(၁) တစ်နေ့က စားသောက်ဆိုင်မှာ တစ်ဦးတည်း ကော်ဖီတစ်ခွက်နှင့်အတူ ထိုင်နေစဉ် ရုတ်တရက် စိတ်အာရုံထဲ၌ လှုပ်ရှားလာသည်။ ဗီယက်နမ်သမ္မတ၊ ကဗျာဆရာကြီး ဟိုချီမင်း (Ho Chi Minh) အကြောင်းကို မိမိဆောင်းပါးတစ်ပုဒ်အဖြစ် တစ်ချိန်က ရေးသားခဲ့ခြင်း စိတ်အာရုံ ပြန်လည်နိုးကြွလာခြင်းဖြစ်သည်။ ယင်းမှတစ်ဆင့် သမ္မတ ‘ဟို’၊ ကဗျာဆရာကြီး ‘ဟို’ ၏ ဘဝဖြတ်သန်းမှုတစ်လျှောက် ထောင်အကျဉ်းကျခဲ့စဉ်က ရေးခဲ့သော ကဗျာများစွာအနက် ကဗျာတစ်ပုဒ်ဆီသို့ အာရုံက စူးစိုက်ရောက်သွားသည်။ ယင်းကဗျာတိုကလေးကို အပြည့်အစုံ ဖော်ပြလိုက်ပါသည်။
“အသွေးအသားတို့ အကျဉ်းထောင်ထဲတွင် ရှိနေစေကာမူ စိတ်အာရုံတို့က အနှောင်အဖွဲ့ကင်းစွာ လွတ်လပ်လျက်ရှိနေသေးသည်…”
‘ဟို’ အကျဉ်းကျနေစဉ် ရေးခဲ့သောကဗျာ ဖြစ်သည်။ ကဗျာဆရာက လွတ်လပ်မှုကို မြတ်နိုးခုံမင်သူဖြစ်သောကြောင့် သူ့အား ဖမ်းဆီး ချုပ်နှောင်ထားသည်ဆိုသော်လည်း သူ၏ အသွေးအသားများကိုသာ အကျဉ်းချထားနိုင်ကြောင်း၊ သူ၏ စိတ်အာရုံမှာမူ လွတ်လပ်လျက် ရှိနေသေးကြောင်း ရေးဖွဲ့ထားသည်။
(၂) Inspiration စကားလုံးကို အဘိဓာန်ထဲတွင် လှုံ့ဆော်ခြင်း၊ နိုးကြွခင်းဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ ‘နိုးကြွလှုံ့ဆော်ခြင်း’ ဟု သုံးနှုန်းလျှင် သင့်လျော်မည်ထင်ပါသည်။ ‘ဟို’ ၏ ကဗျာသည် စာရေးသူအား ကဗျာတစ်ပုဒ်အသစ် မွေးဖွားရန် ပြင်းထန်စွာနှိုးကြွ လှုံ့ဆော်နေလေပြီ။ ကော်ဖီခွက်ရှေ့၌ထိုင်နေရင်း ရင်ခုန်လှုပ်ရှားလာသည်။ ရေးချရန် စာရွက် ရုတ်တရက် ရှာမတွေ့သဖြင့် လက်ကိုင်ဖုန်းထဲတွင် ကဗျာစာလုံးများအား အမြန်ရိုက်ထည့် မှတ်သားရသည်။
အာဏာရှင်
အသွေးအသားများ
သွားလာလှုပ်ရှား လွတ်လပ်လည်း။
အတွေးဦးနှောက်
ထောင်ချောက်အတွင်း
အကျဉ်းကျနေ …..။ (၁၀ ဇူလိုင် ၂၀၁၈)
