အငှားယာဉ်မောင်းပါ နှစ်ဦးက အမျိုးသမီးဆရာဝန်တစ်ဦးကို ရိုက်နှက်၍ လက်ဝတ်ရတနာများနှင့် ငွေများလုယက်မှု တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွား

အငှားယာဉ်မောင်းပါ နှစ်ဦးက အမျိုးသမီးဆရာဝန်တစ်ဦးကို ရိုက်နှက်၍ လက်ဝတ်ရတနာများနှင့် ငွေများလုယက်မှု တောင်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွား
Published 23 July 2018

တောင်ဥက္ကလာပမြို့နယ်ရှိ အငှားယာဉ်တစ်စီးပေါ်တွင်  အမျိုးသမီးဆရာဝန်တစ်ဦး ကို အငှားယာဉ်မောင်းပါ နှစ်ဦးက ရိုက်နှက်၍  လက်ဝတ်ရတနာများနှင့် ငွေများကို လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ဇူလိုင် ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဇူလိုင် ၂၁ ရက် နံနက် ၁၁ နာရီခန့်တွင် တောင်ဥက္ကလာပမြို့နယ် (၄) ရပ်ကွက်နေ ဒေါက်တာ ....... (၃၈) နှစ်သည် ယင်း မြို့နယ် ဝေဇယန္တာလမ်းမကြီးထောင့် တစ်နေရာ၌ ယာဉ်ငှားရန်အတွက် စောင့်ဆိုင်းနေစဉ် အသက် ၃၅ နှစ်အရွယ် အနက်ရောင်  တီရှပ်၊ ကွာတားဘောင်းဘီ ဝတ်ထားသော အမျိုးသားတစ်ဦးက  အငှားယာဉ် တစ်စီးကို မောင်းနှင်ကာ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ယင်းသို့ရောက်ရှိလာပြီး အဆိုပါ အငှားယာဉ်မောင်း အမျိုးသားက ယာဉ်အား ငှားမလားဟု မေးသဖြင့် ဒေါက်တာ........က အလုံမြို့နယ် ဗဟိုအမျိုးသမီး ဆေးရုံကြီးသို့ ကျပ် ၃၅၀၀ ဖြင့် ငှားရမ်းခဲ့၍ ယာဉ်၏ နောက်ခန်းမှ လိုက်ပါ စီးနင်းခဲ့ကြောင်း သိရသည်။

ငှားရမ်းစီးနင်း လိုက်ပါလာခဲ့ပြီးနောက် ယာဉ်မောင်းအမျိုးသားက အိမ်တွင် ပစ္စည်းဝင်ယူရန် ရှိသည်ဟု ပြောဆိုပြီး ဝေဇယန္တာလမ်းမကြီးမှ (၃) ရပ်ကွက်အတွင်းသို့ ချိုးကွေ့မောင်းနှင်ခဲ့ကာ ငွေကြာယံ ဘုန်းကြီးကျောင်းရှေ့ (၁၃) လမ်း အရောက်တွင် ယာဉ်အား ရပ်၍ ယာဉ်နောက်ခန်းသို့ ကူးလာကာ ဒေါက်တာ.......၏ လည်ပင်းအား ညှစ်ခဲ့ကြောင်း သိရသည်။

“တရားလို ဆရာဝန်မရဲ့ တိုင်တန်းချက် အရတော့ သူ လည်ပင်းညှစ်ခံနေရတဲ့ အချိန်မှာ အခြားအမျိုးသမီး တစ်ယောက် ရောက်လာတယ်။ ရောက်လာပြီး ဆရာဝန်မရဲ့ မျက်လုံးကို ပိတ်တယ်လို့ သိရတယ်။ ပြီးတော့ ယာဉ်မောင်း အမျိုးသားက အလူမီနီယံချောင်းရိုက်ပြီး လက်ဝတ်ရတနာနဲ့ ပိုက်ဆံတွေ လုယူတယ်။ ပြီးတော့ ဆရာဝန်မကို  ကားပေါ်က ဆင်းခိုင်းပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ သက်ဆိုင်ရာ ရဲစခန်းက ရဲတာဝန်ရှိသူတွေကတော့ ကျူးလွန်သူတွေကို အမြန်ဆုံး ဖမ်းဆီးရမိဖို့ စုံစမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းသို့ ရိုက်နှက်လုယက် ခံရမှုကြောင့် ဒေါက်တာ....... မှာ နဖူး၊ ဦးခေါင်းတို့တွင် ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ပြီး သင်္ဃန်းကျွန်း စံပြဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရကာ ၎င်းဝတ်ဆင်ထားသည့် ကျောက်စိမ်းလော့ကတ်သီးပါ ရွှေဆွဲကြိုး တစ်ကုံး၊ စိန်နားကပ် တစ်ရန်နှင့် ကိုင်ဆောင်ထားသည့် လက်ကိုင်ဖုန်းတစ်လုံး၊ ကျပ် ၅၀၀၀၀ တို့ ပါသွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကို ဒေါက်တာ......က တောင်ဥက္ကလာပ မြို့မရဲစခန်းတွင် တိုင်တန်းအမှုဖွင့်ခဲ့ပြီး ရဲစခန်းက (ပ) ၈၁၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent