မြောက်ဒဂုံမြို့နယ်တွင် ခွေးလေခွေးလွင့်များအား ထိန်းသိမ်းစောင့်ရှောက်ထားသော နေရာတစ်ခုကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းက တွေ့ရစဉ်
ကျွန်တော် ခွေးတွေကိုချည်းပဲ ဆက်တိုက်အိပ်မက်မက်နေတာ နှစ်လလောက်ရှိပြီ။ ဘာဖြစ်လို့မှန်းလဲမသိဘူး။ အိပ်မက်မက်လိုက်တိုင်း ခွေးတွေက ပါပါလာတယ်။ တစ်ခါတလေဆိုရင် အိပ်မက်မက်နေရင်းနဲ့ကို အိပ်မက်ထဲမှာ ခွေးမပါသေးမှန်း သတိရပြီး ခွေးတစ်ကောင်ကောင်များ တွေ့ရလေမလားလို့ ကျွန်တော်က ရှာနေသေးတာတဲ့။ ခွေးတွေကလည်း တစ်နည်းနည်းနဲ့တော့ ပါလာတာပဲ။ ကျွန်တော့်အိပ်မက်တွေနဲ့ ခွေးတွေ ဘယ်လိုပတ်သက်နေသလဲ မသိဘူး။ ပထမတစ်လလောက်အထိ ကျွန်တော်က သာမန်ပါပဲ။ အထူးအထွေ တွေးမနေအားဘူး။ ကိုယ်တိုင်က တကယ့်အပြင်လောကမှာလည်း ခွေးချစ်သူ။ ခွေးတွေနဲ့ လက်ပွန်းတတီး နေလေ့ရှိသူဆိုတော့ အိပ်မက်ထဲခွေးပါတာ ဘာမှမခံစားရ၊ ဘယ့်နှယ်မှမနေဘူး။ ဒါပေမဲ့ တဖြည်းဖြည်း အိပ်မက်တိုင်း ခွေးပါတာက ရက်ဆက်လဆက်ဖြစ်လာတော့။ ကျွန်တော်ဟာ ကမ္ဘာမှာနာမည်မပေးရသေးတဲ့ စိတ်ရောဂါတစ်ခုခုများ ခံစားနေရသူလားလို့ ကိုယ့်ကိုယ်ကိုယ် ထင်လာတယ်။
ကျွန်တော်သိသလောက်ဆိုရင် အိပ်မက်ဆိုတာက အစွဲအလမ်းသက်သက်ပါပဲ။ တခြား ဘာမှထူးထူးခြားခြား မဟုတ်ဘူး။ တချို့တွေပြောတာမျိုးဆိုရင် အိပ်မက်ဆိုတာ လူရဲ့အငုံ့စိတ်တွေကို တစ်နည်းတစ်လမ်းနဲ့ သွားဖော်ထုတ်တဲ့အရာ ဘလာ ဘလာ ဘလာ ပေါ့လေ။ ဒါတွေလည်း ကျွန်တော့်ခေါင်းထဲ သိပ်မရှိပါဘူး။ ကျွန်တော်က ဟိုဟာဒီဟာ ဟိုလူဒီလူ သိပ်ယုံကြည်တတ်တဲ့လူလည်း မဟုတ်ဘူး။ စွဲလမ်းရအောင်ကလည်း ရုပ်ရှင်မင်းသမီး၊ ဆက်စီမော်ဒယ်၊ အစားအသောက်တစ်ခု ဒီလိုဟာတွေ စွဲလမ်းမှာပေါ့။ ခွေးတော့ ဘယ်စွဲလမ်းမလဲ။ ဒါပေမဲ့ဗျာ အိပ်မက်မက်တိုင်း ခွေးတွေပါပါလာတာ နှစ်လကျော်နီးနီးရှိလှပြီ။
ခွေးတွေပါလာတယ်ဆိုတာမှာလည်း ပုံသဏ္ဌာန်တစ်ခုတည်း အကြောင်းအရာတစ်ခုတည်း။ ပါပုံပါနည်းတစ်ခုတည်းနဲ့ မဟုတ်ဘူး။ ခွေးကလည်း အရွယ်စုံ၊ ဆိုက်စုံ မွေးကင်းစ အမွေးတောင်မပေါက်သေးတဲ့ အရွယ်ကနေ ငုတ်တုတ်ထိုင်နေရင် ကျွန်တော့် ခါးကျော်ကျော်လောက်အထိကြီးတဲ့ ခွေးကြီးတွေအထိ။ ခွေးအမျိုးအစားဆိုတာကလည်း စုံတယ်။ ဒါပေမဲ့ ဗမာခွေးပဲ ကျွန်တော်ကသိတယ်။ ကျန်တဲ့ ဘိုခွေးတွေကျတော့ ဘယ်ခွေးက ဘာနာမည်၊ ဘယ်ခွေးက ဘာအမျိုးအစား ကျွန်တော်မသိပါဘူး။ အဲဒီလို ကျွန်တော်မသိဘဲနဲ့များ ပါပါလာတတ်တာ ကျွန်တော်ဖြင့် အံ့သြလို့မဆုံးဘူး။ ဘယ်လိုခွေးရေစက်မှန်း နားမလည်ဘူး။
ငယ်ငယ်တုန်းက အိပ်မက်တွေမက်ဖူးပါတယ်။ အပြင်မှာ တစ်ခါမှမမြင်ဖူးတဲ့ မိန်းကလေးတစ်ယောက်ကို ကိုယ်မရောက်ဖူးတဲ့ နေရာဒေသတစ်ခုမှာ ကိုယ်မကြားဖူးတဲ့ ဘာသာစကားတစ်ခုနဲ့ ချစ်စကားပြောနေတယ်ဆိုတာမျိုး။ လူပျိုပေါက်အရွယ်ကဆို ကိုယ်နဲ့ရွယ်တူ မိန်းကလေးတစ်ဦးနဲ့ အိပ်မက်ထဲတင် ချစ်တင်းနှောနေတာ ကြုံရဖူးတယ်။ ထားတော့ ဒါတွေက အကျိုးနဲ့အကြောင်းနဲ့ရှိတယ်။ ခွေးနဲ့က ဘယ်လိုအကျိုးအကြောင်းလဲ ကျွန်တော်လည်း ရှင်းမပြတတ်ဘူး။
သာမန်အားဖြင့်တော့ ကျွန်တော်က ခွေးချစ်တတ်သူပါ။ ကြောင်တော့မချစ်ဘူး။ မုန်းတောင် မုန်းသေးတယ်။
ခွေးချစ်တတ်သူတစ်ယောက်အနေနဲ့ ခွေးတွေလည်း အများကြီးမွေးဖူးပါတယ်။ လမ်းဘေးခွေးတွေပဲပေါ့။ တယုတယ မွေးခဲ့ဖူးတယ်။ ရေချိုးပေးတယ်။ အစာကျွေးတယ်။ တစ်ခါတလေ အနာတွေ၊ ဘာတွေရှိရင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ပါရာစီတမောကိုထောင်းပြီး အနာကို သိပ်ပေးဖူးတယ်။ ဒါက ကျွန်တော်ခွေးတွေနဲ့ ဘယ်လိုနေထိုင်ခဲ့ဖူးတယ်ဆိုတာ ပြောပြတာပါ။ ဘဝမှာ ခွေး ၁၀ ကောင်လောက် ကိုယ်တိုင်ကိုယ်ကျ မွေးခဲ့ဖူးတယ်။ ဒါပေမဲ့ဒီလောက်ပဲ။ အဲဒါတွေကလည်း ကြာလှပြီ။ အခုဆို ခွေးမမွေးဖြစ်တော့တာတောင် သုံးလေးနှစ်မကရှိနေပြီ။
ဒီလိုကာလကျမှ ဘယ်လိုဖြစ်လို့ အိပ်မက်ထဲ ခွေးတွေပါပါလာရတာလဲဆိုတာ နားကိုမလည်နိုင်ဘူးပေါ့ဗျာ။ စိတ်လည်းလေတာပေါ့။ ခွေးရုပ်ရှင်တွေများ အကြည့်များနေလို့လား။ မဟုတ်ပါဘူး။ အဲဒါတွေကလည်း ကြာပါပြီ။ ဒါပေမဲ့ ကြည့်ဖူးတဲ့ ရုပ်ရှင်ထဲက ခွေးတွေလည်း ပါလာတာပဲ။ The Mask ဇာတ်ကားထဲက မိုင်လိုတို့၊ မင်းသားကြီး ရစ်ချတ်ဂီရိပါတဲ့ ဟာချီဇာတ်ကားထဲက ခွေးကလေး ဟာချီတို့၊ နောက်ပြီး ၁၀၁ ဆိုတဲ့ ခွေးသူခိုးဇာတ်ကားလေ၊ အဖြူအနက်ကွက် ခွေးလေးတွေကို အရေခွံစုတ်ဝတ်ချင်တဲ့ မိန်းမကြီးကခိုးတဲ့ ခွေးလေးတွေ။ အများစုကတော့ ဗမာခွေးတွေပါပဲ။ ကျွန်တော်မွေးခဲ့ဖူးတဲ့ ခွေးလေးတွေလည်း ကျရာဇာတ်ရုပ်ကနေပါလာတာပဲ။
မှတ်မိနေတဲ့ အိပ်မက်တစ်ခု၊ နှစ်ခုအကြောင်း ပြောပြဦးမယ်။
အိပ်မက်တစ်ခုထဲမှာ ကျွန်တော်ဟာ လမ်းကျယ်ကြီးတစ်ခုပေါ်မှာ သေရေးရှင်ရေး ပြေးနေရသတဲ့။ ဘာကိစ္စနဲ့ သေရေးရှင်ရေးတာလဲတော့ မသိဘူးဗျာ။ ကျွန်တော်ဟာ အိပ်မက်ထဲနောက်ကို လှည့်ကြည့်လှည့်ကြည့်လုပ် ကြောက်အားလန့်အားနဲ့ ပြေးနေတာတော့ မှတ်မိတယ်။ အဲဒီလိုပြေးနေတုန်း လမ်းရဲ့တစ်နေရာရောက်တော့ ကျွန်တော်ဟာ လမ်းနံဘေးကအိမ်တစ်အိမ်ကို လှမ်းကြည့်လိုက်တယ်တဲ့။ အဲဒီအိမ်အောက်မှာ ကျွန်တော်မွေးခဲ့ဖူးတဲ့ ခွေးမတစ်ကောင်က သူ့ကလေးတွေကို လျှာနဲ့လျက်နေတယ်။ ဒါနဲ့ကျွန်တော်လည်း အဲဒီအိမ်အောက်သွား ခွေးမကြီးကိုလည်း ခေါင်းကိုပွတ်ပေး၊ ခွေးကလေးတွေကိုလည်း မ,ချီပြီး သေချာကြည့်လုပ်နေသတဲ့။ ခုနက သေရေးရှင်ရေးဆိုတာတွေ မရှိတော့ဘူးဗျ။ အိပ်မက်ထဲမှာ အဲဒီပြေးလာတယ်ဆိုတာတောင် မမှတ်မိတော့ဘူး။ သာသာယာယာပဲ။ အဲဒီလိုလုပ်နေတုန်း ခွေးမကြီးက ကျွန်တော့်ကို ပြုံးပြုံးကြီးကြည့်ပြီး ပြောတယ်။ လိုချင်ရင် တစ်ကောင်နှစ်ကောင် ယူသွားလေ။ အမတွေတော့ ယူမသွားနဲ့ပေါ့တဲ့။
ခွေးကစကားပြောတာလည်း အိပ်မက်ထဲမှာဆိုတော့ မထူးဆန်းပါဘူး။ ကျွန်တော်ကလည်း စကားပြန်ပြောနေသတဲ့။ အေးနောက်တော့လည်း လာယူသေးတာပေါ့တဲ့။ အဲဒါအိပ်မက်တစ်ခု။ ဇာတ်လမ်းကဒါပဲ။
နောက်အိပ်မက်တစ်ခု ရှိသေးတယ်။ အဲဒါက ပင်လယ်ကမ်းခြေမှာ ကျွန်တော်ဟာ အုန်းရည်ကလေးသောက် ပင်လယ်ပြင်ကြီးကို ငေးကြည့်လုပ်နေတုန်းမှာပေါ့။ ကလေးလေးတစ်ယောက်ကို တော်တော်ကြီးကိုကြီးတဲ့ ခွေးကြီးတစ်ကောင်က လိုက်ကိုက်နေတာ။ ကလေးလေးကလည်း ပြေးတယ်ပေါ့။ ကလေးလေးကိုယ်မှာလည်း ခွေးကိုက်ထားရာတွေ ဗရပွနဲ့။ ကျွန်တော်လည်း အဲဒါနဲ့ဒီကလေးတော့ ငါမှဝင်မကယ်ရင် ခွေးကိုက်တာနဲ့ သေတော့မှာလို့ စိတ်ကတွေးပြီး ဒရင်းဘတ်ပေါ်က ထလိုက်သတဲ့။ အဲဒီလိုဒရင်းဘတ်ပေါ်က ထလိုက်တာနဲ့ ကျွန်တော်ဟာလည်း ခွေးတစ်ကောင် ဖြစ်သွားတာတဲ့။ အိပ်မက်ထဲမှာ ကျွန်တော်လည်း တော်တော်စိတ်ညစ်သွားတယ်တဲ့။ ဟာကွာ ငါ့ဘာသာငါ အေးအေးလေးနေနေတာ ခုတော့ဘယ်လိုဖြစ်လို့ ခွေးဖြစ်သွားတယ် မသိဘူးကွာလို့ အိပ်မက်ထဲမှာ တွေးနေမိတယ်တဲ့။ ခုနကလိုက်ကိုက်နေတဲ့ ခွေးတို့၊ ပြေးနေတဲ့ ကလေးတို့လည်း မရှိတော့ဘူး။
အိပ်မက်တွေဆိုတာကတော့ ကျိုးကြောင်းဆီလျော်မဖြစ်မှန်း ကျွန်တော်သိပါတယ်။ ဒါပေမဲ့ အဲဒီလောက် အဆက်အစပ်မဲ့တဲ့ ဇာတ်လမ်းမျိုးတွေနဲ့ အိပ်မက်မျိုးတွေကတော့ ကျွန်တော့်ဘဝတစ်ခုလုံးမယ် ဘယ်လောက်များများ မက်ဖူးမှာလဲ။ မက်ခဲ့သမျှ ခွေးဇာတ်လမ်းတွေ တော်တော်များများက အဲဒါမျိုးတွေချည်းပါပဲ။ ဇာတ်လမ်းကောင်းကောင်း၊ ယုတ္တိရှိရှိ ခွေးအိပ်မက်တွေလည်း မက်ပါတယ်။ နှစ်လအတွင်းကို မက်တာဆိုတော့ အိပ်မက်က အမည်စုံလှတယ်။
ယုတ္တိရှိတယ်ဆိုတဲ့ အိပ်မက်မျိုးက ဒီလိုပေါ့။ ဒါလည်း ကျွန်တော်မက်တဲ့ အိပ်မက်တွေထဲကနေ ကောင်းနိုးရာရာတစ်ခုကို ကောက်နုတ်ပြတာပါ။ ဒီအိပ်မက်ဆိုရင် ယုတ္တိလည်းရှိတဲ့အပြင် ထူးတောင်ထူးဆန်းနေသေးတယ်။ ယုတ္တိရှိစွာ ထူးဆန်းတာမျိုးပေါ့လေ။
ကျွန်တော်ဟာ ပေတေလေလွင့်အိမ်ကနေ ထွက်ပြေးလာတဲ့ လူငယ်တစ်ယောက်ပေါ့။ ခေတ်ကလည်း တကယ့်ခေတ်ပျက်ကြီး။ အမှောင်ခေတ်ကြီး။ ကျွန်တော့်လို ပေတေလေလွင့်နေတဲ့ လူငယ်တွေဆိုတာလည်း ကျွန်တော့်ပတ်ဝန်းကျင်မှာ အများကြီးပေါ့။ ကျွန်တော်တို့ဟာ အတူတူအရက်ကလေး သောက်လိုက်၊ စိတ်ကူးယဉ်လိုက်၊ တစ်ခါတလေလည်း ကျဉ်းမြောင်းလှတဲ့ လောကဓမ္မတွေကို ရှာတွေ့လိုက်နဲ့ နေနေကြသတဲ့။
တစ်ရက်မှာတော့ ကျွန်တော်တို့ဟာ တော်တော်ကြီးကို မြင့်လွန်းတဲ့တောင်ကြီးတစ်ခုကို တက်နေကြသတဲ့။ ပထမတော့ အိပ်မက်ထဲမှာ ကျွန်တော်နဲ့အတူတူ အဲဒီတောင်ကုန်းကြီးကို တက်နေတဲ့လူငယ်တွေ အများကြီးပဲ။ တောင်ထိပ်မှာ ဘာရှိတယ်တော့ ကျွန်တော်လည်းမသိဘူး။ ကျန်တဲ့ကောင်တွေဆိုတာလည်း ကျွန်တော့်အိပ်မက်ထဲက ကောင်တွေဆိုတော့ ကျွန်တော်တောင်မသိတာ ဒီကောင်တွေလည်း သိမယ့်ပုံမရှိဘူး။ တချို့လည်း ကျောဗလာ။ တချို့လည်း စုတ်ပြတ်နေတဲ့အင်္ကျီ၊ ဘောင်းဘီတွေနဲ့ပေါ့။ မျက်နှာတွေကတော့ စုတ်ချွန်းချွန်းထောင့်မကျိုးတဲ့ မျက်ခွက်တွေချည်းပါပဲ။ ဒါပေမဲ့တောင်ပေါ် တက်ရင်း တက်ရင်းနဲ့ ကျွန်တော့်အနားမှာ ကျွန်တော်အပါအဝင် သုံးယောက်ပဲ ရှိတော့တယ်တဲ့။ (တစ်ယောက်ကိုအပြင်မှာ ကျွန်တော်သိတယ်။ တစ်ယောက်ကတော့ ဘယ်သူမှန်း ကျွန်တော်မသိဘူး)
အဲဒီသုံးယောက်ထဲမှာမှ ကျွန်တော်ကနောက်ဆုံးပဲ။ တောင်တက်တယ်ဆိုတာကလည်း ကျွန်တော်တို့အပြင်မှာ စေတီပုထိုးဘုရားတွေရှိတဲ့ တောင်တွေတက်ရသလို စောင်းတန်းနဲ့ လှေကားနဲ့ မဟုတ်ဘူးဗျ။ တောင်ကြီးက ပြောင်ချောကြီး အဲဒီမှာတောင်ပေါ်က ပစ်ချပေးထားတဲ့ ကြိုးကြီးတွေကိုဆွဲခိုပြီး တက်နေကြတာ။ တောင်ပေါ်က ဘယ်ကောင်က ကြိုးတွေပစ်ချပေးနေတယ်တော့ ကျွန်တော်လည်းမသိဘူး။ လက်တွေကလည်း စုတ်ပြတ်နေပြီ။ တကယ့်အပြင်မှာဆို ဘယ်တတ်နိုင်မလဲ။ ခုနကပြောသလို လှေကားနဲ့ စောင်းတန်းနဲ့ တောင်ပေါ်တက်တာ တောင်အလှမ်း ၂၀ လောက်တက်ပြီးရင် ကျွန်တော်ဟိုက်နေပြီ၊ ပေါင်ကွနေပြီ။
အဲဒီလို ကျွန်တော်တို့သုံးယောက်သား တက်နေရင်းနဲ့ ထူးဆန်းတာတစ်ခု ပြောပြဦးမယ်။ ကျွန်တော်တို့ သုံးယောက်ဟာ တောင်လည်းတက်နေရင်းနဲ့ ပျင်းလည်းမပျင်းရအောင်တဲ့။ တစ်ယောက်နဲ့တစ်ယောက် အလှည့်ကျ ပုံပြင်တွေလည်း ပြောနေကြတာတဲ့။ ပြောနေတဲ့ပုံပြင်တွေကလည်း တောင်တက်နေတဲ့ လူတွေအကြောင်းပဲတဲ့။ ဘယ်လိုလဲဗျာ၊ တောင်တက်နေရင်းနဲ့ တောင်တက်နေတဲ့ ပုံပြင်အကြောင်းပြောတာလောက် ရူးမိုက်တာ၊ ပျင်းဖို့ကောင်းတာ ရှိဦးမလား။ ဒါပေမဲ့ အိပ်မက်ထဲမှာတော့ အဲဒီလိုပြောနေကြတာပဲ။
