အာဇာနည်ဆိုတာ

အာဇာနည်ဆိုတာ
Published 19 July 2018

ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးပြီးနောက် ပြုလုပ်ခဲ့သော ပထမဆုံး အထိမ်းအမှတ်နေရာ

ဇူလိုင် ၁၉ ရက်

မြန်မာနိုင်ငံသားတိုင်းသိတဲ့နေ့။ မသိဘူးဆိုတာ တကယ်တော့ မသိဟန်ဆောင်တာ။ မြန်မာနိုင်ငံမှာရှိတဲ့လူတိုင်းက အာဇာနည်နေ့ကို စိတ်ဝင်စားကြတာ မဟုတ်ဘူးလို့ (သွယ်ဝိုက်) တဲ့ပြောနေတာ။ တစ်ခုခုတော့ တစ်ခုခုပဲ။

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီး ရှစ်ဦးဟာ အသတ်ခံရတယ်။ အဲဒီနေ့ရောက်တိုင်း အာဇာနည်နေ့အဖြစ် နိုင်ငံတစ်ဝန်း သတိတရ ကျင်းပကြတယ်။ ဟောပြောပွဲတွေ၊ နံရံကပ်စာစောင်တွေ၊ စာစီစာကုံးပြိုင်ပွဲတွေ ကျင်းပကြတယ်။ ဒီလိုကျင်းပလာတာဟာ ဆယ်စုနှစ်တစ်ခုလောက်ပဲ ရှိသေးတယ်။ ယခင်အစိုးရများလက်ထက်က အာဇာနည်နေ့ဆိုတာဟာ လူမသိသူမသိ ကြိတ်ကျင်းပခဲ့ရတာ။ ကျူရှင်ဆရာတစ်ယောက်က သူ့ကျူရှင်မှာ အာဇာနည်နေ့ ဟောပြောပွဲလုပ်လို့ အဖမ်းခံခဲ့ရတယ်။ ကျောင်းတွေမှာ ဟောပြောပွဲလုပ်တဲ့ ကျောင်းအုပ်တွေ အစစ်ဆေးခံခဲ့ရတယ်။ အာဇာနည်နေ့ဆိုတာ ထိုစဉ်က ဟောလိုးဝင်းဒေးထက် ကြောက်စရာကောင်းခဲ့တယ်။ ဗယ်လင်တိုင်း (Valentine Day) ကိုသာ လူငယ်တွေက သိကြတယ်။ အာဇာနည်နေ့ဆို အဆိုတော်တစ်ယောက်ရဲ့ မွေးနေ့လို မှတ်ယူနေကြတာ။ ဗိုလ်ချုပ်အောင်ဆန်းပုံဆို တိတ်တိတ်ပုန်း ဓာတ်ပုံအခြေအနေနဲ့ နေလာခဲ့ရတာ။

သြော် အာဇာနည်နေ့ရယ်။

ခုတော့ အာဇာနည်နေ့ဆိုတာကို နိုင်ငံအဝန်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ကျင်းပကုန်ကြပြီ။ ပါတီတွေ၊ ပရဟိတ အဖွဲ့အစည်းတွေသာမကဘူး ကျောင်းတွေ၊ ရုံးတွေ၊ လူမှုအဖွဲ့အစည်းတွေမှာပါ ကျင်းပကုန်ပြီ။ တစ်ခါက အလွန်ရှားပါးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံဟာ ခုတော့ မိုးတွင်းမှာပွင့်လာတဲ့ မှိုတွေလို ပေါများနေပါပြီ။ ဒါကလည်း သဘာဝကျပါတယ်။ ပိတ်လှောင်ခံထားရတဲ့ ရေကာတာထဲကရေဟာ အပေါက်တစ်ခု ဖွင့်လိုက်တာနဲ့ အတားအဆီးမဲ့ ဒလဟော သွန်ကျလာတတ်တယ်။

အခုတော့ ဗိုလ်ချုပ်ဓာတ်ပုံနေရာစုံမှာ။ တီရှပ်ရင်ဘတ်ပေါ်မှာ။ လက်ဖက်ရည်ဆိုင် နံရံမှာ။ ဆံပင်ညှပ်ဆိုင်နံရံမှာ။ ဓာတ်ပုံဆိုင် မှန်ပေါင်ထဲမှာ။ လူနေတဲ့အိမ်တွေမှာ။ ပါတီရုံးခန်းတွေမှာ။ လူမှုရေးအသင်းအဖွဲ့တွေရဲ့ အစည်းအဝေးခန်းမ ထိပ်ဆုံးမှာ။ ဆန္ဒပြသူတို့ရဲ့ ဗီနိုင်းပေါ်မှာ။ အလှူခံမဏ္ဍပ်ရဲ့ နဖူးစည်းမှာ။ လူထုအစည်းအဝေးပွဲများရဲ့ စင်မြင့်ထက်မှာ။

ဒါ့အပြင် ဗိုလ်ချုပ်ရုပ်တုတွေလည်း အလျှိုလျှို ပေါ်လာကြတယ်။ ယခင်အစိုးရက ရပ်ကွက်တစ်ခု ဓမ္မာရုံတစ်ခု တည်ဆောက်ခဲ့ကြတယ်။ (စာကြည့်တိုက် တည်ဆောက်ဖို့ တော့ ညွှန်ကြားခဲ့တာ မကြားမိဘူး။) အခုတော့ ပန်းခြံတို့၊ မြေကွက်လပ်ကျယ်ကျယ်တို့ တွေ့တာနဲ့ ဗိုလ်ချုပ်ရုပ်တု ရောက်လာတာ ဖက်ရှင်ဖြစ်နေပြီ။ တချို့ပန်းခြံမှာဆို ဗိုလ်ချုပ်ရုပ်တုဟာ တစ်ခုနဲ့ အားမရဟန်တူပါရဲ့။ နှစ်ခု အပြိုင် စိုက်ထူထားတာ တွေ့ရပါတယ်။ ဗိုလ်ချုပ်ရုပ်တုဟာ အဲဒီလောက် လိုအပ်နေလို့လား။

အာဇာနည်

တကယ်တော့ အာဇာနည်ဆိုတာ လူတိုင်း ဖြစ်နိုင်တာမဟုတ်ဘူး။ လူတိုင်းဖြစ်ခွင့် မရှိဘူး။ သေသူတိုင်းဟာ အာဇာနည် မဟုတ်ဘူး။ တိုင်းပြည်အတွက်ဆိုတိုင်း အာဇာနည် မဟုတ်ဘူး။ သူရ ဖြစ်ချင်ဖြစ်မယ်။ သီဟသူရ ဖြစ်ချင်ဖြစ်မယ်။ သဒ္ဓမ္မဇောတိက ဖြစ်ချင်ဖြစ်မယ်။ မဏိဇောတဓဇဘွဲ့တွေ ချီးမြှင့်ခံရသူ ဖြစ်ချင်ဖြစ်မယ်။ အာဇာနည် မဖြစ်နိုင်ဘူး။

အာဇာနည်ဆိုတာဟာ ခေတ်တိုင်းမှာ ပေါ်တတ်တာမဟုတ်ဘူး။ အသက်ပေးတိုင်း ဖြစ်လာတာမဟုတ်ဘူး။ အာဇာနည်ဆိုတဲ့ ကြီးကျယ်မြင့်မြတ်တဲ့ ဂုဏ်အထပ်ထပ်နဲ့ ပြည့်စုံမှ အာဇာနည်ဆိုတာ သတ်မှတ်လို့ရတာ။ ကိုယ့်ကိုယ်ကိုယ် သူရဘွဲ့၊ ဒေါက်တာဘွဲ့ ပေးလို့ရကောင်းရမယ်။ အာဇာနည်ဆိုတာ တစ်တိုင်းပြည်လုံးရဲ့ အသည်းနှလုံးက ယိုစိမ့်ထွက်လာပြီး ဦးညွှတ်ချီးကျူး ဂုဏ်ပြုရာကနေ ဖြစ်ထွန်းပေါ်ပေါက်လာတဲ့ မြင့်မြတ်ဂုဏ်ရည်ဖြစ်တယ်။

ကိုယ်ကျိုးစွန့်ခြင်း

ကိုယ်ကျိုးစွန့်ခြင်းဟာ လူတိုင်းလုပ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး။ မိမိရဲ့ အရည်အချင်း အလားအလာကိုကြည့်ပြီး မိမိရထိုက်တဲ့ အခွင့်အလမ်းတွေ၊ ရာထူးတွေ၊ ဂုဏ်တွေ၊ လာဘ်လာဘတွေကို မြင်နေ သိနေ မြှောက်စားသူ ရှိနေပါလျက်နဲ့ ထိုအခွင့်အရေးကို စွန့်လွှတ်ခြင်းကသာလျှင် ကိုယ်ကျိုးစွန့်ခြင်းဖြစ်တယ်။ အခွင့်အရေးမရလို့ အခွင့်အရေးမယူဘူး ကြွေးကြော်ခဲ့တဲ့ ဗိုလ်ချုပ်မဟုတ်ဘူး။

ဗိုလ်ချုပ်ဟာ နယ်ချဲ့တွေပေးတဲ့ ရာထူးယူ၊ လစာယူပြီး ဇိမ်ခံလို့ ရနိုင်ခဲ့သူဖြစ်တယ်။ စာတော်တယ်။ ထက်မြက်တယ်။ အင်္ဂလိပ် အလိုတော်ရိလုပ်ရင် နေရာကောင်းရနိုင်ပါလျက် သခင်အောင်ဆန်းလုပ်ခဲ့တယ်။ နယ်ပိုင်အောင်ဆန်းမလုပ်ခဲ့ဘူး။ ဥပဒေဘွဲ့ကိုယူပြီး လုပ်စားလို့ရခဲ့တယ်။ လုပ်စားလို့ရတဲ့ အဲဒီဘွဲ့ကိုမယူဘဲ ကျောင်းဆက်မတက်ဘဲ နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်ခဲ့တယ်။

ကနေ့ ရာထူးနဲ့ခေါ်မျှားရင် ငမ်းငမ်းတက် ရာထူးလိုချင်သူတွေ၊ အိမ်၊ ခြံ၊ မြေ၊ ကား၊ ပိုင်ဆိုင်စရာတစ်ခုခုနဲ့ မျှားရင် မိမိကိုယ်ကို ရောင်းစားသူတွေအများကြီး။ ဘာပေးမယ်၊ ညာပေးမယ်ဆိုရင် လူတောင်သတ်ပေးတဲ့ ဒီလိုအခြေအနေမှာ ဒီလိုလူမျိုးတွေက အာဇာနည် ဖြစ်ချင်သေးသလား။ ဒါဆို ဘယ်လိုလူကို အာဇာနည်လို့ ခေါ်ဝေါ်သတ်မှတ်ကြမလဲ။