မြန်မာနိုင်ငံ၏ ပစ္စက္ခအခြေအနေသည် ကဗျာဆရာကြီး ‘ဟို’ သက်ရှိထင်ရှားရှိစဉ်က အခြေအနေနှင့် မတူသည်မှာ အထင်အရှား၊ အများအသိ၊ ဆန့်ကျင်လျက်ပင် ဖြစ်နေသည်ဟု ပြောရပေမည်။ ကဗျာဆရာအတွက် အနုပညာတစ်ရပ် ဖန်တီးရန်ဆိုသည်မှာ အင်စ်ပရေးရှင်း (Inspiration) ခေါ် နိုးကြွလှုံ့ဆော်မှုလိုသည်။ ထိုအင်စ်ပရေးရှင်းသာ ဖြစ်ပေါ်လာခြင်းမရှိလျှင် အနုပညာကဗျာတို့ မည်သို့မျှ ပေါ်ထွန်းလာစရာ အကြောင်းရှိမည် မဟုတ်။ အထက်ပါကဗျာကို စာဖတ်သူအနေဖြင့် ကြိုက်နှစ်သက်သလို တွေးယူကောက်ချက်ချနိုင်သည်။
(၃) ဤတွင် အင်စ်ပရေးရှင်းမှ မွေးဖွားသန့်စင်လာခဲ့သည့် ‘ရထားလမ်း’ (၁၉၆၀ ရေးသည်) ဟူသော သုံးကြောင်းကဗျာအကြောင်း ရေးလိုပါသည်။ ၁၉၈၅ ခုနှစ်တွင် စာရေးသူ ရေးသားထုတ်ဝေခဲ့သည့် ‘တစ်ပင်တိုင် ကဗျာများ’ ကဗျာစာအုပ်ပါ ကဗျာဖြစ်ကာ ကဗျာဆရာကြီး မင်းသုဝဏ်က စာရေးသူအတွက် ရေးသားချီးမြှင့်ခဲ့သော အမှာစာ၌ ယင်းကဗျာအား ရှုမြင်သုံးသပ်ခဲ့သည်ကို အကျဉ်းပြန်လည်ဖော်ပြပါရစေ။
“ကဗျာစာဆို (စာရေးသူ) သည် အင်ဂျင်နီယာတစ်ဦးလည်းဖြစ်၊ စက်မှုတက္ကသိုလ် ဆရာတစ်ဦးလည်းဖြစ်ပါသည်။ သို့သော်လည်း သူ့မှာ ကဗျာအထုံဝါသနာပါနေသဖြင့် သူတွေ့မြင်သုံးစွဲနေရသော စက်မှုဆိုင်ရာ အရာဝတ္ထု အသုံးအဆောင်တို့ကို အသုံးချ ပစ္စည်းများသက်သက်အဖြစ်သာ မမြင်မူ၍ လောကကြီး အေးအေးငြိမ့်ငြိမ့် သာသာယာယာ လှုပ်ရှားလှည့်ပတ်နိုင်အောင် အသုံးခံတန်ဆာဆင် ပြုပြင်ပေးနေသည့် အလင်္ကာများဖြစ်သည်ဟုလည်း တွေ့မြင်တွေးထင်ကာ အရသာခံစားနေသူလည်း ဖြစ်ပါသည်။ တွေ့နေကျ မြင်နေကျ ရိုးအီနေသောအရာတို့ကို အဆန်းအသစ်ဖြစ်အောင် ဖန်တီးထားခြင်းထက် နှစ်သက်ဖွယ်ကောင်းသော အရာကို အနုပညာတွင် တွေ့ရခဲဘိသည်။ ကဗျာစာဆို မိုးဝါ၏ အောက်ပါသုံးကြောင်းကဗျာကို ကြည့်ပါ။”
ရထားလမ်း
မနီးမဝေးတွင်
ဆုံသည်မြင်လျက်
အသင်မရောက်နိုင်ပါလား။ ။ (၁၉၆၀)
“ဘာများထူးဆန်းပါသလဲ။ ဇလီဖားတုံးပေါ်တွင် မတ်တတ်ရပ်၍ မီးရထားသံလမ်း မျဉ်းပြိုင်နှစ်ခုကို လှမ်းမြော်ကြည့်ပါ။ မဲဇာတောင်ခြေလို လွမ်းစရာလား။ ပွဲခါညောင်ရေလို ပျော်စရာလား။ သဲသာသောင်မြေလို ချစ်စရာလား။ လှမ်းမျှော်ကြည့်လိုက်လျှင် ဇလီဖားတုံးများအကြားတွင် လိပ်သည်းကျောက်များကို မည်းမည်းညစ်ညစ် တွေ့ရမည်။ ခရီးသည်များ စွန့်ပစ်ခဲ့သော စက္ကူစုတ်၊ စလူဖက်၊ ငှက်ပျောရွက်၊ စားကြွင်းစားကျန်တို့ စက်ဆုပ်ဖွယ်ကောင်းသည်။ သို့သော် စာဆိုမိုးဝါသည် မည်သို့တွေ့မြင်၍ မည်သို့တွေးထင်ပါသလဲ။
