ကဗျာစာအုပ် - မြောက်ဘက်တောင်ကုန်းဒေသ ၂၀၁၈
ကဗျာ - ဒုက္ခကောင်းကောင်း ရောက်ကြပြီ မြေးတို့ရေ
ကဗျာဆရာ - သစ်ပင်
ထုတ်ဝေ - နှင်းလူစာပေ
ဒုတိယ ဝါဆိုလထဲကို ရောက်ပြီ။ ဝါဆိုလရဲ့ နေပူကျဲကျဲ နေ့လယ်ခင်းကြီးထဲ ကျွန်တော် စဉ်းစားနေမိတာ ရှိတယ်။ အဲဒါဟာ ပြောင်းပြန် အတ္ထုပ္ပတ္တိပါပဲ။ ပြောင်းပြန် အတ္ထုပ္ပတ္တိဆိုလိုက်လို့ သိပ်အထူးအဆန်းကြီးတော့ မဟုတ်ပါ။ တခြားနည်းနဲ့ ပြောင်းပြန် အနေအထားနဲ့ ကျွန်တော့် အတ္ထုပ္ပတ္တိကို စဉ်းစားဆင်ခြင်မိတာပါ။ ၂၀၀၀ ပြည့်နှစ်မှာ ကျွန်တော်က သေဆုံး ကွယ်လွန်သွားပြီး မဝင်းမေက ကလေး သုံးယောက်နဲ့ ကျန်ရစ်တဲ့အခါလို့ စဉ်းစားကြည့်တာ ဖြစ်ပါတယ်။ ကျွန်တော်သာ ၂၀၀၀ ပြည့်နှစ်မှာ ကွယ်လွန်သွားခဲ့ရင် မဝင်းမေက ငိုချင်မှ ငိုပေလိမ့်မယ်။ သူဟာ ကျွန်တော် သေဆုံး ကွယ်လွန်သွားပြီးတဲ့နောက် သားသမီး သုံးယောက်ကို သူ့ဇာတိ မူဆယ်- နမ့်ခမ်းကို ခေါ်ချင် ခေါ်သွားမှာ။ ကလေးတွေက ငယ်သေးတော့ ရှမ်းပြည်နယ်မှာ အနေကြာသွားရင် ရှမ်းစကားတွေပြောပြီး သူ့အမေလိုပဲ ဘဝကို ဖြတ်သန်းကြပေလိမ့်မယ်။ ကျွန်တော်က ၂၀၀၀ ပြည့်နှစ်မှာ ကွယ်လွန်တယ် ဆိုတော့ ကျွန်တော်ရေးတဲ့စာ သိပ်များများစားစား မရှိခဲ့ဘူး။ နှစ်တွေကြာခဲ့ရင် စာပေနယ်မှာ ကျွန်တော် ရှိခဲ့တယ်ဆိုတာ လူတွေ မေ့သွားကြမှာပဲ။ ကျွန်တော့်သမီးကလေးက ရှမ်းစကားတွေ ပြောနေပြီး သူ့သူငယ်ချင်းတချို့နဲ့ ကျွန်တော့် စာမူလေးတွေ ရှာဖွေပြီး ဖတ်ကောင်း ဖတ်နေလိမ့်မယ်။ သူ့အမေကို ကျွန်တော့်အကြောင်းတွေ မေးကောင်း မေးမြန်းလိမ့်မယ်။ မဝင်းမေက နောက်အိမ်ထောင်ပြုမှာ မဟုတ်ပါဘူးလို့ မန္တလေးက ကျွန်တော့် အမေနဲ့ အဖေက ယုံကြည်ထားကြမှာပဲ။ ဒီလို ယုံကြည်ရမှာပဲ ဖြစ်တယ်လေ။ မဝင်းမေဟာ ကလေး သုံးယောက်မိခင် မုဆိုးမ ဆိုပေမယ့် အိမ်ထောင်တစ်ခု မိသားစုတစ်ခုကို ဦးဆောင်မှုပေးနိုင်မယ့် သူပါ။ ကျွန်တော့်လို ယောက်ယက်ခတ်နေမှာ မဟုတ်ပါဘူး။ သူဟာ တည်တည်ငြိမ်ငြိမ်နဲ့ အရာရာကို ရင်ဆိုင်သွားမှာ။ သူ ရေမိုးချိုးပြီး သနပ်ခါးကျဲကျဲ လူးကောင်းလူးမယ်။ မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေနဲ့၊ အင်္ကျီလုံခြည် အဆင်ဆန်းတွေနဲ့ ဗန်းပြနေမယ့်သူ မဟုတ်ဘူးဆိုတာ ကျွန်တော့်ကို ယုံကြည်စေတယ်လေ။ အခုဆိုရင် ကျွန်တော် ကွယ်လွန်ခဲ့တာ ၁၈ နှစ် ရှိပြီဖြစ်လို့ ကလေး သုံးယောက်ဟာ အရွယ်ရောက် ကြီးပြင်းကြပြီပေါ့။ နေပူထဲကို ဖြတ်သွားရင် သူတို့ပါးဟာ ရဲလို့။ ရေမြေနဲ့ ဇာတိသွေးသားကို လိုက်လို့ သူတို့ဟာ စကားသံဝဲ၀ဲနဲ့ သူတို့ အဖေဟာ မြန်မာတစ်ယောက်ဖြစ်ပြီး စာရေးဆရာငယ် တစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာ သူတို့အဖို့ ထူးဆန်းနေပေလိမ့်မယ်။ သူတို့အဖေဟာ “ဒီ ကျင့်ဖာဆန်” ဘာဟင်းနဲ့ စားမလဲဆိုတဲ့ ရှမ်းစကား တစ်လုံးတစ်လေလောက်သာ သိသူဖြစ်တယ်လို့ သိကောင်းမှ သိမယ်။ သူတို့အဖေ ဟာ မန္တလေးမြို့ရဲ့ ဟိုးတစ်ဖက် ဧရာဝတီမြစ်ကနေ ကူးဖြတ်ရတဲ့ မင်းကွန်းက အညာသား ဂယ်ရီလာမှာ ပြင်သစ်က ဝယ်ယူသွားတဲ့ လက်တစ်ဝါးသာသာ ၁၅ ဒေါ်လာတန် ပန်းချီကားလေး တစ်ချပ် ရေးဆွဲခဲ့ဖူးသူ ဆိုတာလည်း သိကောင်းမှ သိမယ်။ ဒါပေမဲ့ သူတို့အမေရဲ့ သူတို့အဖေအပေါ် ထားရှိတဲ့ ချစ်မေတ္တာကိုတော့ သိကြမှာ မလွဲပါဘူး။ (အခု ကျွန်တော်က ဇနီးဖြစ်သူ မဝင်းမေ ကွယ်လွန်သွားပေမယ့် သူ့အပေါ်မှာ ထားရှိတဲ့ ချစ်မေတ္တာကို သူတို့ သိရှိနေကြသလိုလေ)
မန္တလေးက အဖေနဲ့ အမေဟာ နမ့်ခမ်းမြို့ကို တစ်နေ့လုံး တစ်ညလုံး ကားစီးပြီး ရောက်လာတဲ့အချိန်တွေဆို မဝင်းမေဟာ ပြုံးရွှင်လို့။ ပြီးတော့ ကျွန်တော့်ကို သတိရပြီး မျက်ရည်လည်ကောင်း လည်ပေလိမ့်မယ်။ ကျွန်တော့် အဖေက ခြေတစ်ဖက် ကောင်းကောင်း မသန်တော့ လမ်းလျှောက်ရင် သူ့ချွေးမ မဝင်းမေက တွဲလျှောက်ကောင်း လျှောက်လိမ့်မယ်။ မဝင်းမေဟာ အဖေနဲ့အမေကို သူကောင်းမယ် ထင်တာတွေ ချက်ကျွေးဖို့ အလုပ်ရှုပ်နေမှာပဲ။ အဖေက သူ့မြေးတွေနဲ့ မြန်မာလိုပြောတော့ သူ့မြေးတွေဟာ အစပိုင်းမှာ ထစ်ငေါ့ နေနိုင်ပေမယ့် နောက်တော့ အဆင်ပြေ ချောမောသွားမှာပဲ။ မန္တလေးမှာ မိသားစု စုံစုံညီညီ နေခဲ့ကြစဉ်က အကြောင်းတွေဟာ ပုံပြင်တစ်ပုဒ်လို ဖြစ်ကောင်း ဖြစ်နေမှာပေါ့။ ဒါဟာ အဖြစ်အပျက်အမှန် ဖြစ်ရပ်အမှန်တော့ မဟုတ်ပါဘူး။ သေခြင်းနဲ့ ရှင်ခြင်းဝတ်စုံကို ပြောင်းလဲ ဝတ်ဆင်ကြည့်တာပါ။ ပြောင်းပြန်ရေးသားမိတဲ့ အကြောင်းအရာတွေ၊ လက်ငင်း အခြေအနေတွေ ထင်ဟပ်နေတယ် ဆိုပေမယ့် ပြောင်းလဲဖော်ပြထားတဲ့ စိတ်ကူးသက်သက်ပါပဲ။ မိသားစုတစ်ခုမှာ လူတစ်ယောက် တိုးလာရင် မသိသာပေမယ့် လူတစ်ယောက် လျော့သွားရင် သိပ်သိသာတယ်လို့ ကျွန်တော် ပြောလိုပါတယ်။ အခု ကျွန်တော် ဖော်ပြခဲ့တာတွေဟာ တကယ်တော့ ကဗျာတစ်ပုဒ်ကို ဖတ်ရှုစေချင်လို့ နိဒါန်းချီနေခြင်း ဖြစ်ပါတယ်။ ဘယ်ကဗျာလဲ၊ ဘယ်သူ့ကဗျာလဲ ကျွန်တော် ဖော်ပြပါမယ်။ ဖတ်ရှုခံစား ကြည့်ကြပါဘိ။