ပေးဆပ်ခြင်း

ပေးဆပ်တယ်ဆိုတာ ကိုယ့်မှာရှိသမျှကို တစ်ပါးသူအတွက် အများအတွက် မတွန့်မတို ပုပ္ပ၊ မုဉ္စ၊ ပရ ဆိုတဲ့ ကာလသုံးပါးစလုံး စွန့်လွှတ်ခြင်းဖြစ်တယ်။ ပေးဆပ်ပြီးတဲ့ ပစ္စည်း၊ ဥစ္စာ၊ ဘဝ၊ အသက် စသည်တို့ကို ပြန်လည် မျှော်ကိုးခြင်း အလျှင်းမရှိဘူး။ ဗိုလ်ချုပ်ဟာ အသက်ကိုပေးဆပ်တဲ့နေရာမှာ သူလိုချင်တဲ့ လွတ်လပ်ရေးကို ပြန်လည်ရယူခံစားခဲ့ရတာ မရှိခြင်းဟာ ထင်ရှားတဲ့ ပေးဆပ်ခြင်းသက်သေပဲ။ ပေးဆပ်တဲ့နေရာမှာ ရုပ်ဝတ္ထုသက်သက်သာ မဟုတ်ဘူး။ အချိန်တွေ ပေးဆပ်ရတယ်။ လူငယ်ဘာ၀ အပျော်အပါး မလိုက်စားခဲ့ဘူး။ ရည်းစားတစ်ယောက်ရဖို့ သုံးနှစ် သုံးမိုး အချိန်မယူခဲ့ဘူး။ ပညာသင်ရင်း နိုင်ငံ့လွတ်လပ်ရေးအတွက် အချိန်ပေးခဲ့တယ်။ ဒါ့အပြင် လူမှုရေးလုပ်ငန်းတွေ၊ မိသားစုကိစ္စတွေကို တိုင်းပြည်လွတ်လပ်ရေးထက် ဦးစားမပေးခဲ့ဘူး။ ဗိုလ်ချုပ်ရဲ့ စတုတ္ထမြောက်ကလေးရဲ့ နာရေးကိစ္စကို ခဏတာသာ တစ်ချက်ခံစားပြီး တိုင်းပြည်အတွက် အရေးကြီးတဲ့ အစည်းအဝေးကို ဆက်လုပ်ဖြစ်အောင် လုပ်ခဲ့တဲ့စိတ်ဓာတ်ဟာ ဘယ်လိုလူသာမန်တွေ လုပ်နိုင်မှာလဲ။

ရိုးသားခြင်း

အာဇာနည်လူသားတစ်ယောက်ဖြစ်ဖို့ မရှိမဖြစ် လိုအပ်တာက ရိုးသားခြင်းပဲ။ လူမှုရေး ရိုးသားရမယ်။ စီးပွားရေး ရိုးသားရမယ်။ နိုင်ငံရေး ရိုးသားရမယ်။ လုပ်ရပ်ရိုးသားရမယ်။ အပြောအဆိုရိုးသား (ပွင့်လင်း) ရမယ်။ နိုင်ငံရေးကို ခုတုံးလုပ်ပြီး စီးပွားမရှာရဘူး။ နေရာ မယူရဘူး။ လူပေါ်လူဇော် မလုပ်ရဘူး။

ဗိုလ်ချုပ်က သူ့ကိုယ်ပိုင်စီးပွားရေးတစ်ခုမှ မရှိခဲ့ဘူး။ စကားပြောရင် တဲ့ဒိုးပြောတယ်။ စကားတတ်သလို လှည့်ပတ်မပြောဘူး။ ဖြစ်နိုင်တာပြောတယ်။ လုပ်ပေးနိုင်တာပြောတယ်။ တစ်နှစ်အတွင်း လွတ်လပ်ရေးရမယ် ပြောခဲ့တယ်။ ဗိုလ်ချုပ်ကျဆုံးတဲ့နှစ်က ၁၉၄၇။ လွတ်လပ်ရေးရတာ ၁၉၄၈။ တစ်နှစ်အတွင်း လွတ်လပ်ရေးကို တကယ်ရခဲ့တယ်။ ပြောသလိုလုပ်၊ လုပ်သလိုပြောတာဟာ အာဇာနည် စိတ်ဓာတ်တစ်ချက်ပဲ။ အာဇာနည်ဖြစ်ဖို့ တမင်ပြင်ဆင်လုပ်ယူတာထက် အာဇာနည်အဖြစ် လိုအပ်တဲ့ အရည်အချင်းတွေ ပြည့်စုံနေတာဟာ အာဇာနည်ဖြစ်စေတာပဲ။