သံလမ်းမျဉ်းပြိုင်နှစ်ခုသည် တစ်နေရာတွင် ထိသည်ဆိုသည်ကို မြင်ရထင်ရသည်။ ထိုထိရာဆုံရာသို့ ရောက်အောင် လျှောက်သည်။ ထိရာဆုံရာကို မတွေ့ရ။ ဆက်၍ လျှောက်တိုင်းလျှောက်တိုင်း ထိဆုံရာဟု ထင်ရသောနေရာသည် အဝေးသို့ ရွေ့ခွာရွေ့ခွာ သွားလေသည်။ တံလျှပ်ကို ရေထင်သကဲ့သို့ ဖြစ်နေသည်။ ဤသည်ကား လောကမာယာ လှည့်စားခြင်းဖြစ်သည်။ ဤလောကမာယာကို စာဆိုမိုးဝါ တွေ့၍ဖွဲ့လိုက်သည်။ လူတို့သည် ဤလောကမာယာ မြစ်ရေကြောတွင် အစုန်အဆန် စီးပါနစ်မျောလျက် ရှိနေကြသည်။ တရားသဘောနှင့် ပြောရပါလျှင် အနိစ္စကို နိစ္စဟုထင်၊ ဒုက္ခကို သုခဟုထင်၊ အနတ္တကို နတ္တဟု ထင်နေကြသည်။ ဤသံလမ်းကိုကြည့်၍ လက္ခဏာရေးသုံးပါးကို မြင်နိုင်ပါသည်။ အင်ဂျင်နီယာမိုးဝါက ဤသဘောကို တိုတိုနှင့် ပြောဟောလိုက်ခြင်းဖြစ်သည်။”
(၄) စာကြောင်းသုံးကြောင်း၊ လေးကြောင်း၊ ငါးကြောင်းသာပါရှိသည့် ကဗျာအမျိုးအစားမှာ တိုနံ့နံ့ဖြစ်နေသောကြောင့် အရာမရောက်၊ ထိရှခြင်းမရှိဟု ပြောလာပါက ပြောသူ၏တာဝန်သာဖြစ်မည်။ အမှန်စင်စစ် ယင်းတို နံ့နံ့ဟု သမုတ်ခံရသည့် ကဗျာတို့သည်ပင် ရေးသီရာ၌ ဖန်တီးမှုအင်အား များစွာလိုအပ်သည်။ ထို့ပြင် နက်ရှိုင်းသော အတွေးအမြင် အယူအဆ အများအပြား ကဗျာထဲတွင် ပါဝင်နိုင်ရန် ကျစ်လျစ်သိပ်သည်းမှုများစွာ လိုအပ်သည်။ စကားပြေရေးသလို ဖောင်းပွသော စကားလုံးများဖြင့် တန်ဆာဆင်၍ရေးလျှင် တိုတိုနှင့် လိုရင်းရောက်ရန် အလွန်ခက်ပါမည်။ စာရေးသူတွင် အခြားသော ရေးပြီးသား ကဗျာတိုများ ရှိသေးသလားဟု စာဖတ်သူတစ်ဦးက မေးလာသဖြင့် အောက်ပါအတိုင်း အချို့ကို ဖော်ပြပါသည်။
ကမ္ဘာလှည့်များ
ရှုကြည့်စရာ၊ ကုန်နေပါပြီ
ဘာတစ်ခုမှ၊ လှပတွေဝေ
မမြင်ချေဘူး
သေမင်းသာလျှင် စိုးမိုးသည်။ ။ (၁၉၆၃)
