အကြီးဆုံးစာအုပ်
“ဒီစာအုပ် ဖတ်ကြည့်ပါလား”
စိုးအောင်ပြသောစာအုပ်ကို ကျွန်တော် ယူကြည့်လိုက်သည်။
“ငါ့ဦးလေး မြို့က ဝယ်ခဲ့တာ၊ မင်းက စာဖတ်မြန်လို့ အရင်ဖတ်၊ ပြီးမှ ငါဖတ်မယ်။ မောင်ယုကိုလည်း ပေးဖတ်မယ်။ အားလုံးဖတ်ပြီးတဲ့အခါ တို့တစ်တွေ ဆွေးနွေးတာပေါ့”
သူ့စာအုပ်ကို ကျွန်တော် ယူလိုက်ပါသည်။ အဖုံးလေးက လှသည်။ လူငယ်လေးများ အထက်ကို တက်လှမ်းနေပုံဖြစ်သည်။ အထဲက စာကိုဖတ်တော့ “ကြီးပွားချမ်းသာရေး” ဟူ၍။
“ဒီစာအုပ်ဖတ်ရင် ကြီးပွားချမ်းသာ သွားမယ်” ဟု သူက ပြောပါသည်။
ကျွန်တော်တို့လူငယ်များ ကြီးပွားချမ်းသာချင်ကြသည်။ သူပေးသည့်စာအုပ်ကို ကျွန်တော် အိမ်မှာဖတ်သည်။
အဖေက “မင်းဖတ်နေတဲ့ စာအုပ်ကို ပြ” ဟု ဆို၏။
အဖေက ကျွန်တော် ဘာစာအုပ်ဖတ်ဖတ် ပြခိုင်းပါသည်။ အဖေက မမှန်မကန် စာအုပ်ကိုဖတ်လျှင် အဆိပ်အတောက်ဖြစ်မည်စိုးသည်ဟု ပြောတတ်ပါသည်။
“စာအုပ် ဖတ်တာ အချိန်ကုန်တယ်။ ငွေကုန်တယ်။ ဒါပေမဲ့ စာရေးတာနဲ့ စာဖတ်တာ လူသတ္တဝါတွေမှာပဲ ရှိတယ်။ ဘယ်သတ္တဝါမှ မလုပ်တတ်ဘူး။ အမှန်တော့ တို့လူတွေဟာ စကားပြောတတ်လို့၊ ဆက်သွယ်နိုင်လို့ တစ်ယောက်ကိုတစ်ယောက် ကူညီလုပ်ကိုင်ပေးနိုင်တာ၊ ပညာအမွေကို လက်ဆင့်ကမ်းနိုင်တာကွဲ့။ ဒီအမွေကို စာအုပ်တွေနဲ့ မှတ်တမ်းတင်ထားတယ်”
အဖေက မန္တလေးရှိ ကုသိုလ်တော်ဘုရားဝင်းအတွင်းက ပိဋိကတ်သုံးပုံအကြောင်းလည်း ပြောပြဖူးပါသည်။
“ကမ္ဘာမှာ အကြီးဆုံးစာအုပ်ပဲကွဲ့။ ဒီလို စာအုပ်မျိုးကို ဘယ်ခေတ် ဘယ်အခါမှ မလုပ်တော့ဘူး”
သင်္ဂါယနာတင်မယ်ဆိုရင်
(အကောင်းဆုံးဝတ္ထုကို ဘယ်သူမှ မရေးရသေးဘူး။ အကောင်းဆုံးကဗျာကို ဘယ်သူမှ မစပ်ဆိုရသေးဘူးတဲ့။ သူတို့ လုပ်မှာပေါ့။ ခုတော့ ဒီလိုစာအုပ်မျိုးကို ဘယ်ခေတ်ဘယ်အခါမှ မလုပ်တော့ဘူးလို့ အဖေ ဘာလို့ပြောရတာလဲ)
“ဘာလို့လဲအဖေ”
