက်ဟာ ဈေးကို ပစ္စည်းချဖို့ ကားရပ်တာမှာ လမ်းဘေးကို ချပေမယ့် ကား ခပ်သေးသေး တစ်စီး ဝင်လို့ရအောင်တောင် လမ်းက မကျန်တော့ဘူး။ ဒီတော့ နောက်က ဟွန်းတီးကြတာပေါ့။ အဲဒီမှာ အဲဒီကားသမားက ကားတံခါးဖွင့် လမ်းပေါ်ဆင်းလာပြီး “မအေ-ိုးတွေ၊ တော်တော် အရေးကြီးနေကြတယ် ဟုတ်လား၊ ငါ -ိုးမသား တွေ တောက်လျှောက် အော်ဆဲတော့တာ ဗျာ။ ကျွန်တော့်မှာ ဒေါသထွက်လိုက်တာ။ မခံချင်စိတ် ဘဝင်စိတ်နဲ့ နားထင်က သွေးကြောတွေတောင် ဒိန်းဒိန်းနဲ့ အသံမြည်နေအောင် ဒေါသထွက်တာ။ ဒါပေမဲ့ ကျွန်တော် က လူကြောက်ဗျ၊ ကိုယ့်ဘာသာကိုယ် သိတယ်။ ကျွန်တော်က ရန်ဖြစ်ရဲတဲ့လူ မဟုတ်ဘူး။ ဒီအရွယ်ထိ ဘယ်သူ့ကိုမှလည်း မထိုးမကြိတ်ဖူးဘူး၊ နာအောင် ကျင်အောင် မလုပ်ခဲ့ဖူးဘူး။ ရန်ဖြစ်ရမှာကို အလွန်ကြောက်တတ်တဲ့ လူစားဆိုတော့ ကျွန်တော့်ဘာသာ အသက်ထွက်လောက်အောင်ပဲ ဒေါသထွက်ထွက် ကျွန်တော်ဟာ သည်းခံရတာပါပဲ။ ကတ္တရာလမ်းကို ရေဖျန်းကြတဲ့လူတွေ ရှိသေးတယ်။ လူဆိုတာ အေးအေးချမ်းချမ်း နေချင်တာ ကျွန်တော် အများကြီး နားလည်ပါတယ်။ ဒါပေမဲ့ တချို့လူတွေဟာ ကိုယ်အိမ်ရှေ့၊ ဆိုင်ရှေ့ ရေလောင်းတာမှာ ဖြတ်သန်းသွားလာနေတဲ့ ကား၊ ဆိုင်ကယ်တွေကိုတော့ သတိထားရမှာ၊ ခေါင်းက လောင်းမချရုံတမယ် စိုကုန်တာ ခဏခဏ၊ အိမ်တစ်အိမ်က လူတစ်ယောက်ဆိုရင် ကျွန်တော်ဟာ ကျွန်တော့် ခြေထောက်ကို ရေစင်လို့ သူ့ကိုလှမ်းကြည့်မိတာ ခါးထောက်လျက်နဲ့ မင်းက ဘာဖြစ်ချင်သလဲဆိုတဲ့ အကြည့်မျိုးနဲ့ စိုက်ကြည့်တာ ခံရတယ်။ အဲဒါ တစ်ကြိမ်တည်း မဟုတ်ဘူးနော်။ ဘယ်လောက်ဆိုးသလဲ။ သူတို့ အိမ်ရှေ့၊ ဆိုင်ရှေ့တွေဆိုတာ ရေလောင်းလွန်းလို့ တခြားနေရာနဲ့မတူ ကတ္တရာလမ်းတွေဟာ အပေါက်တွေ ဗရပွနဲ့ ကျွန်တော့်မျက်နှာက ဆင်ဝက်ခြံကြီးတွေလိုပါပဲ။ သည်းခံရတာပဲ။ ခင်ဗျားတော့ နားလည်မလား မသိဘူး။ လူက သည်းခံရတာ အရမ်းများတော့ စိတ်ပျက်လာတယ်ဗျ။ ကိုယ့် ကိုယ်ကိုယ်လည်း စိတ်ပျက်လာတယ်။ တခြားသော လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ အကုန်ကိုလည်း စိတ်ကုန်လာတယ်။ အသိစိတ်လွတ်တဲ့ အခါမျိုးမှာ အဲဒီ တစ်ချိန်လုံး ထုံးထားရတဲ့ စိတ်ရဲ့ ကြိုးမျှင်တွေဟာ အကုန်လုံးကို ရစ်ပတ်တတ်တော့တာပဲလေ။ ဒါ ဆိုင်ကယ်စီးရင်းရတဲ့ ပြဿနာပဲ ပြောသေးတာ။ နေ့စဉ်ဘဝထဲက အသေးစား လွတ်လပ်ခွင့် ချိုးဖောက်ခံရတာတွေ၊ အစိုးရတွေ၊ အာဏာပိုင်တွေ၊ လက်နက်နဲ့ ဗိုလ်ကျနေတဲ့ ကောင်တွေရဲ့ တလွဲလုပ် တလွဲပြောအကြောင်းတွေ မပါသေးဘူး။ ခင်ဗျား နားလည်မှာပါ။ ခင်ဗျားလည်း ဆိုင်ကယ်တစ်စီးနဲ့ သွားလာနေရတာပဲ။ ဒါတောင် အကုန်မဟုတ်သေးဘူး ဆိုတာ ခင်ဗျားလည်း သိမှာပါ”