ဒါနဲ့နောက်ဆုံးမှာတော့ ကျွန်တော်တို့သုံးယောက်သား တောင်ပေါ်ရောက်သွားကြတယ်တဲ့။ အဲဒီလိုတောင်ပေါ်ရောက်တော့ ဒီကောင်တွေနှစ်ကောင်က တယောက်တစ်လှည့် ဥဒါန်းကျူးနေကြသတဲ့။ ယောကျ်ားဘသား ကောင်းကင်တမွတ် ကြယ်ကိုဆွတ်မယ် ဘာညာပေါ့ဗျာ။ တစ်ယောက်တစ်လှည့် လည်ပင်းကြောကြီးတွေ ထောင်နေအောင် အော်နေကြတာပဲ။ ရော့ခ်အဆိုတော်တွေလိုပဲဗျာ။ ပြီးတော့ ဒီကောင်နှစ်ကောင် သူတို့ဘာသာသူတို့ အော်ရုံနဲ့အားမရကြဘူး ကျွန်တော့်ကိုပါအော်ဖု့ိ တိုက်တွန်းကြရော။ စတိုက်တွန်းတော့ ကျွန်တော်က မအော်ချင်ဘူး။ ရှက်စရာကြီးကွာလို့ ထင်နေတာတဲ့။ တောင်အောက်က လူတွေအများကြီးက ကျွန်တော်တို့ကိုကြည့်နေသလို ခံစားနေရသတဲ့။ ဒါပေမဲ့ ဒီနှစ်ကောင်က တိုက်တွန်းအားကြီးလာတော့ ကျွန်တော်လည်း ကဲ၊ ဒီလောက်တောင်ရှိလှတာ ငါလည်းအော်မယ်ကွာ။ စိတ်ထဲလည်း ပေါ့သွားတာပေါ့လို့ တွေးတယ်ပေါ့။ တွေးနေတုန်း ရှိသေးတယ်ဗျာ။ ကျွန်တော့်လက်ထဲမှာ ပေါက်တူးတစ်လက် ရောက်နေသတဲ့။ အဲဒါဘုရားအလောင်း ဇာတ်တော်တစ်ခုထဲက ဇာတ်လမ်းဗျ။ ကျွန်တော်မှတ်မိတယ်။ ပေါက်တူးကို တောင်ကမ်းပါးယံကနေပစ်ချပြီး အောင်ပြီ အောင်ပြီလို့ အော်တဲ့ဇာတ်ဗျာ။ ကျွန်တော်လည်း စိတ်ထဲက အဲဒီဇာတ်တော်အတိုင်း လိုက်လုပ်ချင်တာ မဟုတ်ပေမယ့် ပေါက်တူးကြီးက လက်ထဲကိုင်ထားလည်း ဘာလုပ်ဖို့လဲဗျာ။ ဒါနဲ့ပေါက်တူးကြီးကို တောင်အောက် ပစ်ချလိုက်ပြီး အောင်ပြီ အောင်ပြီလို့ အော်နေတော့တာပဲတဲ့။
အဲဒီမှာ အိပ်မက်က ပြီးခါနီးပြီဗျ။ ဒါပြီးခဲ့တဲ့ နှစ်ရက်ကမှ ကျွန်တော်မက်တဲ့ အိပ်မက်။ အဲဒါခင်ဗျားတို့ သတိထားမိလား။ အဲဒီလောက်အထိ ခွေးမပါသေးဘူး။
ပေါက်တူးကြီးကို တောင်အောက်ပစ်ချ၊ ကျွန်တော် အောင်ပြီ အောင်ပြီ အော်နေတုန်းမှာပေါ့။ ဟာ၊ ငါ့အိပ်မက်ထဲ ခုထိခွေးလည်း မပါသေးပါလားလို့ အိပ်မက်ထဲမှာပဲ စဉ်းစားမိသွားတယ်တဲ့။ ထူးဆန်းချက်က။ အဲဒီလိုစဉ်းစားမိနေတုန်းမှာ . . .