“ဒီလိုစာအုပ်တစ်အုပ်ဖြစ်လာဖို့ အင်မတန် ခက်ခဲတယ်လေ။ ထားရသိုရလည်း ခက်တယ်။ ကျောက်ထက်အက္ခရာတင်တယ်ဆိုတာ ထွင်းဖို့ ပြုဖို့ ကာယရော၊ ဉာဏရော လိုတယ်”
“ဒါပေမဲ့ ခုခေတ် လေဆာတွေ ပေါ်နေပြီ အဖေရဲ့။ ဒီလိုကျောက်စာတွေ၊ ကျောက်ပြားတွေကို တစ်ရက်မှာ အများကြီးပြီးအောင် ဖန်တီးလို့ရတာပဲ”
“အေး၊ မင်းပြောမှန်တယ်။ တို့ ဒါကို ဘာလို့ဖန်တီးတာလဲ”
“အမွေအနှစ်လို့ အဖေ ပြောတာပဲ”
“ဟုတ်တယ်။ ဒါတွေ မပျောက်ပျက်အောင် ထိန်းသိမ်းတာကို သင်္ဂါယနာတင်တယ်လို့ ဆိုတယ်။ မင်းတုန်းမင်းကြီးဟာ ကျောက်ထက်အက္ခရာတင်ပြီး သာသနာပြုခဲ့တယ်။ ဦးနုလက်ထက်မှာတော့ စက္ကူပေါ်မှာပဲ ပေထက်အက္ခရာတင်ပြီး သာသနာပြုတယ်”
“ကမ္ဘာအေးလိုဏ်ဂူထဲမှာ လုပ်ခဲ့ကြတယ် မဟုတ်လား”
“မှန်တာပေါ့။ ဦးနုဟာ ကမ္ဘာအရပ်ရပ်က ထေရဝါဒ ဗုဒ္ဓဘာသာ ရဟန်းတွေကို ဖိတ်ခေါ်ပြီး ရန်ကုန်မြို့ ကမ္ဘာအေးစေတီက သာသနာ့လိုဏ်ဂူထဲမှာ သင်္ဂါယနာ တင်ခဲ့တာပဲ”
“ခု လေဆာတွေပေါ်နေတော့ ကျောက်ထက်အက္ခရာ အလွယ်တကူ တင်လို့ရတာပေါ့”
“ဒီလိုမဟုတ်ဘူးသား။ ဒီပိဋကတ်သုံးပုံကို အမှားအမှန် စိစစ်ပြီး လက်ဆင့်ကမ်းတဲ့ အလုပ်လုပ်တာ။ ခုခေတ်မှာ Digital မီဒီယာနဲ့လုပ်ရင် ဘယ်လောက်ကောင်းမလဲ။ ခုဆိုရင် ဆက်သွယ်ရေး အင်မတန်ကောင်းတယ် မဟုတ်လား။ ICT ပညာရပ်တွေနဲ့ ရဟန်းတော်တွေဟာ ကိုယ့်အရပ်ကကိုယ် Video Conference လုပ်လို့ရတယ် မဟုတ်လား”
အဖေက တက္ကနိုလိုဂျီတွေကို သိတာပဲ။
ခံခွက်ကောင်းဖို့လိုတယ်
အဖေက ဖေ့စ်ဘုတ်မကြည့်၊ ဖုန်းမပွတ်ဘူး။ သို့သော် အတွေးများကတော့ ခေတ်မီပါသည်။ ခု ကျွန်တော့်စာအုပ်ကိုကြည့်ပြီး အဖေ သဘောကျနေသည်။
“မင်းယူလာတဲ့ စာအုပ်က ကောင်းတယ်ကွ”
“ဒီလိုဆို၊ ဒါကိုဖတ်ပြီး ကျွန်တော်တို့ ကြီးပွားမယ်ပေါ့ ဟုတ်လား”
“မင်းကို ဘယ်သူပြောလဲ”