ကျွန်တော် ပြောတာ တော်တော် ရှည်လျားတယ်။ ကျွန်တော့် မိတ်ဆွေဆိုတဲ့သူဟာ တော်တော် ပျင်းသွားပုံရတယ်။ ပြီးတော့ ပြုံးပြီးကြည့်တယ်၊ ကြည့်ပုံကလည်း ကြီးကြီးကျယ်ကျယ် လုပ်လို့ကွာ ဆိုတဲ့ပုံမျိုး။ ပြောပြီးရင်တော့ ကျွန်တော်တော့ နောင်တရမိမှာပဲလို့ မပြောခင်ကတည်းက သိနေတဲ့အတိုင်းပဲ နောင်တရမိတာပေါ့။ ကျွန်တော်ဟာ လူတွေနဲ့ အတိုင်အဖောက် လွဲနေတဲ့လူ၊ ပုံကြီးချဲ့လွန်းတဲ့လူပဲ ဆိုတာ ပိုပိုပြီး ထင်ရှားလာတယ်။ အလွန်အင်မတန်ကို မုန်းရတဲ့ လူတစ်ယောက်ကို နှစ်တွေ ကြာလာတော့ အို ငါ မုန်းနေတော့ ငါပဲ ပူလောင်ရတာပေါ့။ လူ့ဘဝဟာ ခဏလေး။ ဘာလို့ မုန်းနေမလဲရယ်လို့။ တွေ့တုန်းခဏ ပြေပြေလည်လည် နေလိုက်ချင်စိတ်ကလေး ဖြစ်လာလို့ ဖက်လှဲတကင်း လုပ်မိတဲ့အခါ နောင်နှစ်များစွာပါ ထပ်မုန်းသွားအောင် ထပ်လုပ်ခဲ့တဲ့လူတွေ အဖြစ်အပျက်တွေ ကျွန်တော့်မှာ ရှိဖူးတယ်။ ဆိုတဲ့အခါမျိုးမှာ ခံပေါ့၊ မင်းကိုက အ တာ။ စသဖြင့် ကိုယ့် ကိုယ်ကိုယ်ပဲ အပြစ်ဖို့ရတယ်။ အရာရာတိုင်းဟာ ကျွန်တော့်ဆီကပဲ စခဲ့သလိုမျိုး အရာရာတိုင်းကို ကျွန်တော် တာဝန်ခံနေရတယ်။

