ဗိုလ်အောင်ကျော်၏ အရိုးတွန်သံ

ဗိုလ်အောင်ကျော်၏ အရိုးတွန်သံ
Published 14 December 2017

၂၀၁၇ ဒီဇင်ဘာ ၂၀ ရက်ဟာ တတိယ ကျောင်းသားသပိတ် (၁၉၃၈) ၏ (၇၉) နှစ် မြောက်ဖြစ်သလို ကျဆုံးခဲ့ရသော နေမျိုးသီဟ သူရဘွဲ့ခံ ဗိုလ်အောင်ကျော် (၁၉၁၆) ၏ ၁၀၁ နှစ်မြောက်မွေးနေ့လည်း ဖြစ်ပါတယ်။

ဒီဆောင်းပါးကို ရေးသားဖို့အတွက် စာရေးသူရဲ့ စာပေမိတ်ဆွေ တိုးဂိုက်ကိုဂျော်လီက အထူးကူညီပါတယ်။ ၁၉၁၆ ဖေဖော်ဝါရီ ၂၇ ရက် ဧရာဝတီတိုင်း မဲဇလီကုန်းမြို့ ရုံးဇင်ရွာမှာ အဖ ကျောင်းဆရာ ဦးကျော်တင်၊ အမိ ဒေါ်ရွှေကျော့တို့၏ အဋ္ဌမမြောက် ရင်သွေးအဖြစ် ဖွားမြင်ခဲ့ပြီး ဆဋ္ဌမတန်းအထိ ဖခင်၏ကျောင်း၌ ပညာသင်ကြားခဲ့ပြီးနောက် ဟင်္သာတမှ ၁၀ တန်းအောင်ပြီး ရန်ကုန်မြို့ ဂျပ်ဆင်ကောလိပ်၌ ပညာသင်ကြားခဲ့ပါတယ်။ ဂျပ်ဆင်ကောလိပ်သို့ ရောက်လာပြီး တစ်ခုသော ပါတော်မူနေ့တွင် ဂျပ်ဆင်ကောလိပ် ကြော်ငြာသင်ပုန်း စက္ကူပေါ်တွင် မင်နီနဲ့ ရေးသားထား သောစာတစ်စောင် ကပ်လိုက်တယ်။ ၎င်းစာတန်းမှာ ရေးသားထားသည်မှာ “ဤနေရာသို့ရောက်တိုင်း နိုင်ငံခြားသားများကို စိတ်နာသည်။ ဤနေရာသို့ရောက်တိုင်း နိုင်ငံခြားသားများနှင့် အလိုတော်ရိများကို စကားမပြောလို။ ဤနေ့ဤရက်သည် ငါတို့အရှင်နှစ်ပါး ပါတော်မူသည့်နေ့ဖြစ်သည်။ သတိရကြပါ” ဟု ရေးသားပြီး ကပ်ထားလိုက်ရာ ကျောင်းသားတစ်ဦး သတင်းပေးမှုကြောင့် ကျောင်းအာဏာပိုင်များထံ ပေါက်ကြားခဲ့ပြီး ကိုအောင်ကျော်အား စောင့်ကြည့်ကျောင်းသားစာရင်းသို့ သွင်းခံရပါတယ်။ အိုးဝေမဂ္ဂဇင်းမှာ ကိုအောင်ကျော်ရဲ့ မျိုးချစ်စိတ်ဓာတ်အခြေခံ လူငယ်ဝတ္ထုတိုကလည်း ကျောင်းအာဏာပိုင်များ ထပ်မံ သတိထားမိစေပါတယ်။ ကိုအောင်ကျော်ဟာ IA ကျောင်းသားသာဖြစ်သော်လည်း ကျောင်းအာဏာပိုင်များ၏ Black List မှာတော့ ထိပ်တန်းကပါ။

စာရေးဆရာကြီး မဟာဆွေရဲ့ ရဲသတင်းစာ၌ ပါရှိသော မြန်မာ့လွတ်လပ်ရေးနှင့် နယ်ချဲ့ဆန့်ကျင်ရေး အရေးတော်ပုံအတွက် “သေရဲ သတ်ရဲသော လူငယ်များ အလိုရှိသည်” ဟူသော ဖိတ်ခေါ်ချက်ကို ဖတ်ရှုပြီး မဟာဆွေထံသို့ သေရဲသတ်ရဲသူအဖြစ် သွားရောက် စာရင်းပေးခဲ့သူ ကိုအောင်ကျော်ဖြစ်ပါတယ်။ စာရင်းသွားသွင်းသောနေ့တွင် “မြန်မာပြည်ကြီးကောင်းစားအောင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ” ဟု သုံးနာရီခန့် ဆွေးနွေးခဲ့ပြီး Aung Gyaw 42, Willington Hall, Judson College ဟု စာရင်းပေးသွင်းခဲ့ပါတယ်။

ဗိုလ်အောင်ကျော် ကျဆုံးပြီးမှ ရုပ်တုပြုလုပ်ရန် ရန်ပုံငွေအတွက် ဆရာကြီးမဟာဆွေက အောင်ကျော်စာအုပ်ကို ရေးသားခဲ့ပြီး တစ်အုပ်လျှင် နှစ်ပဲနှုန်းဖြင့် ရောင်းချခဲ့ရာ သွေးပူနေဆဲကာလဖြစ်၍ အုပ်ရေ တစ်သောင်းကျော် ရောင်းချခဲ့ရသော်လည်း ပြည်သူလူထုက ပုလိပ်အဖွဲ့ကို မုန်းတီးခြင်းများ ဖြစ်လာနိုင်၍ ပြည်ထဲရေးဌာနက အစိုးရပြန်တမ်းထုတ်ပြန်ပြီး သိမ်းစေပါတယ်။

