ရာသီတုပ်ကွေးနဲ့ ကိုယ်ခံစွမ်းအား

ရာသီတုပ်ကွေးနဲ့ ကိုယ်ခံစွမ်းအား
Published 29 July 2017

တုပ်ကွေးဟာ မြန်မာတို့အတွက် ကျွမ်းဝင်သိရှိပြီး စကားလုံးဖြစ်ပါတယ်။ တုပ်ကွေးမဖြစ်ဖူးသူ မရှိသလောက်ပင် ဖြစ်ပါတယ်။ ရာသီအကူးအပြောင်းမှာ ဖြစ်လေ့ရှိကြောင်း နွေရာသီမှ မိုးရာသီအကူး၊ မိုးဦးကျအခါသမယမှာ အများဆုံးဖြစ်လေ့ရှိပြီး မိုးအကုန် ဆောင်းအကူးမှာလည်း ဖြစ်တတ်ကြောင်း မြန်မာတို့အတွက် အတွေ့အကြုံအရ သိရှိပြီး ဖြစ်ပါတယ်။ ရှေးအခါကပင် ကျေးလက်နေ မြန်မာတွေဟာ တုပ်ကွေးရောဂါကာကွယ် ကုသခြင်းကို မြန်မာ့ရိုးရာ အစာအာဟာရ၊ ဆေးတွေနဲ့ လုပ်ဆောင်ခဲ့ကြပါတယ်။

ရာသီတုပ်ကွေးဆိုတဲ့ ဝေါဟာရက ယခုနှစ်တွင်မှ ပေါ်ထွက်လာခဲ့ပြီး အင်္ဂလိပ်လို (Seasonal Influen 2 A) ကို တိုက်ရိုက်ပြန်ဆိုထားတာ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကောင်းမွန်ပြည့်စုံတဲ့ ဝေါဟာရပဲဖြစ်ပါတယ်။ ရာသီအကူးအပြောင်းမှာဖြစ်တဲ့ အဖျားရောဂါဆိုရင် အားလုံးသဘောပေါက်ကြမယ် ထင်ပါတယ်။ အဖျားရှိမယ်၊ ကိုယ်လက်ကိုက်ခဲမယ်၊ နှာစေးချောင်းဆိုးမယ်၊ မလှုပ်ချင်မကိုင်ချင် ဖြစ်မယ်ဆိုတာတွေက သာမန်တုပ်ကွေးရောဂါ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

အနောက်တိုင်းဆေးပညာအရ တုပ်ကွေးဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တယ်လို့ စမ်းသပ်တွေ့ရှိထားပါတယ်။ ဗိုင်းရပ်စ်ပိုး အမျိုးအစားပေါ်မူတည်ပြီး တုပ်ကွေးအမျိုးအစားနဲ့ ရောဂါပြင်းထန်ပုံတွေလည်း ကွဲပြားလေ့ရှိပါတယ်။ တုပ်ကွေးဟာ လူလူချင်းကူးစက်သလို၊ လူနဲ့တိရစ္ဆာန်ကြားလည်း ကူးစက်မှုတွေရှိကြောင်း သုတေသနပြုချက်တွေအရ သိရပါတယ်။ အခု မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ H1N1 ဟာ ဝက်ကတစ်ဆင့် လူကိုကူးပြီးမှ နောက်ပိုင်းမှာ လူအချင်းချင်း ကူးစက်လာတာဖြစ်ပါတယ်။ ကြက်ငှက်တုပ်ကွေးဖြစ်တဲ့ H5N1 ဟာ ကြက်-ငှက်တွေကတစ်ဆင့် လူတွေကို ကူးစက်တာဖြစ်ပါတယ်။ HN အမျိုးအစား တခြားတုပ်ကွေး အမျိုးအစားတွေလည်း များစွာရှိပါတယ်။

တုပ်ကွေးရောဂါတွေဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး နောက်ပိုင်းရောဂါပြင်းထန်လာချိန် ကိုယ်ခံစွမ်းအားကျလာတဲ့အခါမှာ တခြားဗက်တီးရီးယားပိုးတွေလည်း ဝင်ရောက်ပူးပေါင်း တိုက်ခိုက်လာတာတွေ့ရပြီး ရောဂါ ပိုမိုဆိုးရွားပါတယ်။ ဗိုင်းရပ်စ်ပိုးကို ပြန်လည် တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ဆေးတွေပေါ်နေပေမယ့် တိတိကျကျ ပြတ်ပြတ်သားသား တိုက်ခိုက်နိုင်မှု မရှိသေးတာ အခုအထိ တွေ့နေရဆဲဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ကိုယ်တိုင်ကာကွယ်ကုသနိုင်မယ့် ကိုယ်ခံစွမ်းအားမြှင့်တင်ရေး အပါအဝင် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကိုပဲ ကျွမ်းကျင်သူတွေ၊ တာဝန်ရှိသူတွေက ဦးစားပေး လမ်းညွှန်နေကြခြင်း ဖြစ်ပါတယ်။

 

■ ကိုယ်ခံစွမ်းအားအဖွဲ့

လူတိုင်းမှာ သဘာဝအလျောက် မူလကိုယ်ခံစွမ်းအားအဖွဲ့ ရှိပါတယ်။ အဲဒီအဖွဲ့က ကိုယ်တွင်းကို ဝင်လာမယ့်၊ ဝင်ရောက်နေတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်နိုင်စွမ်းရှိတဲ့အပြင် ကိုယ်ခန္ဓာပြန်လည်ပြုပြင်ရေးနဲ့ ကင်ဆာ ကလာပ်စည်းတွေ ဖြစ်ပေါ်လာမှုကိုလည်း ဖယ်ရှားတဲ့လုပ်ငန်းတွေ နေ့စဉ်မပြတ် လုပ်ဆောင်နေရပါတယ်။

အကြမ်းဖျင်း သိနားလည်အောင်ဆိုရရင် ဗိုင်းရပ်စ်ပိုးဟာ ပဋိဇာတ် Antigen ဖြစ်ပြီး အဲဒီ Antigen ကိုယ်ထဲဝင်လာရင် ကိုယ်ခန္ဓာရှိ ကိုယ်ခံစွမ်းအားအဖွဲ့က ပဋိပစ္စည်း Antibody ထုတ်ပြီး ပြန်လည်တိုက်ခိုက်ပါတယ်။ အဲဒီဖြစ်စဉ်ကို ရောဂါဖြစ်ပွားချိန် Antigen-Antibody Rection လို့ခေါ်ပါတယ်။ အဲဒီဖြစ်စဉ်ပြီးနောက် ကိုယ်ခန္ဓာရှိ Antibody က နိုင်သွားတဲ့အခါ ရောဂါပျောက်သွားပါတယ်။ ဗိုင်းရပ်စ်ပိုး အမျိုးအစားပေါ်မူတည်ပြီး ရောဂါဖြစ်ပွားချိန် အနည်းအများ ကွာခြားတတ်ပါတယ်။ သာမန်တုပ်ကွေးမျိုးဆိုရင် သုံးရက်နဲ့ ငါးရက်အတွင်း ပျောက်သွားတတ်ပါတယ်။ အေအိုင်ဒီအက်စ်၊ အသည်းရောင် အသားဝါဘီပိုး၊ စီပိုး၊ ခွေးရူးပြန်ကဲ့သို့ ရောဂါများကတော့ ပို၍ပြင်းထန်အားကောင်းတဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ မည်သည့်ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်စေ ကိုယ်တွင်းကိုယ်ခံစွမ်းအားစနစ် ဖွံ့ဖြိုးကောင်းမွန်နေရင် ပြန်လည်ခုခံတိုက်ခိုက်ရန် အခွင့်အလမ်းသာနေမှာ ဖြစ်ပါတယ်။

ကိုယ်ခံစွမ်းအားအဖွဲ့မှာ အဓိကခုခံ ကလာပ်စည်းတွေဖြစ်တဲ့ လင့်ဖွိုင့်တွေနဲ့ ၎င်းတို့ကို ထုတ်လုပ်ပေးတဲ့ ရိုးတွင်းခြင်ဆီ၊ သိုင်းမတ်စ်နဲ့ မူလလင့်ဖွိုင့်အင်္ဂါလို့ခေါ်တဲ့ ဂလင်းတစ်ခုတို့ ပါဝင်ပါတယ်။ ကိုယ်ခံစွမ်းအားအဖွဲ့မှာ အကြီးဆုံး လင့်ဖွိုင့်အင်္ဂါဖြစ်တဲ့ သရက်ရွက်နဲ့ လင့်အဖုတွေလည်း ပါဝင်ပါတယ်။ ကိုယ်ခံစွမ်းအားအဖွဲ့ လုပ်ငန်းလုပ်ဆောင်မှုတွေ ပိုမိုအဆင်ပြေစေရန် အရေပြား၊ မျက်ရည်၊ အချွဲ၊ အစာချေအက်စစ် ဆီးစီးဆင်းမှုနဲ့ မိတ်ဆွေဗက်တီးရီးယားတွေကလည်း ပါဝင်ကူညီပါတယ်။