ကျွန်တော့် မိတ်ဆွေ သူငယ်ချင်းတွေထဲမှာ ထူးထူးခြားခြား လူတစ်ယောက် ရှိတယ်။ ထူးထူးခြားခြား ဆိုတာကတော့ ကျွန်တော့်အတွက်ပါ။ သူက လူတိုင်းနီးနီးနဲ့ သဟဇာတဖြစ် ပြေလည်နေတဲ့လူ။ ကျွန်တော်က အဲဒါကို ထူးခြားတယ်လို့ ထင်တာ။ ကျွန်တော့်အတွက်တော့ အဆန်းတကြယ်ကြီး။ ကျွန်တော်က လူတကာကို အပြစ်ဖို့နေတဲ့ လူစားမျိုးပဲ ထားပါတော့။ တစ်နေ့တစ်နေ့ လူတွေရဲ့ မူမမှန်တဲ့ လုပ်ယူထားတဲ့ အီမိုဂျီတွေ၊ စိတ်ကြီးဝင်မှုတွေ၊ လုံ့လဝီရိယ ပြုထားတဲ့ အကျိုးရယူလိုမှု ဆက်ဆံရေးတွေ စတာတွေကို ကြည့်ပြီး သုံးစားမရတဲ့ လူမဆန်တဲ့ ရွံစရာဘဝတွေလို့ အမြဲ အဆိုးမြင်နေတတ်သူ။ သူကတော့နေရာအသစ်၊ ပတ်ဝန်းကျင်သစ်၊ လူစိမ်းရယ်လို့ ဘယ်တော့မှ မရှိတဲ့လူပဲ။ သူနဲ့ လူစိမ်းတစ်ယောက် တွေ့ကြပြီး ငါးမိနစ်လောက်အတွင်း အဲဒီလူစိမ်းဟာ ပေါင်မှာ ပွေးကွက်တွေ ထနေလို့ ဘာဆေးကောင်းသလဲ မေးနေနိုင်တာမျိုးပေါ့။ တစ်ခါတစ်ရံမှာ ကျွန်တော်ဟာ စဉ်းစားတယ်။ တကယ်တော့ သူ့ရဲ့ လူမှုဆက်ဆံရေးက ကောင်းတာ၊ ကျွန်တော်ကတော့ ညံ့ဖျင်းတာပေါ့။ အဲဒီလို အတွေးဝင်မိပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ ကျွန်တော်ဟာ လူတကာနဲ့ ချစ်ကြည်ရင်းနှီးနေတာ ဘာလုပ်ရမှာလဲ။ ငါက ငပေါမှ မဟုတ်ပဲ စသဖြင့် တန်ပြန်အတွေး ဝင်မိပြန်ရော။ ဒါပေမဲ့ သူ့ကို အားကျမိတဲ့အချိန်တွေ တကယ်ရှိတာကိုတော့ ကျွန်တော် မငြင်းလိုပါဘူး။

ဆိုင်ကယ် ကယ်ရီဂိတ်တစ်ခုမှာ သေးငယ်ပေမယ့် သစ်ရွက်တစ်ရွက် ရေကန်ထဲ ကျတဲ့အခါ ဂယက်ထရသလိုပဲ။ ဖြစ်ရပ်ကလေး တစ်ခုကလည်း စိတ်ဝင်စားစရာလို့ထင်လို့ ကျွန်တော် ပြောပြဦးမယ်။ တစ်နေ့မှာ ကျွန်တော်ဟာ ဒေသတစ်ခုကို ရောက်တယ်။ ရောက်တော့ အရင်ဆုံး သတိရမိတာက လူတကာနဲ့ အဆင်ပြေတဲ့ ကျွန်တော့်မိတ်ဆွေကိုပဲ။ သူသာဆိုရင် အိုကေမယ်ပေါ့။ နောက်ပြီး အဲဒီ ပတ်ဝန်းကျင်မှာ ကျွန်တော်ဟာ နှစ်အနည်းငယ်တော့ နေရဦးမယ်ဆိုတဲ့ အသိစိတ်ကလေးနဲ့ စိတ်ကောင်းကလေးလည်း ဝင်မိတော့ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ မူလစိတ်ကို အတိုက်အခံလုပ်ပြီး ဆိုင်ကယ် ကယ်ရီဂိတ်က ကယ်ရီသမားတွေကို စကားရော ဖောရောလုပ်ဖို့ ကြိုးစားတော့တာပါပဲ။ အဲဒီအချိန်မှာပဲ ကျွန်တော့်ရှေ့ အဖြစ်အပျက်တစ်ခု ဖြစ်တယ်။ လူတစ်ယောက်ဟာ ဆိုင်ကယ် ကယ်ရီဂိတ်ကို ရောက်လာတယ်။ ဆိုင်ကယ်ပေါ်က မဆင်းဘဲ ကယ်ရီသမား တစ်ယောက်ကို လက်အမူအရာနဲ့ လှမ်းခေါ်တယ်။ အနားရောက်မှ “ဖုန်းဖွင့်၊ ငါ့နံပါတ်ပြောမယ်၊ ငါ့ဆီ ဆက်စမ်းပါ၊ မင်းဖုန်းနံပါတ် ယူထားမလို့၊ ညနေ ငါ လှမ်းခေါ်လိုက်မယ်” တဲ့။ ကယ်ရီသမားဟာ တင်စီးလွန်းတဲ့လူကို နည်းနည်းတော့ စိတ်ဆိုးသွားတာကို ကျွန်တော် သိလိုက်တယ်။ ဒါပေမဲ့လည်း အဲဒီကယ်ရီသမားဟာ ဘာမှမပြောဘူး။ ဆိုင်ကယ်ပေါ်ကလူ ပြောတဲ့အတိုင်း တစ်သဝေမတိမ်း လုပ်ပြီး သူ့ထိုင်ခုံဆီ ပြန်လာတယ်။ ဆိုင်ကယ်ပေါ်က လူလည်း ထွက်သွားတဲ့နောက် ကယ်ရီသမားက စုတ်တစ်ချက်သပ်ပြီး “တကယ့်လူကွာ” လို့ ငြူစူလိုက်တယ်။ ဂိတ်မှာရှိတဲ့ ကယ်ရီသမားတွေ အားလုံးရဲ့ မျက်နှာ ကိုယ်ဟန်အမူအယာ အကုန်လုံးဟာ “တကယ့်လူကွာ” လို့ ငြူစူလိုက်သံကို ထောက်ခံနေကြတာကိုလည်း ကျွန်တော် မြင်နေရတယ်။ အကွက်ဆိုက်တုန်း ကျွန်တော်လည်း ဝင်အောင်းပါတော့တယ်။