ဗိုလ်အောင်ကျော် ကျဆုံးရတဲ့အကြောင်းကို မြန်မာနိုင်ငံသား ကလောင်ရှင်များက ရေးသားကြသလို ကမ္ဘာကျော်စာရေးဆရာ H.G.Wells က Trouble in Burma အမည်ဖြင့် London မြို့ထုတ် News Chronicle သတင်းစာမှာ ရေးသားဖော်ပြခဲ့ရာ H.G.Wells ၏ ကလောင်စွမ်းကြောင့် မြန်မာနိုင်ငံအစိုးရရဲ့ ကျောင်းသားများအပေါ် ကိုင်တွယ်ပုံမှာ ကမ္ဘာကျော်သတင်းတစ်ပုဒ် ဖြစ်သွားပြီး ဒေါက်တာဘမော် ညွန့်ပေါင်းအစိုးရ ပြုတ်ကျသွားရန် ဖိအားပေးနိုင်ခဲ့သော ဆောင်းပါးဖြစ်ပါတယ်။ ဆောင်းပါးမှာ ကျောင်းသားများကို Sparks (ဗိုလ်အောင်ကျော်) လမ်းအတွင်း ရိုက်နှက်နေပုံများပါ ဖော်ပြခဲ့ရာ ၎င်းပုံများကို ရဲအဖွဲ့က လိုက်လံသိမ်းဆည်းသော်လည်း မတွေ့အောင် သိမ်းဆည်းနိုင်ခဲ့သူ မြန်မာ့အလင်းတိုက်မှ ဂျာနယ်ကျော်ဦးချစ်မောင်၏ အကင်းပါးမှုကြောင့် ဖြစ်ပါတယ်။ ဗိုလ်အောင်ကျော် သပိတ်မှတ်တမ်းဓာတ်ပုံများကို H.G.Wells လက်သို့ အရောက်ထည့်ပေးပြီး သေချာကျနစွာ ရှင်းလင်းပြောဆိုသူမှာ ဒေါ်ခင်မျိုးချစ်ဖြစ်ပါတယ်။ ၁၉၃၉ ဖေဖော်ဝါရီလအတွင်း H.G.Wells မြန်မာနိုင်ငံသို့ အလည်လာခဲ့ရာ မြန်မာနိုင်ငံစာရေးဆရာ၊ သတင်းစာဆရာများနှင့် အင်းလျားကန် လှေလှော်အသင်းမြက်ခင်းပြင်၌ တွေ့ဆုံစဉ် ဆန္ဒပြအဖွဲ့၌လည်း ကိုယ်တိုင် ပါဝင်ခဲ့သော ဒေါ်ခင်မျိုးချစ်က ပေးအပ်ခဲ့ခြင်းဖြစ်ပြီး Wells က ရန်ကုန်တွင် ခေတ္တနေထိုင်စဉ်အတွင်း လေ့လာတွေ့ရှိချက်များ၊ သတင်းဓာတ်ပုံများကို အသုံးပြု၍ ကိုလိုနီအုပ်ချုပ်ရေး ယိုယွင်းချက်များကို ဝေဖန်ရေးသားခဲ့တာပါ။ ဗိုလ်အောင်ကျော် အရေးအခင်းမှ အစပြုပြီး မန္တလေးအာဇာနည် ၁၇ ဦး အရေးတော်ပုံ၊ အလုပ်သမားများ၊ သခင်များပါဝင်သော ၁၃၀၀ ပြည့် အရေးတော်ပုံများအထိ ဆက်လက် ဖော်ဆောင်ခဲ့ကြပြီး ဒေါက်တာဘမော်ညွန့်ပေါင်း အစိုးရနုတ်ထွက်ပေးခဲ့ရသည်အထိ အရှိန်ပြင်းခဲ့ပါတယ်။ ဒေါက်တာဘမော်က ဆရာတော်ကြီးများမှတစ်ဆင့် စေ့စပ်ရန် ကမ်းလှမ်းသေးသော်လည်း ကျောင်းသားများက လုံးဝနုတ်ထွက်ပေးရေးကိုသာ တောင်းဆိုခဲ့ကြပြီး ၁၉၃၉ ဖေဖော်ဝါရီ ၁၆ ရက် လွှတ်တော်အစည်းအဝေးတွင် ညွန့်ပေါင်းအစိုးရဖြုတ်ချနိုင်ရန် အယုံအကြည်မရှိ အဆိုတင်သွင်းရာ ထောက်ခံသူ ၇၀၊ ကန့်ကွက်သူ ၃၇၊ ကြားနေ ၁၁ ဦးဖြင့် အဆိုအနိုင်ရပြီး ညွန့်ပေါင်းအစိုးရ ပြုတ်ကျသွားခဲ့ရတယ်။ ထိုနေ့ မတိုင်မီ ၁၅.၂. ၃၉ တွင် ၉၁ ဌာနအုပ်ချုပ်ရေး မသာချပွဲများ ရန်ကုန်တစ်မြို့လုံး၌ ကျင်းပခဲ့ပါတယ်။ လွတ်လပ်ရေးမရမီ မြန်မာနိုင်ငံတွင် အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဈာပနကလွဲလို့ အစည်ကားဆုံး၊ မြို့နေလူထုအားလုံးနီးပါး လိုက်ပါပို့ဆောင်ကြသော ဈာပနနှစ်ခုမှာ ဦးထွန်းရှိန် (ဖေ၊ ပု၊ ရှိန်) နှင့် ဗိုလ်အောင်ကျော် ဈာပနတို့ ဖြစ်ပါတယ်။

ဗိုလ်အောင်ကျော်အား မြင်းစီးပုလိပ်များအနီး၌ တွေ့ရစဉ်

၁၉၃၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် ရန်ကုန်မြို့ ကြံတောသုသာန်မှာ ကျင်းပသော ဗိုလ်အောင်ကျော်၏ ဈာပနအခမ်းအနားတွင် ဂုဏ်ပြုအခမ်းအနားတစ်ရပ် ကျင်းပခဲ့ပါတယ်။ တို့ဗမာအစည်းအရုံးဌာနချုပ်မှ ဦးဆောင်၍ ရန်ကုန်စီရင်စု တို့ဗမာအစည်းအရုံး၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)၊ သံဃာတော်များနှင့် မြို့မိမြို့ဖများ ပူးပေါင်း ပါဝင်ခဲ့ကြတယ်။ ၁၉၃၈ ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီတွင် ကိုအောင်ကျော်အား နေမျိုးသီဟသူရဘွဲ့ကို ချီးမြှင့်ပြီး သမဂ္ဂရှေ့မှာ ပြင်ဆင်ထားတဲ့ ဗိုလ်အောင်ကျော် ရုပ်ကလာပ်ကို ခရာသံများဖြင့် အလေးပြုကြတယ်။ ထို့နောက် ဈာပနယာဉ်ကို ကြံတောသုသာန်သို့ ပို့ဆောင်ကြရာ ရှေ့ဆုံးမှ သံဃာတော်များ၊ သီလရှင်များနှင့်တကွ လူထုလူတန်းစားအသီးသီး၊ အဖွဲ့အစည်းအသီးသီးတို့မှ ဝမ်းနည်းသော အထိမ်းအမှတ်အဖြစ် တို့ဗမာအမျိုးသားအလံ၊ ဒေါင်းအလံများနှင့် အလံနက်ကြီးများကို တိုင်တစ်ဝက်လွှင့်ထူ၍ လိုက်ပါ ပို့ဆောင်ခဲ့ကြတယ်။

သုသာန်သို့ ရောက်သော် ဈာပနကော်မတီက အာဇာနည်ဗိုလ်အောင်ကျော်ဟု သုံးကြိမ် ကြွေးကြော်လိုက်ရာ ပရိသတ်၏ တုံ့ပြန် ကြွေးကြော်သံများကြောင့် ပဲ့တင်ထပ်နေပါတယ်။ ၎င်းနောက် မိခင်ကြီး ဒေါ်ရွှေကျော့၏ ရဟန်းရှင်လူများကို တိုင်တည်ပြီး မချိတင်ကဲ စကားများကို ပြောကြားငိုယိုတော့တယ်။ ထို့နောက် ဗကသအတွင်းရေးမှူး ကိုအေးကျော်က တောင်တွင်းမှ ပေးပို့လိုက်သော သမဂ္ဂခေါင်းဆောင် ကိုဗဟိန်း၏ သဝဏ်လွှာကို ဖတ်ကြားတယ်။ ဗကသဥက္ကဋ္ဌ ကိုလှရွှေနဲ့ တို့ဗမာ အစည်းအရုံးမှ သခင်လှဘော်တို့က ဗိုလ်အောင်ကျော် အမှတ်တရစကားများ ပြောကြားပြီး နောက်ဆုံးအဓိဋ္ဌာန်စာတမ်းကို ဈာပနကော်မတီကိုယ်စား မြို့မဆရာဟိန်က ဖတ်ကြားပေးပြီး ခရာသံများဖြင့် ဈာပနအခမ်းအနားကို အဆုံးသတ်လိုက်ပါတယ်။ ဈာပနအခမ်းအနား ပြီးဆုံးသည့်အခါ ဗိုလ်အောင်ကျော်၏ ရုပ်ကလာပ်အား နိုင်ငံရေးခေါင်းဆောင် ဦးထွန်းရှိန် (ဖေ၊ ပု၊ ရှိန်) ၏ အုတ်ဂူနံဘေးမှာ မြှုပ်နှံလိုက်ကြတယ်။

၁၉၃၈ ဒီဇင်ဘာ ၈ ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုဗဟိန်းနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) အထွေထွေအတွင်းရေးမှူး ကိုဗဆွေတို့ ရေနံချောင်းအမျိုးသား ကျောင်းသားသပိတ်ကိစ္စကို သွားရောက်ဖြေရှင်းအပြီး ပြန်လာကြစဉ် ဒီဇင်ဘာ ၁၁ ရက်မှာ မကွေးမြို့ မဲထီးကျောင်းတိုက်အတွင်း သပိတ်စခန်း ချနေကြသည့် ရေနံမြေအလုပ်သမားများအား ဝင်ရောက်အားပေးကာ တရားဟောခဲ့တယ်။ ကိုဗဟိန်းဟာ မကွေးအရေးပိုင် ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ ကို အာဏာဖီဆန်ကာ တရားဟောခဲ့ခြင်းပါ။

“ခင်ဗျားတို့ ရန်ကုန်ရောက်သည်အထိ ရှေ့ဆက်ချီတက်ကြပါ။ ပုဒ်မ ၁၄၄ ကို ဖီဆန်ပြီး ဆက်လက် ချီတက်ကြပါ။ ခင်ဗျားတို့ တုတ်တစ်ချက် အရိုက်ခံရလျှင် နယ်ချဲ့အစိုးရမျက်ဖြူဆိုက်စေ့မယ်၊ မြင်းခွာတစ်ချက်ပေါက်လျှင် ဗမာတစ်ပြည်လုံး မီးဟုန်းဟုန်းတောက်စေရမယ်” ဟု ဟောပြောခဲ့ပြီး တရားပွဲအပြီးတွင် ကိုဗဟိန်းတို့ ဖမ်းဆီးခံခဲ့ရတယ်။

လဲကျနေသည့် ဦးကြည်မောင်နှင့် လိမ္မော်သီး

ဥက္ကဋ္ဌကိုဗဟိန်း ဖမ်းခံရပြီးနောက် ကိုလှရွှေ (အာဏာရှင်) တကသဥက္ကဋ္ဌ ဖြစ်လာခဲ့တယ်။ ကိုဗဟိန်းနှင့် ကိုဗဆွေတို့အား ဖမ်းဆီးထားသည်ကို ပြန်လွှတ်ပေးရန်၊ ရေနံမြေအလုပ်သမားများအရေးကို ဖြေရှင်းပေးရန်၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရန် စသည်ဖြင့် လိုလားချက်များကို အစိုးရအား တောင်းဆိုနိုင်ရန်အတွက် အစည်းအဝေး နှစ်ကြိမ်ခန့်လုပ်ပြီး ၂၀ ဒီဇင် ဘာ ၁၉၃၈ နေ့တွင် အတွင်းဝန်ရုံး အပေါက်များအားလုံးကို အမှုထမ်းတစ်ဦးမျှ မဝင်နိုင်အောင် ပိတ်ဆို့သပိတ်တားရန် ဆုံးဖြတ်ခဲ့ကြတယ်။

၂၀ ဒီဇင်ဘာ ၁၉၃၈ နေ့ နံနက်မှာ ရန်ကုန်တက္ကသိုလ် တကသအအောက်အအုံရှေ့တွင် ကျောင်းသားများ စုရုံးရောက်ရှိနေကြပြီး အဓိပတိလမ်းမပေါ်တွင် ဘတ်စ်ကား ၂၆ စီး ရပ်ထားတယ်။ အာဏာရှင်ကိုလှရွှေရဲ့ တိုရှင်းသော လမ်းညွှန်စကားကို ခံယူပြီး Sparks (ဗိုလ်အောင်ကျော်) စိန်ပေါကျောင်း အနီးသို့ ထွက်ခွာလာခဲ့ကြပြီး မြို့မကျောင်းနှင့် အခြားအထက်တန်း၊ အလယ်တန်းကျောင်းမှ ကျောင်းသားများနှင့် ပူးပေါင်းကြပြီး အတွင်းဝန်ရုံးအပေါက်များရှိရာသို့ လေးယောက်တစ်တွဲ တန်းစီပြီး ချီတက်သွားကြကာ မိမိတို့ တာဝန်ကျရာ ဂိတ်ပေါက်များတွင် ပိတ်ဆို့လိုက်ကြပါပြီ။