“ဒီစာအုပ်ပေးဖတ်တဲ့ စိုးအောင် ပြောတာပဲ။ ကျွန်တော်တို့သူငယ်ချင်းတွေ စုပေါင်းဖတ်ပြီး ဆွေးနွေးကြမယ်တဲ့”
“ကောင်းတာပဲ”
“ဒါဆိုကျွန်တော်တို့ ကြီးပွားမှာပေါ့ ဟုတ်လား”
အဖေ ခေါင်းခါပါသည်။
“ဘာဖြစ်လို့လဲအဖေ”
“မင်း မိုးရွာနေတယ်၊ ရေသွားခံဆို ဘာနဲ့ခံမလဲ”
“အိုးနဲ့ သွားခံမှာပေါ့”
“အိုးပေါက်နေရင်ကော ရေရသင့်သလောက် ရမလား”
“ရေမရဘူးပေါ့အဖေ”
“ဆန်ခါနဲ့ကော သွားခံလို့ရလား၊ ခြင်းကြားနဲ့ ရေခံလို့ရမလား သား”
“မရဘူး”
“တကယ်လို့ ရေတံလျှောက်ကောင်းကောင်းနဲ့ ရေကျအောင်လုပ်ပြီးခံရင် ရေပိုမရဘူးလား”
“ပိုရပါတယ်အဖေ”
“ဒီစာအုပ်ဟာလည်း ဒီလိုပဲ၊ သူက မိုးရေတွေလိုပဲ ရွာချပေးလိုက်တယ်။ မင်းက ရေတံလျှောက်ကောင်းကောင်း ရှိရင်တော့ ရေတွေ အများကြီးရမှာပေါ့။ ဒါပေမဲ့ မင်းရဲ့ ခံခွက်တွေ၊ အိုးတွေ၊ ရေပုံးတွေ ကောင်းရမယ်”
“မင်းမှာ ခံခွက်ကောင်းကောင်းရှိရမယ်” အဖေ ပြောသွားပါတယ်။
စာအုပ်နဲ့ ဗလငါးတန်
ကျွန်တော်ကြီးလာတော့ စာအုပ်များများဖတ်တဲ့သူတွေ ပြောင်းလဲသွားတာကို တွေ့တယ်။ သူတို့ အမြင်ပြောင်းတယ်။ တချို့လည်း ကြီးပွားတိုးတက်တာတွေကို တွေ့တယ်။ ကွန်မြူနစ်စာအုပ်တွေ ဖတ်သူတွေကတော့ လောကရဲ့ ဟန်မကျပန်မကျ ဖြစ်နေတာတွေကို သတိထား ပြောကြားလေ့ရှိတယ်။ ဗုဒ္ဓစာအုပ်တွေ ဖတ်သူတွေကတော့ တည်ငြိမ်အေးချမ်းသွားတာကိုလည်း တွေ့ရတယ်။ ပညာရပ်ဆိုင်ရာ စာအုပ်တွေကနေ အတွေးသစ်တွေကိုလည်း ရကြတာပဲ။ စာအုပ်ဖတ်ပြီး ချက်ချင်း တိုးတက် ပြောင်းလဲသွားနိုင်တာတော့ မဟုတ်ဘူး။ တဖြည်းဖြည်း ပြောင်းတာပါ။ အဖေ ပြောသလို မိမိကိုယ်ကိုယ် ပထမ တည်ဆောက်ထားရပါတယ်။ အပေါက်မရှိတဲ့ အိုးကောင်းလေးဖြစ်ဖို့ လိုတာကို သဘောကျတယ်။
