မူးယစ်အမှုဖြင့် ကျခံနေသည့် အချုပ်သားတစ်ဦး ဆွဲကြိုးချ သေဆုံးမှုဖြစ်ပွား

မူးယစ်အမှုဖြင့် ကျခံနေသည့် အချုပ်သားတစ်ဦး ဆွဲကြိုးချ သေဆုံးမှုဖြစ်ပွား
Published 2 September 2017

မူးယစ်အမှုဖြင့် ကျခံနေသည့် အချုပ်သားတစ်ဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း နယ်မြေရဲစခန်း (မြစ်ငယ်) မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သြဂုတ် ၃၁ ရက် နံနက် ၇ နာရီ ၅၅ မိနစ်က နယ်မြေရဲစခန်း (မြစ်ငယ်)တွင် မယ(ပ) ၉/၂၀၁၇၊ မူး/စိတ် ၁၅/၁၉ (က)/၂၁ အမှုဖြင့် ရဲလုပ်ငန်းများ စစ်ဆေးရန်အတွက် မြို့နယ်တရားသူကြီး၏ ချုပ်ရမန် (၃၀-၈-၂၀၁၇ မှ ၁၃-၉-၂၀၁၇ ရက်အထိ) ဖြင့် ချုပ်နှောင်ထားရှိသည့် အချုပ်တရားခံဖြစ်သူ အသက် ၂၅ နှစ်အရွယ် မြင့်သူဦး (ခ) မောင်မောင် ပုသိမ်ကြီးမြို့နယ် ရွှေစာရံကျေးရွာနေသူသည် အချုပ်ခန်းအိမ်သာအတွင်း အမြင့် ခုနစ်ပေခန့်ရှိ သံတန်းတွင် ၎င်းဝတ်ဆင်ထားသည့် ပုဆိုးအား အသုံးပြုကာ မိမိကိုယ်ကိုယ် ဆွဲကြိုးချ သေကြောင်းကြံစည်သည်ကို အချုပ်ခန်းအတွင်းရှိသည့် တရားခံအမျိုးသားတစ်ဦးက အလှည့်ကျကင်းတာဝန်ကျရဲတစ်ဦးအား အော်ဟစ်ပြောဆိုခဲ့သောကြောင့် တာဝန်ရှိသူများက ဝင်ရောက် ကယ်တင်ခဲ့သော်လည်း အချုပ်တရားခံဖြစ်သူ မြင့်သူဦး (ခ) မောင်မောင်မှာ သေဆုံးခဲ့ကြောင်း သိရသည်။

“နံနက်ပိုင်း ၇ နာရီ ၅၅ မိနစ်အချိန်မှာ ကိုယ့်ပုဆိုးနဲ့ကိုယ် ဆွဲကြိုးချသေဆုံးနေတာပါ။ သူ့ကို မူးယစ်အမှုနဲ့ ဖမ်းထားတာပါ” ဟု နယ်မြေရဲစခန်း(မြစ်ငယ်) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး နယ်မြေရဲစခန်း (မြစ်ငယ်) မှ သေမှုသေခင်းအမှတ်စဉ် (၇/ ၂၀၁၇)ဖြင့် ကနဦးရေးဖွင့်ကာ အဆိုပါအမှုအား ဆက်လက်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

Most Read

Most Recent