နေ့၏ အစိတ်အပိုင်းတစ်ခုအပေါ်၌ နေထိုင်ကြည့်ခြင်း

နေ့၏ အစိတ်အပိုင်းတစ်ခုအပေါ်၌ နေထိုင်ကြည့်ခြင်း
Published 1 August 2017


ဆာဗေဒိုဒါလီ၏ The Persistence of Memory ပန်းချီကား

အခြားသောနေ့များနှင့် ယခုကျွန်တော့်ရှေ့တွင် ရောက်ရှိလာသောနေ့ (သို့မဟုတ်) ကျွန်တော်ရောက်ရှိရာ ယခုနေ့သည် အတူတူပင်ဖြစ်သည်ဟု ထင်မိပါသည်။ အထင်သည် နံရံဖြူပေါ်တွင် ပေကျံနေသော အစွန်းတစ်စက်ကလေးဖြစ်သည်။ ထိုသို့လောလောဆယ် နားလည်ထားပါသည်။ လောလောဆယ် နားလည်ခြင်းဟူ၍ ကျွန်တော်သုံးသည်။ အကြိမ်ရေ မည်မျှရှိခဲ့သည်ကိုမူ ကောင်းမွန်စွာ မမှတ်မိတော့ပါ။ ကျွန်တော်ရောက်ရှိနေသောအချိန်သည် ယခုလောလောဆယ်တွင် ဖြစ်နေသော ရှိခြင်းတစ်မျိုး ဖြစ်ပါသည်။ ကျွန်တော်၏အရိပ်သည် အိမ်ရှေ့ရှိ ဂန္ဓမာပန်းပင်များအပေါ်တွင် ကျရောက်လျက်ရှိသည်။ နေ့များသည် ကျွန်တော်တို့၏ သွားများကိုခိုင်မာစေသည်။ ကြည်လင်တောက်ပ ထက်မြက်စေသည်။ နေ့များသည် သစ်ပင်များကို ကြီးထွားသန်မာစေသည်။ သို့သော်နေ့များသည် တစ်နေ့သောအချိန်တွင် ရပ်တန့်လိမ့်မည်ဟု နားလည်ထားကြောင်း လူတစ်ဦးပြောဖူးပါသည်။ နေ့များသည် ပုလင်းထဲတွင်ရှိသော အမှုန်စက်ကလေးများနှင့်တူသည်။ နေ့များသည် လူတစ်ဦး၏ဗိုက်ကို ပိုမိုကြီးကျယ်စေသည်သာမက ရေဂါလန်ပေါင်းများစွာကိုလည်း ပိုမိုလေးလံစေသည်ဟူ၍ ကျွန်တော်ကြားဖူးသေးသည်။ နေ့များသည် မြင့်မြတ်သည်။ နေ့များသည် ပင်ပန်းဆင်းရဲခြင်းကို ဖြစ်စေသည်။ နေ့များသည် ပျင်းရိနွမ်းလျခြင်းကို ဖြစ်စေသည်။ အထက်ပါဖွင့်ဆိုချက်များမှာ ကျွန်တော်၏ဖွင့်ဆိုချက်များ မဟုတ်ကြပါ။

ပန်းချီဆရာက ပြောဖူးသည်။ နေ့များသည် နာရီလက်တံအတိုင်း မစီးဆင်းဘဲသွားနေသည်ဟု ပြောပါသည်။ ကျွန်တော့်မိတ်ဆွေ ကဗျာဆရာကမူ နေ့များသည် ကြောင်ကလေးဟာရီ၏ လက်သည်းများကို ရှည်စေသည်။ ထို့ကြောင့် ကျွန်တော် ချစ်သည်ဟုပြောသည်။ ပန်းချီဆရာဒါလီ၏ ပြန်လည်အောက်မေ့ခြင်းလက်ရာကို တွေ့ဖူးပါသလား။ စပိန်ပန်းချီဆရာဒါလီ၏ အကျော်ကြားဆုံးလက်ရာဖြစ်သည်။ အချိန်တည်းဟူသော ထာဝရကာလကို နာရီဖြင့်တင်စားခြင်းဖြစ်ကြောင်း သိရပါသည်။ ပျော့ခွေနေသော နာရီများကို ဆွဲထားပါသည်။ ကျွန်တော် သေချာမတွေ့ဖူးပါ။ သို့သော် စာအုပ်အချို့မှတစ်ဆင့် ဂူဂဲလ်မှတစ်ဆင့် ကျွန်တော်ခံစားဖူးပါသည်။ အချိန်၏ မှားယွင်းမှုနှုန်းများကို သံသယဝင်လိုသည်။ ကျွန်တော့်တွင် ကိုယ်ပိုင်နေ့စွဲများ မရှိသေးပါ။ အဘယ်သူသည် ကိုယ်ပိုင်နေ့စွဲများကို ခံစားနားလည်တတ်ပါပြီလဲ။ ကျွန်တော် သိချင်မိသည်။

ဆာလောင်နေသော ကျောက်ရုပ်များကို သင်တွေ့ဖူးပါသလား။ သူတို့ထံ၌ ကိုယ်ပိုင်နေ့ များရှိသည်ဟု မိတ်ဆွေထင်ပါသလား။ ယခုမေးခွန်းအတွက် အဖြေကိုမူ ရိုးသားစွာ ဖြေဆိုနိုင်ပါပြီ။ နဂိုမူလကရှိသော ရိုးဖြောင့်မှုကို လမ်းဖွင့်စေလိုသည်။ ယခုအချိန်ကလေးတွင် ရိုးသားပွင့်လင်းစေလိုပါသည်။ စိတ်ကျန်းမာရေးအတွက် ကောင်းမွန်သော နည်းလမ်းဖြစ်ကြောင်းကိုလည်း ပြောပြလိုသည်။ ပန်းခြံများ၊ ကျောက်ရုပ်များ၊ ရေပြင်၊ ကောင်းကင်၊ ပြတိုက် အစရှိသောအရာတို့ကို ကောင်းမွန်စွာ ကြည့်ရှုပါလေ။ နေ့များသည် သွားနေကြ၏။ ဂျက်ဆင်ပေါလောက်၏ ဆေးစက်များမှာ အတိုချုံ့ထားသော သို့မဟုတ် ချဲ့ထားသော နေ့များဖြစ်သည်ဟု ကျွန်တော်ပြောလိုက်ချင်သည်။ မိတ်ဆွေ ငြင်းနိုင်ပါသည်။ ငြင်းဆန်ခြင်းသည် လူသားတို့၏ မွေးရာပါ အခွင့်အရေးဖြစ်သည်။ တန်ဖိုးထား ငြင်းဆန်စေလိုသည်မှာ ကျွန်တော်၏ မေတ္တာရပ်ခံချက်တစ်ခုပင်ဖြစ်သည်။

