အာဇာနည်နေ့ ရောက်လေတိုင်း အာဇာနည် ခေါင်းဆောင်ကြီးတွေကို လွမ်းဆွတ် အောက်မေ့ဖွယ်ရာ ဂုဏ်ပြုရေးသား သီဆိုထားတဲ့ အဆိုတော် မေလှမြိုင်ရဲ့ သီချင်းသံကို ဝမ်းနည်းဖွယ် ကြားယောင်နေမိပါတယ်။
“အာဇာနည်ခေါင်းဆောင်ကြီးတွေ၊ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကောင်းရာသုဂတိသို့ ရောက်ရှိကြပါစေ___ အများပြည်သူတွေ ___ အများပြည်သူတွေ ___ အာဇာနည်နေ့ကိုလေ___ တွေးရှုကာပဲ ___ အလေးပြုပါတယ်လေ”
ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီး ခြောက်ဦး၊ အတွင်းဝန်တစ်ဦး၊ သက်တော်စောင့် ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့ပြီး နှစ်ပေါင်း ၇၀ ကြာခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇူလိုင် ၁၉ ရက်မှာ ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့ အတွင်းဝန်ရုံး အစည်းအဝေးခန်းမကို အများပြည်သူလူထု ကြည့်ရှုလေ့လာခွင့် ရခဲ့ပြီး လာရောက်ကြည့်ရှု ဂါရဝပြုသူ ၃၀၀၀၀ ကျော် ရှိခဲ့တယ်။ ဒီနှစ် ၂၀၁၈ ခုနှစ်မှာတော့ အဆောက်အအုံ ကြံ့ခိုင်မှု ပြင်ဆင်နေဆဲမို့ တက်ရောက်ကြည့်ရှုခွင့် မပြုတော့ဘဲ LED များနှင့်သာ ပြသမှာ ဖြစ်တယ်။
အစည်းအဝေးခန်းမကို ဘုရားခန်းအဖြစ် ထားရှိပြီး ဖော်မိုက်ကာပြားတွေ ကာရံထားတာကြောင့် မူလလက်ရာ အခန်းအနေအထားအတိုင်းတော့ မဟုတ်တော့ပါ။ လုပ်ကြံခံရစဉ်က အသုံးပြုခဲ့တဲ့ “ဂ” ပုံသဏ္ဌာန် စားပွဲ၊ ကုလားထိုင်၊ အခင်းအကျင်းတွေကို မြင်တွေ့ကြရမှာပါ။ အစည်းအဝေးခန်းမနဲ့ ကပ်လျက် ဗိုလ်ချုပ်အောင်ဆန်းရုံးခန်းမှာ တံခါးချပ်များသာ ရှိနေပြီး အခန်းဖွဲ့စည်းပုံမှာ မူလရှိစဉ်အတိုင်း မဟုတ်တော့ပါ။ ခေတ်အဆက်ဆက်က အဲဒီအခန်းကို ထိန်းသိမ်း စောင့်ရှောက်ပြီး အမှတ်တရထားခဲ့ခြင်း မရှိခဲ့လို့ ဖြစ်ပါတယ်။
၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် မနက်ပိုင်းဟာ ရန်ကုန်မြို့ တစ်မြို့လုံး မိုးတိမ်တွေ မည်းမှောင်နေပြီး မိုးသဲကြီးမဲကြီး ရွာနေခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေဟာ စနေနေ့ မနက် ၁၀ နာရီမှာကျင်းပမယ့် အစည်းအဝေးဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အင်မတန် အရေးကြီးတဲ့ အစည်းအဝေးဖြစ်နေလို့ နေအိမ်အသီးသီးကနေ အတွင်းဝန်များရုံး (နောင်-ဝန်ကြီးများရုံးဟောင်း) ဆီ ထွက်ခွာလာခဲ့ကြပါတယ်။ အမှန်တကယ် အစည်းအဝေးက ဗုဒ္ဓဟူးနေ့မှာ ကျင်းပမြဲ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ ဇနီးနဲ့ သားငယ်၊ သမီးငယ်တို့ကို ပွေ့ချီနှုတ်ဆက်ပြီး အိမ်က ထွက်လာခဲ့ပါတယ်။ အဲဒီနေ့မှာ ထူးထူးခြားခြား ရွှေဖလားရောင် ဘန်ကောက်လုံချည်၊ မန္တလေးပိုးထည် တိုက်ပုံအဖြူ၊ လည်ကတုံး အင်္ကျီလက်ရှည် အဖြူ၊ မန္တလေး သားရေဖိနပ်ကို စီးထားပါတယ်။ ဆံပင်ကလည်း သပ်သပ်ရပ်ရပ် ညှပ်ထားတယ်။ ဘဝတစ်လျှောက်လုံး ဖိုသီဖတ်သီ၊ ခေါင်းတုံး ဆံတောက်နဲ့ ဖဆပလ ရုံးသွားလည်း ပြည်သူ့ရဲဘော် ယူနီဖောင်း၊ ဖော့ဦးထုပ်သာ ဝတ်ဆင်လေ့ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ လုပ်ငန်းသဘောအရ မိတ်ဆွေများရဲ့ တိုက်တွန်းမှုကြောင့်သာ ဝတ်ဆင်ခဲ့တာပါ။
အတွင်းဝန်ရုံး အပေါ်ထပ်ကို တက်သွားပြီး ရုံးသူရုံးသားတွေကို ပြုံးပြီးနှုတ်ဆက်ကာ သူ့ရဲ့ စစ်ဝန်ကြီး ရုံးခန်းနံဘေးက အစည်းအဝေးခန်းထဲကို ဝင်လာခဲ့တယ်။ “ဂ” ပုံသဏ္ဌာန် ကျွန်းစားပွဲကြီးရဲ့ထိပ်မှာ နေရာယူပြီးနောက် ဗိုလ်ချုပ်ရဲ့ လက်ဝဲဘက်မှာ ဝန်ကြီးများအဖွဲ့အတွင်းဝန် ဦးရွှေဘော်၊ ဝန်ကြီး ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ် ဦးမြ၊ မိုင်းပွန်စော်ဘွား စပ်စံထွန်းတို့ ထိုင်ကြပါတယ်။ လက်ယာဘက်မှာ ဝန်ကြီး သခင်မြ၊ ဦးရာဇတ်၊ ဒီးဒုတ် ဦးဘချို၊ ဦးဘဝင်း၊ မန်းဘခိုင်တို့ အစဉ်အတိုင်း ဗိုလ်ချုပ်ကို စောင့်နေကြပါတယ်။ ဝန်ကြီး ဦးကျော်ငြိမ်း၊ ဦးတင်ထွဋ်တို့က အင်္ဂလန်သွားနေကြပြီး ဆမားဒူးဝါး ဆင်ဝါးနောင်၊ စောစံဖိုးသင်တို့က နယ်ကို သွားနေကြပါတယ်။ အစည်းအဝေးပွဲ မစခင်မှာ ဝန်ကြီး စောစံဖိုးသင်ရဲ့ အတွင်းဝန် ဦးကြင်က အလှည့်ကျတာဖြစ်ပြီး အတွင်းဝန် ဦးအုန်းမောင် က ဗိုလ်ချုပ်ကို တင်ပြစရာရှိတာကြောင့် လူစားလဲပြီး ဝင်ရောက်လာကာ ဝန်ကြီး ဦးရာဇတ်ဘေးခုံမှာ ဝင်ထိုင်ပြီး အစည်းအဝေးပွဲကို မနက် ၁၀ နာရီ ၁၀ မိနစ်မှာ စတင်ကျင်းပခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဝန်ကြီးများ အစည်းအဝေးပွဲ စနေနေ့မှာ ကျင်းပမှာကို သတင်းရရှိထားတဲ့ ဂဠုန်ဦးစောဟာ သူ့ရဲ့နေအိမ် မရမ်းကုန်းမြို့နယ် အေဒီလမ်း (ယခု မေခလမ်း) ခြံအမှတ် (၄) အင်းလျားကန်ဘေးကနေ တပည့်တွေဖြစ်တဲ့ ဘညွန့်၊ ခင်မောင်ရင်၊ မောင်နီ၊ မှုံကြီးတို့က ဖို့ဒ် ထရပ်ကားတစ်စီး၊ ယာဉ်မောင်း သုခ၊ မောင်စိုး၊ သက်နှင်း၊ စိန်ကြီး၊ ရန်ကြီးအောင်တို့ကို ဂျစ်ကားတစ်စီးနဲ့ လွှတ်လိုက်တာ ဖြစ်ပါတယ်။ စပတ်လမ်း (ယခု ဗိုလ်အောင်ကျော်လမ်း) ကို မောင်းလာကြတယ်။ ဘညွန့်တို့က ဖို့ဒ်ထရပ်ကားကို ဒါလဟိုဇီလမ်း (ယခု မဟာဗန္ဓုလလမ်း) နဲ့ ၄၁ လမ်းထိပ်မှာ ကားရပ်ပြီး စောင့်ပေးနေကြတယ်။
သုခ မောင်းလာတဲ့ ဂျစ်ကားဟာ နံပါတ်အတု တပ်ထားပြီး မောင်စိုး၊ သက်နှင်း၊ စိန်ကြီး၊ ရန်ကြီးအောင်တို့ဟာ အစိမ်းရောင် စစ်အင်္ကျီ၊ လက်မောင်းမှာ ၁၂ နံပါတ် ခြင်္သေ့တံဆိပ်တွေ တပ်ထားပြီး စစ်ဦးထုပ် အစိမ်းကို ဆောင်း၊ မိုးကာအင်္ကျီတွေ ဝတ်ထားကာ တော်မီဂန်း သေနတ်တွေ ကိုင်ထားပြီး ရန်ကြီးအောင် က ဆပ်မရှင်းဂန်းကို ကိုင်ပြီး အတွင်းဝန်ရုံးထဲ အပေါက်ဝအထိ ကားမောင်းပြီး ဝင်သွားခဲ့တယ်။ လူသတ်သမား လေးယောက်ဟာ လှေကားပေါ် ပြေးတက်သွားချိန်မှာ ကားစက်ကို မသတ်ဘဲ စက်နှိုးထားပြီး အသင့်စောင့်နေတယ်။ အပေါ်ဘက် ကော်ရစ်ဒါ လူသွားလမ်း အရှေ့က ဝန်ထမ်း သုံး၊ လေးဦးဟာ သေနတ်တွေ ကိုင်ထားတဲ့ စစ်သားတွေကို ရုတ်တရက်တွေ့တော့ အံ့သြပြီး ကိုယ့်အလုပ်ခန်းတွေဆီ ဝင်သွားကြတယ်။ အစည်းအဝေးခန်း အပေါက်ဝမှာ ရုံးလုလင် မောင်သောင်းစိန် တစ်ယောက်ပဲ စောင့်နေတာကို သေနတ်နဲ့ချိန်ပြီး တံခါးဖွင့်ခိုင်းလိုက်တယ်။ အဲဒီနောက်မှာတော့ အခန်းအတွင်း ရောက်တဲ့အခါ ဗိုလ်ချုပ်က စကားပြောဖို့ မတ်တတ်ရပ်ရင်း လက်ကာပြချိန်မှာ စတင် ပစ်ပါတော့တယ်။ ပထမဦးဆုံး ဗိုလ်ချုပ်ရဲ့ ညာဘက်ခြမ်းကို စပြီး သဲသဲမဲမဲ ပစ်ခတ်တဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်မြ၊ မန်းဘခိုင်၊ ဦးဘဝင်း၊ ဦးရာဇတ်၊ ဦးအုန်းမောင်၊ ဒီးဒုတ်ဦးဘချိုတို့ နေရာမှာပင် ကျဆုံးခဲ့ပါတယ်။ ဘယ်ဘက်ခြမ်းမှာ အတွင်းဝန် ဦးရွှေဘော်၊ ဝန်ကြီး ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြ၊ မိုင်းပွန် စော်ဘွား စဝ်စံထွန်းတို့ဘက်ကို ပစ်ခတ်တဲ့အခါ မိုင်းပွန်စော်ဘွား စဝ်စံထွန်းကိုသာ ထိမှန်ပြီး ကျန်ဝန်ကြီးတွေက ပြတင်းပေါက်ကို ကျော်ထွက်ပြီး အခြားအခန်းကို ကူးပြေးကြပါတယ်။ တချို့က စားပွဲအောက်မှာ မှောက်နေကြတာမို့ အသက်ဘေးက လွတ်ခဲ့ကြတယ်။
လူသတ်သမားတွေဟာ အားရပါးရ ရက်ရက်စက်စက် ပစ်ခတ်ပြီး ပြန်ထွက်သွားချိန်မှာတော့ လှေကားထိပ်မှာ ရှိနေတဲ့ သတင်းထောက် ကိုသန်းနဲ့ ဆုံတဲ့အခါ ကင်မရာ လွယ်ထားတဲ့ သတင်းထောက်ဟာ ကြမ်းပြင်ပေါ်ကို မှောက်ချလိုက်ပါတယ်။ လှေကားကနေ ပြေးဆင်းလာကာ သက်တော်စောင့် ယူနီဖောင်း ဝတ်ထားပြီး ခါးမှာ ခြောက်လုံးပြူးချိတ်ထားတဲ့ ရဲဘော်မောင်ထွေးကို ရန်ကြီးအောင် က လှေကားပေါ်ကနေ သေနတ်ကို ဝှေ့ယမ်းပြီး ပစ်ခတ်လိုက်တဲ့အခါ ရဲဘော်မောင်ထွေး လဲကျသွားပါတယ်။ စက်နှိုးထားပြီး အသင့်စောင့်နေတဲ့ ဂျစ်ကားနဲ့ ဦးစောအိမ်ကို အပြင်း မောင်းနှင်ပြီး ပြန်သွားကြတယ်။ ဒါလဟိုဇီလမ်း (ယခု မဟာဗန္ဓုလလမ်း) နဲ့ ၄၁ လမ်းထိပ်မှာ စောင့်နေပြီး ဘညွန့်မောင်းတဲ့ ဖို့ဒ်ထရပ်ကားကလည်း ဦးစောအိမ်ကို ပြန်သွားကြပါတယ်။ ဦးစောအိမ် ရောက်တော့ အသင့်စောင့်နေတဲ့ ဦးစောနဲ့ လူသတ်သမားတွေဟာ “အောင်ပြီ အောင်ပြီ” လို့ ကြွေးကြော်ခဲ့ကြပါတယ်။
ဒီလို လုပ်ကြံမှုကြီးဖြစ်ဖို့ ဦးစောဟာ အာဏာရူးပီပီ လပေါင်းများစွာ ကြိုတင်ကြံရွယ် ပြင်ဆင်နေခဲ့တာပါ။ ဗိုလ်တထောင်မြို့နယ် စီအိုဒီ လက်နက်တိုက်က တော်မီဂန်း၊ ဆပ်မရှင်းဂန်း လက်နက် ၂၀၀ နဲ့ ကျည်ဆန်အမြောက်အမြားကို စာရွက်စာတမ်း အတုတွေ ပြုလုပ်ပြီး အင်္ဂလိပ်စစ်ဗိုလ် ဗီဗီယမ်းဆီကနေ ဘညွန့်က ထုတ်ယူကာ ဦးစောအိမ် ခြံဝင်းထဲကို သယ်လာခဲ့တာ ဖြစ်ပါတယ်။ လက်နက်တွေကို တိုင်ကီပိုင်းထဲ ထည့်ပြီး အင်းလျားကန်ထဲမှာ မြှုပ်ထားခဲ့တယ်။
စီအိုဒီ စစ်လက်နက်တိုက်က လက်နက်တွေ လိမ်ပြီး ထုတ်ယူသွားတဲ့ သတင်းဟာ ပျံ့နှံ့နေပါတယ်။ ဒီးဒုတ်ဦးဘချိုဟာ နေမကောင်းလျက်နဲ့ အဲဒီလက်နက်ကိစ္စတွေကို ဗိုလ်ချုပ်ကို ပြောပြချင်လို့ အစည်းအဝေး တက်ရောက်ခဲ့တာပါ။ သူ မပြောခင်လေးမှာပဲ ရန်သူတွေက လက်ဦးပြီး လုပ်ကြံခံခဲ့ကြရတယ်။ အတွင်းဝန် ဦးအုန်းမောင်ကလည်း