ပုလိပ်များရောက်ရှိလာပြီး ကျောင်းသားများကို ဖယ်ထုတ်ကြသော်လည်း တစ်ယောက် လျော့သွားသောနေရာကို နောက်တစ်ဦး အစားထိုး နေရာဝင်ယူကြသောကြောင့် ပုလိပ်အဖွဲ့က လက်လျှော့ပြီး ကျောင်းသားများနှင့် ဂိတ်တံခါးများအကြား မတ်တတ်ရပ် နေရာဝင်ယူထားလိုက်ကြတယ်။ မျက်နှာဖြူနှင့် မြန်မာဝန်ထမ်းများ တစ်ဦးမျှ ရုံးမတက်နိုင်ဘဲ ပြန်သွားကြသဖြင့် ကျောင်းသားများ သပိတ်အောင်မြင်သည်ဟု ယူဆနိုင်ပါတယ်။ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် ဥက္ကဋ္ဌကိုလှရွှေက သပိတ်တားရေး အောင်မြင်ပြီဖြစ်ကြောင်းနှင့် သပိတ်ရုပ်သိမ်းကြရန် ပြောတယ်။ ကျောင်းသားများ အဓိက သပိတ်တားသောနေရာမှာ ပင်မဝင်ပေါက်ဖြစ်သော အနောက်မြောက်ထောင့် တံခါးပေါက်၊ ဗိုလ်အောင်ကျော်လမ်း သူရိယတိုက်ရှေ့မှ ဝင်ပေါက်ဖြစ်တယ်။ ၎င်းဝင်ပေါက် ရှေ့မှ ကျောင်းသားများက စတင်စီတန်းထွက်ခွာပြီး အတွင်းဝန်ရုံးပတ်လည်ရှိ ကျန်သောဂိတ်ပေါက်များမှ ကျောင်းသားများအား သပိတ်ရုပ်သိမ်းစေပြီး ဗိုလ်အောင်ကျော်လမ်းထောင့် သူရိယသတင်းစာတိုက်အနီး ဥက္ကဋ္ဌ ကိုလှရွှေက မိန့်ခွန်းပြောပြီး ရုပ်သိမ်းရန်ဖြစ်သော်လည်း အတွင်းဝန်ရုံးသို့ တစ်ပတ်လှည့်အပြီး မိန်းကလေး အများစုပါသော ကျောင်းသားတပ်ဦး Sparks (ဗိုလ်အောင်ကျော်) လမ်းအတွင်းသို့ ပြန်ဝင်မိသည်နှင့် ပုလိပ်အဖွဲ့က ကျန်ကျောင်းသားအဖွဲ့များကို အဝင်မခံတော့ဘဲ စတင်ရိုက်နှက်ကြပါတယ်။

ကျောင်းသားတပ်ဦးတွင် ကိုအောင်ကျော်၊ ကိုသိန်းအောင်၊ ကိုကြည်မောင် (ဗိုလ်မှူးကြီး ကြည်မောင် NLD)၊ ဒေါ်ခင်မျိုးချစ် (မခင်မြ) တို့ ပါဝင်ကြပြီး ကိုကြည်မောင်က အလံကိုင်ပါတယ်။ ကျောင်းသားများကို ဗိုလ်အောင်ကျော်လမ်းအတွင်းနှင့် ဘီဂင်းဒက်လမ်း (အနော်ရထာလမ်း) စိန်ပေါကျောင်းရှေ့များမှာပါ ရိုက်နှက်ခဲ့ရာမှာ ကျောင်းသား ၂၀၀ ခန့် ဒဏ်ရာရပြီး ကိုအောင်ကျော်မှာ ၎င်းဒဏ်ရာများဖြင့် ၂၂ ဒီဇင်ဘာ ၁၉၃၈ နေ့တွင် ရန်ကုန်ဆေးရုံကြီး၌ ကျဆုံးခဲ့ရပါတယ်။

ကိုအောင်ကျော် သေဆုံးမှုနှင့်ပတ်သက်ပြီး တို့ဗမာအစည်းအရုံး ကိုယ့်မင်းကိုယ့်ချင်း အဖွဲ့ဝင် အောက်လွှတ်တော်အမတ် သခင်မြနှင့် သခင်အံ့ကြီးတို့က ဘုရင်ခံထံကန့်ကွက်စာနှင့် အမတ်အဖြစ်မှ နုတ်ထွက်စာပေးပို့ခဲ့တယ်။ ရွေးချယ်ခံ အထက်လွှတ်တော်ကိုယ်စားလှယ် မြို့မကျောင်းအုပ်ဆရာကြီး ဦးဘလွင်လည်း ကန့်ကွက်၍ နုတ်ထွက်ကြောင်းနှင့် ၎င်းအား အစိုးရမှ ချီးမြှင့်ထားသော (KIH) ဘွဲ့ကိုလည်း ပြန်အပ်ကြောင်း ဘုရင်ခံထံ စာပို့ခဲ့ပါတယ်။

ကိုအောင်ကျော်သေဆုံးမှုကို ရန်ကုန်မြို့ အထူးရာဇဝတ်တရားသူကြီး ဦးစိန်ခိုင်ရုံးတွင် အမှုဖွင့်လျက် စစ်ဆေးစေရာ ပုလိပ်နှင့် ကျောင်းသားများ ရုန်းရင်းဆန်ခတ်ဖြစ်ရာမှ မတော်တဆ သေဆုံးမှုဖြစ်သည်ဟု ဆုံးဖြတ်ထားရာ ပြည်သူလူထု၏ မကျေနပ်မှုများ ပိုမြင့်တက်လာစေတယ်။ ဗိုလ်အောင်ကျော် အရေးအခင်းအပြီး မန္တလေးအာဇာနည် ၁၇ ဦး ကျဆုံးခဲ့ရပြန်ပါတယ်။ ရဟန်းရှင်လူ ပြည်သူအများ ထိခိုက်သေကျေခဲ့ရသော ဒေါက်တာဘမော် ညွန့်ပေါင်းအစိုးရဟာ ၁၉၃၉ ဖေဖော်ဝါရီလတွင် နုတ်ထွက်လိုက်ရပြီး ဦးပုအစိုးရတက်လာခဲ့သော်လည်း ပြည်သူလူထု ကျေနပ်စေရန်အတွက် မြန်မာပြည်အစိုးရက အတွင်းဝန်ရုံး အဖြစ်အပျက် စုံစမ်းရေးကော်မတီကို ၁၉၃၉ ခုနှစ် မတ် ၂၀ ရက်တွင် ဖွဲ့စည်းပေးပြီး စုံစမ်းစေပါတယ်။ အဖွဲ့ဝင်များမှာ တရားသူကြီး ဒေါက်တာဘဦး၊ လွှတ်တော်အမတ် ဦးသွင်နှင့် ဦးစိန်ထွန်းအောင်တို့က စုံစမ်းစစ်ဆေးပြီး အစိုးရကို အစီရင်ခံစာ တင်ပြရပါတယ်။

