ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ခြံစည်းရိုးကာရံနေသည့်အမျိုးသား သံချောင်းထောင်ရာမှ ဓာတ်ကြိုးနှင့်ထိမိပြီး ဓာတ်လိုက်သေဆုံး

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ခြံစည်းရိုးကာရံနေသည့်အမျိုးသား သံချောင်းထောင်ရာမှ ဓာတ်ကြိုးနှင့်ထိမိပြီး ဓာတ်လိုက်သေဆုံး
Published 3 August 2018

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် အမျိုးသားတစ်ဦး သံချောင်းအား ထောင်မရာမှ လျှပ်စစ်ဓာတ်ကြိုးနှင့် သံချောင်းထိမိပြီး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သြဂုတ် ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဓာတ်လိုက်သေဆုံးသည့် အမျိုးသားမှာ သာကေတမြို့နယ်၊ ၃/ရန်ပြေရပ်ကွက်တွင် နေထိုင်သည့် ဆောက်လုပ်ရေးလုပ်သားတစ်ဦးဖြစ်သူ ဦး....(၄၅ နှစ်) ဆိုသူဖြစ်ပြီး ၎င်းသည် သြဂုတ် ၁ ရက် မွန်းလွဲပိုင်းက ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၈) ရပ်ကွက်၊ ကနောင်မင်းသားကြီးလမ်းရှိ အထည်ချုပ်စက်ရုံတစ်ရုံ ရှေ့တွင် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို လုပ်ကိုင်နေခဲ့ကြောင်း သိရသည်။

ထိုသို့လုပ်ကိုင်နေစဉ် ဦး....(၄၅ နှစ်) မှာ အလျား ၁၉ ပေ၊ အနံ ၃ လက်မ၊ ထု ၂ လက်မခန့်ရှိ စီချန်ဒရယ် သံချောင်းအားထောင်စဉ် အပေါ်တွင်ရှိသည့် ထရန်စဖော်မာဖြင့် ဆက်သွယ်ထားသော ဗို့အား ၆၆၀ ရှိ လျှပ်စစ်ဓာတ်ကြိုးနှင့် သံချောင်းထိမိရာမှ သံချောင်းထဲသို့ လျှပ်စစ်စီးဝင်ပြီး ဓာတ်လိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဓာတ်လိုက်ခဲ့သဖြင့် ဦး...(၄၅ နှစ်) မှာ ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးသွားခဲ့ပြီး အလောင်းကို သင်္ဃန်းကျွန်း (စံပြ) ဆေးရုံကြီးသို့ ပို့အပ်ထားကြောင်း သိရသည်။

အဆိုပါ ဓာတ်လိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်ကို ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၂၂/၂၀၁၈) ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent