သီဟတင်စိုးက သားမယားပြုကျင့်သည်ဟုဆိုကာ အိမ်အကူ၏ လီဆယ် တိုင်တန်းထားမှုအား ဥပဒေအကြံပေး တောင်းခံထားပြီး ပြန်မကျသေးသဖြင့် အဆိုပါအမှုကို ရုပ်သိမ်းနိုင်ခြင်း မရှိသေးကြောင်း သြဂုတ် ၆ ရက်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။
လက်ရှိတွင် သရုပ်ဆောင် သီဟတင်စိုးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၇ အရ သိန်း ၅၀၀၀ ခံဝန်ချုပ်ဖြင့် လူနှစ်ဦးက အာမခံပေးထားပြီး အမှုပိတ်သိမ်းရန် ဥပဒေရုံးသို့ အကြံပြုချက် တင်ပြထားခြင်း ဖြစ်သည်။
“ ဥပဒေအကြံပြုချက်ကို ဥပဒေရုံးကို တင်ထားပါတယ်။ စခန်းကို ပြန်မကျသေးပါဘူး။ ဥပဒေအကြံပြုချက် ပြန်မကျသေးတဲ့အတွက် အမှုကို မပိတ်သိမ်းရသေးပါဘူး။ အကြံပြုချက်အတိုင်း အမှုကို ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက သြဂုတ် ၆ ရက်တွင် ပြောကြားသည်။
ဖြစ်စဉ်မှာ သရုပ်ဆောင် သီဟတင်စိုး က သားမယားပြုကျင့်သည်ဟု ဆိုကာ အိမ်အကူ အမျိုးသမီး မကွေးတိုင်းဒေသကြီးနေ ဒေါ်ခင်မာမြင့်က ဇူလိုင် ၁၄ ရက် ညပိုင်းတွင် သုဝဏ္ဍနယ်မြေရဲစခန်း၌ တိုင်တန်းခဲ့ခြင်းဖြစ်ပြီး ရဲစခန်းက (ပ) ၃၈၆/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ကာ စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ တိုင်တန်းခဲ့သဖြင့် ရဲတပ်ဖွဲ့က ရဲလုပ်ငန်းစဉ်များအတိုင်း စစ်ဆေး ဆောင်ရွက်ခဲ့ရာ တရားလို ဒေါ်ခင်မာမြင့်မှာ အခြားအမည် နှစ်မျိုးရှိကြောင်း၊ ယင်းအမည်နှစ်မျိုးမှာ ညိုညိုနှင့် ဇင်မာမြင့် ဆိုသည်တို့ ဖြစ်ကြောင်း ရဲစခန်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် လေးနှစ်ခန့်က ခင်ပွန်းဖြစ်သူ လေဖြတ်သွားခဲ့ပြီးနောက် စားဝတ်နေရေး အဆင်မပြေသဖြင့် အိမ်အကူအလုပ်ကို လုပ်ကိုင်ရန် ဒေါ်ညိုနှင့် ဆက်သွယ်ခဲ့ကြောင်း၊ ထို့နောက် ဒေါ်ညိုက သရုပ်ဆောင် သီဟတင်စိုး၏ နေအိမ်တွင် အလုပ်လုပ်ကိုင်ရန် ဆက်သွယ်ပေးခဲ့ရာ ဇူလိုင် ၅ ရက်တွင် အဆိုပါနေအိမ်၌ အလုပ်ဝင်ခဲ့ပြီး ဒေါ်ဇင်မာဦး၏ မိခင်ကို ပြုစုရသည့်အလုပ်ကို လုပ်ကိုင်ခဲ့ရကြောင်း၊ ယင်းသို့ လုပ်ကိုင်နေစဉ် ဒေါ်ဇင်မာဦး မရှိခိုက် သီဟတင်စိုးမှ ၎င်းအား သားမယားပြုကျင့်သည်ဟု လိမ်ညာပြောဆိုပြီး အမှုဖွင့်ရန် ဒေါ်ညိုက သင်ကြားပေးခဲ့သဖြင့် ထိုသို့ အမှုဖွင့်ရခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အိမ်အကူလုပ်ရန် ဆက်သွယ်ပေးသူ ဒေါ်ညို (၆၅ နှစ်) ကို စစ်ဆေးရာ ၎င်းက ခင်မာမြင့် (ခ) ညိုညို (ခ) ဇင်မာမြင့်အား သီဟတင်စိုးက သားမယားပြုကျင့်ခဲ့သည်ဟု ဆိုကာ ရဲစခန်းတွင် သွားရောက် အမှုဖွင့်ရန်နှင့် ငွေကြေးညှိနှိုင်းပါက ၎င်းက ဈေးစကားပြောပေးမည်ဟု ပြောဆိုခဲ့ကြောင်း၊ ယင်းနောက် သီဟတင်စိုးက သားမယားပြုကျင့်ခဲ့သည်ဟု ဆိုပြီး ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ဇင်မာဦးထံသို့ သွားရောက်ကာ အဆိုပါ နစ်နာမှုအတွက် ကျပ်သိန်း ၁၀၀ ပေးပါက ကျေနပ်မည် ဖြစ်ကြောင်း သွားရောက် ညှိနှိုင်းခဲ့ရာ အဆင်မပြေသဖြင့် ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။