“ဟေ့ကောင် ငါရှိပါတယ်ကွ။ မင်းတို့ ဘယ်တောင်ထိပ်ရောက်ရောက် မင်းတို့တက်တဲ့တောင်ထက် ပိုမြင့်တဲ့တောင်တိုင်းမှာ ငါရှိနေတယ်” ဆိုပြီး အသံတစ်သံကြားလို့ မော့ကြည့်တော့ ကျွန်တော်တို့ခေါင်းပေါ်မှာ ကျွန်တော်တို့ တောင်ကြီးကို မိုးနေတဲ့တောင်ထွတ်ကြီးတစ်ခုမှာ ကျွန်တော်မွေးခဲ့ဖူးတဲ့ခွေးက ပြုံးပြုံးကြီး ကျွန်တော့်ကိုကြည့်နေတာတဲ့။ ကျွန်တော်လည်း အဲဒီခွေးကို မြင်လိုက်ရမှ အော်၊ တော်သေးတာပေါ့လို့တွေးမိပြီး လန့်နိုးလာတာပဲ။
အဲဒီလိုဗျ။ ကျွန်တော်လည်း တော်တော်စိတ်ညစ်နေပါပြီ။ ခွေးမပါရင်မပြီးတဲ့ အိပ်မက်တွေလည်း မမက်ချင်တော့ဘူး။ အိပ်မက်ရင် ခွေးတွေတွေ့ရဦးမယ်ဆိုတဲ့ အသိနဲ့အိပ်တောင် မအိပ်ချင်ဘူး။ ဒါပေမဲ့လူဆိုတာက အိပ်ကိုအိပ်ရမယ့် သတ္တဝါ၊ အိပ်မက်မက်ကို မက်ရမယ့် သတ္တဝါဗျ။ စိတ်များလည်း တော်တော်ညစ်နေပါတယ်။ ကျွန်တော်ရူးနေတာလည်း မဟုတ်ပါဘူး။ အိပ်မက်ထဲ ခွေးတွေပါတာကလွဲရင် ကျွန်တော့်နေ့တွေဟာ သာမန်ပါပဲ။ တစ်ခုရှိတာက အိပ်မက်က နေ့တိုင်းမက်နေတာမျိုးတော့လည်း မဟုတ်ပါဘူး။ တချို့ရက်တွေမှာ တစ်ချိုးတည်း အိပ်ဘာ အိပ်မက်မှမမက်ဘဲ မနက်မိုးလင်း ကြည်ကြည်လင်လင်ထရတဲ့ နေ့မျိုးလည်းရှိပါတယ်။ ဒါပေမဲ့ အိပ်မက်မက်ရင်တော့ ခွေးကပါကိုပါလာတယ်။
အိပ်မက်ထဲက ခွေးတွေ ဘယ်ပုံဘယ်နည်း ထုတ်ပစ်ရမယ်လည်း မသိဘူး။ အိပ်မက်ထဲ စည်ပင်က အဆိပ်ကျွေးသတ်အဖွဲ့တွေတော့ တစ်ခါမှမတွေ့ဖူးဘူး။ ပြောသာ ပြောရတယ်။ အဲဒီနည်းလမ်းလည်း ကျွန်တော်က မကြိုက်ပါဘူး။ ရက်စက်လွန်းတယ်လို့ တွေးမိတယ်။ ဖြစ်နိုင်ရင် ကျွန်တော်ကခြင်တောင် မသတ်ချင်ဘူး။ ကျွန်တော်က သနားလည်း သနားတတ်တယ်။ သူတစ်ပါး အသက်သတ်ဖို့မပြောနဲ့ နာကျင်အောင်တောင် မလုပ်ရက်ပါဘူး။ အိပ်မက်ထဲက ခွေးတွေကလည်း ကျွန်တော် အဲဒီလိုစိတ်ထားရှိတာများ သိနေလို့လားတော့မသိဘူး။ တစ်ခါထက်တစ်ခါ ပိုပိုလူပါးဝလာတယ်။ ခက်တော့ ခက်တာပါပဲဗျာ။
Writer - လင်းခါး