သစ်စေ့ကလေးပေါက်ပြီ။ ၁၀ တန်းအောင်သွားသော ကလေးငယ်သည် တက္ကသိုလ်တစ်ခုမှ ဘွဲ့ရသွားပြီ။ အဝါရောင်သည် လှမြဲလှ၏။ စပါးခင်းတွင်ပေါက်နေသော ဂျုံပင်သည် ပေါင်းပင်ဖြစ်ကြောင်းကို ကျွန်တော်ကြားလိုက်ရသည်။ စပါးခင်းတွင် ပေါက်နေသော ဂျုံပင်သည်သာမက မည်သည့်စားပင် ဖြစ်စေကာမူ စပါးခင်းတွင် ပေါက်ရောက်ပါက ခုတ်ထွင်ရှင်းလင်းခြင်းခံရမည်ဟုလည်း ထပ်ဆင့်ကြားရသည်။ စပါးခင်းတွင် စပါးပင်များမရှိဘဲ အခြားစားပင်များ ရှိနေတာရော မဖြစ်နိုင်ဘူးလားဟု ကျွန်တော်မမေးတော့ပါ။ စပါးခင်းတွင် ပေါက်ရောက်နေသော စပါးပင်များကြား၌ဟူ၍သာ သုံးနှုန်းစေလိုကြောင်းကိုလည်း ကျွန်တော်မပြောတော့ပါ။ တိတ်ဆိတ်စွာ နေထိုင်ခြင်းသည် လုံခြုံသည်ဟု ဒီအရပ်မှာတော့ အားလုံးသဘောပေါက်ကြပြီးဖြစ်သည်။ နေ့များသည် ကျွန်တော့်အား အစိမ်းရောင်၊ အနီရောင်၊ အဖြူရောင်နှင့် အခြားအရောင်များကို မှတ်သားစေခဲ့ပါသည်။ သို့သော်နေ့များသည် ကျွန်တော့်အား လမ်းပေါ်တွင် လေအေးအေးချွန်ကာ သွားနေသော လူတစ်ယောက်ကိုလည်း အားကျစေခဲ့ပါသည်။ နေကြာပင်များကို ချစ်သည်ဟုခံယူသဖြင့် နေကြာပင်များတွေ့တိုင်း ကြည်နူးသလိုလို ကျွန်တော်ခံစားခဲ့ရသည်။ ၎င်းအချိန်များကို ကျွန်တော်ပြန်လိုချင်ပါသည်။ နေ့များ၏ အသွားအလာဖြစ်စဉ်များ၊ လမ်းကြောင်းများ ဖြစ်နိုင်ပါသည်။ သို့သော်နေရောင်ခြည်ကို ဦးညွှတ်ထားသော နေကြာပင်များကိုတွေ့တိုင်း ကျွန်တော့်ထံတွင် နောက်ထပ်ခေါင်းစဉ်မတပ်နိုင်သော ခံစားချက်တစ်မျိုးရှိသည်။ အခြားမဟုတ်ပါ။ ဗန်ဂိုး၏ နေကြာပန်းများ ဖြစ်ပါသည်။ ထို့နောက်တွင်မူ ဂျုံခင်းများအတွင်းမှ ထိတ်လန့်စွာ ပျံတက်နေကြသော ကျီးကန်းများကို ကျွန်တော်မြင်ရပါသည်။ တစ်ခါတလေတော့လည်း နေကြာပင်များကို ကျွန်တော်မမြင်ချင်ပါ။ နေ့များ၏ အကြောင်းအရာများကို ကျွန်တော်မပြောလိုပါ။ ပြောလည်းမပြောပြတတ်ပါ။ အကြောင်းမှာ နေ့များသည် ကျွန်တော့်သိနေခြင်း၊ ရှိနေခြင်းတွင် ရှိနေကြသောကြောင့်ဖြစ်သည်။ တစ်နည်းအားဖြင့် နေ့များတွင် ကျွန်တော့်ရှိနေခြင်းကို သိရသောကြောင့် ဖြစ်ပေသည်။