သူရိယသတင်းစာ အယ်ဒီတာများ မျက်မြင်တွေ့ရှိခဲ့သည့် နေရာ

အောက်ပါအချက်လေးချက်ရဲ့ အကြောင်းရင်းမြစ်ကို ရှာဖွေ ဖော်ထုတ်ပေးရမည်ဖြစ်ပါတယ်။

၁။ ကျောင်းသားအဖွဲ့သည် မည်သည့် အကြောင်းကြောင့် ရဲအဖွဲ့နှင့် ပဋိပက္ခဖြစ်ရသည်။ ၎င်းတို့ မည်သည့်အကြောင်းကြောင့် အတွင်းဝန်ရုံးနား ရောက်နေရသည်။

၂။ ဘယ်လိုအခြေအနေတွေကြောင့် ရဲက အင်အားသုံးလူစုခွဲရသလဲ။

၃။ လူစုခွဲနေချိန်မှာ ပုလိပ်အဖွဲ့ရဲ့ အပြုအမူ။

၄။ ထိခိုက်ဒဏ်ရာရလူစာရင်း စသည့် အချက်များကို စုံစမ်းတင်ပြပေးရန် ဖြစ်ပါသည်။

ကျောင်းသားများဘက်မှ ဦးအေးမောင်နှင့် ပုလိပ်အဖွဲ့ဘက်မှ Mr.Henderson တို့က ဥပဒေပညာရှင်၊ ရှေ့နေများအဖြစ် ဆောင်ရွက်ကြပါတယ်။

စုစုပေါင်း သက်သေ ၆၃ ယောက် စစ်ဆေးခဲ့ရာမှာ ကျောင်းသား ၃၅ ယောက်၊ ကျောင်းဆရာ သုံးယောက်၊ လွှတ်တော်ကိုယ်စားလှယ် လေးယောက်၊ သူနာပြုအဖွဲ့မှ ငါးယောက်၊ သူရိယသတင်းစာတိုက် အုပ်ချုပ်မှု ဒါရိုက်တာတစ်ယောက်၊ သခင်တစ်ယောက်၊ အယ်ဒီတာနှစ်ယောက်၊ ဓာတ်ပုံဆရာ သုံးဦး၊ ပုလိပ်ဆာဂျင်တစ်ဦး၊ ရန်ကုန် ပုလိပ်မင်းကြီး အပါအဝင် ပုလိပ်အရာရှိ ရှစ်ဦးတို့ကို ခေါ်ယူ စစ်ဆေးခဲ့ပါတယ်။ ပြည်သူလူထုက ပူးပေါင်း ဆောင်ရွက်နိုင်ရန် သတင်းစာများမှတစ်ဆင့် ဖိတ်ခေါ်ခဲ့တယ်။

(ကိုလိုနီခေတ် ရန်ကုန်မြို့အုပ်ချုပ်ရေး၏ ထူးခြားချက်တစ်ခုမှာ ပုလိပ်မင်းကြီး ရန်ကုန် Commissioner of Police သည် မြန်မာနိုင်ငံ ပုလိပ်မင်းကြီး (Inspector General of Police Burma) ၏လက်အောက်၌ မရှိဘဲ မြန်မာပြည်အစိုးရ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ ထားရှိပါတယ်)။

သက်သေများကို စစ်ဆေးချက်အရ ကျောင်းသားခေါင်းဆောင်များ ဖမ်းဆီးခံထားရမှုကို လွှတ်ပေးရေး၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေးတို့ တောင်းဆိုရာမှ မလိုက်လျောလို့ အတွင်းဝန်ရုံးကို သပိတ်တားဖို့ ဆုံးဖြတ်ခြင်းဖြစ်တယ်။ ပုလိပ်အဖွဲ့မှ ကျောင်းသားများ မကျေနပ်ကြသည်ကို သိသော်လည်း မည်သည့်နည်းနှင့် ဆန္ဒပြကြမည်ကို ကြိုတင်ထောက်လှမ်း၍ မရသေးသဖြင့် ပုလိပ် Inspector ဦးရွှေဘအား ရန်ကုန်တက္ကသိုလ်အတွင်း အရပ်ဝတ်ဖြင့် စောင့်ကြည့်ထောက်လှမ်းစေပြီး ၂၀ ဒီဇင်ဘာ ၁၉၃၈ နေ့တွင် ကျောင်းသားများ ရန်ကုန်တက္ကသိုလ်မှ စတင်ထွက်ခွာလာသည်နှင့် ဦးရွှေဘ တောက်လျှောက်လိုက်ပါလာပြီး အတွင်းဝန်ရုံးရှေ့အရောက် ကျောင်းသားများ သပိတ်တားမည်ကို သိရသောအခါ မဂိုဂါတ် (ယခုစူပါဝမ်း ဗိုလ်ချုပ်ဈေးရှေ့) သို့ ဆက်သွယ် အကြောင်းကြားပါတယ်။ မဂိုဂါတ်မှ ပုလိပ်အဖွဲ့အချို့ လွှတ်ပေးပြီး အတွင်းဝန်ရုံးပင်မ ဝင်ပေါက်ဖြစ်သော အနောက်မြောက်ဘက်ဂိတ် Sparks (ဗိုလ်အောင်ကျော်) လမ်း၌ သပိတ်တားနေကြသော ကျောင်းသားများကို ဆွဲမပြီး ဖယ်ထုတ်ကြသော်လည်း တစ်ယောက် ဖယ်ထုတ်ခံရပါက တခြားတစ်ဦး လူစားဝင်ကြသောကြောင့် လက်လျှော့လိုက်ရပြီး ကျောင်းသားများနှင့် ဂိတ်တံခါးကြား ပုလိပ်အဖွဲ့က မတ်တတ်ရပ် နေရာယူထားရပါတယ်။