တစ်ပွင့်မှ တစ်ပွင့်သို့
တစ်ပွင့်ကြွေမှ
မုန်းသွေမထောက်၊ သင်တစ်ယောက်ရယ်
နောက်ထပ်တစ်ပွင့်ပန်ပေဦး။ ။ (၁၉၆၂)
‘တစ်ပွင့်မှတစ်ပွင့်သို့’ ကဗျာကိုကြည့်ပါ။ အလွန်ရိုးစင်းစွာ ဖွဲ့စပ်ထားသည်ဟု ထင်မြင်ယူဆရပါသော်လည်း လောကရှိ လူ့စရိုက်ကို ဖော်ကျူးထားခြင်းဖြစ်သည်ကို တွေ့ရမည်။ သာမန်အနက်အဓိပ္ပာယ်ကို ကောက်ယူမည်ဆိုလျှင် ချစ်သူရည်းစားက ပထမလူအား ပစ်ခွာသွားကာ နောက်လူပေးသောပန်းကို လက်ခံပန်ဆင်လိုက်သည့် ဖြစ်စဉ်တစ်ရပ်ကို ရေးသားထားခြင်းဟု ယူနိုင်သည်။ သို့သော် ကဗျာစာဆို၏ ရည်ညွှန်းချက် ဆိုလိုရင်းမှာ ယင်းထက်မက လေးနက်ကျယ်ပြန့်သည်။ လူတို့သည် အခွင့်အရေးသာခိုက် အရေးတယူ ပေါင်းသင်းဆက်ဆံမှု ပြုတတ်ကြသော်လည်း အခွင့်အရေးမသာတော့သောတစ်နေ့တွင် အခွင့်သာသည့် နောက်အခြားတစ်နေရာသို့ ‘သာကူး’ သွားတတ်ကြသည့် လူ့စရိုက်ကို ဖွဲ့စပ်ထားခြင်း ဖြစ်သည်။
(၅) ကဗျာတိုများ ရေးဖွဲ့ရသည်မှာ အခြားကဗျာလတ်၊ ကဗျာရှည်များထက် ပိုမိုခဲရာခဲဆစ်ဖြစ်သည်မှာ အထင်အရှားပင်။ တစ်ချိန်က အထူးနာမည်ကျော်ကြားခဲ့သော ကဗျာဆရာကြီးဒေါင်းနွယ်ဆွေ ရေးသားစပ်ဆိုခဲ့သည့် လူသိရှင်ကြား ကဗျာတိုတစ်ပုဒ်ရှိသည်။ ယင်းကဗျာတွင် ပါဝင်အပ်၊ ပါဝင်သင့်သည့် သင်္ကေတအလင်္ကာ၊ နိမိတ်ပုံအလင်္ကာ၊ ရူပကအလင်္ကာ စသည့် အလင်္ကာများ ထည့်သွင်းထားရာ ရေးဖွဲ့သူ၏ နှံ့စပ်မှု၊ ကျွမ်းကျင်လိမ္မာမှုကို ဖော်ပြနေပေသည်။ ‘နောက်ဆုံးရထား’ ကဗျာကို ဒွေးချိုးပုံစံဖြင့် စပ်ဆိုထားသည်ဖြစ်ရာ ကဗျာ၏အတိမ်အနက်နှင့် အလှအပကို ဖတ်ရှုခံစားလိုက်သူတစ်ယောက်အဖို့ အကယ်၍ ကဗျာအား ခေတ်ပေါ်အစပ်အဟပ်ပုံစံ အပါအဝင် အခြားသော စပ်ဆိုနည်းများဖြင့် ရေးစပ်ခဲ့မည်ဆိုပါက ယခုဒွေးချိုးကဗျာလောက် စွဲမက်ဖွယ်ကောင်းအောင် လှပစွာ ဖော်ကျူးနိုင်လိမ့်မည် မဟုတ်ဟု မှတ်ချက်ချရန် သေချာသလောက် ဖြစ်နေပေလိမ့်မည်။
နောက်ဆုံးရထား
အလှကိုရှာ
ဘယ်မှာမှမတွေ့။
တစ်နေ့ အချိန်တန်တော့
ဆူညံညံအသံကြားတယ်
ရထားရွေ့ရွေ့။ ။