တစ်ဝက်တစ်ပျက်နေ့များ၊ သုံးပုံတစ်ပုံနေ့များ၊ တစ်ခါသုံးနေ့များ၊ တစ်ခါပြင်နေ့များ၊ တစ်မိနစ်စာနေ့များ စသည့်နေ့များစွာ ရှိနေနိုင်ကြောင်းကိုမူ ကျွန်တော် စောဒကမတက်လိုပါ။ ငယ်ရွယ်မှုကို ပြက်ရယ်ပြုသော သူတို့၏သွေးများသည် လမ်းတစ်လျှောက် တစ်စက်ပြီးတစ်စက် ကျနေသည်ကို ကျွန်တော်မြင်တွေ့ရပါသည်။ ကောင်းကင်ကြီးအောက်တွင် လွတ်မြောက်မှုအကြောင်းကို မပြောချင်တော့ပါ။ အပေါစားနေ့များဟု သတ်မှတ်ကြလျှင် မကောင်းပေဘူးလားဟု မိတ်ဆွေ ကျွန်တော့်အား ပြောပြနိုင်သည်။ ကျွန်တော် မငိုတတ်တော့ပါ။ ဝမ်းနည်းခြင်းကို ကျွန်တော်ရိုက်ခွဲခဲ့သည်မှာ တော်တော်ကလေး ကြာနေပြီ။ နေ့များတွင် မျက်ရည်ရှိပါသလား။ မျက်ရည်ကင်းမဲ့နေသော သူနှင့်အရာအားလုံးကို ဆုံးရှုံးရသော သူတို့သည် ဤပထဝီမြေကြီးပေါ်တွင် ကြောက်စရာအကောင်းဆုံးသော သက်ရှိများဖြစ်သည်ဟု ကျွန်တော်ဖတ်ဖူးပါသည်။ ထိုနေ့ကို ကျွန်တော်မမှတ်မိပါ။ ထိုနေ့သည် လက်ရှိလောလောဆယ်အချိန်လည်း ဖြစ်နိုင်သကဲ့သို့ ကျွန်တော်၏ သိမှုဘောင်အတွင်းရှိနေသော အချိန်များလည်း ဖြစ်နိုင်သည်။ ကျွန်တော် အကြံပေးလိုသော စကားတစ်ခွန်းရှိပါသည်။ မည်သူက မည်သည့်အရာကိုများ အမြဲတမ်းပိုင်ဆိုင်နေသလဲ။ ပန်းကလေးများဖူးနေပြီ။ ရွက်ဝါကလေးတို့သည် ကမ်းနားလမ်းတစ်လျှောက်ရှိ ပလက်ဖောင်းပေါ်တွင် အိပ်စက်လဲလျောင်းနေကြသည်။ နေ့များသည် ပလက်ဖောင်းပေါ်တွင် ကျရောက်နေသော အလင်းရောင်နှင့်တူသည်။

ကျွန်တော်၏အစ်ကိုကြီး ကွယ်လွန်သွားသည်။ ရိုးရှင်းလှသော အထက်ပါစာကြောင်းအတွက် ကျွန်တော်ကြိုးစားခဲ့ရပါသည်။ သူကွယ်လွန်သွားသည့် ညနှင့်ယခုညသည် အရောင်အဆင်းအားဖြင့် တူညီနေနိုင်ပါသည်။ ကျွန်တော်ကတော့ အတူတူပင်ဖြစ်သည်ဟု ယုံကြည်သည်။ နေ့များတွင် စပျစ်သီးများမှည့်နေပြီလား။ နေ့များတွင် အရောင်များရှိနေပြီလား။ နေ့များတွင် သေသပ်လှပသော သို့မဟုတ် ရှုပ်ပွနေသောစကားလုံးများ ရှိနေပြီလား။ နေ့များတွင် ရုပ်ရှင်ရုံများ လူပြည့်နေပြီလား။ နေ့များတွင် စစ်ပွဲများဖြစ်နေပြန်ပြီလား။ နေ့များတွင် မည်သို့သော ကဗျာစာအုပ်သစ်များ ထွက်ပြီလဲ။ နေ့များတွင် ကျွန်တော်ပျော်ရွှင်ပါတယ်ဟု စိတ်ချလက်ချ ပြောလို့ရပြီလား။ နေ့များတွင် ချစ်ခြင်းမေတ္တာသည် အေးမြတည်ငြိမ်နေသလား။ ကျွန်တော်အစ်ကိုကြီးကို ပြောပြနိုင်ပါသည်။ နေ့များတွင် မင်းဘယ်ရောက်နေလဲ အစ်ကိုကြီး။

မိုးရွာသောတစ်နေ့က ကျွန်တော်၏ ထီးကလေးမှာ လေပြင်းနှင့်အတူ ပျက်စီးသွားခဲ့ပါသည်။ ထိုထီးကလေးကို ကျွန်တော်မေ့မရပါ။ လွန်ခဲ့သော ၁၅ နှစ်ခန့်က ထီးကလေးကို ယခုကျွန်တော် မမေ့သေးပါ။ ထိုစဉ်က မိုးရေထဲတွင် ကျွန်တော်၏ ဆံပင်များ မိုးစိုနေပါလိမ့်မည်။ အကြောင်းမှာ ထီးကလေး ပျက်စီးသွားသောကြောင့်ဖြစ်သည်။ ထိုစဉ်က မိုးရေထဲတွင် ကျွန်တော်ဝတ်ခဲ့သော ဘောင်းဘီ၏အရောင်မှာ အစိမ်းရောင်ဖြစ်ကြောင်းကိုမူ ကျွန်တော်အာမခံရဲပါသည်။ အချို့သော နေ့များတွင် ရက်လွန်နေ့စွဲများ၊ တံဆိပ်များမရှိကြပါ။ ကျွန်တော်၏ လွန်ခဲ့သော ၁၅ နှစ်က အဖြစ်အပျက်သည် မနေ့ညက ကျွန်တော်မက်ခဲ့သော အကြောင်းအရာ ဖြစ်နေနိုင်သည်။ အိပ်မက်နှင့် သိပ္ပံအလွန်များအကြောင်းကို ဆွဲမထည့်ချင်သည်မှာ ကျွန်တော့်စိတ်ရင်းအမှန်ဖြစ်သည်။ အရာရာသည် မနေ့တစ်နေ့ကလိုပဲဟု ပြောရလိမ့်မည်။

နေ့များတွင် ကားများသည် တဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့ကြသည်။ လမ်းများတွင် ယင်းတို့ကို မြင်တွေ့နိုင်ပါသည်။ ကုန်တင်ကားကြီးသည် နေ့များ၏ အစိတ်အပိုင်းများကို တင်ဆောင်ကာ ပြေးလွှားနေသည်။ လမ်းများသည် တဖြည်းဖြည်း အရောင်ပြောင်းနေတတ်ကြသည်။ ကောင်းကင်တွင် ပျံသန်းနေသော ငှက်တစ်ကောင်သည် မိမိ၏အသိုက်ရှိရာသို့ သွားနေပြီ။ ငှက်တစ်ကောင်၏ အမွေးများသည် နေ့တို့၏ ပြီးပြည့်စုံမှုတစ်ခုဖြစ်ကြောင်းကိုလည်း သတိထားမိစေလိုပါသည်။
နေ့များတွင် မာနများမရှိကြပါ။ နေ့များတွင် ဆိုးဆေးများမရှိပါ။ နေ့များတွင် အဆိပ်များမရှိကြပါ။ နေ့များတွင် နေ့များ၏အစသည် တည်ကြည်ဖြောင့်မတ်သည်သာ။ နေ့များတွင် ကျွန်တော်တည်ရှိခဲ့သည်။ တစ်နည်းအားဖြင့် ကျွန်တော်၏ တည်ရှိမှုသည် နေ့များပေါ်တွင် မူတည်နေသည်။ အရိပ်ကလေးသည် အိမ်နောက်ဖေးရှိ စံပယ်ပင်ပေါ်တွင် ကျနေသည်။ ထို့နောက် တဖြည်းဖြည်း စံပယ်ပင်ကလေး ကျန်ခဲ့မည်ဖြစ်သည်။ ထို့နောက် ယခုလောလောဆယ် ကျွန်တော်သည်လည်း တဖြည်းဖြည်း ကျန်ခဲ့မည် သို့မဟုတ် ပျောက်ကွယ်သွားမည်ဖြစ်ကြောင်းကိုလည်း သဘောပေါက်ထားပါသည်။

Writer - ဝေမြင့်မောင်

Most Read

Most Recent