“တော်တော်ဆိုးတဲ့ လူပါဗျာ၊ အဲဒီလို လူတကာကို အထက်စီးနဲ့ ဆက်ဆံချင်တဲ့ လူတွေဆို ကြည့်ကိုမရဘူး” ရယ်လို့ လေသံခပ်မာမာနဲ့ ဆိုလိုက်ပြီး ကျွန်တော်ဟာ ဂိတ်က ကယ်ရီသ မားအားလုံးကိုလည်း စာနာမိပါတယ်ဆိုတဲ့ အကြည့်မျိုးနဲ့ တစ်ချက် ဝေ့ကြည့်လိုက်ပါတယ်။ ကျွန်တော့်စကားသံ ဆုံးဆုံးချင်းမှာပဲ “တကယ့်လူကွာ”လို့ ငြူစူတဲ့ ကာယကံရှင် ကယ်ရီသမားက ရှင်းချက် ထုတ်ပါတော့တယ်။ ပုံမှန်ဆိုရင် အဲဒီလူဟာ အဲဒီလို မဟုတ်ရပါကြောင်း၊ မနေ့က သူ့ညီ တစ်ဝမ်းကွဲ တစ်ယောက် ဆုံးသွားတော့ အလုပ်ရှုပ်နေလို့သာ ဒီလိုဖြစ်သွားရပါကြောင်း၊ စိတ်ရင်းအင်မတန် ကောင်းသူဖြစ်ပါကြောင်း ကျွန်တော့် ဝါကျတွေလိုပါပဲ အရှည်ကြီး ရှင်းပြနေပါတော့တယ်။

ကျွန်တော် ဘယ်လောက် အောင့်သက်သက် ဖြစ်သွားမယ်၊ ကျွန်တော့်မျက်နှာ ဘယ်လိုဖြစ်နေမယ် တွေးလို့သာ ကြည့်ကြပါတော့ဗျာ။ နေရာတင် ဖယောင်းတိုင်က မီးလို ဟုတ်ခနဲ ငြိမ်းသွားလိုက်ချင်စိတ် ပေါက်မိတယ်။ ပြီးတော့ ကျွန်တော့်ကိုယ် ကျွန်တော် အပြစ်တင်ရတော့တာပါပဲ။ အကျိုးတစ်ခုခုကို မျှော်ကိုးတဲ့စိတ်နဲ့ ကိုယ့်ပုံစံနဲ့ကနေ ခွဲထွက်လိုက်မိတဲ့ ကိုယ့် ကိုယ်ကိုယ်လည်း ရှက်စိတ် ဝင်မိပါတယ်။ ဒေါ့စတိုယက်စကီရဲ့ ဇာတ်ကောင် တစ်ကောင်ဟာ သူ့ကိုယ်သူ ယင်ကောင် တစ်ကောင်လို ခံစားနေရဖူးသတဲ့။ ရမ္မက်ကြီးမှု၊ အပူအပင်ကြီးမှု၊ ရန်လိုမှုတွေနဲ့ လက်တွေကို ပွတ်ခြေနေတဲ့ ယင်ကောင် တစ်ကောင်။ မည်းလို့ နံဟောင်လို့ပါပဲ။ အဲဒီလို ယင်ကောင်တွေဟာ ကျွန်တော့်ကိုယ်ပေါ် ရပ်နားလိုက်၊ လှစ်ခနဲ ထပျံသွားလိုက်၊ ကျွန်တော် သိပါတယ်။ ကျွန်တော် ကိုယ်တိုင်ဟာလည်း အားလုံးက မောင်းလွှတ်တာကို ခံနေရတဲ့ ဒေါ်စတိုယက်စကီရဲ့ ယင်ကောင်တစ်ကောင်ပါပဲ။

Most Read

Most Recent