(၁)
အဲဒီမြို့ပြင်က လမ်းတွေပေါ် သွားလာရရင်ကိုပဲ စိတ်အနှောက်အယှက်တွေ တွေ့ရတယ်။ သွားလာတဲ့နေရာက ရပ်ကွက်ဖြစ်နေပြီဆိုပေမယ့် အရင်က လယ်ကွင်းနဲ့ တိရစ္ဆာန် စားကျက်တွေဖြစ်ခဲ့လို့ လွှတ်ကျောင်းထားတဲ့ နွားတွေ၊ ကျွဲတွေကို အခုထိ တွေ့နေရသေး တယ်။ တစ်ခါတစ်ခါ နွားအုပ်၊ ကျွဲအုပ်တွေမှာ ထိန်းကျောင်းသူ ပါတတ်ပေမယ့် တစ်ခါတလေမှာတော့ ထိန်းကျောင်းသူ မပါပါဘူး။ ထိန်းကျောင်းသူပါတယ်ပဲဖြစ်ဖြစ်၊ မပါဘူးပဲ ဖြစ်ဖြစ် အဲဒီတိရစ္ဆာန်အုပ်တွေကို ကိုယ့်ဘာသာကိုယ်ပဲ ကြည့်ရှောင်ရတာပါ။
ပါလာတဲ့ ထိန်းကျောင်းသူကလည်း လောက်လေးခွတစ်လက်နဲ့ နောက်ကပါလာပေမယ့် “ဟဲ့ရယ်၊ ဟာ့ရယ်” ငေါက်သံ၊ ခြောက်သံ ထွက်ပေါ်မလာပါဘူး။ နွားအုပ်နောက်က၊ ကျွဲအုပ်နောက်က လိုက်ရုံသက်သက် လိုက်လာတာပဲရှိပါတယ်။
ကျွဲတွေ၊ နွားတွေဆိုတာကလည်း အာရုံခံစား တုံ့ပြန်ပုံက နှေးတာမို့ ရှေ့မှာ ဘာရှိရှိ၊ ဘာတွေ့တွေ့ ဂရုစိုက်လှတာ မဟုတ်ပါဘူး။ ကိုယ့်ဆီပဲ တည့်တည့် တိုးလာနေသလား ကိုယ့်ကိုပဲ ဝင်တိုက်တော့လေမလားတောင် ထင်မှတ်နေရတယ်။ အနားနားရောက်မှ ပွတ် ကာသီကာ ရှောင်ရှောင်သွားတတ်တာ။ သွားရည်တမြန်းမြန်း ကျနေတဲ့ သူတို့နှာသီးဖူးနဲ့ လူကို ထိခမန်း။ သူတို့ချိုနဲ့ လူကိုခတ်ခမန်းပါပဲ။ သူတို့အမြီးတွေကတော့ လူကို မကြာမကြာ တို့ရိုက်သွားတတ်ပါတယ်။
ဒါပေမဲ့လည်း ဒီနွားအုပ်၊ ကျွဲအုပ်တွေကို ကျွန်တော် စိတ်ပျက်ဖို့ မကြိုးစားမိပါဘူး။ စိတ်ဆိုးဖို့ အားမထုတ်မိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က လမ်းကျင့်ဝတ်တွေကို မသိတဲ့၊ ယာဉ်ကျင့်ဝတ်တွေ မရှိတဲ့၊ လူ့ကျင့်ဝတ်တွေ ကို နားမလည်တဲ့၊ ဘာကျင့်ဝတ်တွေကိုမှ စောင့် ထိန်းစရာမလိုတဲ့ နွားတွေကိုး။ သူတို့က ကျွဲတွေကိုး။ သူတို့က ဆိတ်တွေကိုး။ သူတို့က တိရစ္ဆာန်တွေကိုး။ ဒီလိုပဲ ဖြေသိမ့်လိုက်တာပါပဲ။ အဲဒီလို ဖြေသိမ့်လိုက်တော့လည်း ဒေါသတွေ၊ မကျေနပ်တာတွေ မဖြစ်တော့ဘူးပေါ့။
(၂)
ဒါပေမဲ့ ဒီလမ်းတွေကို ဖြတ်ရသန်းရ၊ သွားရလာရ၊ ရပ်ရ နားရတဲ့ နေရာမှာတော့ ကျွန်တော် သိပ်ဘဝင်မကျတာတွေ၊ စိတ် အနှောက်အယှက်ဖြစ်ရတာတွေ ရှိနေပြန်တယ်။ ဒါကိုလည်း ဘယ်လိုနားလည်အောင် တည်ဆောက်ရမလဲလို့ အမြဲပဲ နည်းလမ်းရှာ နေမိပါတယ်။ ဒီလမ်းတွေဆိုတာက ကျဉ်းတယ်။ သွားလာလှုပ်ရှားကြတဲ့ လူတွေက သိပ်သည်းလာတယ်။ အသုံးပြုတဲ့ ယာဉ်တွေ ဆိုတာကလည်း ထူပြောလာတယ်။
မြို့ငယ်ကလေးကနေ မြို့ကြီး၊ ပြကြီးဖြစ်မှုမှာ လူတွေ၊ ယာဉ်တွေကသာ ဖောင်းပွမှု လူကြီးဝတ်ရုံကို ခြုံထားကြတာ။ လမ်းတွေ အကုန်လုံးကတော့ ကလေးဝတ်ဘောင်းဘီလေးကို မဆံ့မပြဲ ဝတ်ထားတုန်းရှိသေးတာ။ အဲဒီထက်ဆိုးတာက လူကြီးဝတ်ရုံကို ခြုံထားကြတဲ့ လူတွေ၊ ယာဉ်တွေ အားလုံးလိုလိုဟာ (တချို့ကတော့ ဒီအထဲမပါပါဘူး ) သူငယ်နာ မစင်သေးတဲ့ ကလေးတွေလို ချိုလိမ်ကလေးတွေကို စည်းစနစ်ကင်းမဲ့စွာ အသုံးပြုနေတုန်း ရှိသေးတာ။
မီးနီပြထားလည်း မောင်းချင် မောင်းတယ်။ အဖြူအနီကျားမှာလည်း ယာဉ်ရပ်ချင်ရပ်တယ်။ နှစ်ထပ်ဖြစ်နေလည်း ရပ်တယ်။ လမ်းပြောင်းပြန်လည်း မောင်းလို မောင်းတယ်။ မီးပွိုင့်ဆိုတာ အနီရောင်၊ အဝါရောင်၊ အစိမ်းရောင်ဆိုတာကို အားအားယားယား ပြနေဖို့သက်သက်လိုပဲ သဘောထားကြတယ်။ ဒါမှမဟုတ်ရင်လည်း အနီနဲ့ အစိမ်းကို လွဲမှားမြင်နေတဲ့ ကာလာဘလိုင်းတွေ ဖြစ်နေကြတယ် ထင်တယ်။ ဒါတွေကို ကြည့်ပြီး မြို့ပြ ယဉ်ကျေးမှုဟာ သူငယ်ပြန်သွားတာလားလို့တောင် တွေးကြည့်မိတယ်။ ပြီးမှမဟုတ် လောက်ဘူးလို့ ပြန်စဉ်းစားမိတယ်။
တကယ်တော့ မြို့ပြယဉ်ကျေးမှုဆိုတာမျိုးဟာ ကျွန်တော်တို့ ဒီလမ်းတွေပေါ်မှာဆို ပုခက်ထဲကကို မထွက်နိုင်သေးတာလို့ ပြောရမယ့် အခြေအနေမျိုးလို့ တွေးမိသွားတယ်။ အနှီးထုပ်ကြားက မြို့ပြယဉ်ကျေးမှုလေးဟာ သိပ်ကို သူငယ်ဆန်လွန်းနေတယ်။ ဒီလမ်း တွေပေါ်မှာ မြို့ပြယဉ်ကျေးမှုဆိုတာ လူပျောက်ရှာဖို့ ရှားလော့ဟုမ်းဆီ အပ်ထားရမယ့် အမှုမျိုးပါ။ တကယ်တမ်းပြောရရင်တော့ ဒီလမ်းတွေကို အသုံးပြုသူတွေအားလုံးဟာ အတ္တကို ဗဟိုပြုပြီးတော့ သုံးစွဲနေကြတာပဲလေ။ ကျင့်ဝတ်တွေကို မျက်ကွယ်ပြုပြီးတော့ အသုံးပြုနေကြတယ်။ စောင့်စည်းအပ်တယ်ဆိုတဲ့ ကိုယ်ကျင့်တရားကိုကျတော့ ဝတ်လစ်စလစ်ပဲ ထားပစ်ကြတယ်။
(၃)