အစည်းအဝေးခန်းထဲ ရောက်ပြီး ငါးမိနစ်လောက်အကြာမှာ လူသတ်သမားတွေ ပစ်ခတ်တာကို ခံလိုက်ရတာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကို ချစ်ခင်သူတွေ ရှိသလို မုန်းသူ အာဏာရူးတွေလည်း ရှိနေတာကြောင့် လုံခြုံရေးအတွက် တာဝါလိန်း နေအိမ်ရော၊ အတွင်းဝန်ရုံးမှာရော ပြည်သူ့ရဲဘော်တပ်က ကင်းပုန်းစောင့်တာကို ဗိုလ်ချုပ်က မလိုပါဘူး ပြောလို့ စောင့်ရှောက် ကာကွယ်ခွင့် မရခဲ့တာကြောင့် ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ဆုံးရှုံးခဲ့ရတာပါ။ ဗိုလ်ချုပ်ဟာ သူ့အသက်အန္တရာယ်ကို မမှုခဲ့လို့ ရေတိမ်နစ်ခဲ့ရခြင်း ဖြစ်ပါတယ်။
ဂဠုန်ဦးစောဟာ ဗိုလ်ချုပ်အောင်ဆန်းကို မနာလိုဝန်တိုမှု သံသယတွေနဲ့ အထင်လွဲခဲ့တာက စတင်ခဲ့တာ ဖြစ်ပါတယ်။ ဦးစောဟာ ဖရေဇာလမ်း (အနော်ရထာလမ်း) ထောင့်နဲ့ စပတ်လမ်း (ဗိုလ်အောင်ကျော်လမ်း) ထိပ်မှာ ရှိတဲ့ သူရိယ သတင်းစာတိုက်ကနေ နေအိမ်ကို အပြန် မြေနီကုန်း ပြည်လမ်းမ စိန်ဖလိုးမီးနား (စမ်းချောင်း အ-ထ-က ၂) အနီးမှာ သူစီးလာတဲ့ ကားကို ဘေးချင်းကပ် ကျော်တက်လာတဲ့ ကားတစ်စီးထဲက ခြောက်လုံးပြူးသေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာက စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ဂဠုန်ဦးစောကို သေနတ်နဲ့ (မသေအောင်ပစ်ဖို့) စီစဉ်ခဲ့သူက ဗိုလ်မှူးကြီး နေဝင်း နဲ့ ဗိုလ်မှူး အောင်ကြီး တို့ဖြစ်ပါတယ်။ ဗိုလ်မှူးကြီး နေဝင်းက သူနဲ့ရင်းနှီးတဲ့ ရန်ကုန်ဘဆွေ (နောင်-စာရေးဆရာ) ကို အိမ်မှာ ခေါ်ထားပြီး သေနတ်ပစ် လေ့ကျင့်ခိုင်းတယ်။ ရန်ကုန် ဘဆွေဟာ သေနတ်ပစ် ကျွမ်းကျင်သူ ဖြစ်ပါတယ်။ ဗိုလ်မှူး အောင်ကြီးကလည်း တပည့်ဖြစ်သူ ဗိုလ်မြလှိုင်ကို အိမ်မှာခေါ်ပြီး နှစ်လကြာ သေနတ်ပစ် လေ့ကျင့်ခိုင်းပါတယ်။ ဂဠုန် ဦးစောကို သေနတ်နဲ့ပစ်ဖို့ ဗိုလ်မြလှိုင်က ကားမောင်းပြီး ရန်ကုန်ဘဆွေက အနီးကပ် ပစ်ခတ်သူ ဖြစ်ပါတယ်။ ပစ်တဲ့ ခြောက်လုံးပြူးဟာ (ဗိုလ်မှူးကြီးနေဝင်း) ရဲ့ သေနတ်ပါ။ အဲဒီလို သေနတ်နဲ့ ပစ်ခတ်ခဲ့စဉ်က သူတို့ဟာ ပြည်သူ့ရဲဘော် ယူနီဖောင်းတွေကို ဝတ်ထားတယ်။ တကယ်တော့ သူတို့ဟာ ဆိုရှယ်လစ်ပါတီက ဖြစ်ပြီး ပြည်သူ့ရဲဘော်တွေ မဟုတ်ကြပါဘူး။
