မင်္ဂလာဒုံမြို့နယ်တွင် ဆိုင်ကယ်စီးလာသူနှစ်ဦးက လမ်းလျှောက်နေသည့် အမျိုးသမီးထံမှ လက်ဆွဲအိတ်ကို လုယက်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သြဂုတ် ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။
မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာတွင် နေထိုင်သည့် ထီဆိုင်တစ်ဆိုင်၏ အရောင်းစာရေးဝန်ထမ်းတစ်ဦးဖြစ်သူ မ...(၂၀ နှစ်) သည် သြဂုတ် ၁ ရက် နံနက် ၁ နာရီခန့်က ၎င်းအလုပ်လုပ်ကိုင်သည့် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာရှိ ထီဆိုင်မှ အောင်စည်းခုံဘုရားလမ်းအတိုင်း နေအိမ်သို့ ပြန်လာခဲ့ရာ အဆိုပါလမ်းရှိ စတိုးဆိုင်တစ်ဆိုင်ရှေ့ အရောက်တွင် နောက်မှ လူနှစ်ဦး စီးလာသည့်ဆိုင်ကယ်တစ်စီးက ၎င်းအနီးသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ထိုသို့ရောက်ရှိလာပြီးနောက် ဆိုင်ကယ်၏နောက်တွင် လိုက်ပါစီးနင်းလာသည့် အမျိုးသားတစ်ဦးက မ..... လက်ထဲတွင် ကိုင်ထားသည့် လက်ဆွဲအိတ်ကို လုယူခဲ့ကြောင်း၊ ယင်းသို့ လုယူပြီး အဆိုပါအမျိုးသားက ဓားကို ထောင်ပြကာ “သတ္တိရှိရင်လိုက်လာခဲ့။ သတ်ပစ်မယ်” ဟု ခြိမ်းခြောက်ပြောဆို၍ ဆိုင်ကယ်အား မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
“လက်ဆွဲအိတ်ထဲမှာ ပိုက်ဆံအိတ်ရယ်၊ နားကပ်တစ်ရန်ရယ်၊ အခြားပစ္စည်းတွေ ပါသွားတယ်လို့ သိရတယ်။ ကျူးလွန်သူတွေကိုတော့ ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်ကို မင်္ဂလာဒုံမြို့မရဲစခန်းမှ (ပ) ၆၇၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။