မြန်မာပြည်မှာတော့ ဗုဒ္ဓယဉ်ကျေးမှု အမွေကြောင့် အဆင်ပြေတယ်လို့ ကျွန်တော် ယူဆတယ်။ အဲဒီလို ဘာသာရေးဘက်ကနေ ပြောရင်တော့ သီလပေါ့။ သီလဆိုတာ မိမိအတွက် လုံခြုံစေတဲ့ အကာအရံပါပဲ။ သူ့ဥစ္စာကို မခိုးဘူး။ မုသားမပြောဘူး ဆိုတာကနေ စရပါတယ်။ ကတိတည်သူ၊ ပြောတဲ့အတိုင်း လုပ်သူဟာ လူမှုအသိုင်းအဝိုင်းမှာ အဆင်ပြေသူဖြစ်တယ်။ မိမိတစ်ယောက်တည်း မယူဘူး မျှဝေသူဖြစ်လို့လည်း ရတယ်။ အရက် သေစာသောက်တာကိုတော့ ဘာမှမပြောလိုပါဘူး။ ဒါပေမဲ့ မူးယစ်သောက်စားသူ ဆိုရင်တော့ ကြီးပွားချမ်းသာဖို့ ခက်ပါတယ်။ တစ်နည်းအားဖြင့် ချမ်းသာပေမဲ့ ကြီးပွားဖို့ ခက်တာပါပဲ။ လူမှုရေးမှာတော့ ဗလငါးတန်က အရေးအပါဆုံးပဲ။
ပင်ကိုစွမ်းဉာဏ်စွမ်း (Capacity)
အဖေပြောတာကို သတိရတယ်။ မိမိဟာ ရေထည့်နိုင်တဲ့ အိုးလား၊ ပေါက်နေတဲ့ အိုးလားဆိုတာကို ပထမဆန်းစစ်ကြည့်ဖို့ လိုတာကို သတိပြုမိတယ်။ ဗုဒ္ဓကလည်း ဘာဝနာတရားဆိုတာ မိမိကိုယ်မှာပဲ ရှိတယ်။ မိမိကိုယ်ကိုယ် ကြည့်ဖို့လိုတယ်ဆိုတာကို ပြောခဲ့ပါတယ်။ ဒါကြောင့် မိမိကြီးပွားချမ်းသာချင်ရင်တော့ စာအုပ်ဖတ်ရပါတယ်။ စာအုပ်ဖတ်ရုံနဲ့တော့ မရသေးဘူး။ စာအုပ်ဖတ်တာနဲ့ အတူတူ မိမိကိုယ်ကိုယ်လည်း ပြန်ကြည့်ဖို့လိုတယ်။ ဒီနေရာမှာ ပြည်သူ့နီတိကို လေ့လာမိတာကို တင်ပြချင်သေးတယ်။
ပြည်သူ့နီတိဆိုတာ
မိမိကိုယ်ကိုယ် စောင့်ရှောက်သလို သူတစ်ပါးကိုလည်း စောင့်ရှောက်တယ်၊ လောကကြီးကိုလည်း စောင့်ရှောက်တာပဲ။ မိမိအကျိုးစီးပွားကို ကြည့်သလို သူတစ်ပါး စီးပွားတိုးတက်စေဖို့လည်း ကြည့်တယ်။ ဒီတော့ လူတွေဟာ ပရဟိတဆိုတဲ့ သူများအကျိုးကို ဆောင်ရွက်တယ်ဆိုတာကို သတိပြုပေမဲ့ မိမိအကျိုးမပျက်အောင် ကြိုးစားရတယ်ဆိုတာကိုလည်း သတိပြုသင့်တယ်။ ဒါကို အတ္တဟိတလို့ ခေါ်နိုင်ပါတယ်။ သူများအကျိုးစီးပွားကို စောင့်ရှောက်ဖို့ မိမိဟာ တတ်နိုင်သူ ဖြစ်ရပါတယ်။ မိမိရဲ့ ပင်ကိုစွမ်းဉာဏ်စွမ်း (Capacity) ဟာ အရေးပါတယ်။ ဒါကြောင့် ကိုယ်စွမ်းဉာဏ်စွမ်း တည်ဆောက်ခြင်း (Capacity Building) ဆိုတာ အရေးပါတယ်။