သူတို့ ပစ်ခတ်စဉ်က ကားမှန်ကို ထိပြီး နောက်တစ်ချက် အပစ်မှာ ဂဠုန်ဦးစောက အောက်ငုံ့ချလိုက်တဲ့အတွက် မထိတော့ပါ။ ဂဠုန်ဦးစောဟာ မျက်လုံးကို ထိခိုက်ပြီး အင်္ဂလန်မှာ ဆေးသွားကုခဲ့တယ်။ ဦးစောရဲ့အိမ်ကို ဗိုလ်ချုပ်နဲ့ ဦးနု သွားရောက်ပြီး အခြေအနေကို မေးခဲ့ပေမဲ့ ဦးစောက ဗိုလ်ချုပ်ကို အထင်လွဲပြီး မချေမငံ ပြန်ပြောခဲ့တယ်။ သူ့ကို သေနတ်နဲ့ပစ်တာ ပြည်သူ့ရဲဘော်အဖွဲ့က ဗိုလ်ချုပ်လုပ်ခိုင်းတယ်လို့ပဲ ထင်နေတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးများရဲ့ ရုပ်အလောင်း၊ ဒဏ်ရာရသူတွေကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ မန်းဘခိုင်၊ ဦးဘဝင်း၊ ဦးရာဇတ်၊ ဦးအုန်းမောင်၊ ဒီးဒုတ်ဦးဘချိုတို့ ဟာ အစည်းအဝေး ခန်းမအတွင်းမှာ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ကျဆုံးခဲ့ကြပါတယ်။ ရဲဘော်မောင်ထွေးက မွန်းလွဲ ၂နာရီ ၁၅ မိနစ်မှာ ကျဆုံးပြီး မိုင်းပွန်းစော်ဘွား စဝ်စံထွန်းက ဇူလိုင် ၂၀ ရက် မွန်းတည့် ၁၂ နာရီမှာ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်တို့ ကျဆုံးကြောင်း သတင်းကို ဇူလိုင် ၁၉ ရက် ညပိုင်း ရေဒီယိုကနေ ပြည်သူလူထုကို အသိပေး ကြေညာခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ရုပ်အလောင်းကို ဇနီး ဒေါ်ခင်ကြည်က တာဝါလိန်းအိမ်ကို ယူဆောင်သွားပြီး ဗိုလ်ချုပ်အိပ်တဲ့ ခုတင်ပေါ်မှာ ပြည်သူ့ရဲဘော် ယူနီဖောင်းအပြည့်အစုံ ဝတ်ပြီး ပြင်ဆင်ထားပါတယ်။ ဇူလိုင် ၂၁ ရက်မှာ ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ ရုပ်အလောင်းတွေကို ဂျူဗလီဟောလ် (တပ်မတော် စစ်သမိုင်းပြတိုက်ဟောင်း) က သလွန်ထက်မှာ မှန်ခေါင်းသွင်းပြီး ထီးဖြူနှစ်လက် မိုးကာ ပြင်ဆင်ထားပါတယ်။ ဦးအုန်းမောင်နဲ့ ရဲဘော်မောင်ထွေးတို့ကို ထီးဖြူတစ်လက်စီ မိုးထားပါတယ်။ ပြည်သူလူထုကြီးက ဝမ်းနည်းကြေကွဲစွာနဲ့ ရှစ်လတိုင်တိုင် လာရောက် ဂါရဝပြုခဲ့ကြပါတယ်။