အနစ်နာခံခြင်း

သာမန်ကတော့ လူတွေဟာ လိုအပ်သလောက် အနာခံတတ်ကြတယ်။ အမေ့နို့ကို စို့နေတဲ့သားက အမေ့နို့ကို ပုတ်ခတ်ဆော့ကစားနေတာ။ နာပေမဲ့ ကလေးကိုချစ်စိတ်နဲ့ အနာခံတယ်။ အကြော်သည်မိခင်က သား ကျောင်းစရိတ်အတွက် နေပူမိုးရွာမရှောင် ဈေးရောင်းတယ်။ ဖျားနာနေပေမဲ့ ဆေးဖိုးကုန်မှာစိုးလို့ ဆေးခန်းမပြဘူး။ သားလေး ဘွဲ့ရတော့ ချို့တဲ့နေတဲ့ ရုပ်ရည်ကြောင့် ဘွဲ့နှင်းသဘင်ပွဲကို လိုက်မတက်ခဲ့ဘူး။ ဒီလိုတွေ အနစ်နာခံကြတာဟာ မိခင်မေတ္တာ။ ချစ်တဲ့သံယောဇဉ်။ အနည်းဆုံး မေတ္တာနဲ့ သံယောဇဉ် တွေ့ရနိုင်သေးတဲ့ သံယောဇဉ်တွေပဲ။

အာဇာနည်တို့ရဲ့ အနစ်နာခံခြင်းက ဘာတစ်ခုမှ မျှော်လင့်ချက်မထားဘူး။ မိမိ လုပ်ပေးနိုင်သမျှကို ကိုယ်ရောစိတ်ပါ အားလုံးအနစ်နာခံပေးခြင်းသာ ဖြစ်တယ်။ တစ်ခုခု ပြန်ရကောင်းစေဆိုတဲ့ မျှော်လင့်ချက် တစိုးတစိမျှ မထားကြဘူး။

ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေးလုပ်တာဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ လုပ်ခဲ့တာ။ လွတ်လပ်ရေးရရင် ဗိုလ်ချုပ်ဘာဖြစ်မှာလဲ။ မြေတွေပိုင်မှာလား။ သစ်တွေခုတ်ရောင်းလို့ ရမှာလား။ အိမ်တွေ၊ ကားတွေ အများကြီး ရမှာလား။ တကယ်တော့ ဗိုလ်ချုပ်ပိုင်တာက တိုက်ပုံအစုတ်တစ်ထည်မျှသာ။ ရခဲ့တဲ့လွတ်လပ်ရေးကို မခံစားရရုံသာမက မြင်ခွင့်၊ ကြားခွင့်တောင် မကြုံခဲ့ရဘူး။ လွတ်လပ်ရေးရတဲ့နေ့က ဗိုလ်ချုပ်ခမျာ အလောင်းကောင်၊ သက်မဲ့ရုပ်ကလာပ်အဖြစ် အလောင်းစင်ပေါ်မှာ။ မီးရှူး၊ မီးပန်းတွေ ပစ်ဖောက်၊ လက်ခုပ် လက်ဝါးတီးနေတဲ့ ပြည်သူတွေအထဲမှာ ဗိုလ်ချုပ် မပါနိုင်တော့ဘူး။

တကယ်တော့ အာဇာနည်တိုင်းဟာ ဗိုလ်ချုပ်တွေပဲ မဟုတ်ပေမဲ့ ဗိုလ်ချုပ်ကတော့ အာဇာနည်စိတ်ဓာတ် အပြည့်ရှိခဲ့သူဖြစ်တာကို သူ့ကိုယ်ရေးရာဇဝင်တွေ လေ့လာကြည့်ရင် သိသာနိုင်ပါတယ်။

အာဇာနည်ဆိုတာဟာ ဂုဏ်ထူး ခြောက်ဘာသာထွက်အောင် ကြိုးစားသလို ကြိုးစားယူလို့မရဘူး။ ဘီလ်ဂိတ်လို ဘီလျံနာဖြစ်အောင် နည်းပညာတွေ တီထွင်နေရုံနဲ့ ဖြစ်မလာနိုင်ဘူး။ လကမ္ဘာပေါ် ပထမဆုံး ခြေချနိုင်ခဲ့တဲ့ အာကာသယာဉ်မှူး ယူရီဂါဂါရင်ကလည်း အာဇာနည်ဖြစ်မလာခဲ့ဘူး။

