ဟုမ္မလင်းမြို့နယ် လောင်ဖောင်ကျေးရွာရှိ ဈေးဆိုင်တစ်ဆိုင်အား သေနတ်၊ ဓားများ ကိုင်ဆောင်ထားသည့် မျက်နှာဖုံးစွပ် အမျိုးသား ၁၀ ဦး ဓားပြတိုက်မှု ဖြစ်ပွား

ဟုမ္မလင်းမြို့နယ် လောင်ဖောင်ကျေးရွာရှိ ဈေးဆိုင်တစ်ဆိုင်အား သေနတ်၊ ဓားများ ကိုင်ဆောင်ထားသည့် မျက်နှာဖုံးစွပ် အမျိုးသား ၁၀ ဦး ဓားပြတိုက်မှု ဖြစ်ပွား
Published 25 July 2018

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် လောင်ဖောင်ကျေးရွာရှိ ဈေးဆိုင်တစ်ဆိုင်အား သေနတ်၊ ဓားများ ကိုင်ဆောင်ထားသည့် မျက်နှာဖုံးစွပ် အမည်မသိ အမျိုးသား ၁၀ ဦးက ဝင်ရောက်ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဟုမ္မလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

ဇူလိုင် ၂၂ ရက် နံနက် ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ငွေကြေး ကျပ် ၄၀၀၀၀၀ ခန့်၊ ပွင့်စုရွှေ အနည်းငယ်နှင့် ရွှေအတု အနည်းငယ်အချို့ ယူဆောင်သွားခဲ့ကြပြီး ဓားပြတိုက်ခံရသည့် ဈေးဆိုင်ပိုင်ရှင်မှာ ထိခိုက်ဒဏ်ရာရခဲ့ခြင်း မရှိကြောင်းနှင့် သက်ဆိုင်ရာက လိုက်လံရှာဖွေ စုံစမ်းနေကြောင်း သိရသည်။

ဖြစ်စဉ်မှာ တရားလို ဦးဝင်းမြင့်ထူးသည် လောင်ဖောင်ကျေးရွာအစွန်ရှိ ၎င်း၏နေအိမ် ဈေးဆိုင်အတွင်း တံခါးပိတ်၍ အိပ်နေစဉ် အမည်မသိ ရှမ်းအမျိုးသားဟုထင်ရသူ လူ  ၁၀ ဦးခန့် ရောက်ရှိလာခဲ့ပြီး ထိုလူများက နေအိမ်ဈေးဆိုင်တံခါးကို ဆွဲဖွင့်ကာ လူငါးဦးခန့် ဝင်ရောက်၍ အပြင်တွင် လူငါးဦးခန့် စောင့်ကြပ်နေပြီး တရားလိုအား မျက်နှာဖုံးစွပ်ထားသည့် လူတစ်ဦးက ဓားဖြင့်ထောက်၍ ‘မအော်နဲ့’ ဟုပြောကာ ထိုင်ခိုင်းပြီး တရားလို၏ ဦးခေါင်းအား ဖိနှိပ်ကာ ကျန်လူများက နေအိမ်အတွင်း လိုက်လံရှာဖွေကြသည်။ တရားလိုထံမှ ငွေစက္ကူရောရာ ကျပ် ၄၀၀၀၀၀ ခန့်၊ ပွင့်စုရွှေ ၁၀ ရွေးခန့်၊ ရွှေအတု MC ဆွဲကြိုး အပြား သုံးကျပ်သားခန့် တစ်ကုံး၊ ရွှေအတု ကြံဆစ်ပုံ လက်ကောက် တစ်မတ်သားခန့်  ငါးကွင်း၊ ဆင်းကတ်ပါ SAMSUNG ဟန်းဆက် တစ်လုံး၊ တရားလို၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်ခု၊ ယာဉ်မောင်းလိုင်စင်တစ်ခု၊ အနက်ရောင် ပိုက်ဆံအိတ် တစ်လုံးတို့ကို ယူဆောင်ကာ ခဲနန်းကျေးရွာဘက်သို့ ထွက်သွားကြကြောင်း သိရသည်။

တရားလို၏ ပြောကြားချက်အရ ထိုလူများသည် ရှမ်းအမျိုးသားများ ဖြစ်ကြောင်း၊ ဓားကိုယ်စီ ကိုင်ဆောင်ထားကြကြောင်းနှင့် ၎င်းတို့၏ ပြောစကားအရ သေနတ်တစ်လက်ပါကြောင်း ကြားသိရပြီး သေနတ်အား တွေ့မြင်လိုက်ရခြင်း မရှိကြောင်း ဟုမ္မလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

သေနတ်၊ ဓားများ ကိုင်ဆောင်ကာ နေအိမ်ဈေးဆိုင် အတွင်းသို့ ဝင်ရောက်ပြီး ပစ္စည်းများ ယူဆောင်သွားသည့် မျက်နှာဖုံးစွပ် အမည်မသိ အမျိုးသား ၁၀ ဦးအား ဟုမ္မလင်းမြို့နယ် မိုင်းကိုင်းနယ်မြေ ရဲစခန်းတွင် (ပ) ၃၆/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၉၅ ဖြင့် အမှုဖွင့်ထားပြီး ရှာဖွေစုံစမ်းနေကြောင်း သိရသည်။

ဓားအစရှိသည့် လက်နက်များ ကိုင်ဆောင်ကာ မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားများက နေအိမ်ဈေးဆိုင် အတွင်းသို့ ဝင်ရောက် ဓားပြတိုက်မှုများ ဟုမ္မလင်းမြို့နယ်အတွင်း မကြာခဏ ဖြစ်ပွားလာကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ် နတ်နန်းကျေးရွာအနီး ကြာဇံရွှေမှော်ရှိ ရွှေပွင့်လွှာ ကုန်မာစက်ပစ္စည်းဆိုင်အား မျက်နှာဖုံးစွပ်ထားသည့် အမည်မသိ အမျိုးသား ကိုးဦးက မေ ၂၆ ရက် က ဝင်ရောက်ဓားပြတိုက်မှု၊ ဟုမ္မလင်းမြို့နယ် စေတီဆိပ်ကျေးရွာနှင့် နံ့သာကျေးရွာသွား ကားလမ်း၊ ဟွေ့ကျောင်းရွှေမှော်၊ နံ့သာအုပ်စုရှိ ဒေါ်ရီရီဝင်း၏ ဈေးဆိုင်တွင် မျက်နှာဖုံးစွပ် အမည်မသိ အမျိုးသား ၁၂ ဦးက ဝင်ရောက် ဓားပြတိုက်မှုတို့ ဖြစ်ပွားခဲ့ပြီး နတ်နန်းဓားပြမှုမှ ကျူးလွန်သူ အားလုံးကို ဖမ်းဆီးရမိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

စေတီဆိပ်ဓားပြမှုတွင် ဓားပြခေါင်းဆောင်နှင့် အချို့ကို ဖမ်းဆီးရမိခဲ့ပြီး အချို့ကိုမူ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

 

Most Read

Most Recent