ဗိုလ်ချုပ်တို့ ရုပ်အလောင်းတွေကို လွတ်လပ်ရေးရပြီးမှ ဂူသွင်းမြှုပ်နှံဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် ဧပြီ ၁၁ ရက် မနက်မှာ သံဃာအပါး ၁၀၀ ပင့်ဖိတ်ပြီး ဆွမ်းဆက်ကပ်ကာ သရဏဂုံ တင်ခဲ့ပါတယ်။ နေ့လယ်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ကလာပ်ကို အမြောက်တင် ယာဉ်ပေါ်မှာတင်ပြီး ဗိုလ်ချုပ်ဓာတ်ပုံကြီးကို ကားပေါ်မှာ ထောင်ထားပါတယ်။ ထီးဖြူနှစ်လက်ကိုလည်း မိုးထားပါတယ်။ အခြား အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ရုပ်ကလာပ်ကို လော်ရီကားပေါ် တင်ဆောင်ကာ ထီးဖြူနှစ်လက်စီ မိုးပြီး ဓာတ်ပုံကြီးများ ထောင်ထားပါတယ်။ ဦးအုန်းမောင်နဲ့ ရဲဘော်မောင်ထွေးတို့ကို ထီးဖြူတစ်လက်စီ မိုးပေးထားပါတယ်။ ညနေ ၄ နာရီမှာ ရွှေတိဂုံ မြောက်ဘက်မုခ်အနီး ကုန်းမြင့်ထက်မှာ ပြည်သူ့ရဲဘော်များက ခေါင်းများထမ်းပြီး ဂူသွင်း မြှုပ်နှံခဲ့ပါတယ်။ အဲဒီအချိန်မှာ ကြည်းတပ်က ဝမ်းနည်းခြင်း ခရာမှုတ်ပြီး ရေတပ်နဲ့ ကြည်းတပ်က သေနတ်များ ပစ်ဖောက်ကာ ဂုဏ်ပြုခဲ့ကြပါတယ်။ လေတပ်က လေယာဉ်ပျံများ ကောင်းကင်မှာ ပျံဝဲပြီး ပန်းများ ကြဲချခဲ့ပါတယ်။
(မိုင်းပွန်စော်ဘွား စဝ်စံထွန်းရဲ့ ရုပ်အလောင်းကို ရန်ကုန်မြို့မှ ရှမ်းပြည်နယ်တောင်ပိုင်းကို မီးရထားနဲ့ သယ်ဆောင်ခဲ့ပြီး နောက်တစ်ဆင့် မိုင်းပွန်မြို့သို့ ကားနဲ့ ထပ်မံ သယ်ဆောင်ကာ မီးသြင်္ဂိုဟ်ပြီး အရိုးအုတ်ဂူ ပြုလုပ်ထားပါတယ်။ ဝန်ကြီး ဦးရာဇတ်နဲ့ ရဲဘော် မောင်ထွေးတို့မှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်တာကြောင့် ညတွင်းချင်း တာမွေမြို့နယ် အစ္စလာမ်သုသာန်မှာ ယှဉ်တွဲကာ ဂူသွင်းမြှုပ်နှံခဲ့ပါတယ်။ ဒါကြောင့် အာဇာနည်ဗိမာန်မှာ အုတ်ဂူကိုးလုံး ရှိသော်လည်း ရုပ်အလောင်းမှာ ခြောက်ဦးသာ ရှိပါတယ်။)
ဒီလို ခါးသီးဆိုးရွားလွန်းတဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့ပြီး ၇၁ နှစ် ကြာမြင့်ချိန်မှာ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရင်း လုပ်ကြံခံရပြီး ကျဆုံးခဲ့ရရှာတဲ့ အမျိုးသား အာဇာနည်ခေါင်းဆောင်ကြီးများရဲ့ နောက်ဆုံး အစည်းအဝေးကျင်းပရာ သမိုင်းဝင် အစည်းအဝေးခန်းမကို နောင်လာနောက်သား မျိုးဆက်များ လေ့လာနိုင်ရန် ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။