၉း၃၀၊ ၁၀း၀၀ နာရီလောက်မှာ ရဲမင်းကြီး (Reynolds) ရေးနိုးရောက်လာပြီး ပုလိပ်အဖွဲ့ကို ရုပ်သိမ်းစေလိုက်ပါတယ်။ ထို့နောက် ဝန်ကြီးချုပ်ဒေါက်တာဘမော်၏ အိမ်သွားပြီး မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ရမည်ကို မေးမြန်းပါတယ်။ ဒေါက်တာဘမော်က အနည်းဆုံး ဂိတ်တစ်ခုတော့ ဖွင့်နေဖို့လိုကြောင်း၊ ကျောင်းသားများကို ပြောမရပါက ဂိတ်ဝမှ ဆွဲမပြီး ရှင်းထုတ်ရန် ညွှန်ကြားချက်သာ ပေးလိုက်တယ်။ နန်းရင်းဝန်ဒေါက်တာဘမော်ထံမှ ညွှန်ကြားချက်ယူပြီး မဂိုဂါတ်၌ ဒုရဲမင်းကြီး ရန်ကုန်မြို့မရာဇဝတ်ဝန်တို့နှင့် တိုင်ပင်ကြပါတယ်။ ပုလိပ်မင်းကြီး Mr.Reynolds ရေးနိုး၏ အစီအစဉ်မှာ လာရောက်ကြည့်ရှုကြသော ပရိသတ်များ ထပ်မဝင်နိုင်စေရန် Sparks (ဗိုလ်အောင်ကျော်) လမ်းနှင့် ဒါလဟိုဇီ (မဟာဗန္ဓုလ) လမ်းထောင့်ကိုပိတ်လိုက်ပြီး စပါတ်လမ်းတစ်လျှောက်ရှိနှင့်ပြီးသော ပရိသတ်များကို ဖရေဇာ (အနော်ရထာ)လမ်းဘက်သို့ ရန်ကုန်မြို့မရာဇဝတ်ဝန် Mr.Tydd တစ်ဒ်က ရှင်းလင်းလာစဉ် ပုလိပ်မင်းကြီး ရေးနိုးက အချုပ်ကားအချို့နှင့် ဂိတ်ပေါက်ရှေ့မှ ဖယ်ပေးရန် ငြင်းဆန်သော ကျောင်းသားများကို ဖမ်းဆီးပြီး ကားများပေါ်သို့ တင်ခေါ်သွားရန်နှင့် အနော်ရထာလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ကိုပါ ပိတ်ထားလိုက်ရန် ဖြစ်ပါတယ်။

အထက်ပါ အစီအစဉ်များကို ဆောင်ရွက်နိုင်ရန်အတွက် ဥရောပတိုက်သားဆာဂျင် (အကြပ်ကြီး) အဆင့်များနှင့် ကုလားပုလိပ်၊ မြင်းစီးပုလိပ်များ အပါအဝင် အင်အား ၄၀၀ ကို ဘရွတ်ကင်း (ဗိုလ်ကလေးဈေးလမ်း) မင်္ဂလာရဲကင်း (ယနေ့အထိရှိသေး) မှာ အဆင့်ရှိနေပြီး အင်အား ၁၀၀ ခန့် စတင်သုံးစွဲရန် ပုလိပ်မင်းကြီးရေးနိုးက ဆုံးဖြတ်ထားပါတယ်။

ရာဇဝတ်ဝန် မစ္စတာတစ်ဒ်နှင့် ပုလိပ်အဖွဲ့များ ဗိုလ်အောင်ကျော်လမ်း ဂိတ်ပေါက်သို့မရောက်မီ ကျောင်းသားခေါင်းဆောင်ကိုလှရွှေက ကိုသိန်းအောင်အား သပိတ်သိမ်းဖို့ အကြောင်းကြားသောကြောင့် သပိတ်ရုပ်သိမ်းပြီး အတွင်းဝန်ရုံး အနောက်မြောက်ဘက် ပင်မဝင်ပေါက်မှ မဟာဗန္ဓုလလမ်းသို့ ၎င်းနောက် မဟာဗန္ဓုလလမ်း၊ သိမ်ဖြူလမ်း၊ အနော်ရထာလမ်း အတွင်းဝန်ရုံးတစ်ပတ် လမ်းလျှောက်၍ အခြားဂိတ်ပေါက်များမှ ကျောင်းသားများကိုလည်း သပိတ်သိမ်းစေပြီး ဗိုလ်အောင်ကျော်လမ်းနှင့် အနော်ရထာလမ်းထောင့် သူရိယ သတင်းစာတိုက်ဘေး၌ ကိုလှရွှေ၏ မိန့်ခွန်းကို L ပုံသဏ္ဌာန်တန်းစီနားထောင်ပြီး လူစုခွဲလိုက်ဖို့ ဖြစ်ပါတယ်။ သို့သော်လည်း ပုလိပ်အဖွဲ့က မိန်းကလေးအများစုပါသော ဆန္ဒပြ ကျောင်းသားတပ်ဦးကိုသာ ဗိုလ်အောင်ကျော် လမ်းအတွင်းသို့ နောက်တစ်ကြိမ်ဝင်ခွင့်ပြုခဲ့ပြီး ကျန်အဖွဲ့ဝင်များကို ဝင်ခွင့်မပြုတော့ပါ။ ဗိုလ်အောင်ကျော် အပါအဝင် ကျောင်းသား တပ်ဦးကို Sparks လမ်းအတွင်း သူရိယတိုက်နှင့် ကုလားဘုရားကျောင်းအကြား ဘရိုင်ယန် စမစ်ကုမ္ပဏီရှေ့ (ယခုစီမံကိန်းရေးဆွဲရေး ဦးစီးဌာနမြို့နယ်ရုံးများ) ရှေ့မှ စတင်ရိုက်နှက်ကြပါတယ်။ (မူရင်းအဆောက်အအုံ BS & CO သံပန်းတံဆိပ် တွေ့နိုင်ပါသေးတယ်။)

ယခုနေရာအထိ ပုလိပ်နှင့်ကျောင်းသားများ ထွက်ဆိုချက်များ တူညီကြသော်လည်း ပုလိပ်အဖွဲ့၏ တိုက်ခိုက်မှုများကို ထွက်ဆိုချက်ပေးသောအခါ မတူညီကြတော့ပါ။

ပုလိပ်မင်းကြီးရေးနိုး၏ ထွက်ဆိုချက်မှာ - စပါတ်လမ်းထဲက ပရိသတ်တွေကို ရှင်းထုတ်ဖို့နဲ့ သပိတ်တားတဲ့ ကျောင်းသားတွေကို ဖယ်ထုတ်ဖို့ ဘတ်စ်ကား နှစ်စီးပါလာခဲ့သည်။ မိန်းကလေးတစ်ယောက်လောက် ဖမ်းခဲ့ရသည်။ ဆူဆူညံညံ အသံတွေကြားရပြီး ပုလိပ်အဖွဲ့ကို သူရိယသတင်းစာတိုက်ကနေ ပုလင်းနဲ့ပစ်တယ်လို့ သတင်းရပါသည်။ စပါတ်လမ်းထောင့်ကို ပိတ်ဖို့လုပ်နေတုန်း လမ်းထောင့်က လူအုပ်ကြီးကို ခပ်လှမ်းလှမ်းကို မောင်းထုတ်ရပါသည်။ နောက်ပြန်လှည့်ဖို့ လုပ်နေချိန် လူအုပ်ကြီးက ပုလိပ်ဆာဂျင်တစ်ယောက်ကို ရိုက်နှက်နေလို့ သွားကယ်တာ ခဲတွေနဲ့ ဝိုင်းပေါက်ခံရပါသည်။ ထို့ကြောင့် ၎င်းလူအုပ်ကို ရိုက်နှက်ပြီး မောင်းထုတ်လိုက်ရပါသည်။ အတွင်းဝန်ရုံးထဲကနေ ခဲနဲပေါက်လို့ အနောက်ပိုင်းခရိုင် ရဲဝန်ထောက်ကို လွှတ်လိုက်ရပါသည်။ စပါတ်လမ်းထဲမှာ ၁၅ နှစ် ၁၆ နှစ်အရွယ် ကလေးမတစ်ယောက်သာ ခေါင်းမှာ ဒဏ်ရာနှင့်တွေ့ပါသည်။ ၎င်းဒဏ်ရာမှာ ပုလင်းမှန်လို့ ရတာဖြစ်ပါသည်။

ဓာတ်ပုံသက်သေ၊ ဒဏ်ရာရကျောင်းသားလူသက်သေများ ရှိသောကြောင့် Mr.ရေးနိုး၏ အစစ်ခံချက်များမှာ လက်ခံနိုင်ဖွယ်မရှိဟု စုံစမ်းရေးကော်မတီမှ ယူဆပါတယ်။

ဦးဘကလေး သူရိယ MD နှင့် ရန်ကုန်မြို့တော်ဝန်-၁၂း၃၀ လောက်မှာ ကျောင်းသားတွေ အတွင်းဝန်ရုံးကို တစ်ပတ်ပတ်ပြီး စပါတ် လမ်းထောင့်နားပြန်ရောက်တော့ မြင်းသုံးစီးလောက်နဲ့ ပုလိပ်တွေ တောင်ဘက် (မဟာဗန္ဓုလလမ်း) ကနေ လာနေပါတယ်။ ကျောင်းသားတွေက မြင်းစီးပုလိပ်ကိုရှောင်ပြီး စပါတ်လမ်းထဲဝင်ဖို့ လုပ်နေချိန်မှာ ဘီဂန်းဒတ်လမ်း(စိန်ပေါကျောင်းရှေ့) မှာ ဥရောပသား ဆာဂျင်တစ်ယောက်နဲ့ ကျောင်းသားတစ်ယောက် မြောင်းထဲကို လုံးထွေးကျသွားကြပါသည်။ အခြားပုလိပ်များမှ ကျောင်းသားတွေကိုရိုက်ပြီး သူတို့လူကို ပြန်ဆွဲတင်လာပါသည်။ ကျွန်တော်မှတ်မိသလောက် စပါတ်လမ်းထဲက ဆန္ဒပြအုပ်စုမှာ မိန်းကလေးအများစုဖြစ်ပြီး ယောကျ်ားလေးက အလံကိုင်ပါသည်။ ဘာဖြစ်လို့ ပုလိပ်က စရိုက်တယ်မသိပါ။ ကျောင်းသားတချို့ လမ်းပေါ်မှာလဲနေပြီး ကျွန်တော်နှင့် ဦးထွန်းအောင်တို့မှ မရက်စက်ကြနဲ့လို့ အော်ခဲ့ပါသည်။ နောက်တော့ အနော်ရထာလမ်းထောင့် ကွမ်းယာဆိုင်ဘက်ကနေ ခဲတွေနဲ့ပေါက်ကြသည် စသဖြင့် အစစ်ဆေးခံခဲ့ပါတယ်။

မမေခင် အသက် (၁၃) နှစ် ဒီးဒုတ်ဦးဘချိုသမီး- ကျွန်မတို့ စပါတ်လမ်းထဲဝင်မိတော့ မြင်းစီးပုလိပ်တွေက မြင်းနဲ့ဝင်တိုးလို့ ဖရိုဖရဲ ဖြစ်ကုန်ပါသည်။ ဥရောပသားဆာဂျင်များ ပြေးလာပြီး ဝိုင်းရိုက်ကြပါသည်။ ဘယ်ဘက်လက်ဖျံကိုတစ်ချက်၊ လက်မောင်းအဆစ်မှာတစ်ချက် အရိုက်ခံလိုက်ရပါသည်။

Dr. ဘသန်း - လူပေါင်း ၈၀ ဆေးရုံသို့ရောက်လာပြီး ကျောင်းသား ၅၃ ယောက် ပုလိပ်လေးယောက်၊ ကျောင်းသားမဟုတ်သူ ၂၃ ယောက် ၎င်းတို့ထဲတွင် သတင်းထောက် ကျောင်းဆရာ၊ သူနာပြုယာဉ်မောင်းများ ပါဝင်ကြပါသည်။ ပြင်းထန်စွာ ထိခိုက်သူ သုံးဦးဖြစ်ပြီး၊ ၎င်းတို့ထဲတွင် မောင်အောင်ကျော်တစ်ဦးသာ ဒဏ်ရာကြောင့် သေဆုံးခဲ့ရပါသည်။ မောင်အောင်ကျော်၏ အလောင်းအား ခွဲစိတ် စစ်ဆေးချက်အရ ဦးခေါင်းခွံကွဲအက် သေဆုံးခြင်းဖြစ်ပြီး ၎င်းဒဏ်ရာမျိုးရရှိသူ ၉၀ ရာခိုင်နှုန်းမှာ အသက်မရှင်နိုင်ပါဟု ထွက်ဆိုပါတယ်။

မောင်ခင်မောင် (တုတ်အကျိုးကို ကောက်သိမ်းထားသူ) - မြင်းစီးပုလိပ်တွန်းချလို့ လဲကျသွားခဲ့ပါသည်။ ဥရောပသား ဆာဂျင်တွေနဲ့ ကုလားပုလိပ်တွေက ရိုက်ကြပါသည်။ ဥရောပသားဆာဂျင်တစ်ယောက် မောင်အောင်ကျော်ရဲ့ နားထင်ကို ရိုက်လိုက်ပါသည်။ အရှေ့သို့ယိုင်ထိုးလဲကျနေစဉ် နောက်တစ်ချက် ထပ်ရိုက်လိုက်တာ တုတ်ကျိုးသွားပြီး အစတစ်ခုက ကျွန်တော့်နားရောက်လာလို့ ကောက်ယူပြီး စိန်ပေါကျောင်းရှေ့ (ဘီဂင်းဒတ်လမ်း) ဘက်ကို ထွက်ပြေးခဲ့ပါသည်။ ညနေဘက်ရောက်တော့ ၎င်းတုတ်အကျိုးကို သူရိယတိုက်က ကိုသိန်းမောင်ကို သွားပေးခဲ့ပါသည်။