ဒီလမ်းတွေပေါ်မှာ ငါ ဒီလိုလုပ်ရင် သူတို့ အဆင်ပြေပါ့မလားဆိုတာကို စဉ်းစားဖို့ အပလီကေးရှင်း ပါမလာဘူး။ သူတို့ရဲ့မန်မိုရီထဲမှာ ဒါကို စဉ်းစားပေးဖို့ ထည့်ပေးမထားကြဘူး။ အများနဲ့သက်ဆိုင်တဲ့လမ်းဆိုတဲ့ ပရအမြင်စိတ်တွေကို ဒေါင်းလုဒ်လုပ်ထားကြ ဟန်မတူဘူး။လမ်းပေါ်က အများစုဟာ အတ္တကိုသာ Save ထားကြတယ်။ အဆင်အခြင်မဲ့ခြင်းနဲ့ ပရမ်းပတာပြုခြင်းတွေကိုသာ တစ်ဦးနဲ့တစ်ဦး ရှဲနေကြတယ်။ ပိုပိုပြီး အဆိုးရွားဆုံး ဖြစ်ဖြစ်လာတာကတော့ လူငယ်တွေရဲ့ သီးကင်းမှည့် အပြုအမူတွေလေ။ မှည့်တယ်လို့ သူတို့ကိုယ်သူတို့ ထင်နေကြပေမယ့် တကယ့်တကယ်က ဖန်တွတွ နိုင်လွန်းတယ်။ သူတို့ရဲ့ အပြုအမူတွေက ကမ္ဘာဦးကို ပြန်လျှောက်သွားနေသလိုပါပဲ။
သူတို့ဟာ သူတို့ကြောင့် လမ်းပေါ်မှာ ဆူညံပြီး ကျန်ရစ်ခဲ့တာကို မျှော်လင့်ကြတယ်။
ဒါကို ရူးသွပ်ကြတယ်။ ဒါကို နှစ်မြို့ကြတယ်။ ဒါကို ကမ္ဘာဦးတုန်းက မစားနဲ့ဆိုတဲ့ အသီးကိုစားခဲ့ကြသလိုမျိုး ဝါးမျိုခဲ့ကြတယ်။ အပြစ်တွေဟာ ဝမ်းထဲမှာ မျိုကျနေပြီ။ ဒါ့ကြောင့်လည်း လက်ဆွဲနှုတ်ဆက်ခြင်း မပေါ်သေးတဲ့အစ ပထမ အကြမ်းကမ္ဘာတစ်ခုက ခရီးသွားတွေ ရဲ့မျက်နှာပေးမျိုးနဲ့ လမ်းတွေပေါ်မှာ လက်ရဲဇက်ရဲ တက်ဖြဲနေကြတာ။ တွေ့ရာမြင်ရာကို ရန်လိုနေကြတယ်။ သူတို့တစ်တွေ ရှိနေတဲ့ လမ်းဟာ ကျွဲအုပ်၊ နွားအုပ်တွေ တွေ့ရတတ်တဲ့ လမ်းတွေထက်၊ မတက်မနေရ အစည်းအဝေး ဖိတ်စာတစ်စောင်လို အန္တရာယ်ဟာ ကိုယ့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာနိုင်တာ။ ဒါဟာ ဘဝအလိုမကျတဲ့ ဝေဒနာ အရင်းခံကြောင့်ပဲလား။ စနစ်တစ်ခုရဲ့ ရိုက်ချက်ကြောင့် လွင့်စင်ကျသွားတဲ့ စရိုက်လက္ခ ဏာတွေလား။ ခေါင်မလုံတဲ့ အိမ်အိုကြီးမှာ နေနေရလို့လား။
(၄)
ဟိုး ခပ်လှမ်းလှမ်းလမ်းဘေးမှာ မန်ကျည်းပင်ကြီးရဲ့ အရိပ်အာဝါသ ကောင်းတာ အတွေ့သားပါ။ ဒါပေမဲ့ အဲဒီနေရာလေးမှာ ခဏနားဖို့ဆိုတာက အခက်သား။ အများပိုင်လမ်းဖြစ်ပေမယ့် ဆွမ်းလောင်းဓမ္မာရုံတစ်ခုက လမ်းပေါ်တက်ပြီး ရာဇမတ်ကွက်ကို အခိုင်အခန့်ကာထားလို့ အများပိုင်အဖြစ်ကနေ သက်ဆင်းသွားရပါပြီ။
နေရိပ်မှာခိုရင်း ချွေးသိပ်ချင်ပေမယ့် အတ္တမြွေဆိုးကို ကြောက်လို့ နေပူပူမှာပဲ ခပ်ငူငူ ရပ်လိုက်တော့တယ်။ ဒီလမ်းတွေမှာ ဘယ်တော့များမှ ပရတေးကို မူပိုင်ဆိုခွင့်ရမှာလဲ။