“ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့ယောကျ်ားတွေ ဆွဲစားခွင့်လိုင်စင် ထုတ်ပေးပါ” ဟုဆိုသည့် မယ်လ့ိမ်လုံ စားသောက်ဆိုင်ပိုင်ရှင်၏ မှတ်ချက်တစ်ခုအား သက်သေခံအဖြစ် တင်သွင်းရန် တရားလိုဘက်က လျှောက်လဲချက်တင်

“ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့ယောကျ်ားတွေ ဆွဲစားခွင့်လိုင်စင် ထုတ်ပေးပါ” ဟုဆိုသည့် မယ်လ့ိမ်လုံ စားသောက်ဆိုင်ပိုင်ရှင်၏ မှတ်ချက်တစ်ခုအား သက်သေခံအဖြစ် တင်သွင်းရန် တရားလိုဘက်က လျှောက်လဲချက်တင်
Published 9 August 2018

“ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့ယောကျ်ားတွေ ဆွဲစားခွင့်လိုင်စင် ထုတ်ပေးပါ” ဟုဆိုသည့် မယ်လ့ိမ်လုံ စားသောက်ဆိုင်ပိုင်ရှင်၏ မှတ်ချက်တစ်ခုအား သက်သေခံအဖြစ် တင်သွင်းရန် တရားလိုဘက်က လျှောက်လဲချက် တင်သွင်းခဲ့ကြောင်း သိရသည်။

မယ်လိမ့်လုံ စားသောက်ဆိုင်ပိုင်ရှင်က စားသောက်ဆိုင်ဝန်ထမ်း အမျိုးသားကို အဓမ္မပြုကျင့်သည်ဟု ဆိုသည့်အမှုအား သြဂုတ် ၈ ရက်၌ တောင်ဥက္ကလာပမြို့နယ် တရားရုံး၌ ၁၂ ကြိမ်မြောက်အဖြစ် ဆက်လက် ရုံးထုတ်ခဲ့ပြီး ရုံးချိန်းတွင် တရားလိုဘက်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။

သို့သော် စွပ်စွဲခံရသူဘက်မှ လျှောက်လဲချက်တင်ရန် အဆင်သင့် မဖြစ်သဖြင့် လျှောက်လဲချက် မတင်နိုင်သေးကြောင်း သိရသည်။ နှစ်ဖက်လျှောက်လဲချက် ပြည့်စုံလျှင် တရားသူကြီးမှ သက်သေခံအဖြစ် တင်သင့်/ မတင်သင့် ဆုံးဖြတ်မည် ဖြစ်သည်။

ရုံးချိန်းကို တရားသူကြီးမှ သြဂုတ် ၂၂ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့ပြီး အဆိုပါရုံးချိန်းတွင် သက်သေအဖြစ် မသတ်မှတ်ရန် လျှောက်လဲချက် တင်မည်ဖြစ်ပြီး တရားလိုပြ သက်သေဖြစ်သော တောင်ဥက္ကလာမြို့နယ် စခန်းမှူး နှင့် မယ်လိမ့်လုံ စားသောက်ဆိုင်မှ ဆိုင်ဝန်ထမ်း တစ်ဦးအား ဆက်လက် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

“ဆေးစစ်ချက်ကတော့ လောလောဆယ် အစပိုင်းစစ်ချက်တွေက ကောင်းတယ်။ နောက်ပိုင်းမှာ စိတ်တော့ မချရသေးဘူး။ ၉ လပိုင်းမှာ ထပ်စစ်မယ်။ ဒီကြားထဲမှာ စိတ်ဓာတ်ကျလို့ မရဘူး။ ကိုယ်စိတ်ကျတာနဲ့ ရောဂါ ဝင်လာနိုင်တယ်။ စိတ်ကို ပျော်ပျော်ရွှင်ရွှင် နေရမယ်လို့ ဆရာဝန်က မှာထားတယ်။ တရားမျှမျှတတ ဖြစ်စေချင်ပါတယ်” ဟု တရားလို စားပွဲထိုးဝန်ထမ်းက ပြောကြားသည်။

မတ် ၇ ရက် ညပိုင်းက တောင်ဥက္ကလာပမြို့နယ်ရှိ မယ်လိမ့်လုံ ရှမ်းရိုးရာ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သူ အောင်မျိုးထွဋ်ဆိုသူမှာ ၎င်း၏ဆိုင်၌ စားပွဲထိုးဝန်ထမ်း အလုပ်လုပ်ကိုင်သည့် အမျိုးသားတစ်ဦးကို အခန်းအတွင်းသို့ အနှိပ်ခံရန် ခေါ်ယူခဲ့ပြီး အခန်းထဲသို့ အရောက်တွင် စားပွဲထိုးဝန်ထမ်း အမျိုးသားအား အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ထိုသို့မပြုလုပ်မီ မတ် ၅ ရက်နှင့် ၆ ရက်တို့တွင်လည်း ဆိုင်ရှင် အောင်မျိုးထွဋ်က ၎င်း၏ အခန်းအတွင်းသို့ စားပွဲထိုးဝန်ထမ်းအား ခေါ်ယူပြီး ဓမ္မတာနှင့် ဆန့်ကျင်သည့် ဆက်ဆံမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ပြုလုပ်ခဲ့သဖြင့် ဆိုင်ဝန်ထမ်း အမျိုးသားက သက်ဆိုင်ရာရဲစခန်းသို့ မတ် ၉ ရက်တွင် သွားရောက်တိုင်တန်းခဲ့ပြီး တောင်ဥက္ကလာပမြို့မ ရဲစခန်းက (ပ) ၃၃၃/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၇၇ ဖြင့်အမှုဖွင့်ကာ အောင်မျိုးထွဋ် ဆိုသူကို ယင်းနေ့တွင်ပင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အမှုဖွင့်တိုင်တန်းချက်အရ သိရသည်။

Most Read

Most Recent