■ ဒုက္ခကောင်းကောင်း ရောက်ကြပြီ မြေးတို့ရေ
မင်းတို့အဖေဟာ အိမ်ထောင်ပြန်ပြုမှာပဲ
တွေ့လား ညနေဆို ဆံပင်ဆီရွှဲနေတာ
အမြင်ကတ်တယ် မာဖလာတဘက်နဲ့
ကြည့်လို့မရဘူးတကယ်
အမေတွေနဲ့ကွာတာ အဲဒါပဲ
အဖေတွေဟာ အဲလိုပဲ
အိမ်ထောင်မပြုနဲ့ပြောတာ
နားမထောင်တဲ့သမီး
သြော်...ခုတော့ လူမမယ်ကလေးတွေ
ထားခဲ့တယ်
ဟဲ့ ခြေထောက်မည်းကလေးတွေလာခဲ့
ရော့ မျိုဆို့ ဒီလိုနောက်စားချင်မှ စားရမှာ
မင်းတို့တည်တဲ့ မုန်ညင်းချဉ်တော့
ဝေစားတယ် မင်းတို့စားချင်တော့
ဘေးအိမ်က ဝယ်စားရတာ အဲဒါဘဝပဲ
ငါ သေသွားရင် မင်းတို့ ဘယ်မှာ
သွားချေးငှားမလဲ
ငါ သေမှ အေးမှာပဲ ပူရတယ် ပူရတယ်
ကိုသိန်းမောင်လို သာသနာ့ဘောင်သာ
အပြီးဝင်ချင်တော့တယ်
ချောင်းနားကမ်းနား မသွားနဲ့
ပြောတာကြားလား။
ကြက်တူရွေးတက်မနှိုက်နဲ့
ပြောစကားနားထောင်
တစ်ခါတည်း သေသွားရင်
အပြောအဆို လွတ်တယ်။
ကျိုးပဲ့ကုန်ရင် ခက်မယ်
တယ်လေ ငါ မပြောလိုက်ချင်ဘူး
အမိမဲ့ဆိုတာ
ဘာကိုမှ ကျူးလွန်ခွင့်မရှိဘူးဟဲ့
ဘယ်တော့မှ မှားခွင့်မရှိဘူး ဘယ်တော့မှ
မှန်မှာလည်း မဟုတ်တော့ဘူး
လက်ခုပ်သံမရှိဘူး
မင်းတို့အားလုံး အိပ်ပျော်ခဲ့ကြတာဟာ
ဘယ်သူသိပ်လို့မှ မဟုတ်ဘူး။
(အဘွားဒေါ်တင်မေ သို့...)
သစ်ပင်
၇.၁၀.၂၀၁၇
ယခု ဒီကဗျာကို ကျွန်တော် မြောက်ဘက် တောင်ကုန်းဒေသ ၂၀၁၈ ကဗျာစာအုပ်ထဲမှာ ဖတ်ရှုခဲ့ရပြီး အထက်ပါအတိုင်း ပြန်လည် တင်ပြရခြင်း ဖြစ်ပါတယ်။ ကျွန်တော့်မှာ ကဗျာတစ်ပုဒ် ရှိတယ်။ ဒါကို ဖော်ပြလိုပါသေးတယ်။ ကျွန်တော်တို့ မိသားစုဘဝထဲက ထွက်ပေါ်လာတဲ့ ကဗျာတစ်ပုဒ် ဖြစ်ပါတယ်။ ဖတ်ရှုတော်မူကြပါဦး။
■ အိပ်ပျော်နေတဲ့ ကောင်ကလေး
ညထဲ
အခန်းဘေး
ဖျာကြမ်းပေါ်မှာ
ပိုးလို့ပက်လက် အိပ်ပျော်နေတယ်
ကောင်ကလေး
ခြင်တွေ တဝီဝီကိုက်လို့
သူ့မှာ အမေမရှိ
သူ့အဖေက လမ်းပေါ်မှာ။
နေမျိုး
၂၀၁၆.၃.၂၁
မွန်းလွဲ ၃း၃၈ နာရီ
ကျွန်တော့်မှာ သားသမီးသုံးယောက် ရှိပါတယ်။ သူတို့ထဲက ဒုတိယသားကို ကျွန်တော် အိမ်ပြန်လာချိန် မှောင်ရီပျိုးထဲမှာ မြင်တွေ့ခဲ့ရတဲ့ ပုံစံတစ်ခုကို ကဗျာအဖြစ် ရေးဖွဲ့ခဲ့တာပါပဲ။ သားငယ်ဟာ အခုတော့ အရွယ်ရောက်လာပြီး လူကောင်ကြီးက ကျွန်တော့် ထက်တောင် ထွားကျိုင်းနေသလိုပဲ။ နေ့စဉ် ဘဝထဲက အတ္ထုပ္ပတ္တိပါပဲ။ ပြောင်းပြန် အတ္ထုပ္ပတ္တိပါပဲ။ လက်တွေ့ဘဝထဲက ပုံရိပ်တစ်ခုပါပဲ။ မဝင်းမေရဲ့ ချစ်မေတ္တာတွေပါပဲ။