 

■ ကိုယ်ခံစွမ်းအားအဖွဲ့ ကြံ့ခိုင်စေခြင်း

မိမိတို့ရဲ့ခန္ဓာကိုယ်မှာ ကိုယ်ခံစွမ်းအားအဖွဲ့ ဖွံ့ဖြိုးကြံ့ခိုင်နေမှသာ ဝင်ရောက်လာမယ့် ရောဂါပိုးတွေ၊ ဝင်ရောက်နေတဲ့ ရောဂါပိုးတွေကို ကြံ့ကြံ့ခံ တွန်းလှန်ဖယ်ရှားနိုင်မှာ ဖြစ်တယ်။ အဲဒီလို ကိုယ်ခံစွမ်းအားအဖွဲ့ကြီး လူတိုင်းလူတိုင်းမှာ ကျန်းမာကြံ့ခိုင်မှသာ ပြင်ပက ဝင်ရောက်လာနိုင်တဲ့ရောဂါပိုးမွှားတွေကို ခုခံကာကွယ် တားဆီးနိုင်မှာဖြစ်တယ်။

ကိုယ်ခံစွမ်းအားအဖွဲ့ ကျန်းမာကြံ့ခိုင်ရန်

၁။ ကိုယ်ခံစွမ်းအားအဖွဲ့ အားအင်ချည့်နဲ့စေတဲ့ အခြေအနေမျိုးတွေ မလုပ်ဆောင်ခြင်းနဲ့

၂။ ကိုယ်ခံစွမ်းအားအဖွဲ့ အင်အားကောင်းမွန်စေတဲ့ အခြေအနေမျိုးတွေ ဖန်တီးလုပ်ဆောင်ခြင်းတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

ကိုယ်ခံစွမ်းအားအဖွဲ့ အင်အားချည့်နဲ့ စေတဲ့ အခြေအနေမျိုးတွေက-

(က) လိုအပ်သော အိပ်စက်ချိန်မရှိခြင်း၊
(ခ) မလိုအပ်ဘဲ ရောဂါပိုးတွေအလွယ်တကူ ဝင်ရောက်နိုင်စေရန် ခွင့်ပြုခြင်း၊

■ ဝမ်းပျက်ဝမ်းလျှောလွယ်စေတဲ့ အစားအသောက်တွေကို စိတ်အလိုလိုက်ပြီး သိလျက်နဲ့ စားသောက်ခြင်း။

■ စိတ်ရောကိုယ်ပါ အင်အားကုန်ခန်းပြီး ခြေကုန်လက်ပန်းကျသည်အထိ အလုပ်တွေ လုပ်ဆောင်ခြင်း။

■ မိုးရေထဲ၊ နေပူထဲ အထူးသဖြင့် မိုးရွာထဲမှာ အဆောင်းမပါဘဲသွားမိ၍ ခေါင်းမိုး ရေစိုခြင်း။

■ အသက်ကြီးသူများ နံနက်စောစောနဲ့ ညနေပိုင်းရေချိုးခြင်း။

■ လူငယ်များ ခေါင်းခဏခဏလျှော်ခြင်း။

ခေါင်းလျှော်ချိန်ကြာခြင်း။ ခေါင်းလောင်းရေချိုးခြင်း။

■ ဓာတုဗေဒလွှမ်းမိုးသော အစားအစာတွေစားခြင်း၊ အရည်တွေသောက်ခြင်း။

(မိမိစားသောအစာတွေမှာ ဓာတုပစ္စည်းတွေ ပါဝင်ပါက အဲဒီဓာတုပစ္စည်းတွေဟာ ကိုယ်ခန္ဓာအတွက် အသုံးမဝင်တဲ့ ကိုယ်ခန္ဓာကို ထိခိုက်စေတဲ့ အဆိပ်တွေသာဖြစ်တဲ့အတွက် ကိုယ်ခန္ဓာက ဖယ်ရှားတဲ့လုပ်ငန်းလုပ်ဆောင် ရပါမယ်။ အဲဒီလို အဆိပ်ဖယ်လုပ်ငန်း လုပ်ဆောင်ရတာကြောင့် ပုံမှန်လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ထိခိုက်မှုတွေရှိပါတယ်။ အထူးသဖြင့် ကိုယ်ခံစွမ်းအားအဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေကို ထိခိုက်စေပါတယ်။)

■ ဆေးဝါးများကို မလိုအပ်ဘဲ၊ လိုအပ်သည်ထက်ပို၍ စားခြင်းကိုလည်း ရှောင်ကြဉ်ရပါမယ်။ (ရောဂါပိုးသတ်ဆေးတွေ၊ အကိုက်အခဲ ပျောက်ဆေးတွေနဲ့ ဓာတ်ဆေးတွေဟာ ကိုယ်ခံစွမ်းအားအဖွဲ့ကို အင်အားချည့်နဲ့စေပါတယ်)

■ သကြား၊ နို့ဆီ၊ စည်သွပ်ဘူး၊ အချိုရည်နဲ့ အချဉ်ရည်မျိုးစုံကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

ကိုယ်ခံစွမ်းအားအဖွဲ့ အင်အားကောင်းမွန်စေရန်အတွက် မိမိလှုပ်ရှားသွားလာ နေထိုင်မှုအားလုံးကို ဆင်ခြင်သုံးသပ် သတိထားပြီး နေထိုင်ပြုမူရမှာဖြစ်တဲ့အပြင် အောက်ပါတို့ကိုလည်း လိုက်နာလုပ်ဆောင်ရန် လိုအပ်ပါတယ်။

■ ရာသီအလိုက်ပေါ်တဲ့ သဘာ၀ အသီးအနှံအရွက်များကို သန့်ရှင်းစင်ကြယ်စွာ ဆေးကြော ချက်ပြုတ်ပြီး စားသောက်ရပါမယ်။

■ အဲဒီအသီးအနှံတွေဟာ လတ်ဆတ်သန့်ရှင်းရပါမယ်။ (တိုင်းရင်းဆေးဆရာတွေက အစာအာဟာရတွေနဲ့ ဆေးပစ္စည်းတွေကို အဘိဓမ္မာ တရားတော်ထဲကအတိုင်း “အဋ္ဌထ ကလပ် ရှစ်ပါး” ဆိုတဲ့ ပေတံနဲ့ တိုင်းတာလေ့ရှိပါတယ်။ အဲဒီရှစ်ပါးက ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော၊ ဝဏ္ဏ၊ ဂန္ဓ၊ ရသနဲ့ သြဇာတို့ဖြစ်ပါတယ်။ ငရုတ်ကောင်းနဲ့ ပျားရည်တို့ကို နမူနာကြည့်ရင် ရှေ့ခုနစ်ခုကို တိုင်းတာရပေမယ့် နောက်ဆုံးဓာတ်ဖြစ်တဲ့ သြဇာဓာတ်ကတော့ ဉာဏ်အမြင်နဲ့ကြည့်မှသာ သိရှိနိုင်ပါတယ်။ အစွမ်းအထက်ဆုံး ဓာတ်လည်းဖြစ်ပါတယ်။ အစာအာဟာရတွေ၊ ဆေးတွေ မလတ်ဆတ်တဲ့အခါ သြဇာဓာတ် ပျက်စီးသွားတတ်ပါတယ်။ သြဇာဓာတ်ပျက်တဲ့ အစားအစာတွေ၊ စားမိတဲ့အခါ ကိုယ်ခန္ဓာအတွက် အစာမဖြစ်တော့ဘဲ အဆိပ်အဖြစ်သာ ရှိနေမှာဖြစ်ပါတယ်။

■ အသီးအရွက်တွေလိုပဲ အသားတွေဟာလည်း လတ်ဆတ်သန့်ရှင်းရန် လိုအပ်ပါတယ်။

■ အသားနဲ့ဟင်းသီးဟင်းရွက်တွေကို ကြာရှည်စွာ သိုလှောင်ပြီး စားသောက်ခြင်းကိုလည်း ရှောင်ကြဉ်ရပါမယ်။ (မြန်မာ့တိုင်းရင်းဆေးအလိုအရ အစားအစာတွေကို ချက်လုပ်ပြီးတဲ့အခါ ရသာရည်၊ သွေး၊ အသား၊ အဆီ၊ အရိုး၊ ရိုးတွင်းခြင်ဆီနဲ့ သုက်ဓာတ်ဆိုပြီး အစဉ်လိုက်ဖြစ်တယ် ဆိုပါတယ်။ ကိုယ်ခံစွမ်းအားမြှင့်တင်ရေးမှာ အရေးပါလှတဲ့ရိုးတွင်း ခြင်ဆီဖြစ်ပေါ်ရေးမှာ ကောင်းမွန်သန့်ရှင်း လတ်ဆတ်တဲ့အသားနဲ့ ဟင်းသီးဟင်းရွက်တွေရဲ့ အရေးပါမှုက ၎င်းသဘောအရ ထင်ရှားလှပါတယ်။ ၎င်းဓာတ်ခုနစ်ပါးရဲ့ အနှစ် (Essence) ကတော့ သြဇာဓာတ်ဖြစ်ပါတယ်။ သြဇာဓာတ်ကို အိန္ဒိယက အာယုဗေဒဆေးကျမ်းတွေမှာ ကိုယ်ခံစွမ်းအား-Immunity လို့ဆိုထားတာ တွေ့ရပါတယ်။ အဲဒါကြောင့် ကိုယ်ခံစွမ်းအားအဖွဲ့ ဖွံ့ဖြိုးချင်ရင် အဲဒီလို အစာမျိုးတွေ စားရမှာ ထင်ရှားလှပါတယ်။)

■ အဲဒီအစားအစာတွေအနက် ကိုယ်ခံစွမ်းအားအတွက် ကောင်းမွန်စေတဲ့၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့ အောက်ပါအစားစာတွေကို စားသုံးသင့်ပါတယ်။ အဲဒီအစားအစာတွေကတော့ ချင်း၊ ဘရိုကိုလီနဲ့ ဂေါ်ဖီထုပ်မျိုးနွယ်များ၊ သံပရာသီး၊ ရှောက်သီးကဲ့သို့ အချဉ်ဓာတ်အားကောင်းသော အသီးများ၊ ကြက်သွန်ဖြူ၊ ဒိန်ချဉ်နဲ့ သစ်ကြားသီး၊ အယ်လ်မွန်ကဲ့သို့ အစေ့အဆန်တွေ ဖြစ်ပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကလည်း ကိုယ်ခံစွမ်းအားမြှင့်တင်ရေးအတွက် အရေးပါလှပါတယ်။

■ ဥပုသ်စောင့်ခြင်းဟာလည်း ကိုယ်ခံစွမ်းအား တိုးတက်စေကြောင်းကို ယောဂစာအုပ် တချို့မှာ ဖတ်ဖူးပါတယ်။ (၎င်းတို့အဆိုအရ ဥပုသ်စောင့်တဲ့အချိန်မှာ ရှုပ်ထွေးပြီးလုပ်ငန်းစဉ်များလှတဲ့ အစာ စား၊ ခြေ၊ ပို့ခြင်းလုပ်ငန်း မလုပ်ဆောင်ရတော့တဲ့အတွက် ကိုယ်ခန္ဓာအတွက် အရေးပါလှတဲ့ ကိုယ်ခံစွမ်းအားအဖွဲ့ရဲ့ လုပ်ငန်းဆောင်တာတွေ ပိုမိုလုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ ကင်ဆာဖြစ်နေသူတွေလည်း အဲဒီလို ဥပုသ်စောင့်ခြင်းကို လိုက်နာ လုပ်ဆောင်သင့်တယ်လို့ ဆိုထားပါတယ်။)

 

■ ကာကွယ်ခြင်းနဲ့ ကုသခြင်း

ရာသီတုပ်ကွေးနဲ့ပတ်သက်ပြီး ရှောင်ရန်၊ ဆောင်ရန်တွေကို ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေ၊ သတင်းစာတွေ၊ ဂျာနယ်တွေ၊ လူမှုကွန်ရက်တွေမှာ အများအပြား ဖော်ပြနေတာ တွေ့ရပါတယ်။ အဲဒီအချက်တွေကို စေ့စေ့စပ်စပ်၊ သေသေချာချာ၊ မှတ်မှတ်သားသား ဖတ်ရှုလေ့လာပြီး လိုက်နာလုပ်ဆောင်သင့်လှပါတယ်။

ကုသခြင်းနဲ့ပတ်သက်၍လည်း အအေးမိ ဖျားမယ်၊ နှာစေးချောင်းဆိုးမယ်၊ ကိုယ်လက်ကိုက်ခဲမယ်၊ အခြေအနေတွေဟာ မိမိမူလဖြစ်စဉ်ကထက် ပိုမိုထူးခြားပြင်းထန်စွာ ဖြစ်နေခဲ့ရင် နီးစပ်ရာကျန်းမာရေးဌာနကို သွားရောက်ပြီး လိုအပ်ပါက အဆင့်ဆင့် စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။ အရေးပေါ်အခြေအနေမှာ ဆေးရုံဆေးခန်းသို့ သွားရောက် ကုသမှုက အကောင်းဆုံးဖြစ်ပါတယ်။

ကျေးလက်နေပြည်သူတွေကတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ချင်း၊ ထန်းလျက်၊ ကွမ်းရွက်ပြုတ်ရည်ပူပူလေးကို ကိုယ်လက်မအီမသာနဲ့ ချမ်းစိမ့်စိမ့်ဖြစ်တိုင်း သောက်လေ့ရှိကြပါတယ်။ ကျွန်တော်ငယ်ငယ်က အခုလို မိုးဦးကျရာသီမှာ ကွမ်းရွက်၊ ချင်း၊ ထန်းလျက် ပြုတ်ရည်ပူပူလေးကို ကျောင်းမသွားမီနဲ့ ကျောင်းကပြန်လာတဲ့ အချိန်တိုင်း တုပ်ကွေးရောဂါကာကွယ်တဲ့သဘောနဲ့ ကျွန်တော် အမေက ကျွန်တော့်ကို လက်ဖက်ရည်ကြမ်း တစ်ဖန်ခွက်လောက် အမြဲတိုက်ခဲ့ပါတယ်။ မိုးတွေများလို့ အိမ်အပြန်ချမ်းနေတဲ့အချိန် အဲဒီ ချင်း၊ ထန်းလျက်၊ ကွမ်းရွက်ပြုတ်ရည်လေး သောက်ပြီးတဲ့အခါ ကိုယ်ထဲမှာ ပူနွေးလာပြီး လန်းဆန်းသွားတာကို အခုထိ သတိရနေတုန်းပါပဲ။ အိမ်တွင်းမှာ လွယ်ကူစွာရနိုင်တဲ့၊ အန္တရာယ်ကင်းပြီး အကျိုးများလှတဲ့ ချင်း၊ ထန်းလျက်၊ ကွမ်းရွက်ပြုတ်ရည်လေးကို သောက်သုံးပါက အခုကြောက်ရွံ့နေကြတဲ့ ရာသီတုပ်ကွေး ကာကွယ်ရေးကို တစ်နည်းတစ်ဖုံ အကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။ ငရုတ်ကောင်းခတ်ထားတဲ့ ရာသီပေါ်သီးရွက်စုံပါ ဟင်းချိုပူပူလေးကို သောက်ပေးခြင်းကလည်း လွန်စွာအကျိုးရှိမှာ ဖြစ်ပါတယ်။ တိုင်းရင်းဆေးအနေနဲ့ (၁) ကွမ်းရွက်၊ (၂) ကြက်ဟင်းခါးရွက်၊ (၃) ကြပ်ခိုး၊ (၄) နနွင်း၊ (၅) မြက်မုန်ညှင်းဥ၊ (၆) ရှိန်းခိုတို့ပါဝင်တဲ့ ခြောက်ပါးငန်းဆေးကတော့ ရာသီတုပ်ကွေးရောဂါအတွက် အသုံးပြုတဲ့ လက်စွဲတိုင်းရင်းဆေး ဖြစ်ပါတယ်။ (ရှိန်းခိုနေရာမှာ ကြောင်ပန်းလည်း အသုံးပြုနိုင်ပါတယ်)

တုပ်ကွေးနဲ့ရင်းနှီးနေပြီဖြစ်တဲ့ မြန်မာတို့ အနေနဲ့ အခုဖြစ်နေတဲ့ ရာသီတုပ်ကွေးဟာ ဖြစ်နေကျထက် ပိုမိုပြင်းထန်ပါတယ်ဆိုတာ သိဖို့လိုပါတယ်။ ပေါ့ပါ့ဆဆမနေဘဲ အထက်ပါ ဖော်ပြခဲ့တာတွေကို သတိသမ္ပဇဉ်ရှေ့ထားပြီး လိုက်နာလုပ်ဆောင်ရပါမယ်။ အနောက်တိုင်းဆေးပညာရော၊ တိုင်းရင်းဆေးပညာပါ ညွှန်ကြားချက်တွေကို မိမိတို့အခြေအနေ ပေါ်မူတည်ပြီး လိုက်နာလုပ်ဆောင်ရင်ဖြင့် ရာသီတုပ်ကွေးဘေးမှ ကင်းဝေးမည်ဖြစ်ပါကြောင်း ... ။

Writer: ဒေါက်တာသိန်းမြင့်

Most Read

Most Recent