ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ ဆက်သွယ်ထားသော ငသိုင်းချောင်း-ဂွလမ်းတွင် ရခိုင်ပြည်နယ်မှ ဝင်ရောက်လာသော နိုင်ငံသားအထောက်အထားမဲ့ မွတ်စလင် ၁၁ ဦး တွေ့ရှိဖမ်းဆီး

ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ ဆက်သွယ်ထားသော ငသိုင်းချောင်း-ဂွလမ်းတွင် ရခိုင်ပြည်နယ်မှ ဝင်ရောက်လာသော နိုင်ငံသားအထောက်အထားမဲ့ မွတ်စလင် ၁၁ ဦး တွေ့ရှိဖမ်းဆီး
Published 7 August 2018

ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ ဆက်သွယ်ထားသော ငသိုင်းချောင်း-ဂွလမ်းအား သြဂုတ် ၅ ရက်က ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဆိုင်ကယ်တစ်စီးအားတိုက်၍ ထွက်ပြေးသွားသောကားအား လိုက်လံရှာဖွေ စစ်ဆေးခဲ့ရာ ရခိုင်ပြည်နယ်မှ ဝင်ရောက်လာသော နိုင်ငံသားအထောက်အထားမဲ့ မွတ်စလင် ၁၁ ဦးအား တွေ့ရှိဖမ်းဆီးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သြဂုတ် ၅ ရက်တွင် ရေကြည်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့တို့မှ ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေစဉ် ယာဉ်အမှတ် GH/---- ခဲရောင် Crown အမျိုးအစားယာဉ်မှာ ဆိုင်ကယ်တစ်စီးအားတိုက်၍ ထွက်ပြေးသွားရာ အဆိုပါ မော်တော်ယာဉ်အား မိုင်တိုင် ၁၉ (၂/၃) တွင် တွေ့ရှိစစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးရာတွင် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ ဟစ်ရိုအီစာလမ် ၁၄ နှစ် အပါအဝင် နိုင်ငံသား အထောက်အထားမဲ့ မွတ်စလင် ငါးဦးတို့အား တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း၊ ထို့နောက် အမှုနှင့်ပတ်သက်၍ ဆက်လက် သတင်းစုံစမ်းခဲ့ရာ သြဂုတ် ၆ ရက်တွင် မိုင်တိုင် ၉(၄/၅)ကြား ကားလမ်းနံဘေးတွင် 6I/---- Mark II အဖြူရောင်တစ်စီး ရပ်ထားသည်မှာ လူတစ်ဦးမျှ မတွေ့ရှိသောကြောင့် လမ်းနံဘေးတောအတွင်း ရှာဖွေခဲ့ရာမှ နိုင်ငံသားအထောက်အထားမဲ့ မွတ်စလင် အမျိုးသားလေးဦး၊ အမျိုးသမီးနှစ်ဦးတို့အား ထပ်မံတွေ့ရှိ ဖမ်းဆီးခဲ့ပြီး စုစုပေါင်း ၁၁ ဦးအား ဖမ်းဆီးခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ခင်မောင်လတ်ထံမှ သိရသည်။ ဖမ်းဆီးရမိသည့် နိုင်ငံသား အထောက်အထားမဲ့ မွတ်စလင် ၁၁ ဦးအား လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent