Photo း StockSnap
ဒီညနေခင်းတွေထဲ အဓိပ္ပာယ်မဲ့ မျောလွင့်နေခဲ့မိတာ တော်တော်ကြာပြီပဲ။ ညနေ ၅ နာရီ နောက်ပိုင်းဆိုရင် ဒီနေရာလေးကနေ တစ်မြို့လုံးကို အပေါ်စီးက ကျွန်တော် ငေးကြည့်နေကျ။ ကျွန်တော် လက်ရှိတည်းခိုနေတဲ့ ဘုန်းကြီးကျောင်းလေးရဲ့ဘေးမှာ ဆောက်လက်စ သုံးထပ်တိုက်ကျောင်းကြီးတစ်ခု ရှိတယ်။ အလှူရှင်တွေ မပေါ်သေးတာကြောင့် အကြမ်းထည်ဘဝနဲ့ပဲ ရပ်တန့်နေရတဲ့ အဲဒီသုံးထပ်တိုက်ကျောင်းကြီးရဲ့ အပေါ်ဆုံးထပ်ကနေ မြို့ကလေးကို ငေးကြည့်ရတာဟာ ကျွန်တော့်အတွက်တော့ အရသာတစ်မျိုးပါပဲ။ ဟုတ်ပါတယ်။ ညနေဘက်တွေဆိုရင် တစ်ခုခုကို လွမ်းသလိုဆွေးသလိုနဲ့ ကျွန်တော်ငေးမောနေတတ်ခဲ့တာ တော်တော်ကြာပါပြီ။ တကယ်တော့လည်း အသိုက်အမြုံနဲ့ ဝေးနေတဲ့ လေလွင့်ငှက်တစ်ကောင်ရဲ့ အတွေးတွေဟာ ဆွေးရိပ်သန်းနေခဲ့တာ သိပ်ပြီးမထူးဆန်းလှပါဘူး။
အဓိပ္ပာယ်မဲ့ ညနေခင်းတွေပဲလို့ ကျွန်တော် မကြာခဏ ရေရွတ်မိတယ်။ ‘အကျည်း တန်လှချိန်’ လို့ ဆိုကြတဲ့ ညနေခင်းအချိန်တွေဟာ ကျွန်တော့်အတွက်တော့ ဘယ်လိုမှ ဆွဲဆောင်မှု မရှိခဲ့ပါဘူး။
ပြောရမယ်ဆိုရင်တော့ မနက်က စားမကုန်လို့ ကျန်နေတဲ့ ထမင်းကြမ်း တစ်ခဲလိုပါပဲ။ ပူပူနွေးနွေး ထမင်းဝိုင်းလေးနဲ့ ဝေးနေတဲ့ အချိန်မှာ အေးစက်စက် ထမင်းကြမ်းတစ်ခဲကိုပဲ ကြိတ်မှိတ်မျိုချနေခဲ့ရသလိုပါ။ အဲဒီလို ညနေခင်းတွေထဲ ကျွန်တော်ဟာ အဓိပ္ပာယ်မဲ့ ငေးမော၊ ကျွန်တော့်အတွေးတွေဟာလည်း အဆီးအတားမရှိ မျောလွင့်ရင်းသာ။
သုံးထပ်တိုက်ကျောင်းကြီးရဲ့ အပေါ်ဆုံး ထပ်ကနေ မြို့ကလေးကို ဖြန့်ကြည့်မိတော့ ညနေဆည်းဆာအောက်မှာ ရွှေရောင်ဝင်း လက်နေတဲ့ မြို့ဦးစေတီကလေးကို အရင်ဆုံး ဖူးမြင်လိုက်ရတယ်။ ပျံ့လွင့်နေတဲ့ အာရုံတွေကို တစ်ချက်လောက် စုစည်းကြည့်မိတော့ ဆည်းလည်းသံသဲ့သဲ့ကို ကြားနေရသလို တစ်ချက်တစ်ချက်မှာ ခေါင်းလောင်းထိုးသံ သဲ့သဲ့ကလေးလည်း ကြားနေရသလိုပါပဲ။ ပြုခဲ့သမျှ ကုသိုလ်အစုစုအတွက် တစ်စုံတစ်ယောက်ဟာ ခေါင်းလောင်းထိုးပြီး အမျှဝေနေမှာပဲလို့ ကျွန်တော်တွေးမိတယ်။ နောက်ပြီးတော့ တစ်ဆက်တည်းမှာ ကျွန်တော့်အတွက် တိုးသဲ့သဲ့လေး ဆုတောင်းနေမယ့် အသံလေးတစ်ခုတော့ ဒီကမ္ဘာထဲ ရှိနေသေးပါလားရယ်လို့ ကျွန်တော် တွေးဖြစ်သေးတယ်။ ကိုယ့်ကိုယ်ကိုယ်ထက် တခြားတစ်ယောက်ကို ပိုချစ်တတ်ရှာသူ ကျွန်တော့်အမေဆိုတဲ့ အမျိုးသမီးကြီးကတော့ အခုလို နေဝင်ကာစ ညနေခင်းတိုင်းမှာ ဆီမီး၊ အမွှေးတိုင် ပူဇော်ထွန်းညှိရင်း၊ ဘုရားရှိခိုး မေတ္တာပို့ရင်းနဲ့ပဲ ပြန်မလာ နိုင်သေးမှန်း သိသိကြီးနဲ့ ကျွန်တော့်ကို မျှော်နေရှာလိမ့်ဦးမယ်။ အဲဒီအချိန် တိုက်ခတ်လာတဲ့ လေပြေထဲမှာ သင်းပျံ့ပျံ့ရနံ့တစ်ခုကို ကျွန်တော်ရရှိလိုက်တယ်။ အဲဒီရနံ့ကလေး ဆိုတာကလည်း မျှော်လင့်ခြင်းသင်းရနံ့တွေကလွဲရင် တခြားဘာများ ရှိဦးမှာတဲ့လဲ။ ကမ္ဘာ ဦးအစတည်းက ကမ္ဘာ့လေထုထဲ ပျော်ဝင်ပျံ့လွင့်နေတဲ့ မျှော်လင့်ခြင်းရနံ့တွေဟာ ကမ္ဘာဆုံးတဲ့အထိ တည်ရှိနေဦးမှာပဲလို့လည်း ကျွန်တော်က ထင်မြင်ယူဆလိုက်မိတယ်။
မြို့ဦးစေတီကလေးကနေ အကြည့်တွေကို လွှဲဖယ်လိုက်တယ်။ ဘာရယ်မဟုတ် အမြင်အာရုံထဲ တိုးဝင်လာတာ ဟိုးအမြင့် ကောင်းကင်ထက်က ပုံစံအမျိုးမျိုးနဲ့ မျောလွင့်နေတဲ့ တိမ်တွေ။ တိုက်ခတ်နေတဲ့ လေစီးကြောင်းအတိုင်း လွင့်ပါးနေကြတဲ့ တိမ်တွေဟာ အိမ်ပြန်နေကြတာလည်း ဖြစ်နိုင်ပါသေးတယ်။ ရည်ရွယ်ရာအရပ်ဆီကို ပြန်ရောက်ကြတာလည်းရှိ၊ မရောက်နိုင်ကြတာလည်းရှိနဲ့ အိမ်ပြန်ဖို့အတွက် ကြိုးစားအားထုတ်နေကြတဲ့ တိမ်တွေကို အခုလို ညနေခင်းအချိန်တွေမှာ မကြာခဏဆိုသလို ကျွန်တော် မြင်တွေ့နေကျဖြစ်တယ်။ တိမ်တွေကို ငေးကြည့်နေရင်းက ကျွန်တော့်စိတ်ထဲ တစ်စုံတစ်ခုကို အမှတ်ရမိတယ်။ ဟိုတလောက အသိကဗျာ ဆရာတစ်ယောက်က ကဗျာလေးတွေ အင်တာနက်မှာ ရေးတင်ဖူးတာ ကျွန်တော်ဖတ်လိုက်ရတယ်။ ကဗျာစာသားတွေကို အကုန်အစေ့ ကျွန်တော် နားမလည်ခဲ့၊ မမှတ်မိခဲ့ပေမဲ့ ကဗျာခေါင်းစဉ်ကလေးကတော့ ကျွန်တော့်ရင်ထဲ စွဲထင်သွားခဲ့တယ်။ အခု တိမ်တွေကို ငေးကြည့်နေရင်းမှ တိုက်တိုက်ဆိုင်ဆိုင် အဲဒီကဗျာခေါင်းစဉ် စာကြောင်းကလေးကို ဖျတ်ခနဲ ကျွန်တော် သတိရမိတယ်။ ‘အဆင်မပြေလို့ အိမ်မပြန်ဖြစ်သေးတဲ့တိမ်တွေ’ တဲ့။
အိမ်ပြန်နေကြတဲ့ တိမ်တွေရှိရင် အိမ်မပြန်ဖြစ်သေးတဲ့ တိမ်တွေလည်း ရှိနေနိုင်သေးတာပဲ မဟုတ်လား။ နောက်တစ်ခုကလည်း အကြောင်းအမျိုးမျိုးကြောင့် လှုပ်ရှားရုန်းကန်နေရင်းက မိသားစုအသိုက်အမြုံနဲ့ ဝေးရာအရပ်ဆီ မျောလွင့်နေကြရတဲ့ တချို့သောလူတွေရဲ့ ဘဝဆိုတာလည်း တိမ်တွေလိုပါပဲ။ အချိန်တန်လို့ အိမ်ပြန်နိုင်ကြသူတွေ ရှိသလို အဆင်မပြေလို့ အိမ်မပြန်ဖြစ်သေးတဲ့သူတွေလည်း ရှိနေဦးမှာပါပဲ။ အဲဒီလိုလူတွေကို ကျွန်တော့်မိတ်ဆွေရဲ့ ကဗျာခေါင်းစဉ် စာကြောင်းလေးအတိုင်း ‘အဆင်မပြေလို့ အိမ်မပြန်ဖြစ်သေးတဲ့ တိမ်တွေ’ ဆိုပြီး ညွှန်းဆိုမိရင်တော့ မှန်လိမ့်မယ်လို့ ကျွန်တော်တွေးနေမိတယ်။ တစ်ဆက်တည်းမှာပဲ ကျွန်တော့်ကိုယ်ကျွန်တော်လည်း အိမ်မပြန်ဖြစ်သေးတဲ့ တိမ်ကလေးအဖြစ် ညနေခင်းအလင်း ရောင်အောက်မှာ ပြန်တွေ့ရှိလိုက်တယ်။ ပြီးတော့ အိမ်ပြန်နေကြတဲ့ တိမ်တွေကို အိမ်မပြန်ဖြစ်သေးတဲ့ တိမ်ကလေးလို ကျွန်တော်က ဒီညနေခင်းလေးမှာပဲ အားကျ ငေးမောရင်းပေါ့။
တစ်ခါတစ်ရံကျရင်လည်း သုံးထပ်တိုက်ကျောင်းကြီးရဲ့ အပေါ်ဆုံးထပ်ကနေ ညနေခင်းတွေကို ငေးမကြည့်ဖြစ်တဲ့အခါ ဘုန်းကြီးကျောင်းရဲ့အပြင်ဘက် မလှမ်းမကမ်းက လက်ဖက်ရည်ဆိုင်ကလေးမှာ ကျွန်တော် သွားထိုင်နေဖြစ်ပြန်တယ်။ အဲဒီလက်ဖက်ရည်ဆိုင်ကလေးမှာထိုင်ပြီး ညနေခင်းအချိန်တွေကို ငေးမောရင်းနဲ့ ကုန်လွန်စေရတာကိုတော့ ကျွန်တော် တော်တော်လေး သဘောကျမိတယ်။ လက်ဖက်ရည်ဆိုင်ကလေးနဲ့ မျက်စောင်းထိုး မလှမ်းမကမ်းမှာက ကားမှတ်တိုင်လေးတစ်ခုလည်း ရှိနေပြန်သေးတယ်။ ဆိုင်ကလေးရဲ့ အပြင်ဘက် စားပွဲဝိုင်းတစ်ခုမှာ ထိုင်ရင်းကားမှတ်တိုင်ရှိရာ သွားနေကြတဲ့လူတွေ၊ ကားမှတ်တိုင်ကလေးကနေ ပြန်လာနေကြတဲ့ လူတွေကို ကျွန်တော်ဟာ ငေးမောကြည့် နေတတ်သေးတယ်။
တချို့က ထမင်းချိုင့်လေး ဒါမှမဟုတ် ဆွဲခြင်းတောင်းလေး လက်ကဆွဲလို့၊ တချို့ က တစ်စုံတစ်ခု ဝယ်ထည့်လာပုံရတဲ့ ပလတ်စတစ်အိတ်ကလေးတွေကို လက်ကဆွဲလို့။ တချို့ကျတော့လည်း လက်ထဲဘာမှ မပါဘဲ ပခုံးထက်မှာ အိတ်ကလေး ကိုယ်စီလွယ်လို့။ သေချာတာတစ်ခုက သူတို့အားလုံးဟာ ညနေခင်းအလင်းရောင်အောက်မှာ အိမ်ပြန်နေကြသူတွေ၊ အိမ်ပြန်ဖို့ ကြိုးစားနေကြသူတွေပဲ ဖြစ်ပါတယ်။ မိသားစုဆိုတဲ့ လုံခြုံနွေးထွေးတဲ့ အသိုက်အမြုံလေးဆီကို အရောက်ပြန်နေကြသူတွေရဲ့ မျက်နှာတိုင်းဟာ မျှော်လင့်ချက်တွေ၊ အားမာန်တွေနဲ့ ဝင်းပနေတာကိုလည်း ကျွန်တော် တွေ့မြင်နေရတယ်။ အလားတူပဲ သူတို့ရဲ့ ခြေလှမ်းတိုင်းဟာလည်း တစ်နေကုန် လှုပ်ရှားရုန်းကန်ခဲ့သမျှ အသိုက်အမြုံလေးဆီကို ပြန်ရောက်တဲ့အခါမှ အတိုးချပြီး အနားယူလိုက်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ၊ အသိုက်အမြုံလေးထဲကနေ စောင့်မျှော်နေကြမယ့် သူတွေအတွက် အမြန်ဆုံးရောက်အောင် ပြန်ရမယ်ဆိုတဲ့ အားမာန်တွေနဲ့ သွက်လက်နေကြတာကိုလည်း ညနေခင်းလေးတွေမှာ ကျွန်တော် မြင်တွေ့ရနေကျ ဖြစ်ပါတယ်။
ကိုယ်စီကိုယ်ငှ အိမ်ပြန်နေကြသူတွေကို ငေးမောနေရင်းမှ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အသိုက်အမြုံလေးဖြစ်တဲ့ ကျွန်တော့်မိသားစုလေးရှိရာ အိမ်ကလေးကို လွမ်းတဲ့စိတ်တွေဟာ ကျွန်တော့်ရင်ထဲ ပြည့်လျှံလာပြန်တယ်။ ဟိုးအရင် ကျွန်တော်ငယ်ငယ်တုန်းက အဖေအလုပ်က ပြန်လာမှာကို မောင်နှမနှစ်ယောက် စောင့်ကြိုခဲ့ရတာတွေ၊ အဖေပါလာတဲ့ မုန့် ကလေးကို ကျွန်တော်နဲ့ ညီမလေးတို့ ခွဲဝေစားခဲ့ရတာတွေဟာလည်း အခုလို ညနေခင်း အချိန်တွေမှာပါပဲ။ တန်ဖိုးအသင့်အတင့်နဲ့ စားကောင်းမယ်ထင်ရတဲ့ မုန့်ကလေးတွေကို ညနေခင်းတိုင်း အဖေဝယ်ပြီး ပြန်လာတတ်ခဲ့တာတွေ ကျွန်တော် အမှတ်ရနေမိသေးတယ်။ အဲဒီတုန်းက ညနေခင်းလေးတွေဟာ ဖြူစင်သန့်ရှင်းခဲ့တာ၊ လွတ်လပ်ပေါ့ပါးခဲ့တာ အသေအချာပါပဲ။ နောက်ပြီး အဲဒီအချိန်တုန်းက အိမ်ကို ပြန်လာတဲ့ အဖေ့ခြေလှမ်းတွေဟာလည်း အားမာန်တွေနဲ့ သွက်လက်နေခဲ့တယ်ဆိုတာ ကျွန်တော် ကောင်းကောင်းကြီး အမှတ်ရနေတယ်။ ‘ငါ့သားနဲ့ သမီးကို မြင်လိုက်ရတော့ အမောကို ပြေသွားတာပဲ’ လို့ ပြောခဲ့တဲ့ အဖေ့ရဲ့ စကားသံတွေကိုလည်း အခုလို ညနေခင်းတိုင်းမှာ ကျွန်တော် ပြန်ကြားယောင်နေမိတယ်။
အဲဒီကနေမှ ဆယ်စုနှစ် နှစ်ခုနီးပါး ကျော်လွန်လာခဲ့တဲ့အခါမှာတော့ ကျွန်တော်က တစ်လှည့် အိမ်ပြန်ရမယ့် ညနေခင်းတွေကို ရောက်ရှိလို့လာတယ်။ ဒါပေမဲ့ အဖေ့တုန်းက ညနေခင်းတိုင်း ကျွန်တော်တို့ဆီအရောက် ပြန်လာနိုင်ခဲ့ပေမဲ့ ကျွန်တော့်အလှည့်မှာတော့ ကျွန်တော့်ကို မျှော်နေမယ့် မိသားစု လေးရှိရာကို ညနေခင်းတိုင်းမှာ ကျွန်တော်ဟာ ရောက်အောင် မပြန်နိုင်ခဲ့ပါဘူး။ အိမ်ပြန်ဖြစ်တဲ့ ညနေခင်းတွေထက် အိမ်မပြန်နိုင်လို့ မပြန်ဖြစ်တဲ့ ညနေခင်းတွေကသာ အခုအချိန်မှာ များပြားလွန်းနေတယ်။ ကျွန်တော့်ကို မျှော်နေမယ့် မိသားစုဝင်တွေကိုလည်း အိမ်မပြန်နိုင်တဲ့ ညနေခင်းတွေမှာ နာနာကျင်ကျင်နဲ့ ကျွန်တော် သတိရနေမိတယ်။ ကျွန်တော့်အတွက် ခူးခပ်ထားပေးမယ့် ထမင်းဝိုင်းကလေး၊ ကျွန်တော့်အတွက် ပြင်ထားပေးမယ့် အိပ်ရာကလေးကစလို့ လုံခြုံနွေးထွေးမှုတွေ ပြည့်နှက်နေတဲ့ မိသားစု အသိုက်အမြုံလေးရှိရာ မပြန်နိုင်သေးတဲ့ ညနေခင်းတိုင်းဟာ နာကျင်ကြေကွဲစရာပါပဲ။
ခွေးလေး၊ ကြောင်လေးတွေ၊ ကျေးငှက်ကလေးတွေအပါအဝင် အဟိတ်တိရစ္ဆာန်လေးတွေတောင်မှ အသိုက်အမြုံကို ခင်တွယ်ကြ၊ အချိန်တန်ရင် အိမ်ပြန်ကြသေးတယ်ဆိုရင် ကျွန်တော်တို့လို လူသားတွေဟာ မိသားစု အသိုက်အမြုံလေးကို ပိုလို့ခင်တွယ်တတ်ကြတာ၊ အချိန်တန်တဲ့အခါ အိမ်ပြန်ချင်ကြတာ မထူးဆန်းလှပါဘူး။ အကြောင်းအမျိုးမျိုးကြောင့်သာ မိသားစုလေးရဲ့ အဝေးမှာ လှုပ်ရှားရုန်းကန်ကြရင်း အိမ်မပြန်နိုင်သေးတဲ့ ညနေခင်းတွေကို ကျော်ဖြတ်နေရရှာတဲ့ ကျွန်တော့်လို ဘဝတူတွေကိုလည်း စာနာသနားမိပါတယ်။ ဟုတ်ပါတယ်။ လုံခြုံနွေးထွေးတဲ့ မိသားစု အသိုက်အမြုံလေးဆီ မပြန်နိုင်သေး သရွေ့ကတော့ နာကျင်ကြေကွဲမှုတွေနဲ့ ပြည့်နှက်နေမယ့် အေးစက်စက်ညနေခင်းတွေကို ရင်ဆိုင်ကြရဦးမှာ အသေအချာပဲ ဖြစ်ပါတယ်။