မောင်အုံးဖေ (မြောင်းထဲပြုတ်ကျသူ)- အတွင်းဝန်ရုံးကို ကျော်ပြီးပြေးဖို့လုပ်နေတုန်း နောက်ကနေ ဥရောပသားဆာဂျင်ရိုက်တာ ခံလိုက်ရပြီး မြောင်းထဲပြုတ်ကျသွားခဲ့ပါသည်။ မြောင်းထဲရောက်တော့ နောက်ထပ်လေးငါးချက် အရိုက်ခံရလို့ မေ့သွားပါသည်။ သတိပြန်ရလာတော့ ဆေးရုံပေါ်ရောက်နေပြီး အချိန် ၄ နာရီခွဲ ၅ နာရီလောက် ရှိပါသည်။ ခေါင်းမှာ ဒဏ်ရာလေးချက်၊ လက်ဖျံမှာတစ်ချက်၊ ခြေထောက်မှာနှစ်ချက် ရခဲ့ပါသည်။

မောင်အုံးဖေနဲ့အတူ မြောင်းထဲကိုပြုတ်ကျသူက ဆာဂျင်နီဗေး Neevay ပါ။ ၎င်းဆာဂျင်မှာ မျက်နှာပေါ်၌ ပြတ်ရှဒဏ်ရာအသေး တစ်ခုမှလွဲ၍ ဘာဒဏ်ရာမှမရှိပါ။ ပုလိပ်အဖွဲ့မှာ ၎င်းအာဂျင်နီဗေးကို ကယ်တင်ရန်အတွက် စတင်တိုက်ခိုက်ရကြောင်း အကြောင်းပြလို့ ကော်မတီမှ စစ်ဆေးခဲ့ရာ ၎င်းမှာဆေးရုံတက်ရလောက်အောင် ဒဏ်ရာမရှိသဖြင့် ဆေးရုံလည်း မတက်ခဲ့ပါ။

မစ္စတာခန်း-မင်္ဂလာရဲကင်းအကြီးအကဲ မစ္စတာခန်းမှ ၎င်းထုတ်ပေးထားသော နံပါတ်တုတ်များတွင် ပုလိပ်နှစ်ဦးမှ ပြန်အပ်နိုင်ခြင်း မရှိကြောင်း စစ်ဆေးခံခဲ့ပါတယ်။

မစ္စတာ Loader လုပ်ဒါ- Mr.Loader သည် သူရိယတိုက်မှ ဓာတ်ပုံဘလောက် နဂ္ဂတစ်စာဖောင်များကို သွားရောက် သိမ်းဆည်းခဲ့သူဖြစ်ပြီး ၎င်းအပြုအမူအတွက် ကော်မတီမှ သက်သေဖျောက်ရန် ယူဆပါတယ်။

ဒီလိုနဲ့ အဘက်ဘက်မှ စုံစမ်းပြီး၍ စုံစမ်းရေးကော်မတီမှ အစီရင်ခံတင်ပြရာတွင် ပုလိပ်မင်းကြီးရေးနိုးသည် နန်းရင်းဝန်၏ အမိန့်ဖြစ်သော တံခါးတစ်ပေါက်ပွင့်နေလျှင်ရပြီဟု ဆိုသော်လည်း ကျောင်းသားများက သပိတ်လှန်ပြီး ဂိတ်ဝများမှ ထွက်ခွာသွားချိန်ကျမှ အဓိကရုဏ်းဖြစ်စေခြင်း၊ Inspector ဦးရွှေဘသည် ကျောင်းသားများ သပိတ်ပြီးဆုံး၍ ပြန်ရန်သာရှိတော့သည့် အခြေအနေကို အထက်အရာရှိများအား အချိန်မီ သတင်းမပို့ခြင်း၊ ရဲအဖွဲ့မှ ငါးယောက်ထက်ပိုသော လူစုလူဝေးဖြင့် အများပြည်သူ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်သော အခြင်းအရာများကြောင့်ဟု ဆိုသော်လည်း စပါတ်လမ်းအတွင်းသို့ ပြန်ဝင်ရောက်လာသော ကျောင်းသား သုံးလေးဆယ်ခန့်တွင် မိန်းကလေးအများစုဖြစ်ပြီး ၁၃ နှစ် အရွယ်များပင် ပါဝင်ခြင်းကြောင့် ဆူပူအကြမ်းဖက်သူများ မည်ကဲ့သို့မျှ မဖြစ်နိုင်ကြောင်း၊ ဂီဂင်းဒတ် (အနော်ရထာလမ်း) စိန်ပေါကျောင်းရှေ့တွင် အနော်ရထာလမ်းထောင့်၌ ရိုက်နှက်မှုများမှ လူအုပ်နှင့် ကျောင်းသားရောထွေးနေ၍ဟု အကြောင်းပြ၍ ရနိုင်သော်လည်း စတင်ရိုက်နှက်ဖို့ အမိန့်ပေးရန် ဖြစ်လာသော ဆာဂျင်နီဗေးမှာ ပြောပလောက်အောင် ဒဏ်ရာရရှိခြင်း မရှိခဲ့ပါကြောင်း၊ ပရိသတ်များက ပုလိပ်အဖွဲ့ကို ခဲနှင့် ပေါက်ခြင်းကြောင့် နှိမ်နင်းခဲ့ရပါသည် ဆိုသော်လည်း စပါတ်လမ်းအတွင်း ကိုကြည်မောင်၊ ကိုအောင်ကျော်အပါအဝင် ကျောင်းသူများကို ရိုက်နှက်မှုများသည် လူမိုက်ဆန်သော လူမဆန်သော အင်အားကို လိုသည်ထက်ပိုသုံးသော အထက်အမိန့်ထက် ကျော်လွန်လုပ်ဆောင်ခဲ့ကြကြောင်း စုံစမ်းတွေ့ရှိ တင်ပြခဲ့ကြပါတယ်။

Ref: Report. OF THE SECRETARIAT INCIDENT ENQUIRY COMMITTEE
အောင်ကျော် သို့ ဂျပ်ဆင်သူပုန် (မှော်ဝန်း ကြည်မြတ်)
Ref: -ခေတ်အဆက်ဆက် သမိုင်းဝင်မှတ် တမ်းပုံရိပ်များ -ဦးသန့် (လာဘ်မိုးဆွေ)
-မိတ်ဆွေတိုးဂိုက် ကိုဂျော်လီ (Jolly Kyaw) စုဆောင်းမှုများ။

Most Read

Most Recent