စာအုပ်တွေကိုဖတ်ရင် ကိုယ်စွမ်းဉာဏ်စွမ်း (Capacity) အားကောင်းလာပါတယ်။ ဒါပေမဲ့ ဒါဟာ လုံလောက်တာ မဟုတ်သေးဘူး။ မိမိဟာ NGO လိုမျိုး လူမှုအသင်းအဖွဲ့တွေမှာ ဝင်ရောက်လုပ်ကိုင်ပြီး အကျိုးတွေပြုနိုင်သူ ဖြစ်လို့ရတယ်။ ပရဟိတအသင်းတွေမှာ ကိုယ်ကျိုးစွန့် အနစ်နာခံ ဝင်လုပ်လို့လည်း ရပါတယ်။ ဒါပေမဲ့ ဘာကိုပဲလုပ်လုပ် မိမိမှာ ကိုယ်စွမ်းဉာဏ်စွမ်း (Capacity) ဒါမှမဟုတ် ကိုယ်ရည်ကိုယ်သွေးတွေ တိုးတက်အောင် လုပ်ရပါတယ်။ ဒီအထဲမှာ စောင့်ထိန်းခြင်း (သီလ) ဟာ အင်မတန်အရေးကြီးတဲ့ လိုအပ်မှုပဲ။ မခက်ပါဘူး။ ဘာမှ မခက်ပေမဲ့ မလုပ်ကြဘူး။
နိဂုံး
စောင့်ထိန်းနိုင်ခြင်းမရှိသူ တစ်နည်း သီလမရှိသူဟာ ပေါက်နေတဲ့ အိုးနဲ့ တူတယ်။ တော်ရုံတန်ရုံနဲ့ အရည်အသွေးပြည့်လာနိုင်မှာ မဟုတ်ဘူး။ အထူးသဖြင့် စောင့်ထိန်းမှုကို အလေ့အထ (Habit) တစ်ခု ဖြစ်လာအောင် မလုပ်နိုင်သေးရင် အဆင်မပြေနိုင်ဘူး။
ယနေ့ခေတ်မှာ စောင့်ထိန်းဖို့ ပိုခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ ဝတ္ထုပစ္စည်းတွေရဲ့ ကမ္ဘာ (Material World) ဖြစ်လာလို့ပဲ။ အများအားဖြင့် အသုံးတည့်တဲ့ ပစ္စည်းတွေ နေ့စဉ်နဲ့အမျှ ဈေးကွက်ထဲကို ရောက်လာနေတယ်။ လိုချင်စရာတွေ အများကြီးရှိတယ်။ ဒါတွေကို ရချင်ရင် စောစောကပြောတဲ့ သီလဆိုတဲ့ စောင့်ထိန်းမှုတွေကို မလုပ်နိုင်တော့ဘူး။
တပ်မက်မှုနဲ့ ယှဉ်တဲ့ လောဘတွေ ဝင်လာပါတယ်။ တစ်ဖက်က ပရဟိတပေါ့လေ၊ သူများအကျိုးအတွက် မလုပ်ကြဘူး။ လောဘကို မစွန့်နိုင်တော့ဘူး။ ဒါဆိုရင် ဘယ်လိုကြီးပွားချမ်းသာနိုင်တော့မလဲ၊ ကြီးပွားချမ်းသာခြင်းမရှိရင် ဘယ်လို လိုချင်တဲ့ ပစ္စည်းတွေကို ရမှာလဲ။ ဆင်းရဲခြင်းသံသရာထဲမှာ တဝဲလည်လည်ဖြစ်နေသူတွေ ဆင်ခြင်စဉ်းစားဖို့ပါပဲ။