မြောက်ဒဂုံမြို့နယ်ရှိ ငမိုးရိပ်ချောင်း ကမ်းစပ်တွင် အမျိုးသားနှစ်ဦး၏ အလောင်းတွေ့ရှိခဲ့ကြောင်း သြဂုတ် ၆ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ မြောက်ဒဂုံမြို့နယ် (၃၄) ရပ်ကွက်ရှိ ငမိုးရိပ်ချောင်း ကမ်းစပ်တွင် သြဂုတ် ၅ ရက် နံနက် ၁၁ နာရီခန့်က အမျိုးသားနှစ်ဦး အလောင်းတွေ့ရှိကြောင်း သိရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးရာ အဆိုပါချောင်း ကမ်းစပ်တွင် အသက် ၃၀ ဝန်းကျင်ခန့်ရှိပြီး ဝဲလက်မောင်းရင်းမှ လက်ခုံအထိ ဆေးမင်ကြောင် ထိုးထားကာ ရှပ်အကျီၤလက်တို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ အမျိုးသားအလောင်း တွေ့ရှိသည့် နေရာနှင့် ၁၅ ပေခန့်အကွာတွင်လည်း လက်မောင်းနှစ်ဖက်နှင့် ရင်ဘတ်တို့တွင် ဆေးမင်ကြောင် ထိုးထားသည့် အသက် ၃၀ ဝန်းကျင်ခန့်ရှိ အမျိုးသားတစ်ဦးကို ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။
“သေဆုံးသူ နှစ်ယောက်ရဲ့ နေရပ်လိပ်စာကို မသိရသေးပါဘူး။ နေရပ်လိပ်စာ မသိရသေးတဲ့အတွက် သေဆုံးသူတွေက မည်သူမည်ဝါ ဆိုတာ မသိရသေးပါဘူး” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက သြဂုတ် ၆ ရက် မွန်းလွဲပိုင်းတွင် ပြောကြားသည်။
ယင်းသို့တွေ့ရှိခဲ့သည့် အမျိုးသားနှစ်ဦးမှာ ပုပ်ပွသေဆုံးနေခြင်းဖြစ်ပြီး ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးနေခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်နှစ်ခုကို မြောက်ဒဂုံမြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၈/၂၀၁၈၊ ၁၉/၂၀၁၈ တို့ဖြင့်လည်း အမှုဖွင့်ထားပြီး ဆက်လက် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။