ငါတို့ရွာရှိ စာသင်ကျောင်းကလေးအကြောင်းကို ပြောရပေဦးမည်။ စာသင်ကျောင်းကလေးသည် ငါတို့ရွာသို့မဝင်မီ ပေတရာလမ်းမ တစ်ဖက်တွင် တည်ရှိသည်။ မိုးဦးကျကာစ ကာလများတွင် ငါတို့သည် စာသင်ကျောင်းကလေးဆီသို့ စာသင်နှစ်တစ်နှစ်၏ အဦးအစအဖြစ် သွားရောက် ပညာသင်ယူကြရသည်။ စာသင်ကျောင်းကလေးသည် စတုတ္ထတန်းအထိသာ ခွင့်ပြုသော မူလတန်းကျောင်းကလေး ဖြစ်ပါသည်။ ငါတို့ရွာရှိ ကလေးတစ်တွေ အကုန်လုံးနီးပါးသည် စာသင်ကျောင်းကလေးမှာသာ တက်ရောက်ကြရသည်။ ငါတို့ရွာအနီးအနားတွင် အခြားစာသင်ကျောင်းဟူ၍ မရှိချေ။ ပဉ္စမတန်းကို တက်ရောက်သွားသူများကတော့ ရွာမှ အတန်ငယ်ဝေးလံသော အလယ်တန်း၊ အထက်တန်းကျောင်းများဆီသို့ ကွဲပြားရောက်ရှိသွားသည်။ ငါတို့အားလုံး ကျောင်းဝတ်စုံအဖြစ် အင်္ကျီအဖြူ ဘောင်းဘီလုံချည် အစိမ်းကို ဝတ်ဆင်ကာ စာသင်ကျောင်းကလေးဆီသို့ ခြေကျင်သာ လျှောက်သွားကြသည်က များပါသည်။ ကျောင်းသူကျောင်းသား အနည်းငယ်ကသာ စက်ဘီးဖြင့် ကျောင်းတက်ကြ၏။
စာသင်ကျောင်းကလေး၏ မြေပြင်အကျယ်သည် တစ်ဧကခန့်သာ ကျယ်ဝန်းပြီး စာသင်ကျောင်းကလေးမှ ဆရာ၊ ဆရာမများသည် ငါတို့အပေါ် အမြဲတစေ နွေးထွေးကြင်နာစွာ ဆက်ဆံကြသည်။ စာသင်ကျောင်းကလေးတွင် တက်ရောက်ကြသော ကျောင်းသားကျောင်းသူအားလုံး ငါတို့ရွာကချည်းတော့ မဟုတ်ချေ။ ငါတို့ရွာကကလေးများ အပြင် ငါတို့ရွာနှင့်ကပ်လျက် နှစ်ရွာ သုံးရွာခန့်က ကလေးများလည်း လာတက်ကြသည်။ စာသင်ကျောင်းကလေး၏ ပင်မကျောင်းဆောင်သည် ဝေဟင်ပေါ်က ကြည့်လျှင် အင်္ဂ လိပ်အက္ခရာ 'E' ပုံသဏ္ဌာန်ဖြစ်သည်။ ပင်မကျောင်းဆောင်အပြင် ထပ်မံဆောက်လုပ်ထားသော အဆောင်ငယ်တစ်ခုလည်း ရှိသေးသည်။ ပင်မကျောင်းဆောင်သည် အကျယ် ၁၀ ပေ၊ အရှည်ပေ ၆၀ ခန့်ရှိပြီး ပျဉ်ကာသွပ်မိုး အဆောက်အအုံလေး ဖြစ်ပေသည်။ ကြမ်းခင်းသည် သစ်သားဖြစ်ကာ မြေကြီးနှင့် သုံးပေခန့် ခွာထားသည်။ အဆောင်ငယ်မှာမူ ထရံကာသွပ်မိုး ပျဉ်ခင်း ဖြစ်သည်။
စာသင်ကြားနေစဉ်အတွင်း ငါတို့၏ ခဲတံများ၊ ကျောက်တံများသည် ကြမ်းပြင်တစ်ချပ်နှင့် တစ်ချပ်ကြား ခြားထားသော ကျယ်လွန်းသည့် အချို့ အဟအစပ်များမှနေ၍ မကြာခဏ လိမ့်ကာလိမ့်ကာ ပြုတ်ကျသွားတတ်သည်ကို ငါ ပြန်အောက်မေ့မိ၏။ ကြမ်းပြင် အပေါက်မှ ကုန်း၍ငုံ့ကြည့်လိုက်လျှင်ကား မြေကြီးပေါ်ကျနေသော ငါ့ခဲတံကို မြင်ရလေသည်။ ငါသည် ဆရာမကိုခွင့်ပန်ကာ ကျောင်းအောက်သို့ ခဲတံကောက်ရန် ဆင်းရသည်။ ကျောင်းဆောင်ပေါ်မှ အတက်အဆင်းကို ကျယ်ပြောသော သစ်သားလှေကားဖြင့် ဆင်းတက်ရသည်။ ကျောင်းအောက်သို့ ရောက်သည့်အခါ မြေကြီးပေါ်၌ ငါ့ခဲတံသာမက အခြားကျောင်းသားများ၏ ခဲတံ၊ ကျောက်တံ၊ ပေတံ၊ ခဲဖျက်တို့ကို တွေ့ရလေ့ရှိသည်။ ထိုအခါမျိုးတွင် မည်သည့်ကျောင်းသားမဆို တွေ့သမျှ စုစည်းကောက်ယူ၍ ဆရာမထံ ငါတို့ ပြန်အပ်ကြရသည်။
ကျောင်းဖွင့်စ မိုးကာလများတွင် ငါတို့ လွယ်အိတ်များသည် ကျောင်းစာအုပ်များ၊ ကျောက်သင်ပုန်းများအပြင် မိုးကာအင်္ကျီများ၊ မိုးကာစများဖြင့် ပြည့်ဖောင်းနေတတ်သည်။ ထီးယူလာသော ကျောင်းသားမှာ အရေအတွက် နည်းပါးလှပြီး ငါအပါအဝင် ကျောင်း သားအများစုသည် စားပွဲခင်း မိုးကာစများကိုသာ ယူဆောင်လာကြသည်။ မိုးသည်းထန်သော ကျောင်းဆင်းရက်အချို့တွင် ငါတို့သည် စားပွဲခင်း မိုးကာစအောက်တွင် သူငယ်ချင်း သုံးလေးယောက် ခိုဝင်ကာ တရွေ့ရွေ့ အိမ် ပြန်ကြရပုံများကို ယခုတိုင် ငါ ပြန်မြင်ယောင် နေမိသည်။ ရွာသွန်းနေသော မိုးစက်များအောက်၌ စာသင်ကျောင်းကလေး တည်ရှိနေပုံမှာလည်း သက်ငြိမ်ပန်းချီကားလေး တစ်ချပ်ပမာ။
စာသင်ကျောင်းကလေး၏ နောက်ကျောဘက်တွင် အတန်ငယ် ပြန့်ပြူးသော မြေကွက်လွတ်တစ်ခု ရှိသော်လည်း မိုးအခါ ရေဝပ်သဖြင့် ဆောင်းအခါကျမှသာ ငါတို့အတွက် ကစားကွင်းဖြစ်ရသည်။ ငါတို့အတွက် အချို့သော ကစားနည်းများမှာလည်း စာသင် ကျောင်းကလေးတွင် ကစား၍ အဆင်မပြေချေ။ ဥပမာ ဖိနပ်ပစ်တမ်းလို ဖိနပ်ကို လက်ဖြင့် ကိုင်ပစ်ရသည့် ကစားနည်းမျိုး၊ ပိုက်ဆံပစ်တမ်းလို လောင်းကစားဆန်သော ကစားနည်းမျိုး။ ထို ကစားနည်းများကိုတော့ ငါတို့သည် ရွာ၌သာ ကစားရပေသည်။ သားရေပင်ကို သဲပုံထဲ အကွင်းလိုက် မြှုပ်ပြီး အုန်းတံမြက်စည်းရိုးဖြင့် ထိုးကာထိုးကာ ကစားရသော ကစားနည်းသည် စာသင်ကျောင်းကလေးမှာ ငါတို့ တရားဝင် ကစားခွင့်ရသည့် ပေကျံမှု အများဆုံးသော ကစားနည်းပင်တည်း။
စာသင်ခန်း ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်တွင် ရွာသွန်းနေသော မိုးရေစက်များအား ငေးကြည့်ရသည်ကို ငါ အင်မတန် နှစ်ခြိုက်သည်။ ငါတို့သည် စာသင်ချိန်တစ်ခု နှင့်တစ်ခု အကူးအပြောင်း သင်ကြားပေးမည့် ဆရာ၊ ဆရာမ ရောက်ရှိမလာသေးသခိုက် ပြတင်းပေါက်များမှနေ၍ ငါတို့၏ ကျောက်သင်ပုန်းများကို ဆန့်ထုတ်ကာ တံစက်မြိတ်မှ ကျဆင်းနေသည့် မိုးရေစက်များအောက် ထိုးခံကြသည်။ ရံဖန်ရံခါ ထမင်းစားကျောင်းဆင်းချိန်တွင်ဖြစ်စေ၊ မုန့်စားကျောင်းဆင်းချိန်တွင်ဖြစ်စေ မိုးက ရုတ်တရက် ဝေါခနဲ ရွာသွန်းလိုက်သည်တွင် ငါတို့တစ်တွေ ကလေးများသည် ကျောင်းပေါ်သို့ သူ့ထက်ငါ အလုအယက် ပြေးတက်ကြရသည်။ မိုးဆက်တိုက် ရွာသွန်းသော နေ့ရက်များတွင်မူ ငါတို့သည် ပျင်းရိစွာ စာသင်ကြားကြရသည်။ ထိုအခိုက် အတန့်များတွင် ဆရာမတိုင်ပေးသော စာ များအား ငါတို့သည် မိုးသံကို ထိုးဖောက်မတတ် အတင်း အာခေါင်ခြစ်ကာ လိုက်အော်တတ်ကြသေးသည်။
စာသင်ကျောင်းကလေးတွင် ငါတို့တစ်တွေ အပျော်ရွှင်ရဆုံး အချိန်သည် မုန့်စား ကျောင်းဆင်းချိန်ဖြစ်သည်။ တိုတောင်းလှသော မုန့်စားဆင်းချိန်လေးအတွင်း ငါတို့သည် ထွေပြားစုံလင်သော အမှုတို့ကို ပြုကြကုန်သည်။ ငါတို့ထံတွင် နောက်ဆုံးကျန်ရှိသော ငွေအကြွေလေး တချို့တလေနှင့် မုန့်လည်း ဝယ်စားသည်။ လက်သီးထိုးတမ်းလည်း ကစားသည်။ စာကြည့်တိုက်ဖွင့်ထားလျှင် ရွှေသွေးလည်း သွားဖတ်သည်။ မုန့်ဈေးတန်းတွင် ငါတို့ ဝယ်စားလေ့ရှိသည်မှာ သင်္ဘောသီးသုပ်လို ရှူးရှူးရှဲရှဲ အစပ်မျိုးမှသည် မာလကာသီး၊ သစ်တော်သီးလို တဂျွမ်းဂျွမ်း ကိုက်ဝါးရသော သစ်သီးများနှင့် မန်းကျည်းစေ့လှော်လို တမြုံ့မြုံ့ဝါးရသော စားစရာမျိုးအထိ စုံလင်လှသည်။ ကစားစရာ အရုပ်များမှာမူ အမြဲမရှိ။ အရေပြားမှာ ရေစွတ်ကပ်ရသော ဆေးမင်ကြောင်ရုပ်များ၊ ဝင်ရိုးတပ် သံပြား ပန်ကာလေးများ၊ တမံသလင်းပေါ် ကြိုးဆွဲ မောင်းနှင်ရသော ဘယ်မှမရွေ့သည့် ခဲဘီးတပ် မော်တော်ဆိုင်ကယ်ရုပ်များ စသည်တို့ ဖြစ်သည်။ တစ်ခါတစ်ရံ စာသင်ကျောင်းကလေးနှင့် ကပ်လျက် ဘုန်းတော်ကြီးကျောင်း မြေထဲတွင် လာရောက်ရောင်းချသော ဂျုံရုပ်ကလေးများကိုလည်း ငါတို့ သွားငေးတတ်ပေ သေးသည်။
နိုင်ငံတော်အလံ အလေးပြုရသောနေ့ မျိုးတွင် ငါတို့သည် စာသင်ကျောင်းကလေးသို့ အခါတိုင်းထက် စောစီးစွာ လာကြရသည်။ ရံဖန်ရံခါတွင်မူ မြက်နုတ်ခြင်း၊ အမှိုက်ကောက်ခြင်း စသည့် ကျောင်းသန့်ရှင်းရေးများကို ပြုလုပ်ကြရသည်။ ဗုဒ္ဓဘာသာ နေ့ထူးနေ့မြတ် များ ရောက်ပြီဆိုလျှင် ဆရာ၊ ဆရာမတို့သည် မိမိတို့ တာဝန်ယူရသော အတန်းများမှ ကျောင်းသားများကို ဦးဆောင်ကာ သတ်မှတ်ထားသော ဘုန်းတော်ကြီးကျောင်းရှိရာသို့ သွားကြရသည်။ ငါတို့တစ်တွေ ကျောင်းသားလေးများသည် နှစ်ယောက်တစ်တွဲ လက်များတွဲလျက် ညီညာစွာ စီတန်း၍လျှောက်ကြရသည်။ ငါတို့သည် ဘုန်းတော်ကြီးကျောင်းသို့ ရောက်လျှင် ကျောင်းထိုင် ဆရာတော်ဘုရားကြီးများထံမှ ငါးပါးသီလခံယူခြင်း၊ သီလဆောက်တည်ခြင်းများကို ဆရာ၊ ဆရာမများ၏ ဦးဆောင်မှုဖြင့် ပြုလုပ်ကြရသည်။ ငါတို့ သွားရောက်ရသော ဘုန်းတော်ကြီးကျောင်းများကား တစ်ခေါက်နှင့်တစ်ခေါက် မတူညီကြချေ။ အချို့ ဘုန်းတော်ကြီးကျောင်းများကား များစွာ အလှမ်းဝေးလှသည်။ အချို့ဘုန်းတော်ကြီးကျောင်းများကား သိပ်မသွားရ။ အချို့ဘုန်း တော်ကြီးကျောင်းများကား ခမ်းနားထည်ဝါသည်။ အချို့ ဘုန်းတော်ကြီးကျောင်းများကား ဆင်းရဲနွမ်းပါးလှပေ၏။
ဆောင်းရက်များ ရောက်ရှိလာပေပြီ။ ငါတို့ခန္ဓာကိုယ်ပေါ်မှာ အနွေးထည်များဝတ်လျက် စာသင်ကျောင်းကလေးဆီ သွားကြရပြီ။ ငါတို့ ကျောင်းလွယ်အိတ်ထဲတွင် မိုးကာ အင်္ကျီများ၊ စားပွဲခင်းမိုးကာစများလည်း မပါရှိတော့ချေ။ ငါတို့ ကျောက်သင်ပုန်းများကိုလည်း ကျောင်းတံစက်မြိတ် မိုးရေစက်များ ဖြင့် ဆေးကြောခွင့်မရှိတော့ပြီ။ ထိုအစား ကျောက်သင်ပုန်းပင်ဟု ငါတို့ဘာသာ နာမည်ပေးထားသော အလေ့ကျ ပေါက်ပင်လေးများကို ရှာဖွေနုတ်ယူကြသည်။ ရိုးတံကြည်လင်ပြီး အရည်ရွှမ်းသော မြက်ပင်သာသာ အပင်ငယ်လေးတွေ ဖြစ်ပါသည်။ ငါတို့သည် ထိုအပင်လေးများကို ဆုပ်ခြေလိုက်ခြင်းအားဖြင့် ထွက်လာသော အရည်ဖြင့် ကျောက်သင်ပုန်းပေါ်က ကျောက်တံရာတွေကို ဖျက်ကြပြန်သည်။ စာသင်ကျောင်းကလေးဆီ သွားရာလမ်းတစ်လျှောက် မြက်ပင်ထိပ်ဖျားများသည်ကား နှင်းရည်ရောင် တလဲ့လဲ့။
ဘာသာရေးပွဲများ ရှိသည့်အနက် စာသင်ကျောင်းကလေး အလုပ်ရှုပ်ဆုံးအချိန်သည် ကျောင်းကထိန်ပင် ဖြစ်သည်။ ဆရာ၊ ဆရာမများအပြင် အချို့သော ကျောင်းသား မိဘများပါ စာသင်ကျောင်းကလေးသို့ စုစည်း ရောက်ရှိလာကြကာ တက်ညီလက်ညီ လုပ်ကိုင်ကြသည်။ ထိုနေ့ရက်များတွင် ငါတို့တစ်တွေ ကလေးများသည် စာသင်ကြားမှုနည်းပါးသဖြင့် လွတ်လပ်နေကြသည်။ ငါတို့သည် ဆင်ယင်လက်စ ပဒေသာပင်များအနီး သွားရောက်စပ်စုကြသည်။ တစ်ဦးနှင့်တစ်ဦး ဘယ်လောက် လှူဒါန်းကြောင်း ကြွားဝါကြသည်။ ကထိန်ခင်းသည့်နေ့ကတော့ အပျော်ဆုံးပါပင်။ ငါတို့သည် ပဒေသာပင်များကို စီတန်း သယ်ဆောင်၍ သတ်မှတ်ထားသော ဘုန်းတော်ကြီးကျောင်းရှိရာသို့ သွားကြသည်။ စာသင်ကျောင်းကလေး၏ ဘုံကထိန်သည် ဝေစည်သော်လည်း ဆူညံမှုနည်းပါးသည်။ ဖျော် ဖြေရေးဆို၍ အိုးစည်ဒိုးပတ်ဝိုင်းလေး တစ်ဝိုင်းလောက်သာ ပါပေသည်။ ရံဖန်ရံခါ ဦးရွှေရိုးနှင့်ဒေါ်မိုးနှစ်ယောက် အဆစ်ပါလာတာပဲရှိ၏။
နှစ်ကာလများစွာကို စည်းချက်မှန်မှန် ဖြတ်သန်းလာခဲ့သော စာသင်ကျောင်းကလေးသည် ငါတို့ တက်ရောက်ပြီး မကြာမီမှာပင် လပေါင်းများစွာ ပိတ်သွားရန် အကြောင်းဖန်ခဲ့သည်။ ကြာမြင့်လှသော ကျောင်းပိတ်ရက် ရှည်ကြီးတစ်ခုကို ငါတို့ ဖြတ်သန်းခဲ့ရသည်။ နေရောင်ခြည်အောက်က အလံတလူလူဖြင့် စာသင်ကျောင်းကလေးဆီ ငါတို့တစ်တွေ ကျောင်းသားများ မရောက်နိုင်ခဲ့သော နေ့ရက်များပါပေ။ ကကြီး ခခွေးသံများအစား ဂျင်ကလိသံ တဝှီးဝှီးကို ငါတို့ နားစွင့်ထားရသည်။ မောင်ရေခဲ ကဗျာရွတ်သံအစား ဆိုင်းဘုတ်ကိုင် ကြွေးကြော်သံများ ငါတို့ ကြားရသည်။ မပုကြွယ်နှင့် ခရုငယ်အစား ဦးမောင်မောင်နှင့် ဗိုလ်ချုပ်နေဝင်း နာမည်များ လျှံကာနေသည်။ ငါသည် စာသင်ကျောင်းကလေး၏ စာကြည့်တိုက်ဆီမှ အရေအတွက် မများလှသော ကာတွန်းစာအုပ်ငယ်လေးများကို လွမ်းနေမိခဲ့သည်။