လူသန်းပေါင်းများစွာထဲမှာ လူသန်းပေါင်းများစွာ မလုပ်နိုင်တဲ့လုပ်ရပ်တွေ၊ အနစ်နာခံမှုတွေ၊ စွန့်လွှတ်စွန့်စားမှုတွေ လုပ်ပြခဲ့မှသာ လူသားတို့ရဲ့ အသိအမှတ်ပြုခံယူရမှသာ အာဇာနည်ဆိုတာ ဖြစ်လာနိုင်တယ်။

ဒီလိုဂုဏ်တွေ ပြည့်နေသူဖြစ်တဲ့ ဗိုလ်ချုပ်ဖြစ်လာလို့ ဗိုလ်ချုပ်အောင်ဆန်းဟာ အာဇာနည် ဖြစ်လာရတာဖြစ်တယ်။

ဗိုလ်ချုပ်ဟာ လူသာမန်တွေနဲ့ မတူတဲ့ ထူးခြားတဲ့ အချက်တွေလည်း ရှိနေပါသေးတယ်။ အင်္ဂလိပ်အုပ်ချုပ်တဲ့ ခေတ်ကာလမှာ မွေးဖွားလာသူတိုင်းဟာ အင်္ဂလိပ်ကို (ပါးစပ်က) ဆန့်ကျင်တယ်ပြောပြီး လက်တွေ့မှာ အင်္ဂလိပ်ယဉ်ကျေးမှုကို အထင်တကြီး အတုယူ လိုက်လုပ်နေကြတဲ့ ကာလဖြစ်ပါတယ်။ အဖေ ဦးအေးဝင်းကမွေးရင်။ အဖေရဲ့နောက် နာမည် ‘ဝင်း’ ကို ယူပြီး သူ့သမီးနာမည် သော်တာဝင်း ဖြစ်လာပါတယ်။ သားနာမည် ကျော်စွာဝင်း ဖြစ်လာပါတယ်။ ဒါဟာ အနောက်တိုင်း ယဉ်ကျေးမှုကို အထင်ကြီးလိုက်၊ အတုခိုးလိုက်တာဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ်ယဉ်ကျေးမှုကို ကောင်းကောင်းသတိထားမိပြီးသား။ အဖေဆိုတာ မြန်မာ့ယဉ်ကျေးမှုရဲ့ မိသားစုတစ်ခုမှ ဦးဆောင်ပေးနေရတာ။ ဒီတော့ အဖေ့နာမည်ကို သားသမီးတွေ ရှေ့မှာထားကာ မှည့်ခေါ်ခဲ့တယ်။ သားကြီးကို အောင်ဆန်းဦး၊ နောက်တစ်ယောက်က အောင်ဆန်းလင်း၊ ပြီး အောင်ဆန်းစုကြည်တို့ပါပဲ။

ဆိုတော့ သေသွားတိုင်း အာဇာနည် ဖြစ်မလာပါဘူး။ တိုင်းပြည်အတွက်ဆိုကာ အသံကောင်းဟစ်နေတိုင်း အာဇာနည် မခေါ်ထိုက်ပါဘူး။ ကိုယ်ကျိုးစွန့်တယ်ဆိုကာ အလှူအတန်းတွေ ပေးနေတိုင်းလည်း အာဇာနည်ရယ်လို့ ခေါ်ဝေါ်ကြမှာ မဟုတ်ပါဘူး။ အာဇာနည်ဆိုတာ လူတိုင်းမဟုတ်ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းက အမှန်စစ်စစ် အာဇာနည် ဖြစ်ပါကြောင်း...။

Most Read

Most Recent